အခန်း (၁၀၁)
Vol. 11 Ch. 101
(101)
လီကျန်ကျောင်းက လူတိုင်းကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြသည့်အနေဖြင့် စားပွဲကို လက်ဖြင့် ခေါက်လိုက်သည်။
သူ၏ခက်ထန်သောမျက်နှာမှာ ပုံမှန်ထက်ပို၍ တင်းမာလာသည့်အတွက် ညီလာခံခန်းမတစ်ခုလုံးမှာ မမြင်နိုင်သောဖိအားကို ခံစားလိုက်ရသည်။
“ဒီက်ိစ္စရဲ့လေးနက်မှုကို လူတိုင်းနားလည်မယ်လို့ ထင်ပါတယ်၊ သားရဲလှိုင်းတွေထွက်ပေါ်လာတာက အရင်က ငါတို့တြေ တစ်ကောင်ချင်းစီ အနိုင်ယူခဲ့တဲ့ သန္ဓေပြောင်းတိရစ္ဆာန်တွေ စုပေါင်းပြီး အင်အားဖွဲ့စည်းဖို့လုပ်နေတယ်လို့ ဆိုလိုတာပဲ..
စုပေါင်းပြီး ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို သူတို့သိနေကြပြီ”
ဤသည်မှာ မူလက ကမ္ဘာပျက်ကပ်ကိုရင်ဆိုင်နေရသည့် လူသားများအတွက် ကိစ္စများကို ပို၍ပင်ဆိုးရွားလာစေပေသည်။
ဤကမ္ဘာပျက်ကပ်ထဲ၌ တိရစ္ဆာန်များအားလုံး သန္ဓေပြောင်းသွားပြီးနောက်တွင် လူသားများမှာ အစာကွင်းဆက် ထိပ်ဆုံးမှ အောက်ခြေသို့ ရောက်ရှိသွားကြလေသည်။
လူတိုင်းက ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာခြင်း မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်ထဲမှ 80%မှာ အစားအစာနှင့် အဝတ်အစားပြဿနာကိုပင် မဖြေရှင်းနိုင်သော သာမာန်လူများဖြစ်နေကြဆဲပင်။
အသက်ရှင် ကျန်ရစ်သူများမှာ အခြေစိုက်စခန်း၏ အကာအကွယ်များမှ ထွက်ခွာလိုက်လျှင် အပြင်ဘက်ရှိ သန္ဓေပြောင်းတိရစ္ဆာန်များနှင့် အပင်များ၏ အစားအစာအဖြစ် အဆုံးသတ်သွားမည်ဖြစ်သည်။
ကျန်ရှိသည့် လူ 20% က ဆင့်ကဲပြောင်းလဲစွမ်းရည်များ ရရှိခဲ့သော်လည်း နောက်ဆုံးတွင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အင်အားမှာ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်၏
အင်အားနှင့် မယှဥ်နိုင်ချေ။
သူတို့က သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်နှင့် တိုက်ခိုက်ရန်အတွက်ပင် စွမ်းအင်အများအပြားကို သုံးစွဲရန်လိုပြီး ဤတိရစ္ဆာန်များပေါင်းပြီး ဖွဲ့စည်းထားသော သားရဲလှိုင်းများကိုတော့ ပြောရန်ပင်မလိုချေ။
ဤသည်မှာ ဖြေရှင်း၍မရနိုင်သော ပြဿနာ ဖြစ်လုနီးပါးပင်။
အဆုံးမရှိတဲ့ ဆုတ်ယုတ်မှုအောက်မှာ အမဲလိုက်၊ အသတ်ခံရပြီး သူတို့မြို့တွေကို အဖျက်စီးခံရမယ့် ကပ်ဘေးတွေကို ကျော်လွားဖို့ လူသားတွေအနေနဲ့ ဘာလုပ်သင့်လဲ?
လူတိုင်း၏တည်ကြည်လေးနက်သွားသော အမူအရာများကို လေ့လာပြီး လီကျန်ကျောင်း ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။
“ဒါပေမယ့် စိတ်မပူပါနဲ့.. မြို့တော်Zအခြေစိုက်စခန်းက တစ်နိုင်ငံလုံးက ခုခံနိုင်စွမ်းအမြင့်ဆုံး အခြေစိုက်စခန်းတွေထဲမှာ အဆင့်တစ်ခုရှိတယ်..
