လေ့ကျင့်ရေးမူကွဲများ ပေါင်းစပ်ခြင်း။
Vol. 2 Ch. 26
ဤဓားသိုင်းလေးမျိုးစလုံးသည် ချန်ဖေး၏ တောင်စိမ်းဓားသိုင်းထက် မနိမ့်ကျသည့်အပြင် အနည်းငယ်ပင် သာလွန်ကောင်းမွန်နေသေးသည်။
“ပေါင်းစပ်စမ်း။”
တောင်စိမ်းဓားသိုင်းနှင့် လေပြင်းဓားသိုင်းတို့ ပျောက်ကွယ်သွားပြီး လေပြင်းဓားသိုင်း အစုံလိုက် ထွက်ပေါ်လာသည်။
“ရိုးရှင်းစေခြင်း။”
“တောင်ဖြိုဓားသိုင်းကို ရိုးရှင်းစေခြင်း လုပ်ဆောင်နေသည်။ ရိုးရှင်းစေခြင်း အောင်မြင်ပါသည်။ တောင်ဖြိုဓားသိုင်း - တောင်စိမ်းဓားသိုင်း။”
ချန်ဖေး တွက်ဆထားသည့်အတိုင်းပင် ရိုးရှင်းစေခြင်း ပြုလုပ်ပြီးနောက် တောင်စိမ်းဓားသိုင်းကို လေ့ကျင့်ခြင်းဖြင့် ကျွမ်းကျင်မှုပမာဏကို တိုးတက်စေနိုင်ပြီဖြစ်သည်။ ယခုအချိန်မှစ၍ အတွေ့အကြုံယူရန် ကြိုးစားရပေတော့မည်။
ဝိညာဉ်အလင်းဆေးလုံး၏ ဆေးဖော်စပ်နည်းနှင့် ပတ်သက်၍ ချန်ဖေး တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် မှောင်ခိုဈေးကွက်မှ ဈေးသည်များကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
နေ့ဘက်တွင် ချန်ဖေးသည် ပုံမှန်အတိုင်း မြောက်မြို့ဆေးခန်းသို့ သွားရောက်ခဲ့သည်။ ယခုအခါ စွန်းရှု တစ်ယောက် ဒုက္ခရောက်နေပြီဖြစ်ရာ မြောက်မြို့ဆေးခန်း၌ ချန်ဖေးသည် သြဇာအာဏာအရှိဆုံးသူ ဖြစ်လာခဲ့၏။ အကယ်၍ အာဏာကို မက်မောသူသာဆိုလျှင် လူများကို စည်းရုံးပြီး ကိုယ်ပိုင်အင်အားစု တည်ထောင်နေလောက်ပြီ ဖြစ်သည်။
သို့သော် ချန်ဖေးသည် ဤကိစ္စရပ်များကို စိတ်ဝင်စားခြင်း အလျဉ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် မည်မျှပင် ကျောထောက်နောက်ခံ ရှိသည်ဖြစ်စေ၊ ထောက်ခံမှု ရှိသည်ဖြစ်စေ ကျန်းမိသားစုက စကားတစ်ခွန်း ဆိုလိုက်သည်နှင့် အရာအားလုံး ပြောင်းလဲသွားနိုင်ကြောင်း သူသိရှိထားသောကြောင့် ဖြစ်သည်။
အဆုံးစွန်ထိ ပြောရလျှင် ဆေးခန်းသည် ကျန်းမိသားစုပိုင်ဆိုင်ပြီး ၎င်း၏ အခြေအနေသည် သူတို့အပေါ်တွင်သာ မူတည်နေ၏။
လျိုကျွင်းက ရှေ့သို့ တက်လာပြီး ချန်ဖေးကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်ဖေးသည် လျိုကျွင်းကို ရာထူးနေရာ အပြောင်းအလဲ အနည်းငယ် ပြုလုပ်ပေးလိုက်သည်။ ၎င်းက အလုပ်နည်းပြီး ငွေပိုရသည့် ရာထူးတိုးမြှင့်မှု အသေးစားလေး ဖြစ်သည်။
ချန်ဖေး၌ ဤမျှလောက်သော လုပ်ပိုင်ခွင့်အာဏာ ရှိနေသေးသည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲချန်။”
