← Chapters

အခန်း (၁၀၃)

Vol. 11 Ch. 103

အခန်း (၁၀၃)

Vol. 11 Ch. 103

*(103)

ယင်ရိလျို ကျင်းယန်ကို ခေါင်းခါရမ်းပြလိုက်ပြီး ယနေ့ သူမ လုပ်ခဲ့သည့်အရာများကို လက်ချောင်းလေးများဖြင့် ရေတွက်ကာ ပြန်ပြောပြခဲ့လေသည်။

သူမ စကားပြောနေချိန်တွင် မျက်လုံးလေးများ မှေးစင်းသည်အထိ ပြုံးနေပြီး သူမ၏ မျက်နှာပေါ်၌ မပျော်ရွှင်သည့် အရိပ်အယောင်တစ်စက်မှ မရှိပါချေ။

အမှန်တရားမှာကား အိမ်တွင်နေရသည့်နေ့ရက်များက အတော်လေးပင် စိတ်ဓာတ်ကျစရာကောင်းပေ၏။ သေသေချာချာစဥ်းစားကြည့်လျှင်

လူသားတစ်ယောက်အဖြစ် နေထိုင်ရသည်မှာ ပို၍ အဆင်ပြေစရာများရှိနေသော်ငြား သူမ၏ အချိန်အများအပြားကို အိမ်တွင်သာ ကုန်ဆုံးနေရဆဲဖြစ်သည်။

ဖုန်းမရှိ၊ ဖျော်ဖြေရေးပစ္စည်းများ မရှိသည့်အပြင် ကျင်းယန်ကို နေ့တိုင်းလိုက်ပို့ပြီး သူ ပြန်မလာမချင်း အချိန်များကို ရေတွက်နေရခြင်းက အမှန်တကယ် ပျင်းစရာကောင်းပေသည်။

ထိုသို့ ပျင်းလာချိန်တိုင်း သူမ၏ခန္ဓာကိုယ်က အမြန်ဆုံးကြီးထွားလာပါစေဟုသာ ယင်ရိလျို ဆုတောင်းနေမိ၏။ ထိုအချိန်မှသာ သူမဘာသာသူမ လျှောက်သွားနိုင်မည် ဖြစ်ပေသည်။

သူတို့နှစ်ယောက် ဧည့်ခန်းထဲသို့ ဝင်လာချိန်တွင် ကျောင်းစီဟွေ့က ချက်ပြုတ်နေခဲ့ပြီး ကျောင်းချီယန်က သူ၏ခန္ဓာကိုယ်ကို ပြန်လည်ကုစားသည့်အနေဖြင့် ဒိုက်ထိုးခြင်းပြုလုပ်နေခဲ့၏။

သူ၏ ခန္ဓာကိုယ်က အခြေအနေကောင်းမွန်ပြီး ပြန်လည်ထူထောင်ရာတွင် မြန်ဆန်ပေ၏။ ယမန်နေ့ကပင် သူ အချိန်ကြာမြင့်စွာ ရပ်နားထားသော အလေးမခြင်းကို ပထမဆုံးအကြိမ် ပြန်မခရန်ကြိုးစားခဲ့၏။

သူ၏နောက်ကျောမှ ပတ်တီးစများကို ဖယ်လိုက်ပြီးနောက် ခါးအောက်ပိုင်းမှ လက်မောင်းအထိ အရေပြားမှာ အနည်းငယ်နီရဲနေပြီး အသားနုတက်နေလေပြီ။

အသားနုလွှာမှာ ထိခိုက်လွယ်ပြီး ကိုင်ကြည့်လိုက်လျှင် အနည်းငယ် မညီမညာဖြစ်နေဆဲပင်။ ခွန်အားကို အသုံးပြုချိန်တွင်တော့ သူ့ကျောပြင်မှ နာကျင်မှုကို ခံစားနေရဆဲဖြစ်၏။

ယခုအချိန်တွင် ထိုအမျိုးသားငယ်မှာ ဒိုက်ထိုးနေသဖြင့် နာကျင်နေရသောကြောင့် သူ၏မျက်နှာက ရှုံ့မဲ့နေလေသည်။

ကျင်းယန်က ယင်ရိလျို၏ လက်ကိုဆွဲကိုင်၍ အိမ်ထဲသို့ဝင်လာသည်ကို မြင်လိုက်ရလျှင် ကျောင်းချီယန် လှုပ်ရှားမှုကို ရပ်တန့်ကာ ‘ကျင်းကော’ဟု လှမ်းခေါ်လိုက်၏။