လူသားတွေအတွက် အကျပ်တည်းဆုံးကာလကို မရောက်သေးသရွေ့ မြို့တော်Z အခြေစိုက်စခန်းက ပြိုလဲမှာမဟုတ်ဘူး”
လီကျန်ကျောင်း၏ အသံမှာ အလွန်သြရှပြီး တုန်လှုပ်နေသည့် လူအုပ်ကြီးကို ချက်ချင်း ငြိမ်သက်သွားစေသည်။
သူပြောသည့်စကားမှာ အဓိပ္ပာယ်ရှိပေ၏။ မြို့တော်Z အခြေစိုက်စခန်း ပြိုလဲသွားလျှင်ပင် မြို့တော်Bက နောက်ကျကျန်ခဲ့မည်မဟုတ်ချေ။
လူသားမျိုးနွယ်၏ အဆင့်အတန်းမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့သည်။
“သူတို့ရဲ့စုံစမ်းမှုအရ သားရဲလှိုင်းအတိုက်ခိုက်ခံရတဲ့ မြို့တိုင်းမှာ ယေဘုယျအားဖြင့် ဉာဏ်ရည်ဉာဏ်သွေး အလင်းပွင့်ခဲ့တဲ့သားရဲလို့ခေါ်ကြတဲ့ အဆင့်ငါး သန္ဓေပြောင်းတိရစ္ဆာန် အနည်းဆုံးတစ်ကောင်ရှိတယ်”
ဤစကားကို ကြားသည့်အခိုက် ဆင့်ကဲပြောင်းလဲသူအချို့က ကျင်းယန်ရှိရာသို့ လှမ်းကြည့်လာကြ၏။
မြို့တော်Zရှိ တစ်ကောင်တည်းသော အဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်မှာ ရှုးယန်အသင်း၏ အမဲလိုက်ခြင်းခံလိုက်ရသည်ကို သူတို့သိကြသည်။
ဤအကြည့်များက သူ့အပေါ် လုံးဝမသက်ရောက်သကဲ့သို့ ကျင်းယန်၏ အမူအရာက မပြောင်းမလဲပင် ရှိနေခဲ့သည်။
လီကျန်ကျောင်း စကားပြောပြီးချိန်တွင် သူနှင့်အဝေးဆုံး၌ ထိုင်နေသော သုတေသနဌာနလက်ထောက်က မတ်မတ်ထိုင်လိုက်လေ၏။
လီကျန်ကျောင်းက သူတို့၏ ရှာဖွေတွေ့ရှိချက်များကို အခန်းထဲမှ ဆင့်ကဲပြောင်းလဲသူများအား ရှင်းပြရန် လက်ထောက်ကို အချက်ပြလိုက်သည်။
အဖြူရောင်ကုတ်နှင့်အမျိုးသားက မျက်မှန်ကိုပင့်တင်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရလေသည်။
စစ်တပ်အခြေစိုက်စခန်း၏ အင်အားကြီးမားသည့် ပုဂ္ဂိုလ်အားလုံးက ဤနေရာ၌ထိုင်နေကြ၏။ ထိုသူတို့က အင်အားနှင့်အာဏာ ရှိသူများကြားတွင် ထိပ်ဆုံးတွင် ရှိနေသောလူများ ဖြစ်၏။
သူ့ကဲ့သို့ သာမာန်ပညာရှင်တစ်ယောက်အနေနှင့် ဤဘစ်ဘော့စ်ကြီးများကို မျက်နှာချင်းဆိုင်နေရသည့်အတွက် ဖိအားအများအပြားခံစားရလေသည်။
သူ ထရပ်လိုက်ကာ လီကျန်ကျောင်း၏ ညာဘက်တွင် ထိုင်နေသော ကျင်းယန်ကို တစ်ချက်ကြည့်ပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
“ရှုးယန်အသင်းက အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တယ်..
ဒီရက်ပိုင်းမှာ လောင်ပိုင်နဲ့ကျွန်တော်တို့ရဲ့ သုတေသနပြုလုပ်မှုတွေကြောင့် ဌာနကနေ အကျိုးရှိတဲ့ အချက်အလက်တွေ
ထွက်လာခဲ့ပါတယ်… ထွက်လာတဲ့အချက်အလက်တွေအရ ဒီတိရစ္ဆာန်တွေက ဆင့်ကဲပြောင်းလဲနေတယ်”
သူ့၏ဘေးမှ ဆင့်ကဲပြောင်းသူက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။
“ဒါပေါ့.. သူတို့က ဆင့်ကဲပြောင်းလဲမလာလို့ ဘာဖြစ်လာရမှာလဲ? နောက်ပြန်ဆုတ်ရမှာလား?”