လျိုကျွင်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲလျက် ချန်ဖေးကို ဦးညွှတ်အရိုအသေပေးလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အားကျသော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့၏ အမြင်တွင် ချန်ဖေး၏ အစောဆုံး နောက်လိုက်များထဲမှ တစ်ဦးဖြစ်သော လျိုကျွင်းသည် ကြီးကျယ်သော အောင်မြင်မှုများ ရရှိတော့မည်မှာ မလွဲဧကန်ပင်။
ချန်ဖေးက လျိုကျွင်း၏ ပခုံးကို ပုတ်၍ အားပေးလိုက်ပြီးနောက် ချီသွေးဆေးလုံးကို ဆက်လက်ဖော်စပ်ရန် အဂ္ဂိရတ်ခန်းမသို့ ပြန်သွားခဲ့သည်။
ချန်ဖေး၏ မြက်ပြန်နုဆေးလုံး ကျွမ်းကျင်မှုသည် မဟာအောင်မြင်မှု အဆင့်သို့ နီးကပ်နေပြီဖြစ်ရာ ယနေ့တွင် အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်။ ထို့နောက်တွင် အခြားသော ကျင့်စဉ်များကို လေ့ကျင့်ရန် သူ၏ အားလပ်ချိန်များကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။
အစွမ်းကုန် ကြိုးစား ဖော်စပ်ပြီးနောက် ညနေစောင်းချိန်တွင် ချန်ဖေး၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
[ အဂ္ဂိရတ်ပညာ - မြက်ပြန်နုဆေးလုံး (မဟာအောင်မြင်မှု) ]
ဆေးခန်းသည် ဖော်စပ်ပြီးသော ချီသွေးဆေးလုံး အားလုံးကို ရောင်းချရန် ညွှန်ကြားထားသည်။ ဤကာလအတောအတွင်း ပြင်ဆင်ပြီးနောက် ချန်ဖေးသည် မဟာအောင်မြင်မှု အဆင့်ရှိသော ချီသွေးဆေးလုံးများကို အထူးတလည် ထုတ်ပြခဲ့သည်။
တစ်ချက်မှာ သူ၏ အရည်အချင်းကို ပြသရန်ဖြစ်ပြီး နောက်တစ်ချက်မှာ လက်ရှိ ချီသွေးဆေးလုံးများသည် ချန်ဖေးအတွက် အသုံးမဝင်တော့သောကြောင့် ဖြစ်သည်။ မှောင်ခိုဈေးကွက်သို့ ယူဆောင်သွားပြီး ရောင်းချရန်အတွက်မူ…..
ချီသွေးဆေးလုံး၏ တန်ဖိုးမှာ သိပ်မမြင့်မားလှပေ။ ချန်ဖေးအနေဖြင့် မြက်ပြန်နုဆေးလုံး တစ်လုံးကို အလွယ်တကူ ရောင်းချနိုင်ပြီး ၎င်းက ချီသွေးဆေးလုံး အများအပြားနှင့် ညီမျှပေသည်။
ညအချိန်သို့ ရောက်သောအခါ ချန်ဖေးသည် ရုပ်ဖျက်၍ မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ်တွင် ချန်ဖေးသည် စစ်မှန်သော စုံစမ်းမေးမြန်းမှု ပြုလုပ်ခဲ့ပြီး သူသည် မှောင်ခိုဈေးကွက် အကြောင်း အတော်အတန် သိရှိထားပြီးဖြစ်သည်။ ဤတစ်ခေါက်တွင် ချန်ဖေးသည် သတင်းအချက်အလက် အတော်များများကို ရှာဖွေနိုင်ခဲ့၏။
မှောင်ခိုဈေးကွက်သည် အခြေခံ ဆေးဖော်စပ်နည်းများကိုသာ ရောင်းချသည်ဟု ထင်မှတ်ခဲ့သော်လည်း အဆင့်မြင့် ဆေးဖော်စပ်နည်းများကိုလည်း ပမာဏ အနည်းငယ် ရောင်းချကြောင်း တွေ့ရှိရသည်။ သို့သော် သူတို့သည် ငွေသားသက်သက်ဖြင့် မရောင်းချဘဲ လဲလှယ်ရန်အတွက် အခြားပစ္စည်းများကိုပါ ထပ်ပေါင်းပေးရန် လိုအပ်လေသည်။
