← Chapters

အခန်း (၉၉)

Vol. 10 Ch. 99

အခန်း (၉၉)

Vol. 10 Ch. 99

*(99)

ယခုချိန်က ကမ္ဘာပျက်ကပ်ဖြစ်သော်လည်း လူသားတစ်ယောက်အနေဖြင့် ဘဝသင်ခန်းစာအချို့ကို တတ်မြောက်ထားသင့်သည်။

ကျင်းယန် ဤသို့စိတ်ကူးကာ အမှတ်ခန်းမမှ လူများကို ပညာရေးဆိုင်ရာစာအုပ်များအပေါ် အာရုံစိုက်ပေးပြီး ပစ္စည်းရောက်လာလျှင် သူတို့ဆီ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

သူတို့ အိမ်သို့ ပြန်ရောက်လာချိန်တွင် ကျောင်းချီယန်က သူတို့၏အသံကိုကြားလိုက်ရသောကြောင့် ဆိုဖာပေါ်မှ ညည်းညူလာလေသည်။

“ကျဲ! ကျင်းကော! ကျဲတို့နောက်ဆုံးတော့ ပြန်လာကြပြီ!”

သူ့၏နောက်ကျောမှ ဒဏ်ရာက မပျောက်ကင်းသေးချေ။ ဤအချိန်တွင် သူသည်က ပိုးကောင်တစ်ကောင်ကဲ့သို့ ပတ်တီးဖြင့် အပတ်ခံထားရကာ အိမ်ရှိ ဆို‌ဖာပေါ်တွင် လဲလျောင်းပြီး မကြာခဏ လှုပ်ယွနေခဲ့သည်။

ဤကဲ့သို့ တက်ကြွပြီး ခြေရှည်သော လူတစ်ယောက်အတွက် အပြင်သို့မထွက်နိုင်ခြင်း၊ စကားပြောစရာလူမရှိခြင်းထက် ပို၍စိတ်ဆင်းရဲစရာ မရှိနိုင်ပါချေ။

ကျင်းယန်က ယင်ရိလျိုကို ညင်သာစွာဖြင့် အောက်သို့ချလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ အလင်းမှိန်မှိန်တို့က ဖျတ်ခနဲလင်းသွားပြီးနောက် အပေါ်ထပ်အင်္ကျီအနီနှင့် ကလေးမလေးတစ်ယောက်အဖြစ် ပြောင်းသွားခဲ့လေသည်။

သူမက သူမ၏ခြေထောက်မှ သားရေဖိနပ်များကို ကန်ထုတ်ပြီး ချွတ်ရန် ပြင်လိုက်သော်လည်း သူမ မထိုင်ရသေးချိန်မှာပင် ကျင်းယန်က ခေါင်းငုံ့ကာ ထိုင်ချလိုက်လေသည်။

သူက ကလေးမလေး၏ သေးသွယ်သော ခြေကျင်းဝတ်ကို ညင်သာစွာကိုင်ပြီး သားရေဖိနပ်လေးကို ချွတ်ပေးလိုက်၏။

ကလေးမလေး၏ မြေပဲကဲ့သို့ ဝဖြိုးပြီး ဖြူဖွေးသော ခြေချောင်းလေးများက လှုပ်ရှားသွားခဲ့လေသည်။

ကျင်းယန် ကွင်းထိုးဖိနပ်လေးကို ထုတ်ပြီး စီးပေးလိုက်သည်။

ယင်ရိလျိုတစ်ယောက် အနည်းငယ်ရှက်သွေးဖြာသွားရပြီး အိမ်ထဲသို့ ဝင်ပြေးသွားခဲ့လေ၏။

သူမ ခြေလှမ်းလိုက်တိုင်း တဖတ်ဖတ် အသံများထွက်နေခဲ့လေသည်။

ကျင်းယန် ကလေးမလေး နောက်မှလိုက်သွားပြီး သူမကိုမှီရန်အတွက် ခြေလှမ်းနှစ်လှမ်းသာ လျှောက်လိုက်ရသည်။

ကျင်းယန်က ယင်ရိလျိုအတွက် ရေတစ်ခွက် လောင်းထည့်ပေးလိုက်၏။

ယင်ရိလျိုလည်း ရေခွက်ကိုယူပြီး သောက်လိုက်လေကာ ရေခွက်ကို စားပွဲပေါ်သို့ပြန်တင်လိုက်သည်။