ကုတ်အဖြူနှင့်အမျိုးသားက ကြောက်လန့်သွားသဖြင့် တုန်ရီသွားပြီး ထပ်၍စကားမပြောရဲချေ။လီကျန်ကျောင်းက ဖြတ်ပြောလိုက်သည့် ဆင့်ကဲပြောင်းလဲသူကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ကုတ်အဖြူနှင့်အမျိုးသားကို ဆက်ပြောရန် အချက်ပြလိုက်၏။
ကုတ်အင်္ကျီနဲ့အမျိုးသားက ဆက်မပြောခင် သူ့ဘေးမှလူကို တစ်ချက်ကြည့်လိုက်သည်။
“တကယ်တမ်းတော့… ဒီခေါင်းဆောင်ပြောတာမှန်ပါတယ်.. အဆင့်ငါးအောက် ဒီသန္ဓေပြောင်းတိရစ္ဆာန်နဲ့ အပင်တွေက ဆင့်ကဲပြောင်းလဲမလာဘဲ နောက်ပြန်တိုးတက်ခြင်းကို ကြုံတွေ့နေရတာပါ”
“မြို့တော်Bရဲ့ သုတေသနဌာနက အဲဒါကို ဘိုးဘေးစရိုက်သို့ ဆင့်ကဲပြောင်းလဲခြင်းလို့ ခေါ်ကြပါတယ်”
အခန်းထဲမှ အမျိုးသားများမှာ
ရှုပ်ထွေးသည့်သိပ္ပံဆိုင်ရာ ဝေါဟာရများကို နားမလည်နိုင်ကြပေ။
တစ်စက္ကန့်အတွင်း ဆင့်ကဲပြောင်းလဲမှုကိုပြောပြီး နောက်တစ်စက္ကန့်တွင် နောက်ပြန်တိုးတက်ခြင်းကို ပြောလိုက်သည့်အတွက် သူတို့အားလုံး ရှုပ်ထွေးသွားကြတော့သည်။
“ကမ္ဘာကြီးရဲ့ဆင့်ကဲပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးမှုကို သိပ္ပံရှုထောင့်ကနေ စူးစမ်းလေ့လာလိုက်ရင် သက်တမ်းရဲ့ဇစ်မြစ်ကို အဆင့်အနည်းငယ် ပိုင်းခြားနိုင်ပါတယ်”
“Archean ခေတ်ရဲ့ မျက်နှာပြင်လှုပ်ရှားမှုတွေ၊ Ediacaran အချိန်ကာလအတွင်းက ပလက်ဖောင်းတည်ဆောက်ခြင်းနဲ့ Cambrian ageတွေက ကမ္ဘာပေါ်က သက်တမ်းရဲ့ဇစ်မြစ်ကို ပြုလုပ်တဲ့ အရေးကြီးတဲ့အချက်တွေပါပဲ”
“ကမ္ဘာကြီးက အဲ့နောက်မှာ Paleozoicခေတ်ကို ဝင်ပြီး Devonian, Carboniferous နဲ့ Permian အချိန်ကာလတွေကို ဖြတ်ကျော်ခဲ့ပါတယ်.. ငါးတွေ၊ ကုန်းနေရေနေသတ္တဝါတွေနဲ့ ပင်လယ်ပိုင်းတွားသွားသတ္တဝါတွေက ဒီနေရာမှာ မွေးဖွားလာကြတယ်..
လွန်ခဲ့တဲ့ နှစ်မီလီယံရာနဲ့ချီက တိရစ္ဆာန်တွေက ရှေးခတ်ကမ္ဘာကြီးရဲ့ ကြမ်းတမ်းတဲ့အခြေအနေတွေမှာ ရှင်သန်ဖို့ ရုန်းကန်ရမှာဖြစ်တဲ့အတွက် အဲ့အချိန်က သတ္တဝါတွေဟာ အများအားဖြင့် တိုက်ခိုက်နိုင်စွမ်းက သန်မာပြီး အရွယ်အစားကြီးမားကြတယ်”
“Paleozoicခေတ် အဆုံးသတ်ပြီးနောက်မှာ Mesozoicခေတ်မှာ gymnosperms တွေနဲ့ တွားသွားသတ္တဝါတွေက ဆက်လက်မြင့်တက်လာကြပြီး Triassic အချိန်ကာလ နောက်ဆက်တွဲ Jurassic အချိန်ကာလမှာ ဒိုင်နိုဆောတွေ ကြီးထွားဖွံ့ဖြိုးဖို့ အလျှင်အမြန် မွေးဖွားပေးကြတယ်..
