← Chapters

အခန်း (၉၆)

Vol. 10 Ch. 96

အခန်း (၉၆)

Vol. 10 Ch. 96

*(96)

နျိုဖေးဟောင်က သူ့ကိုယ်သူ သဘောထားကြီးသူတစ်ယောက်ဟု ယုံကြည်ထား၏။

သူက တစ်စုံတစ်ယောက်၏ သမီးကိုလုယူခဲ့လျှင် ထိုသူက သူ့အတွက် အလုပ်လုပ်ရန် ဆန္ဒရှိပါဦးမည်လား။

တစ်ဖက်လူက သေချာပေါက် သူအား သေသည်အထိ ဓားနှင့်ထိုးသတ်ချင်နေလိမ့်မည်ဖြစ်၏။

ထို့အတွက်ကြောင့် ဤကိစ္စတွင် အကြင်နာတရားကင်းမဲ့စွာ မလုပ်ဆောင်သင့်ချေ။

သူက အစီအစဥ်များကို ကောင်းစွာ ချထားပြီးဖြစ်၏။ ရှုးယန်အသင်းက သူတို့ဆီသို့ ဝင်လာသည့်အချိန်တွင် ယုန်မျိုးစပ်ကလေးမလေးကို သူ၏မွေးစားသမီးအဖြစ် မွေးစားပြီး သူမကို ရင်းရင်းနှင့် နေ့တိုင်းကစားရန် တောင်းဆိုနိုင်၏။

ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံးပဲ မဟုတ်ဘူးလား?

ထပ်ဆောင်းအနေဖြင့် သူမက နျိုဖေးဟောင်၏‌မွေးစားသမီး ဖြစ်လာလျှင် အခြေစိုက်စခန်းတစ်ဝိုက် ခေါင်းမော့ရင်ကော့၍ လျှောက်သွားနိုင်ပေသည်။

ဤအချိန်တွင် ယင်ရိလျိုကမူ သူမအား မွေးစားသမီးအဖြစ် မွေးစားရန် အလောတကြီးဖြစ်နေသော

‘မွေးစားဖေဖေ’ တစ်ယောက် ရုတ်တရက် ရခဲ့ကြောင်း မသိပေ။

သူမသည်က ကျယ်ဝန်းသော စစ်တပ်ဧရိယာ၏ ဝင်ပေါက်တွင်ရောက်နေခဲ့သည်။

ကျင်းယန်က ဝှီးချဲပေါ်တွင်ထိုင်၍ ထုထုအဖြစ် ပြန်ပြောင်းထားသော ယင်ရိလျိုကို လက်ထဲတွင် ပွေ့ချီထားပြီး ကျောင်းစီဟွေ့က သူ့နောက်မှ လိုက်ပါလာခဲ့သည်။

ကျောင်းချီယန်၏ ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် ပြန်လည်အားဖြည့်ရန် အိမ်ထဲတွင်နေခဲ့၏။

ဝံပုလွေပေါက်သည်ကား ခန္ဓာကိုယ်မှ အမွှေးပြောင်ကွက်များကြောင့် အလွန်စိတ်ဓာတ်ကျနေသဖြင့် ထွက်လာရန် ဆန္ဒမရှိချေ။

ယခုလေးတင် အိမ်သို့လာသည့် ဝူရှန်းလင်းဟု အမည်ရသောအမျိုးသားက လီကျန်ကျောင်း၏ လက်အောက်ငယ်သားဖြစ်ပေ၏။

ဖူမင် - သူ ပေါင်မုန့်တစ်လုံး ပေးချေခဲ့သည့်ကောင်လေး - မှ လီကျန်ကျောင်း၏ဘေးတွင် လူယုံတစ်ယောက်ရှိကြောင်း ပြောခဲ့သည်ကို ကျင်းယန် ပြန်အမှတ်ရသွားသည်။

သူ၏အရှိန်အဝါနှင့် စစ်တပ်အဆင့်များကို အကဲဖြတ်ခြင်းအားဖြင့် ထိုလူယုံမှာ ဤဝူရှန်းလင်းဖြစ်သင့်ပေသည်။

အခြေစိုက်စခန်းကို ဝင်လာသည်မှာ မကြာသေးသည့် အသင်းတစ်သင်းကို ဖိတ်ခေါ်ရန်အတွက် သူ၏ညာလက်ရုံးကို စေလွှတ်ခဲ့သော လီကျန်ကျောင်း၏ အဓိပ္ပာယ်က ပကတိရှင်းလင်းနေခဲ့လေသည်။

