လေဟုန်စီး စွမ်းအား
Vol. 2 Ch. 22
ချန်ဖေးသည် ဤကိုယ်ခံပညာ ကျမ်းစာအုပ်ကို ဖတ်ရှုရင်း မူးဝေလာလေ၏။ စာလုံးအများစုမှာ အလွန် အဓိပ္ပာယ် ရှိပုံ ရသော်လည်း လက်တွေ့ လေ့ကျင့်မည် ဆိုပါက မည်သည့်နေရာမှ စတင်ရမည်ကို မသိနိုင်အောင် ဖြစ်နေသည်။
တစ်နာရီခန့် ကြာသောအခါ ချန်ဖေးသည် ကျမ်းစာအုပ်ကို ချလိုက်သည်။ သူ၏ တစ်ခုတည်းသော ခံစားချက်မှာ ဤကျမ်းစာအုပ်တွင် ကောင်းမွန်သော အချက်များ ရှိကို ရှိရမည် ဖြစ်သော်လည်း သူသာ ကြိုးစား လေ့ကျင့်လိုက်ပါက ကံအကောင်းဆုံး အခြေအနေမှာပင် လမ်းကြောင်းလွဲကာ အတွင်းဒဏ်ရာ ရသွားနိုင်ခြင်းပင် ဖြစ်သည်။
"မိုးကြိုးဟိန်း ဓားစွမ်းအင်ကို ရိုးရှင်းအောင် ပြုလုပ်နေသည်။ ရိုးရှင်းအောင် ပြုလုပ်ခြင်း အောင်မြင်သည်။ မိုးကြိုးဟိန်းဓားစွမ်းအင် - ထိတ်လန့်ခြင်းနည်းစနစ်!"
"တကယ်ကြီး တစ်ခုခု ရှိနေတာပဲ..."
"ထိတ်လန့်ခြင်း"နည်းစနစ်၏ အကြောင်းအရာများ သူ၏ စိတ်ထဲတွင် ပေါ်လာသောအခါ ချန်ဖေး၏ မျက်လုံးများ အနည်းငယ် တောက်ပလာပြီး လုံးဝ ဈာန်ဝင်သွားလေသည်။ နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် ချန်ဖေး နောက်ဆုံးတွင် သတိပြန်ဝင်လာ၏။
"ဒါက တကယ်ကို မိုးကြိုးဟိန်း ဓားစွမ်းအင်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ... ဒီတစ်ခါတော့ ငါတို့ ကံကောင်းပြီ..."
ချန်ဖေး၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ အကယ်၍ သူသာ ပြီးပြည့်စုံသော မိုးကြိုးဟိန်း ဓားစွမ်းအင်ကို အောင်မြင်စွာ နားလည် သဘောပေါက်နိုင်ပါက သူ၏ ကျင့်ကြံမှု အရှိန်အဟုန် အလွန် မြန်ဆန်လာမည်သာမက သူ၏ တိုက်ကွက်များတွင်လည်း မိုးကြိုး၏ စွမ်းအားများ ပါဝင်လာပေလိမ့်မည်။
"ထိတ်လန့်ခြင်း" နည်းစနစ်မှာ မိုးကြိုးစွမ်းအား မပါဝင်သော်လည်း လျင်မြန်စွာ ကျင့်ကြံနိုင်သည့် အားသာချက်ကို အမွေဆက်ခံထားသည်။
သို့သော် ၎င်းသည် မိုးကြိုးဟိန်းဓားစွမ်းအင်၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သောကြောင့် ထိတ်လန့်ခြင်းနည်းစနစ်တွင်လည်း အားနည်းချက်များ မရှိမဟုတ် ရှိနေလေသည်။ အကယ်၍ လေ့ကျင့်ရာတွင် သတိမထားပါက မိမိကိုယ်ကိုယ် အလွယ်တကူ ထိခိုက်ဒဏ်ရာ ရစေနိုင်သည်။
"ထိတ်လန့်ခြင်း" နည်းစနစ်သည် အရှိန်မြှင့်စက် တစ်ခုကဲ့သို့ပင်။ အကယ်၍ သင့်ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါက ချီနှင့် သွေး လည်ပတ်မှုမှာ အလွန် မြန်ဆန်လာမည် ဖြစ်သည်။ မူလ မိုးကြိုးဟိန်း ဓားစွမ်းအင်တွင် မိုးကြိုးစွမ်းအား ပါဝင်ပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သဖြင့် ချီနှင့် သွေး လည်ပတ်မှု မြန်ဆန်လွန်းခြင်းကို စိုးရိမ်စရာ မလိုပေ။
"ပေါင်းစပ်!"
