← Chapters

အခန်း (၁၀၀)

Vol. 10 Ch. 100

အခန်း (၁၀၀)

Vol. 10 Ch. 100

======(100)

ယင်ရိလျို နောက်ဘက်ဆီသို့ ခေါင်းလှည့်ပြီး ဧည့်ခန်းအလွတ်ကို စိုက်ကြည့်လိုက်၏။

သူမ၏နောက်တွင် အမြဲတစေ တိတ်တဆိတ် ရပ်နေတတ်သည့် အမျိုးသားကို မတွေ့ရသည့်အတွက် တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားရစေသည်။

ယင်ရိလျို နောက်ဘက်သို့လှည့်လိုက်သည်ကို ကျောင်းစီဟွေ့သတိပြုမိသဖြင့် ကလေးမလေး၏ခေါင်းပေါ်မှ ဆံထုံးလေးကို ထိလိုက်ပြီး သူမ၏ ချစ်စရာမျက်နှာလေးကို ကြည့်ရန်ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ဘာဖြစ်လို့လဲ? ကျင်းယန်ကောကို လွမ်းနေတာလား?”

ယင်ရိလျို ရှက်ပြုံးလေးတစ်ခု ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်၏။

သူမ၏ခေါင်းပေါ်တွင် ဆံထုံးလုံးလုံးလေးနှစ်ခုရှိကာ ဤသည်မှာ ကျင်းယန် လုပ်ပေးခဲ့သည့် ဆံပင်စတိုင်အသစ်ဖြစ်ပေ၏။

သူမ၏ ပန်းရောင်ဆံထုံးလေးပေါ်တွင် ရွှေရောင်အပွင့်အခတ်‌လေးများ အနည်းငယ်ရှိပြီး သူမ၏ခေါင်းပေါ်တွင်လည်း အဖြူရောင်နားရွက်ရှည်တစ်စုံရှိနေသဖြင့် အမှန်တကယ် ချစ်စရာကောင်းလေသည်။

အစပိုင်းက ပိုနီတေးလ်တစ်ခုစီးရန်ပင် ရုန်းကန်နေရသော ကျင်းယန်မှာ ယခုတော့ ရှုပ်ထွေးသည့်ဆံပင်စတိုင်မျိုး လုပ်တတ်လာသည်အထိ တိုးတက်လာခဲ့သည်။

သူ၏ ဆံပင်ကျစ်သည့်စကေးက အဆတ်မပြတ် တိုးတက်လာပေသည်။

ကျင်းယန်သည် ယနေ့မနက် သူမသွားခင်သူမ၏ဆံပင်ကိုဖြီးပေးပြီး တချို့သောကိစ္စများကို ရှင်းပြခဲ့သည်။

လီကျန်ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီးကထဲက ရှုးယန်အသင်းမှာ စစ်တပ်အခြေစိုက်စခန်း၏ တစိတ်တပိုင်း ဖြစ်လာခဲ့၏။

အထက်မှ ပေးပို့သည့် သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် အသင်းထဲမှ လူတိုင်းက ဆက်သွယ်ရေးစက်အသေးစားတစ်ခုစီ လက်ခံရရှိခဲ့သည်။

ကျင်းယန်က မြို့တော်Z အခြေစိုက်စခန်းတွင် တဖြည်းဖြည်းသြဇာရလာခဲ့ပြီး လီကျန်ကျောင်းကလည်း စစ်တပ်အခြေစိုက်စခန်းရှိ ဆွေးနွေးမှုတွင်ပါဝင်ရန်အတွက် သူ့အား မက်ဆေ့ချ်များ အဆက်မပြတ်ပို့နေလေသည်။

ယင်ရိလျို ဤလောကကို ကူးပြောင်းလာပြီး‌နောက် ကျင်းယန်နှင့်ခွဲခွာရသည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သည်။

သူမက ရွှေပေါင်လုံးကြီးသွားရာနောက်သို့ တကောက်ကောက် လိုက်လေ့ရှိသော်ငြား ကံမကောင်းစွာဖြင့် စစ်တပ်အခြေစိုက်စခန်းသည်က လူတိုင်း စိတ်ရှိသလို ဝင်ထွက်နိုင်သည့် နေရာတစ်ခုမဟုတ်ပါချေ။

သူမ၏လက်ရှိ ကိုယ်ရေးအချက်အလက်မှာ ယုန်တစ်ကောင်နှင့် မျိုးစပ်ခဲ့သည့် ကလေးမလေးတစ်ယောက်ဖြစ်ပြီး ကျင်းယန်၏ဘေးတွင် အချိန်တိုင်းနေနေလျှင် တခြားသူများထံမှ အပြစ်ရှာခြင်းခံရပေလိမ့်မည်။