သူတို့ သဘောမတူခဲ့လျှင် ကျင်းယန်နှင့်အခြားသူများက ဘုရင်လီ၏မျက်နှာကို ဖြတ်ရိုက်ပြီး နျိုဖေးဟောင်၏ဘက်ကို ဝင်ရန်ရည်ရွယ်သည်ဟု အဓိပ္ပာယ်သက်ရောက်သွားပေလိမ့်မည်။

သူက ကျောင်းစီဟွေ့အား ဝူရှန်းလင်းကို အိမ်ထဲ အရင်ဝင်ခွင့်ပြုရန် ပြောခဲ့၏။ မည်သို့ပင်ဖြစ်စေ သူတို့မနက်စာစာပြီးရန် စောင့်ရပေဦးမည်။

ဝူရှန်းလင်းက အလွန်အမင်း အရှက်မရှိဖြစ်နေလိမ့်မယ်လို့ ဘယ်သူကသိပါ့မလဲ။

မည်သူမှ သူ့ကိုမဖိတ်သော်ငြား ထိုအရေထူသော အမျိုးသားက သူ့ဘာသာသူ ထမင်းစား စားပွဲတွင်ထိုင်ပြီး အပြုံးတစ်ခုဖြင့် မနက်စာအတွက် တောင်းဆိုခဲ့လေသည်။

မနက်စာစားနေစဥ် အတောအတွင်း သူက စကားပြောခြင်းကို မရပ်တန့်ခဲ့ချေ။

ကျင်းယန်က သူ့အားလျစ်လျူရှုထားသည်ကို တွေ့သည့်အတွက် ကျောင်းမောင်နှမကို စကားပြောခဲ့ပြီး‌၊ ယင်ရိလျိုကိုလည်း အမှန်တကယ်

ချစ်စရာကောင်းလွန်းသည်ဟု ချီးကျူးခဲ့ကာ ကျင်းယန်၏ သွေးများကို ဆူပွက်သွားစေသည်။

ချောမောခန့်ညားသည့်စစ်သားတစ်ယောက်မှ ချော့မြူ‌ပြောသည့်အတွက် ယင်ရိလျိုသည်လည်း ပျော်ရွှင်နေခဲ့သော ကလေးတစ်ယောက်နှယ် အပြုံးတစ်ခုချိတ်ဆွဲထားလေသည်။

သို့သော် တကယ်တမ်းတွင် ဝူရှန်းလင်းက စကားပြောရာတွင် အလွန်ကျွမ်းကျင်ပြီး အသက်ငယ်သည့် သူမကို လှည့်စားချင်နေကြောင်းကို ခံစားနိုင်သဖြင့် အလွန်ဂရုစိုက်နေခဲ့သည်။

သို့သော်ငြားလည်း သူမက အမှန်စင်စစ် ကလေးတစ်ယောက် မဟုတ်သောကြောင့် သူမ၏ စိတ်ထဲတွင် ရှေ့ရှိ မျက်မှေး၏စိတ်က ကြောက်စရာကောင်းအောင် နက်နဲသည်ဟု တွေးခဲ့မိသည်။

မနက်စာစားပြီးနောက် သူတို့ အသင့်ပြင်ရန်အတိက် အခန်းဆီသို့ပြန်သွားခဲ့ကြသည်။

ကျင်းယန်က သူမကို ဝှီးချဲထုတ်ပေးပြီး ယုန်အသွင်ပြန်ပြောင်းရန် တောင်းဆိုခဲ့၏။ ထို့နောက် လူနှစ်ယောက်နှင့် ယုန်တစ်ကောင်က လီကျန်ကျောင်းဦးစီးသော စစ်တပ်ဧရိယာဆီ ရောက်ခဲ့ကြသည်။

သူတို့ တံတိုင်းထဲသို့ ရောက်သောအချိန်တွင် လူအများအပြား၏မျက်လုံးများက သူတို့ဆီ ကျရောက်နေကြောင်းကို ယင်ရိလျိုခံစားနိုင်သည်။

ခိုးကြည့်သည့်အကြည့်များနှင့် ကွဲပြားစွာပင် ဤလူများက သူတို့ကိုဘွင်းဘွင်းရှင်းရှင်း လေ့လာနေခြင်းဖြစ်၏။

