သခင်လေးကျန်း ဘယ်လိုလဲ
Vol. 45 Ch. 620
“ဟား ဟား နှစ်ယောက်သား ကျေးဇူးပြုပြီး ခဏနေပါအုံး”
ကျန်းရီက တောင်ထွတ်ပေါ်တွင် ရပ်နေပြီး လေထဲတွင် ပျံဝဲနေသော ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များ ဝိုင်းတာခံနေရသည်။ နှစ်ယောက်ကြားရှိ အကွာအဝေးက မီတာသုံးရာထက် မပိုပေ။ သို့သော်သူက စိုးရိမ်ပူပန်စရာ မရှိပေ။ သူ၏လက်ထဲ၌ အတွင်းအား လှည့်ပတ်နေ၏။ သူက တစ်ချက် ဖြစ်ညှစ်လိုက်သ၍ နဂါးညှိုးရော်မြက်ပင်က ဖျက်ဆီးခံရပေလိမ့်မည်။ သူခဏတာ ရပ်တန့်သွားပြီးနောက် အနေခက်စွာ ပြန်ပြောလိုက်၏။
“အာ ဟုတ်သား တစ်ယောက်ယောက်ကများ အသံဘယ်လို ပို့ရမလဲဆိုတာ သိလား။ ကျွန်တော် အသံပို့တဲ့နည်းကို မသိလို့ပါ”
“ဟား ဟား ဟား ဟား”
အောက်ရှိ လူတစ်စုက အစ၌ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ရီချန်း၊ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့ကလည်း ရယ်မိသွား၏။ သာမာန် သိုင်းပညာရှင်များက အသံပို့သည့်နည်းကို သိကြသည်။ ထိုသို့တိုင် ကျန်းရီက ခွန်အားသည် ဗာဂျရာနယ်ပယ်သို့ ရောက်သည့်တိုင် မသိသည်လော။
လင်းရှီယာ့က လည်ချောင်းရှင်းပြီး ပြောလိုက်လေ၏။
“ရှင်က သိပ်တုံးအတာပဲ။ ရှင် အသံပို့ချင်တဲ့ လူဆီကို ကောင်းကင်စိတ်အာရုံ ပို့ပြီး ရှင့်အတွေးထဲမှာ ရှိတာတွေကို ပြောလိုက်ရုံပဲ။ ပြီးရင် လက်ခံမဲ့လူက ရှင့်ရဲ့အသံပို့တာကို အလွယ်တကူ ရလိမ့်မယ်”
“အော် ကျေးဇူးတင်ပါတယ် ယသခင်မလေး”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ရှီးဖေးနှင့် ကျန့်ဝူယင်ကို တစ်ချက်ကြည့်လိုက်သည်။
“မင်းတို့လူတွေကို ဆယ်ကီလိုမီတာဆီ နောက်ဆုတ်ခိုင်းလိုက်။ အခုမှ အသံတစ်ခု ပို့ဖို့လိုနေတယ်။ ပြီးတာနဲ့ ရတနာတွေကို ပေးပါ့မယ်။ မဟုတ်ရင် ဟီး ဟီး”
ရှီးဖေးနှင့် ကျန့်ဝူယင်၏ အမူအရာက ပြောင်းလဲသွားတော့သည်။ သူတို့က နောက်သို့ ဆယ်ကီလိုမီတာ ဆုတ်သွားခဲ့လျှင် ဝူနီ၊ ရီချန်းနှင့် ကျန်သည့်သူများက ရတနာကို ရယူရန် အခွင့်အရေး ရှိသွားပေလိမ့်မည်။ ကျန်းရီက မျိုးနွယ်စုများထဲမှ တစ်စုဆီသို့ ခိုလုံရန် စဉ်စားနေသည်လော။ ထိုမျိုးနွယ်စုများထဲမှ တစ်စုနှင့် သီးသန့်အသံပို့ရန် စီစဉ်နေသည်လော။