သို့ရာတွင် အချက်အလက် တစ်ခုချင်းစီသည် အလွန်တောင်းဆိုမှု များပြားလှသည်။ အလွယ်ကူဆုံး အချက်အလက်ပင်လျှင် ငွေစ နှစ်ထောင်အပြင် ဝိညာဉ်အလင်းဆေးလုံး တစ်ရာကို ထက်ဝက်ဈေးဖြင့် ပေးရမည်ဟု ဆိုသည်။
ချန်ဖေး ရေရွတ်လိုက်မိသည်။ “လခွမ်း... ဒီလူတွေက ရောင်းဖို့ ရည်ရွယ်ချက် မရှိတာ သေချာတယ်။ ဒီဈေးနှုန်းက... တစ်ခုခုတော့ မှားနေပြီ။ တခုခု မျှားနေသလိုပဲ။”
မူလက ချန်ဖေးသည် သာမန် ဆေးကုန်သည်တစ်ဦးအဖြစ် ရုပ်ဖျက်ပြီး ဆေးဆိုင်တွင် စုံစမ်းရန် စီစဉ်ထားခဲ့သည်။ သို့သော် ယခုအခါတွင် အဓိပ္ပာယ် မရှိတော့ပေ။ လူတိုင်းက သူတို့၏ ဆေးဖော်စပ်နည်းများကို အသက်သွေးကြောပမာ ဖက်တွယ်ထားကြသည်။
“ငါ့ရဲ့ လက်ရှိ အဂ္ဂိရတ်ပညာ အဆင့်နဲ့ဆိုရင် ဝိညာဉ်အလင်းဆေးလုံးရဲ့ ဖော်စပ်နည်းကို အကျိုးမှ အကြောင်းပြန်ရှာနည်းနဲ့ ပြန်လည် ဖော်ထုတ်နိုင်မလား မသိဘူး။”
ချန်ဖေးသည် မှောင်ခိုဈေးကွက် အတွင်း၌ ရပ်လျက် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
ဝိညာဉ်အလင်းဆေးလုံးကို ချန်ဖေး သောက်သုံးဖူးသည်။ ပါဝင်ပစ္စည်း အချို့သည် မြက်ပြန်နုဆေးလုံးနှင့် တူညီသည်။ အချို့သော အစိတ်အပိုင်းများသာ ပြောင်းလဲသွားခြင်းဖြစ်ပြီး ဆေးဖော်စပ်သည့် နည်းလမ်းမှာလည်း အနည်းငယ် ကွဲပြားသည်။
ယခုအခါ ချန်ဖေးသည် မြက်ပြန်နုဆေးလုံးကို မဟာအောင်မြင်မှု အဆင့်ထိ တတ်မြောက်ထားပြီးဖြစ်ရာ ဝိညာဉ်အလင်းဆေးလုံး၏ သဘောတရားကို အနည်းငယ် တွေးဆကြည့်ရုံဖြင့် စိတ်ကူးဉာဏ်များစွာ ပေါ်ထွက်လာခဲ့သည်။ သို့သော် ဤစိတ်ကူးများကိုသာ အခြေခံပြီး ဝိညာဉ်အလင်းဆေးလုံးကို ဖော်စပ်နိုင်မည်ဟု တွေးထင်ခြင်းမှာ အိပ်မက်မက်လွန်းရာ ကျပေလိမ့်မည်။
“စာအုပ်ဆိုင်ဘက် သွားကြည့်ရအောင်။”
ချန်ဖေးသည် မှောင်မိုက်သော ထောင့်တစ်နေရာသို့ ဝင်ရောက်သွားပြီး ပြန်ထွက်လာသောအခါ သူ၏ မျက်နှာနှင့် ကိုယ်ခန္ဓာ အချိုးအစားမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် လမ်းကြားလေးအတိုင်း လျှောက်သွားပြီး ချီတာဖုန်း၏ ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
“အို... ဒီနေ့ ဘာကိစ္စနဲ့ ရောက်လာတာလဲ။ ဆေးမြစ်တွေက မရသေးဘူးလေ။” ချီတာဖုန်းက ခုံတန်းရှည်ပေါ်တွင် မှီထိုင်လျက် ချန်ဖေးကို အံ့သြစွာ ကြည့်လိုက်သည်။
အချိန်ကြာမြင့်စွာ လက်တွဲလုပ်ကိုင်လာကြသဖြင့် နှစ်ဖက်စလုံးသည် အတော်လေး ရင်းနှီးနေကြပြီဖြစ်ကာ ယခုအခါ ပိုမို လွတ်လပ်စွာ ပြောဆိုဆက်ဆံနေကြပြီ ဖြစ်သည်။
“ခင်ဗျားဆီမှာ ဝိညာဉ်အလင်းဆေးလုံးရဲ့ ဖော်စပ်နည်း ရှိလား။” ဟု ချန်ဖေးက မေးလိုက်သည်။