ကျောင်းစီဟွေ့၏ အာရုံကြောများက တစ်နေ့လုံး တောင့်တင်းနေခဲ့ရ၏။

သူမအနေဖြင့် ကျောချမ်းသည်အထိ ကြောက်ရွံ့နေခဲ့ကာ စစ်တပ်အခြေစိုက်စခန်းတွင်ပင် ဘဝကို အရှုံးပေးလုနီးပါးဖြစ်ခဲ့သည်ဟု တွေးလိုက်မိသည်။

ယခုအချိန်တွင် သူမ၏‌မောင်လေးက အရူးတစ်ယောက်နှယ် ပြုမူနေသောကြောင့် အနည်းငယ်ဒေါသထွက်လာရလေသည်။

“နင်ဘာတွေ အော်နေတာလဲ? နေ့လည်စာစားထားပြီမလား”

နေ့လည်စာအကြောင်းကို ပြောမှ ကျောင်းချီယန်က မကျေမနပ်ဖြင့် စတင်တိုင်တန်းလာခဲ့သည်။ သူနှင့်အနက်ရောင် ဝံပုလွေပေါက်မှာ ယခင်ကတည်းက တစ်ယောက်နှင့်တစ်ယောက် ရန်စောင်နေခဲ့ခြင်းဖြစ်ပြီး ယနေ့တော့ သူတို့နှစ်ယောက်သာ အိမ်တွင်ကျန်ခဲ့လေသည်။

သူတို့က အစားအစာအတွက် ရန်ဖြစ်လုနီးပါးပင်ဖြစ်ခဲ့သည်။

ထိုအချိန်မှသာ သူ၏အစ်မကြီးနှင့် ကျင်းယန်ကို အလွန်အမင်းလွမ်းဆိတ်မိလေသည်။

ယင်ရိလျိုက ခြင်းတောင်းထဲမှ အသီးတစ်လုံးကို ထုတ်ယူကာ သူမ၏ဂါဝန်လေးဖြင့် သုတ်ပြီး ပါးစပ်ထဲသို့ ထည့်တော့မည့်အချိန်တွင် ကျင်းယန်က သူမကို နဖူးတစ်ချက်တောက်လိုက်လေသည်။

ကလေးမလေးက နှုတ်ခမ်းကိုစူလိုက်သော်လည်း သူမ၏လက်ထဲမှ အသီးကို ကျင်းယန် ဆွဲယူသွားခဲ့သည်။

“မဆေးရသေးတဲ့ အသီးတွေကို မစားရဘူး”

ထို့နောက် ချက်ချင်းပင် ထိုအမျိုးသားက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးမလေး၏ လက်များကို လက်သုတ်ပုဝါအစိုဖြင့် ညင်သာစွာ သုတ်ပေးလိုက်သည်။

ဤအခိုက်အတန့်တွင် ဝံပုလွေလေးက အိမ်ထဲသို့ ဝင်လာခဲ့သည်။

သူက ကျောင်းချီယန်ကို အေးတိအေးစက် တစ်ချက်ကြည့်လိုက်ပြီးနောက် ကျင်းယန်၏ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ယင်ရိလျိုကို အမြီးနှံ့ပြလိုက်သည်။

ယင်ရိလျိုတစ်ယောက် အလွန်ဝမ်းသာသွားရလေ၏။ သူမက ဝံပုလွေပေါက်လေး၏ နက်ပြောင်ပြီး နူးညံ့သည့်သားမွှေးထဲ ပစ်ဝင်လိုက်သည်။

ခွေးပေါက်လေးက ဒီနေ့ အရမ်းသဘောကောင်းနေတာပဲ!

ဝံပုလွေပေါက်လေးမှာ ယခုအချိန်တွင် သူ၏ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်၏။ ကျင်းယန်က ယုန်ဝတုတ်ကို သိသိသာသာပင် သဘောကျနေသောကြောင့် သူ့အနေဖြင့် ထိုမကောင်းဆိုးဝါးလေးနှင့် မယှဥ်နိုင်ကြောင်းကို နားလည်ထားပေသည်။

သူ့တွင် လုံးဝယှဥ်နိုင်စွမ်းမရှိသောကြောင်း နှလုံးသားထဲမှ မပျော်ရွှင်မှုကိုဖိနှိပ်ပြီး ယုန်ဝတုတ်၏ အကြိုက်ကိုသာ လိုက်ပေးနေခဲ့ရသည်။