ရှီးဖေးက ရှဲ့ကျွင်းကို ကြည့်လိုက်သည်။ ရှဲ့ကျွင်း၏ အကြည့်ထဲတွင် အေးစက်စက် လှောင်ရိပ် ပေါ်လာပြီးနောက် လက်ကာပြကာ ပြောလိုက်တော့၏။
“အားလုံးပဲ နောက်ဆုတ်မယ်”
ဝှစ်
ရှီးမျိုးနွယ်စုမှ လူတိုင်း နောက်ဆုတ်သွား၏။ သို့သော် ရှဲ့ကျွင်းကမူ ကျန်းရီဆီ မျက်နှာမူလျက် သူ၏မျက်လုံးထဲတွင် အနီရောင်အလင်းများ တောက်ပနေကာ ပြန်ပြောလိုက်သည်။
“သခင်လေး ရှီးမျိုးနွယ်စုက တကယ်စိတ်ရင်း စစ်မှန်ပါတယ်။ ခင်ဗျားဒါကို အလေးထားမယ်လို့ မျှော်လင့်ပါတယ်”
ယင်းက သာမာန်စကားသာ ဖြစ်သော်ငြား ယခုအချိန်တွင် ရီချန်း၊ ယဉ်ရို့ပင်း၊ ဝူနီနှင့် ကျန်သည့်သူများ၏ အရောင်အသွေးက ပြောင်းလဲသွား၏။ ရုတ်တရက် ရီချန်းက သတင်းစကားတစ်ခု ပို့လိုက်သည်။
“ကျန်းရီ ဂရုစိုက်။ ရှဲ့ကျွင်းက ရှင့်ရဲ့စိတ်ဝိညာဉ်ကို တိုက်ခိုက်နေပြီ”
ဘီး
၎င်းကို ကျန်းရီသဘောပေါက်သွားချိန် နောက်ကျသွားပုံပေါ်၏။ သူ၏စိတ်ထဲသို့ လက်ဆုပ်လက်ကိုင် ဖော်ပြ၍မရသော စွမ်းအင်တစ်ခု ရုတ်တရက် ဝင်လာတာကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်သည် သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်းသို့ သေးငယ်သည့် အနီရောင် အပ်တစ်သောင်း ထိုးစိုက်နေသည့်ပမာ ခံစားရစေသည်။ အရှိန်က မြန်ဆန်လွန်းသောကြောင့် သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်းသို့ ရောက်ရှိရာ တစ်ခဏသာ လိုအပ်သည်။
စိတ်ဝိညာဉ် တိုက်ခိုက်တာလား ဟမ်။
ကျန်းရီက နှာခေါင်းရှုံ့လိုက်သည်။ သူ၏စိတ်ဝိညာဉ်အတွင်းရှိ ဝိညာဉ်ဓား (၃၆)စင်းက ရုတ်တရက် လှုပ်ရှားကုန်သည်။ ၎င်းသည် အနီရောင် အပ်တစ်သောင်းလုံး တစ်ဟုန်ထိုး ဝင်လာမည့်အချိန်ကိုစောင့်ပြီး သူတို့ဆီသို့ တိုးဝင်သွားလိုက်၏။
ဖုန်း ဖုန်း ဖုန်း
စိတ်ဝိညာဉ် ပင်လယ်အတွင်း၌ ပေါက်ကွဲသံများစွာ ပေါ်ထွက်လာတော့သည်။ သေးငယ်သည့် အပ်တစ်သောင်းက စိတ်ဝိညာဉ်ဓားများ၏ အညှာအတာမဲ့စွာ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း အားလုံး ရှင်းထုတ်ခံလိုက်ရကာ စိတ်ဝိညာဉ်ဓား (၃၆)စင်းက မည်သည့် ထိခိုက်မှုမှ မခံစားလိုက်ရပေ။
“ဟူး”
ရှဲ့ကျွင်းက သွေးတစ်ပွက်အန်ပြီး ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက အမြတ်ထုတ်ရန် ကြိုးစားသော်ငြား အခြေအနေက ပိုဆိုးသွားသည်။ ယခုအချိန်တွင် ကျန်းရီက ပိုလေးနက် တည်ကြည်သွားကာ သူ၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင် ပေါ်လာပြီး ပြောလိုက်၏။