ဤကိစ္စကြောင့် ကျင်းယန်ထံတွင် အခက်အခဲ ကြုံလာရမည်ကိုမလိုလားသည့်အတွက် သူမက အိမ်တွင်နေခဲ့ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ယင်ရိလျိုတစ်ယောက် သူမ၏ အင်္ကျီစကို ဆုပ်ကိုင်ကာ ခေါင်းလေးကိုမော့ပြီး ကျင်းယန်ကို ကြည့်လိုက်သည်။

ကလေးမ‌လေး ပြောသည့်စကားတို့ကို ကြားသည့်အခိုက်တွင် ကျင်းယန်၏မျက်နှာမှာ အတွေးထဲ နစ်မြောသွားသည့်အရိပ်အယောင်များဖြစ်လာခဲ့လေ၏။

သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ယင်ရိလျို၏မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။

ထိုသူမှာ ပြောက်ကျားပုံစံ တောင်တက်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ကိုယ်ကျင့်တရား‌ ဖြောင့်မတ်သည့်အသွင်အပြင်တို့ ဖြစ်ပေါ်နေခဲ့၏။

ထို့ကြောင့် သူ၏ချောမောလှသောမျက်နှာဆီမှ အကြည့်လွှဲရန်မှာ ယင်ရိလျိုအတွက် ပို၍ခက်ခဲနေခဲ့လေသည်။

“မင်း ဒီနေရာကို မကြိုက်ဘူးလား?”

ယင်ရိလျိုခေါင်းယမ်းပြီး ကလေးအသံလေးဖြင့် ပြောလိုက်သည်။

“အဲဒီလိုမဟုတ်ပါဘူး.. စစ်တပ်အခြေစိုက်စခန်းကို ထပ်မသွားချင်ဘူးလို့ ခံစားရရုံပဲ.. ဘာပဲဖြစ်ဖြစ် အဲဒီနေရာမှာ ကျွန်မအတွက်လည်း လုပ်စရာရှိနေတာမျိုး မဟုတ်ဘူးလေ”

လီကျန်ကျောင်းက ကျင်းယန်ကို အလွန်တန်ဖိုးထားသောကြောင့် ကျင်းယန်နှင့် လျှို့ဝှက်အချက်အလက်အချို့ ဝေမျှရန်ဆန္ဒရှိပေသည်။

သို့သော် ထိုသည်က ဤအချက်အလက်များကို ကလေးတစ်ယောက်ဖြစ်သော ယင်ရိလျိုဆီသို့ ထုတ်ပြောရန် ဆန္ဒရှိသည်ဟု မဆိုလိုပါချေ။

ယင်ရိလျို ထိုအကြောင်းတို့ကို စဉ်းစားပြီးနောက် ကျင်းယန်‌နောက်သို့ လိုက်မသွားရန် ဆုံးဖြတ်ခဲ့သည်။

သူမက ရွှေပေါင်လုံးကြီးကို ဆွဲချမိသည့်လူတစ်ယောက် မဖြစ်ချင်သောကြောင့် ကျောင်းမောင်နှမနှင့်သာ အိမ်တွင်နေခဲ့ရန် ပြောခဲ့လေသည်။

ကျင်းယန်ကတော့ သဘောမတူပါချေ။

ဤသူငယ်ချင်းလေးက သူ့၏မျက်စိအောက်တွင် ရှိမနေဘဲနေမည့်အကြောင်းကို သိလိုက်ရချိန်တွင် သူ၏မသိစိတ်မှ ငြင်းဆိုလိုက်ချင်သော်ငြား နောက်ဆုံးတွင် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်လေ၏။

သူ့အနေဖြင့် ယင်ရိလျို၏ ဆုံးဖြတ်ချက်ကို လေးစားပေးလိုက်ပြီး သူငယ်ချင်းလေးကို ကောင်း‌ကောင်းစောင့်‌ရှောက်ရန်အတွက်သာ ကျောင်းမောင်နှမအား တောင်းဆိုခဲ့လေသည်။

*

ကျင်းယန် စစ်တပ်အခြေစိုက်စခန်းကို သွားခဲ့သည့် ပထမနှစ်ရက်တွင် ယင်ရိလျိုက အိမ်တွင်ရှိ နေသော အနက်ရောင်ဝံပုလွေသားပေါက်နှင့် ကစားနေခဲ့၏။