သူမ သက်တောင့်သက်သာ မဖြစ်ဟု ခံစားရသည့်အခိုက်တွင် ကျင်းယန်က သူမ၏ခန္ဓာကိုယ်ကို လက်ဖြင့်ဖုံးကာ၍ လူတိုင်း၏အကြည့်မှ ပိတ်ဆို့ပေးလိုက်သည်။

“ကျင်းယန်ကော ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ”

လာနှုတ်ဆက်သည့် အမျိုးသားကို ယင်ရိလျိုမှတ်မိ၏။

ယခင်က သူမ အမှတ်ခန်းမ၌ မြင်ခဲ့ဖူးသော လင်းယုန်နီအသင်း၏ ခေါင်းဆောင် လျိုဝေ့ဟုန်ဖြစ်ပေသည်။

သို့သော် သူမ၏မှတ်ဉာဏ်ထဲတွင် ပို၍နက်ရှိုင်းသည့် ထင်မြင်ချက်ချန်ထားခဲ့သူမှာ လျိုဝေ့ဟုန်၏ဘေးမှ လူငယ်ဖြစ်၏။

သူမ ထိုသူ့၏အကြောင်းတွေးနေစဥ် ထိုသူက လျိုဝေ့ဟုန်ဘေးမှ ထွက်ပေါ်လာပြီး လေချွန်လိုက်သည်။

“ကျွန်တော်တို့ တွေ့ပြန်ပြီနော်”

ဤအကြိမ်၌ သူ၏နာမည်ကို ယင်ရိလျိုသိခဲ့ရ၏၊ ယဲ့ဟောင်ယွမ်…ယဲ့ဟောင်ယွမ်က ကျင်းယန်၏လက်မောင်းထဲမှ ခေါင်းထွက်နေသည့် သူငယ်ချင်း‌လေးကို မျက်စိတစ်ဖက်မှိတ်ပြပြီး အပြုံးတစ်ခုနှင့် ပြောခဲ့သည်။

“ခင်ဗျားရဲ့ ချစ်စရာလေးကို သေသေချာချာစောင့်ကြည့်ထားလို့ ကျွန်တော်သတိပေးခဲ့ပေမဲ့ မစ်နျိုက သူ့ကို စိတ်ဝင်စားနေတယ်လို့ ကျွန်တော်ကြားခဲ့တယ်”

သူ့၏ဘေးရှိ ခေါင်းဆောင်၏ မျက်နှာ‌ပေါ်တွင်တော့ လက်လျော့သည့် အမူအရာတစ်ခုရှိနေခဲ့သည်။

သူက ထိုလူငယ်အားပါးစပ်ပိတ်ရန် ပြောပြီးနောက် ကျင်းယန်ကို ကြည့်ပြီး ပြောခဲ့သည်။

“မင်းတို့ အဲဒီသန္ဓေပြောင်းတိရစ္ဆာန်ကို အမဲလိုက်နိုင်တာ တကယ် အံ့သြစရာကောင်းတယ်.. အားတဲ့အချိန်ကျရင် ဘီယာအတူသွားသောက်ရအောင်”

ကျင်းယန်က လျိုဝေ့ဟုန်နှင့် လက်ဆွဲနှုတ်ဆက်လျက် အသာအယာခေါင်းညိတ်ပြီး အတွင်းဘက်ကို ဝူရှန်းလင်း၏နောက်မှ လိုက်သွားခဲ့သည်။

လင်းယုန်နီအသင်း၏ ခေါင်းဆောင်မှာ ရည်မွန်သောပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပုံရ၏။

ယင်ရိလျို ထိုသို့ စဥ်းစားနေစဉ် ဘေးဘက်ရှိ မျက်မှေးက သူ့ဆီသို့ဦးတည်သည့် သူတို့၏စိတ်မရှည်မှုများကို လုံးဝသတိထားမိသည့်နှယ် ထပ်မံ၍ ပြောဆိုလာသည်။

“မင်းတို့တွေက လင်းယုန်နီအသင်းက လူတွေနဲ့သိနေမယ် မထင်ထားဘူး”

ကျင်းယန် သူ့ကိုလျစ်လျူရှုလိုက်သည်။ သူ့ဘေးရှိ ကျောင်းစီဟွေ့က တိတ်ဆိတ်စွာ လိုက်ပါလာသူဖြစ်ကာ ယင်ရိလျိုမှာတော့ စကားမပြောနိုင်သော ယုန်တစ်ကောင်ဖြစ်၏။