ချန်ဖေး၏ စိတ်ထဲတွင် ပြီးပြည့်စုံခြင်း အဆင့် လေဟုန်စီး အသက်ရှူနည်းစနစ်နှင့် ပတ်သက်သော သူ၏ ထိုးထွင်းသိမြင်မှုများက ထိတ်လန့်ခြင်း နည်းစနစ်နှင့် ပေါင်းစပ်သွားပြီး နှစ်ခုမှာ တစ်သားတည်း ယှက်နွှယ်သွားကြသည်။ လေဟုန်စီး အသက်ရှူနည်းစနစ်၏ အစိတ်အပိုင်း တစ်ခုကို ဖျက်ပစ်လိုက်ပြီး ထိတ်လန့်ခြင်း နည်းစနစ်ဖြင့် အစားထိုး ဖြည့်စွက်လိုက်သည်။
ကျင့်စဉ် - လေဟုန်စီးစွမ်းအား (ပြီးပြည့်စုံခြင်း (၁၁၂၇/၁၀၀၀၀))
ကျင့်စဉ်အသစ် တစ်ခု စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ "ထိတ်လန့်ခြင်း" နည်းစနစ်က ကျင့်စဉ်အသစ်အတွက် ကြီးမားသော အထောက်အကူ ပြုခဲ့သော်လည်း တော်လှန်ပြောင်းလဲနိုင်သည့် အရာမျိုးတော့ မဟုတ်ပေ။ သို့မဟုတ်ပါက ကျွမ်းကျင်မှု အဆင့်မှာ ဤမျှ လျင်မြန်စွာ ပေါ်လာလိမ့်မည် မဟုတ်ချေ။
"လေဟုန်စီး စွမ်းအားကို ရိုးရှင်းအောင် ပြုလုပ်မည်!"
"လေဟုန်စီး စွမ်းအားကို ရိုးရှင်းအောင် ပြုလုပ်နေသည်... ရိုးရှင်းအောင် ပြုလုပ်ခြင်း အောင်မြင်သည်။ လေဟုန်စီး စွမ်းအား - လေဟုန်စီး အသက်ရှူနည်းစနစ်!"