“ရှိတယ်လေ... ငါ ရှာလိုက်ဦးမယ်။”
ချီတာဖုန်းက ဆိုင်ထဲတွင် ခေတ္တမျှ မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံးတွင် ထောင့်တစ်နေရာရှိ စာအုပ်တစ်အုပ်၏ စာမျက်နှာများကြားတွင် ညှပ်ထားသည်ကို တွေ့ရှိသွားသည်။ ဤနေရာတွင် ဆေးဖော်စပ်နည်း လာဝယ်မည့်သူ မရှိဟု သူ ထင်မှတ်ထားခဲ့ပုံရသည်။ ဆေးဖော်စပ်နည်း စာရွက်မှာ အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်သည်။
“ချန်ဖူဆေးလုံးရဲ့ ဖော်စပ်နည်းလည်း ရှိသေးတယ်။ လိုချင်လား။”
ချီတာဖုန်းက နေရာတစ်နေရာမှ အခြား ဆေးဖော်စပ်နည်း တစ်ခုကို ထုတ်ယူပြီး ချန်ဖေးကို ကမ်းပေးလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ‘မိုးကြိုးဟိန်း ဓားစွမ်းအင်’ စာအုပ်က မဆိုးဘူး။ ဒါပေမဲ့ အမှားတွေ သိပ်များတယ်။ ခင်ဗျားဆီမှာ ပိုပြီး ပြည့်စုံတဲ့ မူကွဲ ရှိလား။” ချန်ဖေးက ဆေးဖော်စပ်နည်းကို တစ်ချက်ကြည့်လိုက်ပြီး သေချာ မစစ်ဆေးတော့ဘဲ ပြီးခဲ့တဲ့အကြိမ်က ဝယ်ခဲ့သော လျှို့ဝှက်ကျမ်းစာ အကြောင်းကိုသာ မေးလိုက်သည်။
“မင်း တစ်ခုခု ထပ်ပြီး ရှာတွေ့သွားပြန်ပြီလား။”
ချီတာဖုန်းက ချန်ဖေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဒီကောင်က တကယ်ပဲ ကျင့်ကြံလို့ ရသွားတာများလား။
သူ့အခြေအနေကို သူ အသိဆုံးဖြစ်သည်။ သူ့ဆိုင်ရှိ လျှို့ဝှက်ကျမ်းစာများ အားလုံးသည် အခြားနေရာမှ လက်ကား ဝယ်ယူထားခြင်းဖြစ်ပြီး ပါဝင်သော အကြောင်းအရာများမှာ ယဉ်ယဉ်ကျေးကျေး ပြောရလျှင် အဓိပ္ပာယ် မရှိသော အရာများသာ ဖြစ်သည်။
လူအများစုသည် ဤနေရာမှ အခြေခံ လျှို့ဝှက်ကျမ်းစာများကိုသာ ဝယ်ယူလေ့ရှိကြသည်။ အဆင့်မြင့် ကျင့်စဉ်များကိုမူ ပျင်းပြေပျက်ပျောက် ဖတ်ရှုရန်အတွက်သာ ဝယ်ယူကြခြင်း ဖြစ်သည်။ ချီတာဖုန်း ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပင်။ ရံဖန်ရံခါတွင် သူသည် ဤလျှို့ဝှက်ကျမ်းစာများကို ဖတ်ရှုလေ့ရှိသည်။
မင်းက တကယ်ပဲ ယူပြီး ကျင့်ကြံမလို့လား။ သေချင်နေတာလား။
“အထဲက စာသားတချို့က အဓိပ္ပာယ် ရှိတယ်လို့ ခံစားရလို့ပါ။” ချန်ဖေးက ပြုံး၍ ပြောလိုက်သည်။
“ဖြည်းဖြည်းပေါ့ကွာ။”
ချီတာဖုန်းက ပြောရင်းဆိုရင်း ဆိုင်ထဲတွင် မွှေနှောက်ရှာဖွေလိုက်ပြီးနောက် ချန်ဖေးကို ကျင့်စဉ်စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။
ချန်ဖေး ငုံ့ကြည့်လိုက်သောအခါ ‘မိုးကြိုးဟိန်း ဓားစွမ်းအင် (အနက်ဖွင့်ဆိုချက်)’ ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။