မီးဖိုချောင်ထဲတွင် အလုပ်များနေသော ကျောင်းစီဟွေ့သည်လည်း ကျောင်းချီယန်၏ခေါ်သံကို ကြားလျှင် နောက်သို့ လှည့်ကြည့်လာခဲ့သည်။

မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသော ယင်ရိလျိုကို မြင်လိုက်ရသည့်အတွက် ကျောင်းစီဟွေ့ ပြုံး၍ပြောလိုက်လေသည်။

“ထုထုက ရှင့်ကို အရမ်းလွမ်းနေတာ၊ ကျွန်မကိုတောင် ဘယ်အချိန်ရှိနေပြီလဲဆိုပြီး ဆက်တိုက်မေးနေခဲ့တာလေ”

“ဘယ်တုန်းက မေးလို့လဲ?!”

ယင်ရိလျို အသံကျယ်ကျယ်ဖြင့် ငြင်းဆိုပြီးနောက် “ဟွန့်”ခနဲအသံမြည်အောင် နှာမှုတ်လိုက်သည်။ ထို့နောက် လက်လေးကိုနောက်ပစ်ကာ ရေချိုးခန်းဆီသွားလိုက်ပြီး လက်ဆေးစင်နားတွင် ခြေဖျားထောက်ရပ်ပြီး လက်ဆေးလိုက်၏။

ကလေးမလေးက ဝန်ခံရန် ငြင်းဆိုနေသည့်အတွက် ကျောင်းစီဟွေ့က ပုခုံးကိုအသာတွန့်လိုက်ပြီး ညနေစာ ဆက်ပြင်နေခဲ့သည်။

ယင်ရိလျိုက သူမ၏လက်များကို ခြောက်သွေ့အောင်သုတ်ပြီးနောက် ကျင်းယန်ကို လှမ်းကြည့်လိုက်၏။

ထို့နောက်တွင် တစ်ဖက်လူက ဆိုဖာပေါ်တွင်ထိုင်၍ အဖုံးတွင် ကလေးပုံကာတွန်းပါသော စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး တည်ငြိမ်သည့်အမူအရာဖြင့် အသံတိတ်ဖတ်နေကြောင်း မြင်လိုက်ရသည်။

သူမ၏နှလုံးသားထဲတွင် နိမိတ်မကောင်းသည့်ခံစားချက်တစ်ခုကို ရရှိလိုက်‌လေ၏။ ယင်ရိလျို အိပ်ခန်းထဲသို့ လစ်ထွက်ရန် ကြံလိုက်သော်လည်း ကျင်းယန်က သူမကို လှမ်းခေါ်လိုက်သောကြောင့် ဆိုဖာနားသို့ ခေါင်းငိုက်စိုက်ကျလျက် နှေးကွေးစွာ ရွှေ့သွားလိုက်သည်။

ကျင်းယန်၏လက်ထဲမှ စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏အမူအရာက လုံးဝပြောင်းလဲသွားခဲ့လေ၏။

မဖြစ်နိုင်တာ!

သူမအတွက် မူလတန်း ကျောင်းစာအုပ်တွေကို ရှာနေတယ်လို့ ပြောတာမှ မကြာသေးဘူး။ သူတကယ်ကြီး တစ်အုပ်ရှာတွေ့သွားတယ်ပေါ့!

ကျင်းယန် အမှတ်ခန်းမမှ လဲလှယ်ခဲ့သော မူလတန်း ဒုတိယနှစ်ကျောင်းစာအုပ်များကို ယင်ရိလျိုက အချိန်တိုအတွင်း ပြီးမြောက်ခဲ့သောကြောင့် ကျောင်းမောင်နှမကပင် သူမကို ‘ထူးချွန်တဲ့ကလေး’ ဟူသော ခေါင်းစဥ်ကိုပင် ပေးခဲ့ကြသည်။



အရွယ်ရောက်သူတစ်ယောက်အနေဖြင့် ‘A-E-I-O-U’၊ ‘တစ်အမြှောက်တစ်က တစ်’ဖြစ်ကြောင်းတို့ကို pinyin နှင့်အတူသင်ရခြင်းနှင့် အလီဇယားကို နေ့တိုင်းဖတ်ရခြင်းက သူမအတွက် မည်မျှနာကျင်ဖွယ်ကောင်းကြောင်း ဘုရားသာလျှင် သိပေလိမ့်မည်။