ထိုနေ့ည၌ ကျောင်းစီဟွေ့မှ ယနေ့ကြုံခဲ့ရသော ရင်ဖိုဖွယ်ရာခရီးစဥ်တစ်ခုလုံးကို သူမ၏မောင်လေးအား အတိုချုပ်၍ ပြောပြခဲ့သည်။

ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ကျောင်းချီယန်၏နှလုံးသားတို့က စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်ကာ တုန်လှုပ်သွားခဲ့လေသည်။

*

အခန်းထဲတွင်တော့ ယင်ရိလျို၏ နေရာလွတ်ထဲမှ ထုတ်ယူထားသော အင်္ကျီနှင့်စကတ်အများအပြားရှိနေခဲ့လေ၏။ယင်ရိလျိုက သူမ၏ခြေအိတ်ရုပ်လေး ပေါ်သွားပြီးနောက် အဝတ်အစားများအားလုံးကို နေရာလွတ်ထဲမှ ထုတ်ယူခဲ့သည်။ ကျောင်းစီဟွေ့က ထိုအဝတ်အစားတို့ကို အဝတ်လျှော်စက်ထဲသို့ လျှော်ဖွတ်ပြီး ဘန်ဂလိုတွင် လှန်းပေးခဲ့သည်။

လက်ရှိတွင် ကလေးမလေး၏ အမွှေးပွပွနားရွက်များက စိုစွတ်နေပြီး နူးညံ့စွာ တွဲလောင်းကျနေခဲ့ကာ သူမ၏ခေါင်းပေါ်မှ ဆံသားနုနုလေးများသည်လည်း ရေတစ်စက်စက်ကျနေခဲ့သည်။

သူမ ရေချိုးခန်းထဲက ထွက်လိုက်ချိန်တွင် ကျင်းယန်က တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေခဲ့ပေပြီ။

သူက သူမ၏ဆံပင်ကို ပုဝါကြီးတစ်ထည်ဖြင့် ညင်သာစွာ ရေသုတ်ပေးပြီး ဆံပင်များ ခြောက်လုနီးပါးအချိန်တွင် ခေါင်းဖြီးလေးဖြင့် ဖြီးပေးခဲ့သည်။

“ ခေါင်းဖြီးတဲ့နေရာက နာလား?”

ကလေးမလေးက ဆံပင်များကို အဖြီးခံနေရသည့်အတွက် သားမွှေးများအဖြီးခံရသည့် ကြောင်ပေါက်လေးတစ်ကောင်နှယ် တီးတိုး ညည်းညူလိုက်ပြီး သူမ၏မျက်လုံးများကို မှေးစင်းကာ ခေါင်းယမ်းပြလိုက်သည်။

ဤကဲ့သို့သောဘဝမျိုးက အလွန်ကောင်းမွန်သည်ဟု သူမ ရုတ်တရက်ခံစားလိုက်ရသည်။

ကမ္ဘာပျက်ကပ်တွင် ရှင်သန်ပြီးနောက် ရွှေပေါင်လုံးကြီး၊ အခင်မင်ဆုံးသူငယ်ချင်းများနှင့်အတူ လျှောက်ပတ်ဆော့ကစားပြီး အိမ်သေးသေးလေးတစ်လုံးတွင်နေထိုင်ကာ နေ့တိုင်း ညစာအတူစားနိုင်သည်ကပင် သူမအတွက် အလွန်ကောင်းနေပြီပင်။

ကမ္ဘာပျက်ကပ်၏‌ မြုနှင်းမှုန်များကိုသာ မ’တင်နိုင်ခဲ့လျှင် ဤကဲ့သို့နေ့ရက်များက ထာဝရကြာရှည်စွာ ရှိမည်ဖြစ်ပါ၏။

*

ပြောက်ကျားဝတ်စုံကို ဝတ်ထားသော ကျောင်းချီယန်တစ်ယောက် ခြံထဲတွင် ခုန်ပေါက်နေခဲ့လေသည်။

သုတေသနဌာနအနေဖြင့် စစ်တပ်၏အခြေစိုက်စခန်းမှ ထုတ်ထားသော အဝတ်အစားများကို အထူးအဆင့်မြှင့်ထားသည့် ပါဝင်ပစ္စည်း အသစ်တစ်မျိုးဖြင့် ပြုလုပ်ထားခဲ့သည်။