ချန်ဖေး ခန့်မှန်းထားသည့်အတိုင်းပင် ရုပ်သေးရုပ်များ ထပ်မံ ပေါ်ထွက်လာသည်။ ချန်ဖေးသည် လေဟုန်စီး အသက်ရှူနည်းစနစ်ကို လည်ပတ်လိုက်ရာ လေဟုန်စီး စွမ်းအားတွင် အတွေ့အကြုံ အမှတ် +၁ ရရှိသွား၏။ ချန်ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ကျင့်စဉ်နှင့် ပတ်သက်သော ပြဿနာမှာ အနည်းငယ် ပြေလည်သွားပြီ ဖြစ်သည်။ သို့သော် သူ အပင်ပန်းခံ စုဆောင်းထားသော ငွေများမှာမူ ယခုအခါ ပြန်လည် ကုန်ခမ်းလုနီးပါး ဖြစ်သွားချေပြီ။
အရေပြားသန့်စင်ခြင်း၊ ကြွက်သားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ခြင်ဆီသန့်စင်ခြင်းနှင့် အတွင်းကလီစာသန့်စင်ခြင်း။ ဤသည်တို့မှာ ခန္ဓာကိုယ် သန့်စင်ခြင်း၏ နယ်ပယ်ကြီး ငါးခု ဖြစ်သည်။ ဤနယ်ပယ် ငါးခုအတွင်းတွင် သာမန် သိုင်းပညာရှင် တစ်ဦးသည် ကျိရှန်းအသက်ရှူနည်းစနစ်ကို အသုံးပြု၍ အတွင်းကလီစာသန့်စင်ခြင်း နယ်ပယ်အထိ ကျင့်ကြံရန် အခွင့်အရေး ရှိလေသည်။
သို့သော် ကျိရှန်းအသက်ရှူနည်းစနစ်မှာ အလွန် နှေးကွေးသဖြင့် ဤအခြေအနေမျိုး ဖြစ်ပေါ်ရန် ခဲယဉ်းလှသည်။ လူတစ်ယောက် အနေဖြင့် အသက်ကြီးရင့်သည်အထိ နေထိုင်လျှင်ပင် ထိုအဆင့်ကို ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။ အခွင့်အလမ်း ရှိသော်လည်း အလွန် နည်းပါးလှသည်။
ထို့ကြောင့် သိုင်းပညာရှင် တစ်ဦးသည် အဆင့်အတန်း တစ်ခုသို့ ရောက်ရှိသည်နှင့် ပိုမို အားကောင်းသော ကျင့်စဉ် တစ်ခု ရရှိရန်မှာ သူတို့၏ ရည်မှန်းချက် ဖြစ်လာစမြဲပင်။ ဥပမာအားဖြင့် မိသားစုကြီးများ သို့မဟုတ် အင်အားကြီး ဂိုဏ်းများမှ တပည့်များသည် အစကတည်းက ကောင်းမွန်သော ကျင့်စဉ်များကို သင်ယူနိုင်သဖြင့် သူတို့အနေနှင့် ပြောင်းလဲရန် မလိုအပ်ပေ။
ချန်ဖေးကဲ့သို့ အခြေခံအုတ်မြစ် မရှိသူများသာလျှင် ပိုမို အားကောင်းသော ကျင့်စဉ် တစ်ခု ရယူနိုင်မည့် အခွင့်အရေးကို ရှာဖွေရန် လိုအပ်လေသည်။
"ပေါင်းစပ်ပြီးနောက် ရိုးရှင်းအောင် ပြုလုပ်တာက ငွေကုန်ကြေးကျ အများကြီး သက်သာတယ်...ငါ အများကြီး သိထားပြီးသား ဖြစ်နေလို့များလား... 'လမ်းညွှန်ချက်' ကျင့်စဉ်လိုမျိုး လုံးဝ အသစ်စက်စက် ဒုတိယအကြိမ် ရိုးရှင်းအောင် ပြုလုပ်တာက ငွေ ဆယ်ဆလောက် ကုန်ကျတယ်... ပညာဗဟုသုတ ဆိုတာ တကယ်ကို တန်ဖိုးကြီးတာပဲ"
ချန်ဖေးက သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ညတာ ကုန်ဆုံးသွားလေသည်။