သူမက ဉာဏ်ကောင်းသည်ဟုသာ ဟန်ဆောင်နိုင်ပြီး မူလတန်းဒုတိယနှစ် ဖတ်စာအုပ်ကို အလျှင်အမြန် သင်ယူခဲ့သည်။

စာလေ့လာခြင်းနှင့်ပက်သက်၍ နောက်ဆုံး၌ ပြီးသွားပြီဟု သူမ ထင်ခဲ့မိ၏။ ကျင်းယန်က ဤကိစ္စနှင့် ပက်သက်၍ အမှန်တကယ် အလေးအနက်ထားပြီး နောက်ထပ်အတန်းများအတွက် ဖတ်စာအုပ်များရရန် အမှတ်ခန်းမသို့ သွားကာလဲလှယ်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်။

ရင်းနှီးနေသည့် စာရေးလေ့ကျင့်ရသော pinyin အကွက်များကို မြင်သည့်အချိန်တွင် သူမ ခေါင်းကိုက်သွားရလေသည်။

ဆိုဖာရှေ့တွင် မတ်တတ်ရပ်ကာ ကျင်းယန်ကို သနားစဖွယ်မျက်နှာလေးဖြင့် မော့ကြည့်လိုက်ပြီး သူနှင့်ဆွေးနွေးရန် ကြိုးစားခဲ့၏။“ဒါကြီးကို မသင်ချင်ဘူး.. ကျောင်းကိုသွားစရာမှ မလိုတာ ပြီးတော့ စာမေးပွဲဖြေစရာလည်း မလိုဘူးလေ”

“မရဘူး”

ကျင်းယန် ပြတ်ပြတ်သားသား ငြင်းလိုက်ကာ ယင်ရိလျို၏ နောက်ဆုံးမျှော်လင့်ချက်လေးကို ဖျက်ဆီးလိုက်လေသည်။

“လိမ္မာတဲ့ကလေးလေးလုပ်ပြီး ကောနောက်က လိုက်ဆို: ကျွန်တော်ရဲ့ အိပ်ယာရှေ့တွင် လရောင်ရေကန်တစ်ခု….”

ကျင်းယန်တွင် တည်ကြည်၊ အေးစက်ပြီး ချောမောသောမျက်နှာရှိသည်မှာ ထင်ရှားလေသည်။

သူက ပျောက်ကျားတောင်တက်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လက်ရှိတွင် ကလေးစာအုပ်ထဲမှ စာလုံးများကို တစ်ကြောင်းချင်းစီ လက်ချောင်းသွယ်သွယ်များဖြင့် ထောက်ကာ နတ်သမီးပုံပြင်များကို အလွန်လေးနက်သော အမူအရာဖြင့် အသံထွက်ဖတ်နေ၏။

ထိုမြင်ကွင်းက သူ့၏ပတ်လည်ရှိ လူများ၏ လောကအမြင်ကို ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားရစေသည်။

ထိုအချိန်တွင် ကျောင်းစီဟွေ့က လက်ထဲတွင် ပန်းကန်များကိုင်ထားကာ ဧည့်ခန်းထဲမှဖြတ်လျှောက်သွားသည့်အတွက် ဤမြင်ကွင်းကို မြင်သွားလိုက်ရလေ၏။

ကျင်းယန်က ပုံပြင်စာအုပ်ကို အမူအရာကင်းမဲ့စွာ ဖတ်ပြပြီးနောက် သူ့ဘေးမှ ယင်ရိလျိုကို မေးလိုက်သည်။

“ဝက်လေးက ဘာလို့ သိုးလေးနဲ့ ထပ်မကစားတော့တာလဲ?”

ကလေးမလေးက ‘အသက်ရှင်ရတာကို အရမ်းစိတ်ကုန်နေပြီ’ဟူသော မျက်နှာနှင့် ခေါင်းပေါ်မှ ဆံထုံးလေးများနှင့် ကစားနေပြီး ပျင်းတိပျင်းရွဲ ပြောလိုက်သည်။

“ဘာလို့လည်းဆိုတော့ သိုးလေးက သူ့ရဲ့ကိတ်မုန့်ကို ခိုးသွားလို့”

သူတို့နှစ်ယောက်၏ မေးမြန်းခြင်းနှင့် ဖြေဆိုခြင်းမှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းနေခဲ့၏။

ဤအဖြစ်အပျက်မျိုးကို မြင်ရသည့်အချိန်တိုင်း ကျင်းယန်ကဲ့သို့ လူတစ်ယောက်တွင် ဤကဲ့သို့ ပုံစံမျိုးရှိနေသည့်အတွက် သူမ အံ့သြနေခဲ့ရသည်။