ချန်ဖေး မပြုံးဘဲ မနေနိုင်တော့ချေ။ ဘယ်သူကများ ဒီလောက် အားယားပြီး အနက်ဖွင့်ဆိုချက် မူကွဲကို ရေးသားထားရသနည်း။
“တခြား မူကွဲတွေ ရှိသေးလား။” ဟု ချန်ဖေးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ရှိတာပေါ့။ မိုးကြိုးဟိန်း ဓားစွမ်းအင်လေ... နတ်တိမ်ဓားဂိုဏ်းရဲ့ ထိပ်တန်း အခြေခံ ကျင့်စဉ်ပဲ။ လူတိုင်း လိုချင်ကြတဲ့အရာပဲဟာ… မင်း တခြား မူကွဲတွေ လိုချင်သေးလား။”
ချီတာဖုန်းက ချန်ဖေးကို ထူးဆန်းသလို ကြည့်လိုက်သည်။ ဒီကောင် တကယ်ပဲ ကျင့်ကြံအောင်မြင်သွားပြီး၊ အခု စိတ်ဖောက်ပြန်ကာ မိုးကြိုးဟိန်း ဓားစွမ်းအင် အပြည့်အစုံကို ကိုယ်တိုင် ပေါင်းစပ်ဖို့ ကြံစည်နေတာများလား။
“ခင်ဗျားဆီမှာ မူကွဲ ဘယ်နှစ်မျိုး ရှိလဲ။ အကုန်ပေးဗျာ။” ချန်ဖေး ခေါင်းညိတ်လိုက်သည်။
လျှို့ဝှက်ကျမ်းစာ တိုင်းကို အပြည့်အဝ ရိုးရှင်းအောင် မလုပ်နိုင်သော်လည်း အရေအတွက် များများစားစား ရှိနေလျှင် မမျှော်လင့်ထားသော ထိုးထွင်းသိမြင်မှုများ ရရှိနိုင်ပေသည်။
ချီတာဖုန်းက မငြင်းပေ။ သူသည် စာအုပ်ဆိုင် ပတ်လည်ကို ရှာဖွေပြီးနောက် နောက်ထပ် ရှာရန် အတွင်းဘက်သို့ပင် ဝင်သွားလိုက်သည်။ ထို့နောက် သူသည် လျှို့ဝှက်ကျမ်းစာ တစ်ဒါဇင်ကျော်ကို ယူဆောင်လာပြီး ချန်ဖေး၏ ရှေ့တွင် ချပေးလိုက်သည်။
“ဒါ အကုန်ပဲ။ မင်း လိုချင်ရင် ဈေးပေါပေါနဲ့ ရောင်းပေးမယ်။”
ငွေရနိုင်ပါလျက်နှင့် မယူခြင်းသည် ချီတာဖုန်း၏ စတိုင် မဟုတ်ပေ။ အကယ်၍ ချန်ဖေး လိုချင်သည်ဆိုလျှင် ချီတာဖုန်းက သဘာဝကျစွာပင် အကုန် ပေးလိုက်မည် ဖြစ်သည်။
“ကောင်းပြီ... ကျေးဇူးပဲ။”
ချန်ဖေးသည် လျှို့ဝှက်ကျမ်းစာများကို အထုပ်ထဲသို့ ထည့်လိုက်ပြီး ဈေးအနည်းငယ် ဆစ်ကာ ငွေစ အနည်းငယ် ထားခဲ့လိုက်သည်။
“ကြည့်ရုံပဲ ကြည့်နော်... တကယ် မကျင့်နဲ့။” ချီတာဖုန်းက ချန်ဖေးကို မပြောဘဲ မနေနိုင်၍ ပြောလိုက်သည်။
ချန်ဖေးက ပြုံးလိုက်ပြီး လက်ပြနှုတ်ဆက်ကာ မှောင်ခိုဈေးကွက်မှ လှည့်ထွက်လာခဲ့သည်။
တစ်ခဏ အကြာတွင် ချန်ဖေးသည် သူ၏ ခြံဝန်းထဲသို့ ရောက်ရှိနေပြီး အထုပ်ထဲမှ ရရှိလိုက်သော ပစ္စည်းများကို ကြည့်ရှုနေသည်။ လုပ်စရာတွေက များပြားလွန်းလှသည်။ မိမိတွင် အချိန်မလုံလောက်ကြောင်း ချန်ဖေး သဘောပေါက်လိုက်သည်။
ဓားသိုင်းပညာသည် ပေါင်းစပ်လေ့ကျင့်ရန် လိုအပ်သလို၊ လေဟုန်စီး စွမ်းအားကိုလည်း မဟာအောင်မြင်မှု အဆင့်ထိ မြှင့်တင်ရဦးမည်။ ထို့နောက် ကွဲပြားခြားနားသော မိုးကြိုးဟိန်း ဓားစွမ်းအင် မြောက်မြားစွာကို ပေါင်းစပ်ရပေမည်။ ထို့အပြင် ဝိညာဉ်အလင်းဆေးလုံးကို ပြန်လည်ဖော်ထုတ်ခြင်းကိုလည်း လစ်လျူရှု၍ မဖြစ်ပေ။