သို့သော် ဝူရှန်းလင်း၏ မျက်နှာက မပြောင်းမလဲရှိနေသည့် အပြုံးတစ်ခု ရှိနေသေးကာပြောလိုက်သည်။

“မင်းတို့သာ ငါတို့ဆီကို ဝင်ခဲ့ရင် အနာဂတ်မှာ ငါတို့က ရဲဘော်ရဲဘက်တွေ ဖြစ်လာတော့မှာပဲ”

ယင်ရိလျို သူမ၏နှာခေါင်းကို ရှုံ့လိုက်၏။

Friendship ကတ်ကို ကစားဖို့အတွက်ဆိုရင် အခုကစောလွန်းမနေဘူးလား?

[Friendship:သူငယ်ချင်းဆက်ဆံရေး]



နျိုမိသားစုက သူတို့အတွက် မြို့တော်Z၌ အကောင်းဆုံးဧရိယာကို ယူထားသည်ဟု ပြောရလျှင် လီကျန်ကျောင်း၏ နေရာကမူ ငြီးငွေ့ဖွယ်ကောင်းပြီး ရိုးရှင်းပုံပေါ်လေသည်။

ကျယ်ဝန်းသော စစ်တပ်အခြေစိုက်စခန်းထဲတွင် အတွင်းဘက်ဆုံးအပိုင်းရှိ ပထမအလွှာမှ အခန်းကြီးတစ်ခန်းသာလျှင် လီကျန်ကျောင်းနှင့် သက်ဆိုင်၏။

ဝူရှန်းလင်း တံခါးခေါက်လိုက်ချိန်တွင် အခန်းထဲ၌ လီကျန်‌ကျောင်းတစ်ယောက်တည်းသာ ရှိနေခြင်းမဟုတ်ချေ။

မျက်လုံးအချို့က ကျင်းယန်နှင့်အဖွဲ့သားများကို စေ့စေ့စပ်စပ်စစ်ဆေးနေပြီး ဗြောင်ကျကျပင် လှည့်ကြည့်ခဲ့ကြသည်။

အဓိကထိုင်ခုံတွင် ထိုင်‌နေသောအမျိုးသားမှာ အသက်ငါးဆယ်ကျော်အရွယ်ဖြစ်၏။

သူ၏မျက်နှာတွင် အသက်ကြီးရင့်သည့် အရိပ်အယောင်များ ရှိနေသော်လည်း မထင်မှတ်ထား‌လောက်အောင် ကြော့ရှင်း‌နေသည်။

သူသည်က စစ်တပ်သုံး ဘွတ်ဖိနပ်နှင့် အင်္ကျီကိုဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် သောက်လက်စ စီးကရက်တစ်လိပ်ရှိ၏။

ဝူရှန်းလင်းက မတ်မတ်ရပ်လိုက်ပြီး အဓိကထိုင်ခုံပေါ်မှ အမျိုးသားကို ပြောခဲ့သည်။

“ဗိုလ်ချုပ်ကြီး ..ကျွန်တော် သူတို့ကိုခေါ်လာခဲ့ပါပြီ”

သူတို့ကို တိတ်တဆိတ် လေ့လာနေသော ယင်ရိလျိုတစ်ယောက် အနည်းငယ် အံ့သြသွား၏။

လီကျန်ကျောင်းက တရားသူကြီးတစ်ယောက်ကဲ့သို့ ခက်ထန်ပြီး လေးနက်မည်ဟု ထင်ထားသော်ငြား သူမ၏ သူ့အပေါ် ပထမဆုံးအမြင်မှာ ထင်မထားလောက်အောင် ကောင်းမွန်လေသည်။

လီကျန်ကျောင်းက လက်ချောင်းထိပ်မှ ပြာကို တောက်ချလိုက်ပြီး ကျင်းယန်ကို သူ့ဘေးတွင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။

ကျင်းယန် မျက်လုံးတစ်ချက်ပင့်၍ အခန်းကို ကြည့်ရှုစစ်ဆေးပြီးနောက် ဝှီးချဲကိုအတွင်းဘက်သို့ တွန်းသွားလိုက်သည်။

“ပြီးခဲ့တဲ့နှစ်ရက်မှာ ငါတို့တွေ ရှုးယန်အသင်းအကြောင်းကို မကြာခဏ ကြားခဲ့ရတယ်.. မင်းက တကယ်ကို ထူးခြားပြောင်မြောက်တာပဲ..

