သွန်သင်ထိုက်သော လူငယ်
Vol. 1 Ch. 8
"ငါ့အတွက် ချီသွေးဆေးလုံး နောက်တစ်ဖို ထပ်ဖော်စပ်ပေးစမ်း..."
ကျန်တာဖုန်းက အလုပ်ကြမ်းသမား တစ်ဦးအား ချီသွေးဆေးလုံး ဖော်စပ်ရန် ဆေးမြစ်အမယ် တစ်စုံကို ယူဆောင်စေပြီး ချန်ဖေးလက်ထဲသို့ ထည့်ပေးလိုက်သည်။
ချန်ဖေးက ငြင်းဆန်ခြင်း မရှိပေ။ ဆေးဖိုကို ဆေးကြော သန့်စင်လိုက်ပြီး ဆေးမြစ်များကို အကြမ်းဖျင်း ပြုပြင်ကာ ဆေးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ယခင်က ကမောက်ကမ နိုင်ခဲ့သော ပုံစံနှင့် ယှဉ်လျှင် ချန်ဖေး၏ လှုပ်ရှားမှုများက အနည်းငယ် ပို၍ ကျွမ်းကျင် ပိုင်နိုင်လာ၏။
ထို့အပြင် ချန်ဖေးက ယခင်က သူ တမင်တကာ လုပ်ပြခဲ့သော ဆေးဖော်စပ်မှုဆိုင်ရာ အမှား တစ်ခု၊ နှစ်ခုကိုပါ ပြန်လည် ပြင်ဆင်လိုက်သည်။ ထိုသို့ ပြင်ဆင်လိုက်သော အမှား တစ်ခု၊ နှစ်ခုက ဘေးမှ စောင့်ကြည့်နေသည့် ကျန်တာဖုန်း၏ မျက်လုံးများကို အရောင်တောက်သွားစေခဲ့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဆေးဖိုထဲမှ သင်းပျံ့သော ဆေးရနံ့များ လွင့်ပျံ့လာ၏။ လက်ဖက်ရည် တစ်အိုးခန့် တည်ချိန် ကုန်ဆုံးသွားပြီးနောက် ချန်ဖေးက ဆေးဖိုအဖုံးကို ဖွင့်လှစ်ကာ အတွင်းမှ ချီသွေးဆေးလုံးများကို ထုတ်ယူလိုက်သည်။
ပထမအသုတ် ချီသွေးဆေးလုံးများနှင့် ယှဉ်လျှင် ဤဆေးလုံးများက ပို၍ လုံးဝန်း ညီညာနေပြီး သေချာစွာ မပေါင်းစပ်နိုင်သည့် ဆေးမြစ် အကြွင်းအကျန်များလည်း နည်းပါးသွားသည်။
သာမန်လူများ၏ အမြင်တွင် ဤချီသွေးဆေးလုံးများက ယခင်ဆေးလုံးများနှင့် ကွာခြားမှု မရှိဟု ထင်မြင်နိုင်သော်လည်း ကျန်တာဖုန်း၏ မျက်လုံးထဲ၌မူ ထိုနှစ်မျိုး၏ ကွာခြားချက်က မိုးနှင့် မြေပမာ ခြားနားနေ၏။
ကျန်တာဖုန်းက လက်ထဲမှ ချီသွေးဆေးလုံးကို ကြည့်လိုက်၊ ချန်ဖေးကို မော့ကြည့်လိုက်နှင့် သူ့မျက်ဝန်းထဲမှ သဘောကျ နှစ်ခြိုက်မှုများကို ဖုံးကွယ်ထား၍ မရတော့ပေ။
လူတို့သည် မိမိမျက်စိဖြင့် မြင်တွေ့ရသည်ကိုသာ ယုံကြည်လေ့ ရှိကြသည်။ ချန်ဖေးက သူ့မျက်စိရှေ့မှောက်တွင်ပင် ချီသွေးဆေးလုံး နှစ်ဖိုကို ဆက်တိုက် ဖော်စပ်ပြခဲ့ပြီး သိသာထင်ရှားသော တိုးတက်မှုကို ပြသခဲ့၏။