သူမက အနက်ရောင်ဝံပုလွေကြီးကို ရေချိုးပေး၊ အမွှေးဖြီးပေးကာ အမွှေးပွပွများကို ပွတ်ရင်း ပျော်ရွှင်အောင် နေခဲ့သည်။နေ့လည်ပိုင်းတွင်တော့ အခြေစိုက်စခန်း၏ လမ်းများတစ်လျှောက် ကျောင်းစီဟွေ့၏နောက်မှ လိုက်ခဲ့၏။ သူမက စျေးနည်းနည်းဖြင့် စိတ်ဝင်စားစရာကောင်းသည့် ပစ္စည်းလေးများစွာ ဝယ်ခဲ့ပြီး အမှတ်များကိုကောက်ပဲသီးနှံများ၊ ဆီနှင့်အစားအစာများနှင့် လဲလှယ်ခဲ့ကြသည်။

အသစ်အဆန်းဖြစ်မှု မကုန်သွားခင်အထိ သူမ အထီးကျန်သည်ဟု မခံစားရသော်ငြား ရက်အနည်းငယ်ကြာပြီးနောက် အထီးကျန်မှုကို

စတင်ခံစားလာရလေသည်။

ကျင်းယန်သာ ရှိနေလျှင် လက်ချောင်းဖမ်းသည့်ဂိမ်းကို ကစားနေလျှင်ပင် သူတို့နှစ်ယောက်လုံး ပျော်ရွှင်နေပြီး မပျင်းရိခဲ့ကြပေ။

ကျင်းယန်မရှိသည့်အချိန်တွင်တော့ တခြားလူများနှင့် ရယ်မောပြီး ကစားနေလျှင်ပင် သူမ၏စိတ်ထဲတွင် ဟာတာတာဖြစ်နေသည်ဟု ခံစားနေရသည်။

သူမသည် လက်လေးနောက်ပစ်၍ သက်ပြင်းချမိ၏။ သူမက ဧည့်ခန်းထဲသို့ လျှောက်သွားနေခဲ့ပြီး သူမ၏ ခေါင်း‌ပေါ်ရှိ ဆံထုံးလေးနှစ်ခုမှာလည်း တလှုပ်လှုပ်ဖြစ်နေခဲ့လေသည်။

သူမက နာရီကို မကြာခဏကြည့်ရင်း တံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်ကာ သူမ၏ရွှေပေါင်လုံးကြီး ဤအချိန်တွင် မည်သည့်အရာများ လုပ်နေမည်နည်းဟု သိချင်နေမိပြန်၏။

ထိုအခိုက်တွင် ယင်ရိလျို လွမ်းဆွတ်နေသော ကျင်းယန်ကလည်း စစ်တပ်အခြေစိုက်စခန်း၏ ညီလာခံအခန်းတံခါးတွင် ရပ်နေကာ အိမ်ရှိကလေးမလေးအကြောင်း တွေးနေခဲ့သည်။

သူ အိမ်မှထွက်ခွာသည့် မနက်တိုင်း သူ အချိန်အတော်ကြာအောင် စိတ်မအေးနိုင်ပါချေ။ သူ၏ဘေးတွင် ယင်ရိလျိုမရှိသဖြင့် သူ့ရင်ထဲတွင် အလွန်ပင်လစ်ဟာနေသကဲ့သု့ ခံစားနေရလေသည်။

ထို့နောက် သူမျက်မှောင်ကြုတ်ပြီး တံခါးကိုတွန်းဖွင့်လိုက်လျှင် ညီလာခံအခန်းထဲ၌ လီကျန်ကျောင်းအပြင် တခြားအမျိုးသားအနည်းငယ်ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။

လီကျန်ကျောင်း၏ ဘယ်ဘက်တွင် ထိုင်နေသူမှာ ဝူရှန်းလင်းဖြစ်ပေ၏။

ထိုအမျိုးသားက ကျင်းယန်ကို မြင်သွားချိန်တွင် မျက်စိမှေးမှေးတို့နှင့် ပြုံးပြလေသည်။ လီကျန်ကျောင်း၏ညာဘက်ရှိနေရာမှာတော့လစ်လပ်နေခဲ့လေ၏။

ထို့နောက် စစ်တပ်ယူနီဖောင်းဝတ်ထားသည့် စစ်တပ်ခေါင်းဆောင်တချို့နှင့် ဆင့်ကဲပြောင်းလဲအသင်းခေါင်းဆောင်များက အစဥ်လိုက်ထိုင်နေကြသည်။