ယင်ရိလျိုသည်က ဝက်လေးနှင့် သိုးလေး ရန်ဖြစ်နေသည့် ပုံပြင်များကို ထပ်မကြားချင်တော့ချေ။

သူမ စိတ်ဓာတ်ကျမှုကြောင့် သေတော့မည့်အချိန်တွင်ပင်

တံခါးဘဲလ် မြည်လာလေ၏။

သူမကို ကယ်တင်ပေးနိုင်သည့်အသံကို ကြားလိုက်သောကြောင့် တံခါးဆီ တဟုန်ထိုးပြေးသွားလိုက်သည်။

“ တံခါးကို သွားဖွင့်မယ်! သမီး သွားဖွင့်ပေးလိုက်မယ်!”

ကလေးမလေးက တံခါးလက်ကိုင်ကို ခြေဖျားထောက်၍ လှမ်းကိုင်ပြီး ကလစ် ဟူသောအသံဖြင့် ဖွင့်လိုက်၏။

အလည်လာသည့်ဧည့်သည်ကို သူမ မမြင်နိုင်ခင် သူမ၏ရှေ့ရှိ အရပ်ပုပုကောင်လေးက ဦးညွှတ်ပြီး ထပ်ခါထပ်ခါ တောင်းပန်ခဲ့လေသည်။

“အချိန်နည်းနည်းနောက်ကျသွားတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်”

ခေါင်းငုံ့ထားသော ကောင်လေး၏မျက်နှာကို ယင်ရိလျိုမမြင်နိုင်သော်ငြား သူ၏အသံက အနည်းငယ်ရင်းနှီးသည်ဟု ထင်မိလေ၏။

သူ၏ ခန္ဓာကိုယ်အချိုးအစားကို အကဲဖြတ်ခြင်းအားဖြင့် တစ်ဖက်လူက ကလေးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

သူမ‌၏နောက်မှ လက်ကြီးတစ်ဖက်က သူမ၏ပုခုံးကို ညင်သာစွာကိုင်ပြီး သူ့နောက်သို့ဆွဲသွင်းလိုက်လေ၏။

ယင်ရိလျို ခေါင်းမော့ကြည့်လိုက်လျှင် ကျင်းယန်၏ ဘေးတိုက်မျက်နှာကို မြင်တွေ့လိုက်ရသည်။

ကျောင်းစီဟွေ့က မီးဖိုချောင်ထဲမှ ခေါင်းထွက်လာပြီး ပြောလိုက်၏။

“ဒါက ရှောင်ဟေးရဲ့ညစာလား? မင်း ဒီနေ့ တကယ်ကို နည်းနည်းနောက်ကျနေတာပဲ”

ကောင်လေးက ကျောင်းစီဟွေ့၏စကားကိုကြားသည့်အခိုက်တွင် သူ၏ခေါင်းက ပို၍ပင် နိမ့်သွားခဲ့သည်။

ကျင်းယန်က ထောင့်နားရှိ ခဲပတ်ဖြင့်ပတ်ထားသော အသားပိုင်းကြီးကို သတိထားမိသောကြောင့် ခြံထဲမှ ဝံပုလွေပေါက်အား အစားအစာလာယူရန် ညွှန်ကြားလိုက်၏။

ကောင်လေးက ခေါင်းကို ဆက်တိုက်ခေါင်းငုံ့ထားခဲ့ပြီး တစ်ဖက်လူမှ သူ၏အမှတ်ကတ်ကို ထုတ်ပေးရန် ပြောခံရသည့်အချိန်မှပင် စိတ်သက်သာသွားခဲ့လေသည်။

ဤတစ်ကြိမ်တွင် ဖောက်သည်က နားလည်တတ်သော လူတစ်ယောက်ဖြစ်နေခဲ့ပြီး သူ၏အမှတ်များကို နှုတ်ရန်ရည်ရွယ်ချက်မရှိပုံရသည်။

သူက သူ၏တွန့်ကြေနေသော အိတ်ကပ်ထဲမှ အမှတ်ကတ်ကို ထုတ်ယူပြီးနောက် တစ်ဖက်လူကိုပေးရန်အတွက် ခေါင်းကိုပြန်မော့လိုက်ချိန်တွင် ကျင်းယန်၏မျက်နှာကို မြင်လိုက်ရလေ၏။

သူ အလွန်ပင် ရှော့ရသွားခဲ့ကာ မထိန်းနိုင်ဘဲ အံ့အားတပြီး ခေါ်လိုက်မိ၏။

“ကျင်းယန်ကော?”