ဤအချက်က ချန်ဖေး၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ ပါရမီကို ယုံမှားသံသယ ဖြစ်စရာ မလိုအောင် သက်သေပြလိုက်ခြင်း ဖြစ်ပြီး ဤကဲ့သို့သော မြင်ကွင်းမျိုးက အမှန်တကယ်ပင် ရှားပါးလှသည်။ အနည်းဆုံးတော့ ကျန်တာဖုန်း ချင်းကျိန့် ဆေးခန်းတွင် ရှိနေခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ချန်ဖေးနှင့် ယှဉ်နိုင်သည့် ပါရမီရှင်မျိုး အလွန် ရှားပါးခဲ့သည်။
အမှန်စင်စစ် ချန်ဖေးကို ဆေးဖော်စပ်ခြင်းဆိုင်ရာ ပါရမီရှင်ဟု သတ်မှတ်ရန် စောလွန်းနေသေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းက ရိုးရှင်းသော ချီသွေးဆေးလုံး တစ်မျိုးသာ ဖြစ်နေသောကြောင့်ပင်။ သို့သော် ချန်ဖေးသည် ချင်းကျိန့်ဆေးခန်းမှ ပြုစုပျိုးထောင် ပေးထိုက်သော၊ စမ်းသပ် ကြည့်ရှုထိုက်သော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။.
အကယ်၍ ချန်ဖေးသာ ချီသွေးဆေးလုံးကဲ့သို့ပင် အခြားသော ဆေးလုံးများကိုလည်း ဆက်လက်၍ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့မည် ဆိုပါက ချင်းကျိန့် ဆေးခန်းသည် ကြီးမားသော ရွှေတွင်းကြီး တစ်ခုကို တူးဖော်မိခြင်းပင် ဖြစ်ပေလိမ့်မည်။
"မင်း တော်တော် အဆင်ပြေလာတာပဲ.. ဆေးဖော်နည်းကို နှစ်ရက်လောက် ကြည့်ရုံနဲ့ ချီသွေးဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး..."
ကျန်တာဖုန်းက နွေးထွေးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ဘဝင်မမြင့်နဲ့ဦး... ဒီချီသွေးဆေးလုံး နှစ်လုံးမှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်... ချီသွေးဆေးလုံးကို ဒီထက်ပိုကောင်းအောင် ဖော်စပ်နိုင်ဖို့ မင်း ကြိုးကြိုးစားစား လေ့ကျင့်ရဦးမယ်..."
"အသိအမှတ်ပြုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲကျန်..." ချန်ဖေးက မတ်တပ်ရပ်ကာ လက်နှစ်ဖက် ဆုပ်ကိုင် အရိုအသေပြုရင်း ပြောလိုက်သည်။
"မင်းလိုလူက အစောင့် ဆက်လုပ်နေရင် ပါရမီတွေ မြုပ်သွားလိမ့်မယ်... နောက်ပိုင်းကျရင် ငါ့ဆီမှာပဲ ဆေးဖော်စပ်ဖို့အတွက် ကြီးကြပ်ရေးမှူးဆွေကို ငါ ပြောပြလိုက်မယ်... အရင်ဆုံး ချီသွေးဆေးလုံး အကြောင်းကို သေချာ ပိုင်နိုင်အောင် လုပ်ပြီးမှ တခြားဆေးလုံးတွေကို ဆက်လေ့လာတာပေါ့..."
"ရာထူး တိုးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲကျန်..."