“တုံ့ပြန်ခြင်း မပြုတာက မယဉ်ကျေးရာ ရောက်တယ်လေ။ ခင်ဗျားကကျုပ်ကို ခြုံခိုတိုက်ခိုက်ရဲတယ်ပေါ့။ သေပေတော့”
ကျန်းရီ၏ မျက်ခုံးနှစ်ဖက်ကြားက အနီရောင်အလင်းဖြင့် တောက်ပလာသည်။ ဓားဝိညာဉ် (၃၆)စင်းက နတ်ဘုရားအလင်း၏ လျှပ်တစ်ပြတ်အဖြစ် ပြောင်းလဲသွားကာ ရှဲ့ကျွင်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားသည်။ ရှဲ့ကျွင်း၏ ဝိညာဉ်တိုက်ကွက်က ကျန်းရီကြောင့် ဖြိုခွင်းခံလိုက်ရပြီး သူ၏စိတ်ဝိညာဉ်သည် တန်ပြန် သက်ရောက်မှုကြောင့် ထိခိုက်နေတာဖြစ်သည်။ ကျန်းရီတန်ပြန် တိုက်ခိုက်ရဲမည်ဟု သူမည်ကဲ့သို့ ထင်မည်နည်း။ ချက်ချင်းပင် ကျန်းရီ၏ ဝိညာဉ်ဓားက သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်း အလွယ်တကူ ဝင်ရောက်သွားသည်။ သူတုံ့ပြန်သည့် အချိန်တွင် ဓား(၃၆)စင်းက သူ၏စိတ်ဝိညာဉ်ကို ချေမွလိုက်တော့၏။
“ဖူး”
ရှဲ့ကျွင်းက နောက်ထပ် သွေးတစ်ပွက် အန်တော့၏။ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မျက်ဆံလန်သွားတော့သည်။ သူ၏အရှိန်အဝါက တဖြည်းဖြည်းချင်း အားပိုနည်းသွားပြီး ခန္ဓာကိုယ်က စွမ်းအင် ကင်းမဲ့သွားတော့၏။
ဘမ်း
ရှဲ့ကျွင်း၏ ခန္ဓာကိုယ် ပြိုကျသွားသည်မှာ မြေပြင်ကို လှုပ်ခါသွားစေသည်။ ယင်းက ရှိနေသည့် သိုင်းပညာရှင်များ အားလုံးကိုလည်း ထိတ်လန့်သွားစေ၏။ ရှဲ့ကျွင်း ခြုံခိုတိုက်ခိုက်ချိန်တွင် ကျန်းရီက သူ၏စိတ်ဝိညာဉ် တိုက်ကွက်ကို ဖြိုခွင်းနိုင်ခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း ကျန်းရီက တန်ပြန်တိုက်ခိုက်ခဲ့သည်။ လူများစွာက ကျန်းရီရှေ့သို့ ရှဲ့ကျွင်း အရိုအသေ ပေးပြီးသည်နှင့် သူ၏ခန္ဓာကိုယ် စွမ်းအင်ကင်းမဲ့စွာ လဲကျသွားတာကို တွေ့လိုက်ရသည်။ သူကချက်ချင်း သေသွားတော့သည်။ ဘာဖြစ်သွားမှန်း မသိလိုက်ပေ။
“အမ်”
ရီချန်းနှင့် ယဉ်ရို့ပင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။ နှစ်ယောက်သားက တစ်ယောက်အကြည့်ထဲတွင် တစ်ယောက် အံ့သြမှုကို တွေ့ရသည်။ ရှဲ့ကျွင်း၏ မှော်အတတ်က စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အားပြုထားတာပဲဖြစ်သည်။ သူ၏ခွန်အားက ကောင်းကင်ဧကရာဇ် နယ်ပယ်အောက် နိမ့်ကောင်းနိမ့်နိုင်သော်ငြား စိတ်ဝိညာဉ် တိုက်ခိုက်မှုက အလွန်ထူးဆန်းပြီး ရှီးမျိုးနွယ်စု တစ်စုလုံးတွင် သူ့ကိုအတော်လေး ဂုဏ်တက်စေ၏။