ကျင်းယန် မျက်ခုံးတစ်ဖက်ကို ပင့်မ,လိုက်မိပြီး ကလေး၏ ညစ်ပတ်နေသောမျက်နှာကို ကြည့်လိုက်၏။

ဒါက ဘယ်သူလဲ?

ဆန့်ကျင်ဘက်အနေဖြင့် ဘေးတွင်ရပ်နေသော ယင်ရိလျိုက သူမ၏ရှေ့မှ ကောင်လေးကို ဂရုတစိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် မှတ်မိသွားလေ၏။

ဒါက သူတို့အခြေစိုက်စခန်းကို ရောက်တဲ့အချိန်တုန်းက စျေးနှုန်းကိုပေါင်မုန့်တစ်ပိုင်းပဲ တောင်းပြီး အခြေစိုက်စခန်းကို လိုက်ပြခဲ့တဲ့ကောင်လေး ဖူမင် မဟုတ်ဘူးလား?

*

မိနစ်အနည်းငယ်ကြာပြီးနောက် ဖူမင်က သတိထား၍ သူတို့အိမ်ထဲကို ဝင်လာခဲ့လေသည်။

ကျောင်းချီယန်လည်း တံခါးမှအသံများကို ကြားပြီးနောက် ထော့နဲထော့နဲ့ဖြစ် ထွက်လာခဲ့လေ၏။

ကျင်းယန်၏ခွင့်ပြုချက်ကိုရပြီးနောက် သူတို့က ဖူမင်ကို အိမ်ထဲသို့ ဝင်ထိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကလေးက အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေလေ၏။

သူ၏ခန္ဓာကိုယ်မှ အဝတ်အစားများက စုတ်ပြဲနေကာ မျက်နှာမှာလည်း ချွေးများဖြင့် ရွှဲရွှဲစိုနေ လေသည်။

သူ၏ပါးပြင်မှာ ခရမ်းရောင်သန်းသည်အထိ နီမြန်းနေပြီး ပိန်ပိန်ပါးပါးရင်ဘတ်က နိမ့်ချည်မြင့်ချည် လှုပ်ရှားနေကာ အသက်ကိုရှိုက်၍ရှူနေရ၏။သူတို့၏ခွင့်ပြုချက်ကို ရပြီးနောက် ဖူမင်က သူ၏မျက်နှာကို ရေချိုးခန်းတွင် သေသေချာချာ ဆေးကြောခဲ့လေသည်။

သူ၏မျက်နှာ သန့်ရှင်းသွားပြီးနောက်မှသာ ခွေးခြေခုံပေါ်တွင် ရှက်ရွံ့စွာထိုင်နေခဲ့၏။

“ကျေးဇူးတင်ပါတယ် ကျင်းယန်ကော၊ ကျောင်းကျဲ၊ ကျောင်းကော”

ကျောင်းချီယန်က ဤဉာဏ်ကောင်းပြီး ချူချာသောကောင်လေးအပေါ်တွင် ကောင်းမွန်သည့် ထင်မြင်ချက်ရှိနေခဲ့သည်။

ထို့ကြောင့် သူ့ကို တစ်ဖန်ပြန်တွေ့ရသည့်အတွက် ပျော်ရွှင်နေလေသည်။ သူ ထိုကောင်‌လေးကို စနောက်လိုက်၏။

“ဒီတစ်ကြိမ်တော့ မင်းက ဧည့်လမ်းညွှန်မဟုတ်ဘဲ ဘာလို့ ဒလီသမားဖြစ်နေရတာလဲ?”

ဖူမင် သူ့ခေါင်းကို သူပွတ်လိုက်ပြီး သွားပေါ်သည်အထိ ရယ်မောကာ ပြောခဲ့သည်။

“ဧည့်လမ်းညွန် နယ်ပယ်မှာက ဝံပုလွေတွေအများကြီးရှိပေမဲ့ အသားကတော့ နည်းနည်းလေးပဲရှိတာ.. ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်ကို ဖယ်ထုတ်နေကြတာလေ..

ဒါကြောင့် အဲဒီနေရာကနေ ထွက်လာပြီး အမှတ်ခန်းမမှာ ပို့ဆောင်ရေးလုပ်သားလုပ်ဖို့ ဆုံးဖြတ်လိုက်တာ”

All Chapters