ချန်ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အထင်းသား ပေါ်လာသည်။ သူ့ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သလို ယခုအခါ ဝင်ငွေလမ်းကြောင်း တစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
တစ်နာရီခန့် အကြာတွင် ချန်ဖေးက ကြီးကြပ်ရေးမှူးဆွေ၏ ရှေ့မှောက်၌ ချီသွေးဆေးလုံး တစ်ဖိုကို ထပ်မံ ဖော်စပ်ပြလိုက်ရာ ကြီးကြပ်ရေးမှူးဆွေမှာ အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်သွားရသည်။
ဤသည်မှာ ကျန်တာဖုန်း၏ တောင်းဆိုချက် ဖြစ်သော်လည်း အစောင့်တစ်ယောက်၊ ထို့ပြင် ယခင်က အလုပ်ကြမ်းသမား တစ်ယောက်သာ ဖြစ်ခဲ့ဖူးသူ တစ်ဦးက ဆေးဖော်စပ်နိုင်သည် ဆိုသည့် အချက်မှာ ကြီးကြပ်ရေးမှူးဆွေအတွက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
သို့သော် ယခုအခါ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီ ဖြစ်သဖြင့် မည်မျှပင် မယုံကြည်နိုင်စရာ ကောင်းနေပါစေ ချန်ဖေး၌ ဆေးဖော်စပ်ခြင်းဆိုင်ရာ ပါရမီ ရှိကြောင်းနှင့် အတော်လေး ထူးချွန်ကြောင်းကိုမူ ဝန်ခံရပေတော့မည်။ ထိုသို့ ဖြစ်လာပြီ ဆိုမှတော့ ကြီးကြပ်ရေးမှူးဆွေ အနေဖြင့် ကျန်တာဖုန်း၏ အဆိုပြုချက်ကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ပေ။
ချန်ဖေး အဂ္ဂိရတ်ပညာရှင် ဖြစ်လာသည့် သတင်းမှာ နေ့တစ်ဝက်ပင် မကြာလိုက်ဘဲ ဆေးခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
အဂ္ဂိရတ်ပညာရှင်... ဤသည်မှာ ပါရမီအပေါ် အလွန်အမင်း မှီခိုရသည့် ပညာရပ် တစ်ခု ဖြစ်၏။
သိုင်းပညာ ကျင့်ကြံရာတွင် လူဆယ်ယောက်၌ တစ်ယောက် အောင်မြင်နိုင်သည် ဆိုလျှင် ဆေးဖော်စပ်ခြင်း ပညာမှာမူ လူတစ်ရာတွင် တစ်ယောက်ပင် အောင်မြင်ရန် ခဲယဉ်းလှသည်။
ထို့ကြောင့် ချင်းကျိန့် ဆေးခန်း အတွင်း၌ အဂ္ဂိရတ်ပညာရှင်များ၏ အဆင့်အတန်းမှာ အစောင့်များနှင့် လားလားမျှ မဆိုင်ပေ။
ထို့ကြောင့် ဆေးခန်းအတွင်းရှိ ချန်ဖေး၏ အဆင့်အတန်းမှာ တဖန် မြင့်တက်သွားပြန်သည်။ အလုပ်ကြမ်းသမား ဘဝမှ အဂ္ဂိရတ်ပညာရှင် ဘဝသို့ ရက်ပိုင်းအတွင်း အဆင့်နှစ်ဆင့် ခုန်တက်သွားခြင်းက လူပေါင်းများစွာကို မနာလို ဝန်တို ဖြစ်သွားစေခဲ့သည်။
ထို့ပြင် ချန်ဖေး၏ ဆေးဖော်စပ်ခြင်း ပါရမီမှာ အလွန် ထူးကဲကြောင်း၊ ကျန်တာဖုန်းနှင့် ကြီးကြပ်ရေးမှူးဆွေတို့ကိုပင် အံ့အားသင့်စေခဲ့ကြောင်း သတင်းများလည်း ကြားသိလိုက်ရသည်။ စဉ်းစားကြည့်ပါက ဆေးဖော်နည်းကို ကြည့်ရှုပြီး နှစ်ရက်အတွင်း ကိုယ်တိုင် လေ့လာ စမ်းသပ်ကာ ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤပါရမီမျိုးကို ထူးကဲသည်ဟု မခေါ်လျှင် မည်သည့်အရာကို ခေါ်ရမည်နည်း။