စစ်တပ်အခြေစိုက်စခန်းတစ်ခုလုံးရှိ အရေးပါဆုံးနှင့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်များမှာ ဤနေရာတွင်ရှိနေကြသည်။

စားပွဲနှင့် မျက်နှာချင်းဆိုင်တွင် ပိုင်ချီကောင်း၏ကိုယ်စား ညီလာခံတက်လာသော လောင်ပိုင်၏ လက်ထောက်ဖြစ်သည့် အဖြူရောင်ကုတ်ဝတ်ထားသော လူငယ်တစ်ယောက် ထိုင်နေခဲ့သည်။

တက်ရောက်သည့် လူအားလုံးထဲတွင် သူရင်းနှီးသောမျက်နှာတစ်ခုရှိနေပေ၏။

ထိုသူမှာ လင်းယုန်နီအသင်း၏ ခေါင်းဆောင် လျိုဝေ့ဟုန်ဖြစ်သည်။ သူက ကျင်းယန်နှင့် မျက်လုံးချင်းဆုံသွားပြီးနောက် နှစ်ယောက်လုံးခေါင်းညိတ်ပြလိုက်ကြသည်။

လီကျန်ကျောင်းက သူ တန်ဖိုးထားရသည့် လူငယ်လေးရောက်လာသည်ကို မြင်လိုက်လျှင် ပြုံးပြလိုက်ကာ ကျင်းယန်ကို လက်ရမ်းပြလိုက်သည်။

“ဒီမှာလာထိုင်လိုက်”

ကျင်းယန်မှ လီကျန်ကျောင်း၏ညာဘက်ရှိ လစ်လပ်နေသော ထိုင်ခုံကို ထိုင်လိုက်ချိန်တွင် အခန်းထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

အခြေစိုက်စခန်းထဲမှ လူတိုင်းအတင်းပြောနေကြ‌သော နာမည်ကြီးပုဂ္ဂိုလ်ကို တွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်၏။

ကျင်းယန်က အလွန်ပင် ငယ်ရွယ်နေသဖြင့် အံ့သြနေကြသကဲ့သို့ အာရုံတို့ကလည်း နိုးနိုးကြားကြားလည်း ဖြစ်လာကြသည်။

ဗိုလ်ချုပ်ကြီးလီက ဤလူသစ်ကို အလွန်မျှော်မှန်းထားသည်ဟု ကြားနေရသည်မှာ ကြာပြီဖြစ်သော်ငြား ရှုးယန်အသင်းခေါင်းဆောင်ကို ဝူရှန်းလင်းနှင့် အနေအထားတူ ထားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြချေ။

ဝူရှန်းလင်းက ဘယ်သူမို့လို့လဲ?

ဝူရှန်းလင်းသည်က သေခြင်းရှင်ခြင်း အခြေအနေများတွင် ဗိုလ်ချုပ်ကြီးလီနှင့်အတူရှိခဲ့သည့် ‌နောက်လိုက်ဖြစ်ကာ မြို့‌တော်Bမှ မြို့တော်Zသို့ သွားရာလမ်းတစ်လျှောက်လုံး သူ့နောက်မှ လိုက်ခဲ့သူဖြစ်၏။

လီကျန်ကျောင်း၏ အနားမှ လုပ်ပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်ဟုပင် ပြောနိုင်လေသည်။

လူတိုင်း၏မျက်လုံးများမှာ ဝူရှန်းလင်းနှင့် ကျင်းယန်ကို ကြည့်နေပြီး ထိုအမျိုးသားငယ်နှစ်ယောက်ကြားက စိတ်ဝမ်းကွဲမှုကို မြင်ရရန် မျှော်လင့်နေကြသော်ငြား တစ်ယောက်ကအေးစက်နေပြီး နောက်တစ်ယောက်ကပြုံးနေခဲ့ကာ တစ်ယောက်နှင့်တစ်ယောက် ဆက်စပ်မှုရှိသည်ဟုပင် မထင်ရပေ။

ကျင်းယန် ထိုင်လိုက်ပြီးနောက် လီကျန်ကျောင်းက သူ၏လက်ကိုယှက်လိုက်ပြီး တံတောင်ကို စားပွဲပေါ်ထောက်လိုက်သည်။

“အခု လူတိုင်း ဒီကိုရောက်နေပြီဆိုတော့ ဗဟိုအစိုးရဆီက ‌အရေးကြီးဆုံးသတင်းနဲ့ပက်သက်ပြီး ကြေညာချက်တစ်ခု ပြောချင်တယ်… နောက်ရက်တွေမှာ လူတိုင်း အလုပ်ရှုပ်ကြတော့မှာပဲ”