ကျန်းရီ၏ တန်ပြန်တိုက်ခိုက်မှုက မထင်ထားတာ ဖြစ်သည့်တိုင် ရှဲ့ကျွင်းက လျှပ်တပြတ်အတွင်း မည်ကဲ့သို့ အသက်ခံရသနည်း။ ဖြေရှင်းချက် တစ်ခုသာရှိသည်။ ကျန်းရီ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုက ရှဲ့ကျွင်းနှင့် မယှဉ်နိုင်လျှင်တောင် ရှဲ့ကျွင်းအောက် မလျော့တာပဲဖြစ်သည်။
ထိုသို့ ကောက်ချက်ချပြီးနောက် နှစ်ယောက်လုံး၏ လှပသော မျက်ဝန်းများ တောက်ပလာသည်။ စိတ်ဝိညာဉ် တိုက်ကွက်များက အချိန်ကို ခန့်မှန်းရ ခက်ခဲပြီး နက်နဲလွန်းသည်။ လူတစ်ယောက်၏ စိတ်ဝိညာဉ်က မသန်မာခဲ့လျှင် စိတ်ဝိညာဉ် ခုခံခြင်း ရတနာ ရှိမနေခဲ့လျှင် စိတ်ဝိညာဉ်တိုက်ကွက်နှင့် ကြုံတွေ့ရပြီးနောက် သူတို့မည်ကဲ့သို့ သေသွားမှန်းတောင် သိလိုက်မှာမဟုတ်ပေ။ ကျန်းရီ၏ စိတ်ဝိညာဉ် တိုက်ကွက်က သန်မာလွန်းနေရာ သူကခေါ်ယူရန် ထိုက်တန်သည့်သူဖြစ်ကြောင်း ပြသနေ၏။
“ဟမ့်”
လက်တွေ့တွင် ကျန်းရီကလည်း အခြေအနေကြောင့် အံ့သြသွားလေ၏။ ရှဲ့ကျွင်းက သူ့ကိုခြုံခိုတိုက်ခိုက်ချိန်တွင် သူကဒေါသတကြီး တုံ့ပြန်ခဲ့ရုံသာဖြစ်၏။ ထိုရလဒ် ဖြစ်လာလိမ့်မည်ဟု မထင်ပေ။ သူက ပြန်တုံ့ပြန်ရုံမျှဖြင့် ကောင်းကင်ဧကရာဇ် တစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် ယင်းက သင့်တော်သည့် ကောင်းကင်ဧကရာဇ် ပညာရှင်တစ်ဦး ဖြစ်နေပုံပေါ်၏။ စိတ်ဝိညာဉ်တိုက်ကွက်က ကြမ်းတမ်းလွန်း မနေသည်လော။
ကျန်းရီ၊ ရီချန်း၊ ယဉ်ရို့ပင်းနှင့် ကျန်သည့်သူများကလည်း ဘာဖြစ်သွားမှန်း မသိပေ။ အစောပိုင်းက ရှဲ့ကျွင်းသည် ထူးခြားသော မှော်အတတ်တစ်မျိုးကို ထုတ်လျက် ရတနာသုံးမျိုးကို သိမ်းပိုက်ရန်အလို့ငှာ ကျန်းရီကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ကျန်းရီကလည်း စိတ်ဝိညာဉ် တိုက်ကွက်များ သုံးနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားပေ။ ထို့ကြောင့် သူ၏တိုက်ကွက်သည် ကျန်းရီ၏ ဖြိုခွင်းခြင်း ခံလိုက်ရကာ စိတ်ဝိညာဉ်သည် တန်ပြန်သက်ရောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။