နောက်တစ်နေ့တွင် ချန်ဖေးသည် ပုံမှန်အတိုင်း ဆေးခန်းတွင် ဆေးဖော်စပ်သည်။ ညဘက်တွင်မူ ချန်ဖေးသည် ရုပ်သွင် ပြောင်းလဲ၍ ညဈေးတန်းတွင် ပေါ်လာခဲ့သည်။
ဒီတစ်ခါတွင်မူ ချန်ဖေး၌ ယခင်ကနှင့် လုံးဝ မတူညီသော အထောက်အထားအသစ် တစ်ခု ရှိနေလေပြီ။ သူသည် သန်မာ ထွားကျိုင်းပြီး မျက်နှာဖုံး တပ်ထားသော်လည်း မျက်လုံးထောင့်မှ အမာရွတ်ကို မြင်တွေ့နိုင်သည်။
"ဆေးလုံးတွေ လက်ခံလား"
ချန်ဖေးက ဆိုင်ခန်းတစ်ခုသို့ ရောက်သောအခါ အက်ကွဲကွဲ အသံဖြင့် ပြောလိုက်သည်။
ထိုရုပ်ဖျက်အတတ်စာအုပ်မှာ တကယ်ပင် အံ့မခန်း ဖြစ်၏။ ချန်ဖေးက ၎င်းကို အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံပြီးနောက် သူ၏ ရုပ်ရည်နှင့် အသံကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ရုံသာမက ခန္ဓာကိုယ် ပုံသဏ္ဍာန်ကိုပင် အနည်းငယ် ပြုပြင်နိုင်လေသည်။
မျက်နှာဖုံးနှင့် ကောက်ရိုးခမောက် ဆောင်းထားသဖြင့် လူတစ်ဦးစီတိုင်း၌ တကယ်ပင် ကွဲပြားခြားနားနေသယောင် ရှိရာ အသိအမှတ် ပြုခံရမည်ကို စိုးရိမ်စရာ မလိုပေ။
"ဆေးလုံးရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရမယ်... ပုံပန်းသဏ္ဍာန် ကောင်းရင်တော့ ဝယ်ယူမှာပါ"
ဆိုင်ရှင်က ချန်ဖေးကို တစ်ချက် ကြည့်လိုက်ပြီး ချန်ဖေး၏ မျက်လုံးထောင့်မှ အမာရွတ်ကို သတိထားမိကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ရော့..."
ချန်ဖေးက ဆေးပုလင်းကို ဆိုင်ရှင်ထံ ပစ်ပေးလိုက်ရာ ဆိုင်ရှင်က ဖမ်းယူ၍ အဖုံးဖွင့်ကြည့်လိုက်သည်။ သင်းပျံ့သော ဆေးရနံ့ တစ်ခု ထွက်ပေါ်လာ၏။ ပြီးပြည့်စုံခြင်း အဆင့်သို့ နီးကပ်နေပြီ ဖြစ်သော မြက်ပြန်နုဆေးလုံးမှာ ပုံပန်းသဏ္ဍာန် အပြစ်ဆိုဖွယ်ရာ မရှိအောင် ကောင်းမွန်လှသည်။
သေချာ ကြည့်ရှုလိုက်ပါက ဆေးခန်းများနှင့် ဆေးဆိုင်များတွင် ရောင်းချသော ဆေးလုံးများထက် သာလွန်ကြောင်း တွေ့ရှိနိုင်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံ စုဆောင်းထားသော အဂ္ဂိရတ်ပညာရှင် တစ်ဦးမှလွဲ၍ မည်သူမျှ ဤကဲ့သို့ သန့်စင် ဖော်စပ်နိုင်မည် မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် ဆိုင်ရှင်၏ မျက်လုံးများက ပုလင်းထဲမှ မြက်ပြန်နု ဆေးလုံးကို ကြည့်ရင်း အနည်းငယ် အရောင်တောက်သွားသည်။ ပုလင်းကို ပြန်ပိတ်ပြီးနောက် ဆိုင်ရှင်က ချန်ဖေးကို မော့ကြည့်လိုက်ရာ သူ၏ အသံမှာ များစွာ နူးညံ့သွားလေ၏။
"ဆေးလုံးတွေက ကောင်းပါတယ်... အကယ်လို အားလုံးက ဒီအရည်အသွေးမျိုး ဆိုရင် ခင်ဗျား ဘယ်လောက်ပဲ ရှိရှိ ငါတို့ ယူမယ်..."