မူလက ချန်ဖေးကို ဟာသအဖြစ် စောင့်ကြည့်နေကြသူများ၊ ချန်ဖေး၏ အကြောင်းကို ထမင်းစားပြီး စကားမြိန်ရုံ ပြောဆိုနေကြသူများသည် ယခုအခါ ထိုကဲ့သို့ ပြောဆိုရဲခြင်း မရှိကြတော့ပေ။ ချန်ဖေး ကြားသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ချန်ဖေး၌ လက်ရှိတွင် အာဏာ များများစားစား မရှိသေးသော်လည်း အနာဂတ်တွင် မည်မျှအထိ ကြီးထွားလာမည်ကို မည်သူက သိနိုင်မည်နည်း။ ခဏတာ ပျော်ရွှင်မှုအတွက်နှင့် ထိုကဲ့သို့ လူမျိုးကို ရန်စမိခြင်းက တန်ဖိုး မရှိလှပေ။
ယခုအခါတွင် သူတို့သည် ရန်စရန် မဆိုထားနှင့်၊ အနာဂတ်တွင် ချန်ဖေး တကယ် ကြီးပွားလာမည့် အရေးကို တွေးတောကာ မည်သို့ မျက်နှာလိုမျက်နှာရ လုပ်ရမည်ကိုပင် စဉ်းစားနေကြရပြီ ဖြစ်သည်။
"သေလိုက်ပါတော့ကွာ... ဒီတောသားက ကံကောင်းလိုက်တာ"
ထမင်းစားပွဲဝိုင်းတွင် ဖုလျောင်က သူ့လက်ထဲမှ ခွက်ကို စားပွဲပေါ်သို့ ဘုန်းခနဲ ဆောင့်တင်လိုက်ရာ အသံအကျယ်ကြီး ထွက်ပေါ်လာသည်။
"အကြီးအကဲကျန်က သူ့ကို တော်တော် အလေးပေးတယ်လို့ ကြားတယ်..."
အစောင့်တစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ ယခင်ကကဲ့သို့ ဖုလျောင်နှင့် အတူ ချန်ဖေးအကြောင်းကို ပေါ့ပေါ့ဆဆ ပြောဆိုရဲခြင်း မရှိတော့ပေ။
"ဟွန့်..."
ဖုလျောင်က နှာခေါင်းရှုံ့လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်ရာ သူ့စကားကို မည်သူမျှ ထောက်ခံခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။ ဤအရက်ကို မသောက်ရလျှင် နေပါစေတော့။ သောက်လေ ပိုစိတ်ဓာတ်ကျလေ ဖြစ်နေရသည်။
အခြားအစောင့်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ဘာပြောရမှန်း မသိ ဖြစ်နေကြသည်။ ဆေးခန်းအတွင်းရှိ အဂ္ဂိရတ်ပညာရှင်များ၏ အဆင့်အတန်းမှာ သူတို့ အစောင့်များထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည်မှာ အမှန်ပင် ဖြစ်၏။
ဖုလျောင်က သူ၏ လုပ်သက်ရင့်မှုနှင့် ကြွက်သား သန့်စင်ခြင်း အဆင့် ကျင့်ကြံမှု အပေါ် အားကိုး၍ ချန်ဖေးကို အတိုင်းအတာ တစ်ခုအထိ လျစ်လျူရှုထားနိုင်သော်လည်း သူတို့မှာမူ ထိုသို့ မလုပ်နိုင်ကြပေ။
နောက်တစ်နေ့တွင် ချန်ဖေးက ရှေ့ခန်းမဆောင်၌ ကင်းစောင့်ခြင်း မပြုတော့ဘဲ ဆေးဖော်စပ်ရာ အခန်းထဲ၌ ဂရုတစိုက် ဆေးဖော်စပ်နေသည်။ ကျန်တာဖုန်းက ဘေးမှ ရပ်ကြည့်နေပြီး ဆေးဖော်စပ်စဉ် ချန်ဖေး ပြုလုပ်မိသော အမှားများကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် ပြင်ဆင်ပေးနေ၏။