လီကျန်ကျောင်း စကားပြောလိုက်ပြီးနောက် ဝူရှန်းလင်းက နေရာမှထ၍ သူ့ဘေးတွင်စီထားသော စာရွက်စာတမ်းများကို တက်ရောက်သူများ၏ လက်ထဲသို့ ဝေပေးလိုက်သည်။

ထိုစာရွက်စာတမ်းများကို ဖတ်ပြီးနောက်တွင် လူတိုင်း၏အမူအရာများမှာ ပြောင်းလဲသွား၏။ခဏကြာလျှင် လူတိုင်းတွင် မတူညီသော အတွေးများနှင့် ရပ်တည်ချက်များရှိလာပြီး ညီလာခံခန်းမထဲတွင် တီးတိုးသံများထွက်ပေါ်လာခဲ့သည်။

ဤစာရွက်စာတမ်းမှာ ကမ္ဘာပျက်ကပ် စတင်ကတည်းက နိုင်ငံတစ်ဝှမ်းရှိ စီရင်စုအမျိုးမျိုးတွင် ဖြစ်ပွားခဲ့သည့် အကြီးစားနှင့်အသေးစား ကပ်ဘေးများကို စာရင်းထုတ်ထားခြင်းဖြစ်ပြီး မြို့တော်Bမှ ပြုစုထားခြင်းဖြစ်သည်။

မြို့တော်Zကဲ့သို့ ကြီးမားသော အခြေစိုက်စခန်းကြီးများအပြင် သေးငယ်သော အခြေစိုက်စခန်းအချို့သည်လည်း သန္ဓေပြောင်းတိရစ္ဆာန်များနှင့်အပင်များ၏ ဖျက်ဆီးခြင်းခံခဲ့ရ၏။

ထိုနေရာများသည်က သွေးသံရဲရဲဖြစ်နေခဲ့ပြီး ငရဲနှင့်တူကာ လူသားများအတွက် အိပ်မက်ဆိုးဖြစ်ပြီး တိရစ္ဆာန်များ၏ ပွဲတော်ဟုပင် ပြောစမှတ်ပြုနေကြသည်။

တစ်နည်းအားဖြင့် တိရစ္ဆာန်နှင့်အပင်များက အဆတ်မပြတ်ဆင့်ကဲပြောင်းလဲကာ ပို၍သန်မာလာလေသည်။

ထို့ကြောင့် လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှု မြင့်မားလာပြီး ယခုအချိန်တွင်မူ သေရေးရှင်ရေးအဆင့်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ပေ၏။

စာရွက်ပေါ်ရှိ အနီရောင်အစက်များကြားမှ စက်ဝိုင်းဝိုင်းထားသည့် ‘နဂါးပျံအခြေစိုက်စခန်း’ ဟူသည့်စကားလုံးကို ကျင်းယန်သတိထားမိလိုက်သည်။

“လွန်ခဲ့တဲ့ ခြောက်လမှာ နဂါးမြို့နဲ့ကျောက်တုံးမြို့ အပါအဝင် မြို့လေးတွေ ဆယ့်ခြောက်မြို့ လုံးဝ ပျက်စီးသွားခဲ့ပြီ.. အဲဒီထဲက ဆယ့်သုံးမြို့က သားရဲလှိုင်းလုံးကြီးတွေ ဖျက်စီးတာခံလိုက်ရပြီးတော့ နောက်သုံးမြို့က သန္ဓေပြောင်းအပင်ကြီးတွေ ဖျက်စီးတာခံလိုက်ရတယ်”

သားရဲလှိုင်းလုံး?

လူတိုင်းမှာ ဤအသုံးအနှုန်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ ဆင့်ကဲပြောင်းလဲအသင်း ခေါင်းဆောင်များ၏ အမူအရာများမှာ ချက်ချင်းပြောင်းလဲသွားသည်။

ထိုကိစ္စ၏ လေးနက်မှုကို သူတို့တခဏချင်း နားလည်လိုက်သည်။

“မြို့တွေကို ဖျက်စီးပစ်ဖို့အတွက် သန္ဓေပြောင်းတိရစ္ဆာန်တွေက အဖွဲ့ဖွဲ့ပြီးနေကြတာလား? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

“ဒါဆိုရင် ငါတို့အခြေစိုက်စခန်းကလည်း အန္တရာယ်ရှိနေပြီမလား?”

“…”

*

All Chapters