ကမ္ဘာကြီးရဲ့ အရင်အရှင်သခင်ဖြစ်တဲ့ ဒီအုပ်စုက ဒီနေ့လူသားမျိုးနွယ်ထက် ဖွံ့ဖြိုးမှုမှာပိုရှည်ကြာတဲ့ သမိုင်းရှိခဲ့တယ်.. ဒိုင်နိုဆောတွေက ကမ္ဘာကြီးရဲ့စိုးမိုးမှုကို အချိန်အကြာကြီး သိမ်းပိုက်ခဲ့တဲ့အတွက် အရင်ကတည်းက သူတို့ရဲ့ကိုယ်ပိုင် ယဥ်ကျေးမှုနဲ့ ဘာသာစကားရှိခဲ့နိုင်တယ်လို့ ထင်ကြေးပေးကြတဲ့ သိပ္ပံပညာရှင်တွေ အရင်ထဲက ရှိခဲ့ကြပါတယ်..
သူတို့တွေက ဉာဏ်ရည်ရရှိခဲ့ပြီး ကိုယ်ပိုင်အင်ပါယာကို ထူထောင်ကောင်းထူထောင်နိုင်ခဲ့လိမ့်မယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူတို့ကအဆုံးသတ်မှာ ပျက်စီးသွားတာဖြစ်ပြီး မြစ်ကြောင်းရှည်ကြီးထဲ ပြုတ်ကျသွားတဲ့ ဥက္ကာပျံတွေလိုဖြစ်သွားခဲ့တယ်..”
(T/N-gymnosperms*- ကမ္ဘာဦးသစ်ပင် ၊ ထင်းရှူးလိုမျိုး မျိုးစေ့ကို အသီးဖုံးအုပ်မထားတဲ့ အပင်မျိုးစိပ်တွေပါ )
ကုတ်အဖြူနှင့် အမျိုးသားမှာ ပို၍စကားပြောလေ စကားပြော ပိုမြန်လာလေဖြစ်ပြီး သူ့ပုံစံမှာ ထိုခေတ်ကို တမ်းတနေသည့်ပုံ ဖြစ်နေလေရာ နားဝေတိမ်တောင်ဖြစ်နေသည့် ဆင့်ကဲပြောင်းလဲသူများက
စိတ်မရှည်ဖြစ်လာကြသည်။
“မင်း လိုရင်းကို ပြောလို့မရဘူးလား?”
အတွေးထဲတွင် နစ်မြုပ်နေသော ကုတ်အဖြူနှင့်အမျိုးသားက ချက်ချင်းတိတ်ကျသွား၏။
သူ့လည်ချောင်းကို ရှင်းလိုက်ပြီး ရူးသွပ်၍ စိတ်လှုပ်ရှားသော အကြည့်နှင့်ဆက်ပြောခဲ့သည်။
“ဆန်းစစ်လေ့လာမှုတွေကို လုပ်ဆောင်ပြီးနောက်မှာ ကမ္ဘာကြီး၊ တိရစ္ဆာန်တွေနဲ့အပင်တွေကလည်းပဲ ပြောင်းပြန်ဆင့်ကဲပြောင်းလဲမှုကို ကြုံတွေ့နေရတယ်လို့ သိလာရတယ်..
သူတို့ရဲ့ခန္ဓာကိုယ်အရွယ်အစား၊ ပင်ကိုသဘာဝစရိုက်နဲ့ ရန်မူတတ်တဲ့အပြုအမူတွေက ရှေးခတ်အချိန်က တိရစ္ဆာန်တွေနဲ့အပင်တွေရဲ့ အခြေအနေနဲ့ ပိုပိုနီးစပ်လာပါတယ်..
ဒါက ဆင့်ကဲပြောင်းလဲမှုမဟုတ်ဘဲ နောက်ပြန်တိုးတက်ခြင်းဖြစ်ပြီး ဒါက ငြင်းနိုင်စရာမရှိတဲ့ သုံးသပ်ချက်ပါပဲ”
“ဒါပေမဲ့လည်း အမှန်တကယ် ဆင့်ကဲပြောင်းလဲသွားတဲ့ တိရစ္ဆာန်အရေအတွက်က နည်းနည်းလေးပဲ ရှိပြီး သူတို့ကိုတော့ ယေဘုယျအားဖြင့် အဆင့်ငါးတိရစ္ဆာန်လို့ ခေါ်ခဲ့ကြတယ်..