တစ်ကမ္ဘာလုံးမှ ပတ်ဝန်းကျင်များ ပြောင်းလဲသွားပြီးနောက်တွင်ပင် ကမ္ဘာအနှံ့၌ အသက်ရှင်ကျန်ရစ်နေခဲ့သော သိပ္ပံပညာရှင်များနှင့် စူးစမ်းရှာဖွေသူများမှာ သုတေသနများ အဆက်မပြတ်လုပ်ဆောင်ခဲ့ကြပြီး စွမ်းအားအရင်းအမြစ်နှင့် သတ္တု အမျိုးအစားအသစ်အချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဟု ပြောကြသည်။

စမ်းသပ်လေ့လာခြင်း တိုးတက်လာခဲ့ပြီးနောက် ရလာဒ်အနေဖြင့် အသစ်ထွက်လာသော အဝတ်အစားများကိုလည်း ဆင့်ကဲပြောင်းလဲသူများ ဝတ်ဆင်ရန်အတွက် အလွန်သင့်လျော်အောင် ပြင်ဆင်လာခဲ့လေသည်။

ထိုအဝတ်အစားများက ပိုးသားစနှင့် ဆင်တူသော်ငြား ကိုင်ကြည့်လိုက်ချိန်တွင်တော့ အလွန်အမင်းအကြမ်းခံနိုင်၏။

စမ်းသပ်မှုများ‌လုပ်နေချိန်တွင် သုတေသနပညာရှင်များက အဝတ်အစားများ၏ ခံနိုင်ရည်ကို အရေပြားနှင့်စွမ်းရည် အမျိုးမျိုးရှိသော ဆင့်ကဲပြောင်းလဲသူများဖြင့် စမ်းသပ်ခဲ့လေသည်။

သူတို့၏စွမ်းရည်များကို အသုံးပြုလိုက်သည့်အချိန်တွင် ဤဖန်တီးမှုက သာမာန်အဝတ်အစားများကဲ့သို့ တစ်စစီစုတ်ပြဲသွားရမည့်အစား ပါးလွာသည့် အနက်ရောင် အသားကပ်အဝတ်စအဖြစ် ဆင့်ကဲပြောင်းလဲသူ၏ အရေပြားတွင် တင်းကြပ်စွာကပ်နေမည်ဖြစ်သည်။

ချွန်ထက်သောဓားသွားများနှင့် လေပြင်းများကတော့ အဝတ်များကို ထိုးဖောက်နိုင်ဆဲဖြစ်၏။

သို့သော် ထိုအဝတ်များမှာ ဆင့်ကဲပြောင်းလဲသူများကို အလွယ်တကူ လှုပ်ရှားနိုင်စေလေသည်။ သူတို့၏ စွမ်းရည်များအား အသုံးပြုပြီးချိန်တွင် အဝတ်မပါဘဲ ပြေးလွှားနေရန် မလိုအပ်တော့ချေ။

သုတေသနဌာနက အဝတ်အစားများကို အောင်မြင်စွာအဆင့်မြှင့်ပြီးနောက် အသင်းများတွင် စာရင်းသွင်းထားသည့်သူတိုင်း တစ်စုံစီ ရရှိလေသည်။

သဘာဝအလျှောက်ပင် ရှုးယန်အသင်းသည်လည်း အဝတ်အစားတို့ကို လက်ခံရရှိလေသည်။

ကျန်သည့်အဝတ်အစားများကို အခြေစိုက်စခန်း၏ စျေးတွင်ရောင်းချပေ၏။

နျိုဖေးဟောင်၏ နောက်လိုက်များနှင့် အသင်းတစ်ခုအဖြစ် စာရင်းမသွင်းထားသည့် ဆင့်ကဲပြောင်းလဲသူများကမူ အမှတ်အများအပြား သုံးစွဲကာ အဝတ်အစားများကိုဝယ်ယူရလေသည်။

ကျောင်းချီယန်က အဝတ်အစားများကို လက်ခံရရှိပြီးနောက် နောက်ဖေးခြံဝင်းထဲတွင် စမ်းသပ်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်ကို ပိန်ပါးသည့် ဆယ်ကျော်သက်လေးအဖြစ်မှ ခြေလက်တိုတို၊ အမြီးရှည်ရှည်နှင့် တွားသွားသတ္တဝါတစ်ကောင်အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလိုက်လေသည်။