ပြီးနောက် ကျန်းရီက ချက်ချင်း တုံ့ပြန်ခဲ့သည်။ ရုတ်ချည်း တိုက်ခိုက်မှုအောက်တွင် ရှဲ့ကျွင်းအတွက် ကပ်ဘေးတစ်ခု ကျရောက်လာသည့်ပမာ ဖြစ်နေ၏။ သူတို့၏ စိတ်ဝိညာဉ် တိုက်ကွက်များထဲ၌ ကွာဟချက်က ကြီးမားလွန်းသည်။ ရုတ်တရက် ကျရှုံးမှုက တွက်ချက်မှု မှားယွင်းခြင်းကြောင့်ဖြစ်သည်။ မှားယွင်းသော တွက်ချက်မှု တစ်ချက်ဖြင့် သူ၏အမှားက သူ့ကို အောက်ခြေကင်းမဲ့သော အသူရာ ချောက်ကမ်းပါးထဲသို့ ကျရောက်သွားစေသည်။ အစထဲက အသန်မာဆုံး စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အသုံးပြုခဲ့လျှင် ယခုလောက်ဆို ကျန်းရီ သေနေလောက်ပြီဖြစ်သည်။
ယခုအချိန်တွင် အရာအားလုံးက အရေးမကြီးတော့ပေ။ လူတိုင်းက ထိတ်လန့်သွားကြ၏။ မူလက နတ်မြင်းပျံ အင်ပါယာမှ ကျွမ်းကျင်သူများကလည်း ခြုံခိုတိုက်ခိုက်ချင်ခဲ့သည်။ ယခုအချိန်တွင်မူ သူတို့က မလှုပ်ရှားရဲတော့ချေ။ ကျန်းရီကို မသတ်နိုင်သောကြောင့် မဟုတ်ပေ။ သို့သော် သူ့ကို ဒေါသထွက်စေမိပြီး သူနဂါးညှိုးရော်မြက်ကို ဖျက်ဆီးလိုက်မှာ စိုးရိမ်မိသည်။
“ဦးလေးကျွင်း”
ဒေါသတကြီး အော်သံက ပေါ်လာ၏။ ရှီးဖေး၏ မျက်ဝန်းတို့ ပြူးကျယ်သွားကာ ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သို့သော်သူက ဆက်မပြောရဲတော့ချေ။ ကျန်းရီသည် ရတနာသုံးမျိုးဖြင့် ကျန့်ဝူယင်တို့ဆီ ခိုလုံခွင့် တောင်းချင်လျှင် ရှဲ့ကျွင်းသေတာက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
“နောက် မဆုတ်သေးဘူးလား”
ကျန်းရီက နဂါးညှိုးရော်မြက်ကို ထည့်ထားသော ကျောက်စိမ်းသေတ္တာကို ကိုင်မြှောက်ပြလိုက်၏။ သူ၏အေးစက်စက် အကြည့်သည် နတ်မြင်းပျံ အင်ပါယာမှ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များဆီသို့ ရောက်သွား၏။ ကျန့်ဝူယင်က ဖေးချီကို ကြည့်လိုက်ရာ ဖေးချီက ချက်ချင်း အမိန့်ပေးလိုက်၏။
“အားလုံးနောက်ဆုတ်”
ဝှစ်
ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်အားလုံးက နောက်သို့ တစ်ဆယ်ကီလိုမီတာ ဆုတ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ထိုအကွာအဝေးကို သွားနိုင်သော်ငြား မည်သူကမှ ကျန်းရီကို ချက်ချင်း သတ်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။ ဆိုရလျှင်သူက အတုအယောင် နတ်ဘုရားလက်နက် မီးတိမ်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူတို့ကသူ့ကို ဒေါသထွက်စေခဲ့လျှင် မည်သူကမှ နဂါးညှိုးရော်မြက်ပင် ရတော့မှာမဟုတ်ပေ။