ကမ္ဘာပေါ်က ရုတ်တရက်အပြောင်းအလဲတွေက သူတို့ကို ရှည်လျားတဲ့ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်ကို ကျော်ချပြီး ရှုပ်ထွေးတဲ့ အာရုံကြောတွေ၊ ဉာဏ်ရည်နဲ့ စဥ်းစားနိုင်စွမ်းတွေကို တိုက်ရိုက်ပိုင်ဆိုင်သွားစေခဲ့တယ်.. သူတို့က အထူးဖြစ်တည်မှုတွေပါပဲ”
သူကျင်းယန်ကို ကြည့်ပြီးဆက်ပြောလိုက်၏။
“ခန္ဓာဗေဒဆိုင်ရာ သုတေသနတွေကို ဆောင်ရွက်ပြီးနောက်မှာ သန္ဓေပြောင်းမျောက်ရဲ့ ဆင့်ကဲပြောင်းလဲမှုက မူမမှန်ဘဲ လျှင်မြန်နေတာကို တွေ့ခဲ့ရပါတယ်..
လူသားမျိုးနွယ်ရဲ့ မူရင်းဇစ်မြစ်က လူဝံမျိုးနွယ်ဖြစ်ပြီး ခွဲစိတ်စစ်ဆေးကြည့်တဲ့အချိန်မှာ ဒီသန္ဓေပြောင်းမျောက်ရဲ့ ခြေလက်အစိတ်အပိုင်းနဲ့ အချို့အရိုးစုကြွက်သားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက လူသားတစ်ယောက်နဲ့ ပိုနီးစပ်လာတာကို ကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပါတယ်..ဆက်ပြီး ဆင့်ကဲပြောင်းလဲဖို့ကို ကျွန်တော်တို့ခွင့်ပြုလိုက်မယ်ဆို ‘လူသား’ မျိုးစိပ်
အသစ်တစ်မျိုး ပေါ်ထွက်လာနိုင်ပါတယ်”
“မူလအားဖြင့် လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲမှုရဲ့ ဘုရင်တွေဖြစ်ကြပေမဲ့ လက်တလော ပေါ်ပေါက်လာခဲ့တဲ့ ဒီအဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်တွေကလည်းပဲ ဘုရင်တွေပါပဲ..
ကျွန်တော်တို့က သူတို့နဲ့ ဆန့်ကျင်ဘက်မျိုးနွယ်တွေအဖြစ် မွေးဖွားလာခဲ့ကြတယ်..
ဒါက လူသားအခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်တွေက သာမာန်တိရစ္ဆာန်တွေကို လှုံ့ဆော်ခဲ့တဲ့ အကြောင်းပြချက်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်”
ကုတ်အဖြူနှင့်အမျိုးသား စကားပြောပြီးချိန်တွင် တက်ရောက်လာသည့်လူတိုင်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး
တချို့လူများက အတွေးနက်နေပုံရကာ တချို့လူများမှာ ဤစကားများကြောင့် ဆွံ့အသွားခဲ့သည်။
ကမ္ဘာပျက်ကပ်ဖြစ်ပွားလာချိန်တွင် လူသားများ ဆင့်ကဲပြောင်းလဲလာသည်ကပင် မယုံနိုင်စရာဖြစ်နေကာ တိရစ္ဆာန်များနှင့်အပင်များ အားလုံးက အဘယ်ကြောင့်သန္ဓေပြောင်းရသနည်းဟု သူတို့အကြာကြီး စဥ်းစားခဲ့ကြ၏။
သို့သော် ယခု သူတို့ ဤထင်မြင်ချက်ကို ကြားရသည့်အချိန်တွင်
ဤပြောင်းပြန်ဖြစ်စဥ်၌ လူသားများ အောင်နိုင်ဖို့အခွင့်အရေးရနိုင်ပါမည်လားဟု စဥ်းစားမိလာကြသည်။
သူတို့က နောက်ဆုံးမှာ အောင်နိုင်သူတွေ ဖြစ်လာပါ့မလား?
ဤမေးခွန်း၏ အဖြေကို မည်သူမှမသိကြပေ။ မည်သူကမှ ရင်ဘက်ကိုပုတ်ပြီး အနာဂတ်က တောက်ပပြီး မျှော်လင့်ချက်ရှိသည်ဟု အာမမခံရဲပေ။
သို့သော်လည်း သူတို့မသေချင်ကြပါချေ။ မည်သူကမှလည်း မသေချင်ကြချေ။
တစ်ကိုယ်ကောင်းဆန်တယ်လို့ပဲ ပြောပြော လူသားမျိုးနွယ်ရဲ့ တည်တံ့မှုရှိရှိမရှိရှိ.. သူတို့ကိုယ်တိုင်ကတော့ မသေချင်ကြဘူး။
ကမ္ဘာပျက်ကပ်တွင် သူတို့အားလုံး ဆက်လက် ရှင်သန်ရန် ရုန်းကန်နေကြရလိမ့်မည်။