သူ အသွင်ပြောင်းလိုက်သော အိမ်မြှောင်က နှစ်မီတာကျော် ရှည်လျား၏။ ပုံမှန်အားဖြင့် အပိုင်းပိုင်းအစစ စုတ်ပြဲသွားရမည့် သူ၏အဝတ်အစားများမှာ ဤအကြိမ်တွင် ဆွဲဆန့်သွားပြီး သူ့အသားပေါ်တွင် ကပ်သွားလေသည်။

အဝတ်အစားပေါ်မှ ပြောက်ကျားအကွက်များမှာလည်း တဖြည်းဖြည်း အရောင်မှိန်သွားပြီး အနက်ရောင်ဖြစ်သွားကာ အိမ်မြောင်၏ အစိမ်းရောင်အရေပြားတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ အနက်ရောင် အဝတ်အောက်မှ ကြွက်သားများကိုသာ မြင်နိုင်ပေသည်။

ဆိုရလျှင် သူ၏ခန္ဓာကိုယ် လှုပ်ရှားနေပုံကို ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းလေသည်။

သူ၏အမြီးကိုလွှဲယမ်းကာ ခြေလက်များကို ဆန့်လိုက်ပြီး ရှေ့သို့အနည်းငယ် ခုန်လိုက်ပြန်၏။သူက ခြံတစ်ဝိုက် အနည်းငယ် ပတ်ပြေးပြီးနောက်တွင် သူ၏ လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်‌ပေါ်ရှိ ဆွဲဆန့်ခံထားရသော ရုပ်ဖျက်ဝတ်စုံက မူလပုံစံသို့ ပြန်ရောက်သွား၏။

“ဘယ်လိုနေလဲ?”

ကျောင်းစီဟွေ့က ယင်ရိလျိုကို လက်မောင်းထဲတွင်ပွေ့ကာ တံခါးဘောင်ဘေးတွင် မတ်တတ်ရပ်နေခဲ့သည်။

သူမက အမွှေးသန္ဓေပြောင်း ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်၏။ သူမ၏စွမ်းရည်ကို အသုံးပြုလိုက်လျှင် ခန္ဓာကိုယ်ပေါ်မှ ဖုံးကွယ်နေသောအမွှေးများသည်က ဖြူကောင်တစ်ကောင်ကဲ့သို့ တခဏချင်း မာကျောလာပေလိမ့်မည်။

သို့သော်ငြား ရုပ်ဖျက်ဝတ်စုံမှာ ထိုးဖောက်မှုကို မခုခံနိုင်သည့်အတွက် သူမက ဤအဝတ်အစားနှင့် မကိုက်ညီချေ။

မောင်ဖြစ်သူမှ ချောကျိကျိအနက်ရောင်အဝတ်ကို ဝတ်ထားသောပုံစံမှာ အတော်ရယ်ချင်စရာပုံ ဖြစ်နေသည်ဟုသာ ခံစားနေခဲ့ရလေ၏။

ကျောင်းချီယန် မတ်တတ်ရပ်၍ နှစ်ကြိမ်ခုန်လိုက်ပြီး လက်မောင်းကို အကြောဆန့်လိုက်သည်။

“အဆင်ပြေတယ်.. နည်းနည်းလောက် ချောကျိကျိနဲ့ ထူးဆန်းသလိုတော့ ခံစားရတယ်.. ဆွဲဆန့်ခံရပြီးရင် ခဲနေတဲ့ဂျယ်လ်တစ်လွှာလိုမျိုးပဲ”

“အတော်လေးတော့ ကောင်းတယ်”

သူ၏အနည်းငယ်တွန့်နေသော အင်္ကျီလက်များကို ဆွဲတင်၍ ထပ်ပြောလိုက်သည်။

“ ကောင်းသားပဲ”

ကျောင်းစီဟွေ့ပြုံး၍ ပြောလိုက်လေသည်။

“နောက်ဆိုရင် နင်ဖင်တုံးလုံးနဲ့ ပြေးနေစရာ မလိုတော့ဘူး”

မောင်နှမနှစ်ယောက် ငြင်းခုန်နေသည်ကို ကြည့်ကာ ယင်ရိလျို တခစ်ခစ်ရယ်လိုက်လေ၏။

သို့သော် ခဏအကြာတွင် သူမ အနည်းငယ်လောက် အထီးကျန်သကဲ့သို့ ခံစားလာခဲ့ရသည်။

စာရေးသူမှာ ပြောစရာရှိပါတယ် :

အကူးအပြောင်းက ပြီးသွားပြီ ဇာတ်ကြောင်းရဲ့ အရှိန်က စပြီးမြင့်လာတော့မယ်

All Chapters