"အခြေအနေ အတွက်တော့ စိတ်မပူနဲ့... ခင်ဗျား အချိန်မရွေး စစ်ဆေးနိုင်တယ်... ဈေးနှုန်း ဘယ်လောက် ပေးမလဲ ဆိုတာ ပြောပါ... ဈေးနှုန်း သင့်လျော်ရင် နောက်ပိုင်းလည်း ခင်ဗျားဆီ ရောင်းပေးနိုင်တယ်" ချန်ဖေးက လက်ပိုက်လျက် ပြောလိုက်သည်။
"ဘယ်လောက် ရှိလဲ"
"သုံးရက် အတွင်း ဆယ်လုံးကနေ အလုံးနှစ်ဆယ် အထိ"
"အင်း... ဒီပမာဏ ဆိုရင်တော့ တစ်လုံးကို ငွေ ၇ တုံးပေးမယ်… အဆင်ပြေရင် ငါတို့ ယူမယ်..." ဆိုင်ရှင်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"နည်းလွန်းတယ်..." ချန်ဖေးက ခေါင်းခါလိုက်သည်။
"ဒါက တော်တော်လေး များနေပါပြီ... ငါတို့က ဝယ်ပြီးရင် ပြန်ရောင်းရဦးမှာ ဆိုတော့ အမြတ်လေးတော့ ကျန်မှ ဖြစ်မှာပေါ့..." ဆိုင်ရှင်က အခိုင်အမာ ပြောလိုက်သည်။
ချန်ဖေးက တိတ်ဆိတ်နေပြီး ဆိုင်ခန်းမှ ဆေးပုလင်းများကို ပြန်ယူမည့် ဟန်ပန် ပြလိုက်ရာ စကားဆက်ပြောလိုခြင်း မရှိကြောင်း ပြသလိုက်ခြင်းပင်။
"ဟေး... မလောနဲ့လေ... ဈေးနှုန်းကို ညှိနှိုင်းလို့ ရပါသေးတယ်" ဆိုင်ရှင်မှာ အံ့အားသင့်သွားပြီး ချန်ဖေးကို အလျင်အမြန် တားဆီးလိုက်သည်။
ခေတ္တမျှ ကြာသောအခါ ချန်ဖေးသည် မှောင်ခိုဈေးကွက်မှ ထွက်ခွာလာပြီး နောက်ဆုံး ဈေးနှုန်းမှာ ၈ တုံးဖြင့် အတည်ပြုလိုက်သည်။ သူ လုံးဝ ကျေနပ်ခြင်း မရှိသော်လည်း လက်ခံနိုင်သော ပမာဏ ဖြစ်သည်။ မည်သို့ပင် ဆိုစေ ချင်းကျိန့် ဆေးခန်းနှင့် ယှဉ်လျှင် ချန်ဖေးသည် ငွေပမာဏ အတော်အတန် ရရှိပြီး ဖြစ်လေသည်။
ဆေးဖော်စပ်ခြင်း၊ ကျင့်စဉ်များ ကျင့်ကြံခြင်းနှင့် ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်း... ချန်ဖေး၏ ဘဝမှာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသကဲ့သို့ ရှိသည်။
ပဉ္စမမြောက်နေ့တွင် ချန်ဖေးသည် ဆေးခန်း၌ ဆရာချင်ကို တွေ့လိုက်ရသည်။
ဆရာချင်က ဆေးခန်းအနှံ့ လျှောက်သွားပြီးနောက် စွန်းရှု ပေါ်လာခဲ့ပြီး သူတို့နှစ်ဦး ခေတ္တမျှ စကားစမြည် ပြောဆိုလိုက်ကြရာ အတော်လေး အဆင်ပြေပုံ ရလေသည်။ နာရီဝက်ခန့် ကြာသောအခါ ဆရာ ချင်သည် မြောက်မြို့ဆေးခန်းမှ ထွက်ခွာသွားသည်။
ချန်ဖေးမှာ မည်သည့် ခံစားချက်မျှ မပြဘဲ ကျန်းစီနန် လှုပ်ရှားတော့မည် ဖြစ်ကြောင်းနှင့် လာမည့် ရက်အနည်းငယ် အတွင်း ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း သိရှိလိုက်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ဖေးသည် အိမ်တွင်နေ၍ "ထိတ်လန့်ခြင်း" နည်းစနစ်ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဖျင်းယင်း ခရိုင်ကို လေ့လာရန် အခွင့်အရေး ယူလိုက်သည်။
ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း ချန်ဖေးသည် အစပိုင်းတွင် ဝမ်းစာရှာဖွေရန် အလုပ်များနေခဲ့ပြီး နောက်ပိုင်းတွင် ကျင့်ကြံခြင်းကို အာရုံစိုက်ခဲ့သည်။ ရလဒ်အနေဖြင့် သူနေထိုင်သော မြို့အကြောင်း များများစားစား မသိရှိခဲ့ပေ။
သူ့ကိုယ်ခန္ဓာ၏ ယခင်ပိုင်ရှင်မှာ အလုပ်ကြမ်းသမား တစ်ဦး ဖြစ်သဖြင့် သဘာဝကျစွာပင် အခွင့်အလမ်းများစွာ မရှိခဲ့ချေ။
နောက်တစ်နေ့ နံနက်တွင် ချန်ဖေးသည် နေမကောင်းဟု ခွင့်ယူလိုက်ပြီးနောက် ဖျင်းယင်း ခရိုင်တွင် လမ်းလျှောက် ထွက်လိုက်သည်။
စားသောက်ပျော်ပါးရန် ငွေကြေး ရှိနေပြီ ဖြစ်ရာ ချန်ဖေးသည် လက်ရှိတွင် သာမန်လူများအတွက် ကြီးမားသော ပမာဏ ဖြစ်သည့် ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ထားလေသည်။ ငွေရှိလျှင် သဘာဝကျစွာပင် သူ လုပ်ချင်ရာ လုပ်နိုင်ပြီး စားချင်ရာ စားနိုင်ပေသည်။
ချန်ဖေးသည် ဂီတနားထောင်ရန် ပြည့်တန်ဆာအိမ်များသို့ပင် အကြိမ်အနည်းငယ် သွားရောက်ခဲ့ပြီး ခံစားချက်မှာ အတော်လေး ကြည်နူးစရာ ကောင်းလှသည်။
စားသောက်ဆိုင်များမှ ဝိုင်ကောင်းများ၊ လမ်းဘေးအစားအစာများ... ချန်ဖေးသည် လှောင်အိမ်ထဲမှ လွတ်လာသော ငှက်တစ်ကောင်ကဲ့သို့ ခံစားရပြီး ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိခဲ့သည်။
"ဒီရက်ပိုင်း ဖျင်းယင်းတောင်တန်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတာ... ဆေးမြစ်တွေ စုဆောင်းရတာလည်း ခက်ခဲလာတယ်"
မှောင်ခိုဈေးကွက်တွင် ချီတာဖုန်းက ချန်ဖေးကို ကြည့်ရင်း ချန်ဖေး၏ အခြေအနေမှာ အနည်းငယ် ပြောင်းလဲသွားသယောင် ခံစားလိုက်ရသည်။
"ရှာရခက်တယ် ဆိုရင်တောင် ဆေးအတုတွေတော့ မသုံးသင့်ဘူးနော်"
ချန်ဖေးမှာ ပြောစရာ စကားမဲ့သလို ဖြစ်သွားသည်။ ပထမအကြိမ်တွင် ဆေမြစ်အတု ၄၀ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး ဒုတိယအကြိမ်တွင်မူ သူ ကောင်းမွန်စွာ ပြုမူခဲ့ပြီး ပုံမှန် ဆေးမြစ်များကိုသာ အသုံးပြုခဲ့သည်။
ချီးး... ဒီနေ့ တတိယအကြိမ်တွင်မူ အတု ၄၀ ရာခိုင်နှုန်း ထပ်ပါလာပြန်ပြီ။
အဓိက ကွာခြားချက်မှာ အတုပြုလုပ်သည့် နည်းပညာများမှာ ပြီးခဲ့သည့် အကြိမ်နှင့် ယှဉ်လျှင် သိသိသာသာ တိုးတက်လာခြင်းပင်။