ချန်ဖေး အနည်းငယ် အံ့အားသင့်သွားသည်။ ကျန်တာဖုန်းက သူ့ကို ဤမျှအထိ အလေးထားလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ သူ ထုတ်ပြလိုက်သော ပါရမီက ကျန်တာဖုန်းကို အံ့အားသင့်သွားစေသည်ဟု သူ ခန့်မှန်းမိလိုက်သည်။
သူ အနည်းငယ် အားစိုက်ထုတ်လွန်မိသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ရလဒ်က ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည်။ ချန်ဖေးက ကျန်တာဖုန်း၏ စေတနာကို မပစ်ပယ်လိုသဖြင့် ကျန်တာဖုန်း၏ ရှင်းပြချက်များကို သေချာစွာ နားထောင်ပြီး နောက်တစ်ကြိမ် ဆေးဖော်စပ်ရာတွင် ထိုအမှား တစ်ခု၊ နှစ်ခုကို ပြုပြင်လိုက်သည်။
သူ၏ သင်ကြားမှုက ထိရောက်သည်ကို မြင်လိုက်ရသောအခါ ကျန်တာဖုန်းမှာ ပိုမို စိတ်လှုပ်ရှားလာပြီး မျက်နှာကြီးပင် နီရဲလာ၏။
ဆရာဟူသည် ဤသို့ပင် ဖြစ်သည်။ ပြောလိုက်သည်နှင့် တစ်ခါတည်း သဘောပေါက်လွယ်သော၊ နှစ်ခါ ပြောစရာ မလိုသော ပါရမီရှင် တပည့်မျိုးနှင့် တွေ့ကြုံရသည့်အခါ ထိုခံစားချက်က အတော်လေး ကျေနပ်စရာ ကောင်းလှသည်။
ကျန်တာဖုန်း ဤခံစားချက်မျိုး မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ချန်ဖေး၏ ဆေးဖော်စပ်မှု ပိုမို ကောင်းမွန်လာသည်ကို ကြည့်ရင်း ခက်ခဲသော ဆေးလုံးတစ်လုံးကို ကိုယ်တိုင် အောင်မြင်စွာ ဖော်စပ်နိုင်လိုက်သည်ထက်ပင် ပို၍ ပျော်ရွှင် ဂုဏ်ယူနေမိသည်။
"တော်တယ်... ဒီချီသွေးဆေးလုံးထဲမှာ ဆေးမြစ်တွေ အကုန်လုံး ပေါင်းစပ်သွားပြီ... ပေါင်းစပ်မှုက လိုအပ်ချက် ရှိနေသေးပေမယ့် အရင်ကနဲ့ ယှဉ်ရင် အများကြီး တိုးတက်လာတယ်..."
ကျန်တာဖုန်းက လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်ပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေကာ ချန်ဖေးကို ကြည့်သည့် မျက်ဝန်းများက ပို၍ ကျေနပ်အားရနေသည်။ ကျန်တာဖုန်း၏ စိတ်ထဲ၌ ချန်ဖေးကို တပည့်တစ်ပိုင်း အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်၏။
"ဒါတွေအားလုံးက အကြီးအကဲကျန်ရဲ့ ကောင်းမွန်တဲ့ သင်ကြားမှုကြောင့်ပါ..."
ချန်ဖေးက လျော်ကန်သင့်မြတ်စွာ မြှောက်ပင့် ပြောဆိုလိုက်ရာ ကျန်တာဖုန်း၏ အပြုံးက ပိုမို တောက်ပလာသည်။
သွန်သင်ထိုက်သော လူငယ်... သွန်သင်ထိုက်သော လူငယ်လေးပဲ။
ချန်ဖေး ပြုံးလိုက်သည်။ စောစောက စကားမှာ မြှောက်ပင့်ပြောဆိုခြင်း ဖြစ်သော်လည်း ကျန်တာဖုန်း၏ အဆင့်အတန်းမှာ အမှန်တကယ် မြင့်မားလှသည်။ စနစ်မျက်နှာပြင်ပေါ်တွင် ချီသွေးဆေးလုံး၏ တိုးတက်မှုနှုန်းမှာ ဆယ်မှတ်ကျော် တိုးတက်လာခြင်းက ခိုင်လုံသော သက်သေပင် ဖြစ်တော့သည်။