ဒါက မစ္စတာပိုင်ချီကောင်း များသောအားဖြင့်တော့ လောင်ပိုင်လို့သိကြတယ်.. သူကငါတို့အခြေစိုက်စခန်းက သုတေသနဌာနရဲ့ ခေါင်းဆောင်ပဲ.. သူက မင်းတို့နဲ့တွေ့ချင်နေတာ”

ပိုင်ချီကောင်း သူ၏မျက်မှန်ဘောင်ကို တွန်းတင်၍ ကျင်းယန်ကို လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ဆန့်လိုက်လေသည်။

ထို့နောက် သန္ဓေပြောင်းမျောက်နှင့် ထိပ်တိုက်တွေ့ခဲ့သည့် အချိန်နှင့်နေရာအတိအကျအား ကျင်းယန်ကို ချက်ချင်းမေးလိုက်ပြီး ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်က အချက်အလက်များကိုလည်း မေးခဲ့သည်။

အစပိုင်းတွင် စကားအနည်းငယ်ပြောသည်မှလွဲ၍ လီကျန်ကျောင်းက ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ မှီပြီး ဆေးလိပ်သောက်လျက် ကျင်းယန်ကို သူ၏စူးရှသောမျက်လုံးများနှင့် မကြာခဏ လေ့လာနေခဲ့သည်။

ယင်ရိလျိုသည်လည်း ဗိုလ်ချုပ်ကြီး၏ အာရုံစိုက်မှုကို ရသွားပုံပေါ်၏။

သူက သူ၏စီးကရက်ဖင်ခံကို ပြာခွက်ထဲသို့ ဖိချေကာ လက်ကိုဒူးပေါ်တင်ပြီး ကျင်းယန်၏လက်ထဲမှ ယုန်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။

ဤဗိုလ်ချုပ်ကြီး၏ မျက်လုံးများက မည်သူ့အပေါ်တွင် ကျသွားပါစေ ထိုသူ့အပေါ်၌ မမြင်နိုင်သောဖိအားတစ်ခု ကျရောက်သွားပြီး သူတို့၏လျှို့ဝှက်ချက်များက တဖြည်းဖြည်း မဖုံးကွယ်နိုင် ဖြစ်လာသကဲ့သို့ပင်။သူ့အားအကြိမ်အနည်းငယ် ကြည့်ပြီးနောက် ယင်ရိလျိုက တစ်ဖက်သို့လှည့်ပြီး လီကျန်ကျောင်းကို နောက်ကျောပေးလိုက်၏။

“ငါ မင်းကိုပြောနေတာ.. ငါတို့ရဲ့ သုတေသနဌာနက နေ့တိုင်းလူအများကြီးကို စေလွှတ်ခဲ့ပေမယ့် သူတို့ထဲက တစ်ယောက်မှ အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်နဲ့ မကြုံတွေ့ခဲ့ရဘူး..

ဒီတစ်ကြိမ် မင်းတို့ပို့လိုက်တဲ့ သန္ဓေပြောင်းမျောက်က ငါတို့ရဲ့သုတေသနအတွက် အရမ်းကိုတန်းဖိုးရှိတာ! လောင်လီ မင်းသူတို့ကို ဆုပေးမှရမယ်နော်”

ပိုင်ချီကောင်းက သူသိလိုသမျှကို မေးပြီးလုနီးပါးအချိန်တွင် ကိုယ့်ပေါင်ကိုယ်ရိုက်ပြီး သူ ကံဆိုးခဲ့သည့်အကြောင်းကို အံ့ဩတကြီး ပြောလိုက်‌၏။

ထိုစ‌ကားကြောင့် လီကျန်ကျောင်းက ကျင်းယန်ကို ထပ်ကြည့်လိုက်လေသည်။

“ပေးမှာပါကွာ”

သူ၏အကြည့်များက မီးတုတ်နှင့်တူပြီး သူ၏ရည်မွန်သော စရိုက်သည် တခဏချင်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“မစ္စတာကျင်းယန်.. ငါတို့ မင်းကို ဒီနေရာကို ဘာလို့ခေါ်လဲဆိုတာ သိမယ်ထင်တယ်”

All Chapters