“ရှဲ့သခင်လေး”
ကျန်းရီက ရှီးဖေးကိုကြည့်ပြီး ပြောလိုက်၏။
“ခင်ဗျားတို့ မျိုးနွယ်စုနဲ့ ကျွန်တော် ရန်သူဖြစ်ချင်စိတ် မရှိဘူး။ ခင်ဗျားတို့ မျိုးနွယ်စုဝင်က ကျွန်တော့်ကို အရင် ခြုံခိုတိုက်ခိုက်တာ။ သူ့ကို ပြန်သတ်လိုက်မိတာ မလွန်ကျူးဘူးမလား”
“မလွန်ကျူးပါဘူး”
ထိုစကားလုံး သုံးလုံးသည် ရှီးဖေး၏ သွားကြားထဲမှ ထွက်လာတာပဲဖြစ်သည်။ သို့သော် အကြည့်တစ်ချက် အလှည့်တွင် ကျန်းရီကို နုတ်နုတ်စင်းချင်စိတ်များ ပေါ်လာလေရာ သူဖိနှိပ်ထားရ၏။
“အားလုံးပဲ နားထောင်ကြ။ ကိုယ်တိုင် လှုပ်ရှားရဲပြီး ဒီသခင်လေးရဲ့ အမိန့်ကို ဆန့်ကျင်ရဲတဲ့လူရှိရင် သူတို့ကိုငါ သတ်ပစ်မယ်”
ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များက အမှန်တကယ် ထူးကဲသည်။
ကျန်းရီက စိတ်ထဲ သက်ပြင်းချလျက် သူတို့ကို အာရုံမစိုက်တော့ပေ။ ထိုအစား တောင်ဘက်အရပ်ရှိ သူနှင့် သုံးကီလိုမီတာ အကွာတွင် ရှိနေသော ရီချန်းကို ကြည့်လိုက်၏။ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။
“မတွေ့ရတာ အတော်ကြာပြီ ရီသခင်မလေး”
ဝှစ် ဝှစ် ဝှစ်
လူများစွာ၏ အရောင်အသွေးက ပြောင်းလဲသွားသည်။ ကျန်းရီက ရီချန်းနှင့် သိကျွမ်းနေသည်လော။ သူက ရီချန်းထံ ခိုလုံခွင့် တောင်းချင်နေသည်လော။ ရှီးဖေးနှင့် ကျန့်ဝူယင်၏ အကြည့်ထဲ၌ အေးစက်စက် အလင်းများ ဖြတ်ခနဲပေါ်လာသည်။ သူတို့လူများကို တိတ်တဆိတ် အချက်ပေးလျက် မစဉ်းစားဘဲ လှုပ်ရှားခဲ့လျှင် ကျန်းရီကို ချက်ချင်း သတ်ဖြတ်ရန် အရိပ်အမြွတ် ချပြထားသည်။ သူတို့က နဂါးညှိုးရော်မြက်ကို မရနိုင်လျှင် ရီချန်းကိုလည်း ရခွင့်မပေးပေ။
ရီချန်းက မျက်နှာဖုံး ဝတ်ထားသည်။ ထို့ကြောင့် သူမမည်သို့သော အမူအရာရှိကြောင်း မရှင်းလင်းပေ။ သို့သော် သူမ၏ ကြည်လင်နေသော မျက်ဝန်းများကနေ ပြုံးနေသော အမူအရာရှိကြောင်း ပြောနိုင်၏။ မထင်ထားဘဲ သူမကလည်း လက်သီးဆုပ်ပြီး ပြန်နှုတ်ဆက်လိုက်၏။
“သခင်လေးကျန်း အဆင်ပြေပါရဲ့လား”
***