← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

*(104)

ဖူမင်တစ်ယောက် ဤအလုပ်ကို ယူသည့်အချိန်က အမှာစာကြီးဖြစ်သည့်အတွက် အမှတ်ပိုရမည်ဟု ထင်ထားခဲ့လေ၏။

သို့သော်ငြား သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကို ပိုတွက်မိသွားသည်။

အသားစိမ်း ကီလိုဂရမ် တစ်ဒါဇင်ခန့်ကို သယ်ဆောင်ကာ အခြေစိုက်စခန်းတစ်ဝက်လောက် သွားရသည်မှာ အမှန်ပင် ခက်ခဲလေ၏။

ကံကောင်းစွာဖြင့် ဤအကြိမ် ဖောက်သည်က ရှုးယန်အသင်းဖြစ်နေခဲ့သည်။

ကျောင်း‌မောင်နှမနှင့် ယင်ရိလျိုက ဖူမင်ကို အတော်ပင် နှစ်သက်ကြ၏။

ကျင်းယန်သည်ကား အပြင်လူများအပေါ်တွင် အမြဲတမ်း လျစ်လျူရှုထားလေ့ရှိသည်။ သူက ထောင့်တစ်ထောင့်တွင် တိတ်တဆိတ်ထိုင်ပြီး ယမန်နေ့က အထက်လူကြီးများ ညွှန်ကြားခဲ့သော အစီအစဥ်ကို ဖတ်နေခဲ့လေ၏။ သို့သော်လည်း သူတို့ဘက်ကိုတော့ မကြာခဏ လှမ်းကြည့်နေခဲ့၏။

ကလေးမလေးက ဖူမင်၏စကားများပြောနေသောကြောင့် မကြာခဏရယ်မောနေသည့်အတွက် ယင်ရိလျိုကို သူမနှင့်ရွယ်တူ သူငယ်ချင်းအချို့ ရှာပေးသင့်ပြီလားဟု ကျင်းယန် ရုတ်တရတ် အတွေးရသွားခဲ့သည်။

ကလေးမလေးက နေ့စဥ်တိုင်း အိမ်တွင်တစ်ယောက်တည်း အထီးကျန်နေလိမ့်မည်။

သို့သော်လည်း ထိုအတွေးမှာ ခဏသာပေါ်လာပြီး သဘောမကျစွာဖြင့် သူ့၏ခေါင်းထဲက ထုတ်လိုက်လေ၏။

ဖူမင်၏အစာအိမ်က ဆာလောင်မှုကြောင့် စူးရှစွာနာကျင်လာရသည်။ ထို့အပြင် အိမ်ထဲမှ ထမင်းနှင့်အသားနံ့ကို ရလိုက်သည့်အတွက် သူ အလွန်အမင်း ဆာလောင်လာခဲ့လေသည်။

ဖူမင် သူ၏ မာနကိုဘေးဖယ်ပြီး ထမင်းအနည်းငယ်လောာ် ကျွေးနိုင်မည်လားဟုမေးလိုက်သည်။

ကောင်လေးက လေးနက်သောမျက်နှာနှင့် လက်ကိုမြှောက်ပြီး ပြောခဲ့သည်။

“စိတ်မပူပါနဲ့၊ ကျွန်တော် အစားကို ဘယ်တော့မှ အလကားမစားဘူး.. ကျွန်တော့်ရဲ့အမှတ်တွေနဲ့ ပေးချေနိုင်ပါတယ်”

ကျောင်းစီဟွေ့ကလည်း သူ့အပေါ်တွင် မသက်ညှာခဲ့ပါချေ။ သူ့အား 22% discount ပေးပြီးနောက် ကတ်ထဲတွင် ထိုကလေးစုဆောင်းထားသော အမှတ်အများစုကို ဖြတ်ယူလိုက်လေသည်။

ဖူမင်တစ်ယောက် မျက်နှာပေါ်တွင် နာကျင်သောအမူအရာနှင့် အသားအပြည့်ပါသော ပန်းကန်လုံးကို ကိုင်ထားခဲ့၏။

ထိုအစားအစာများအတွက် သူ၏ကိုယ်ပိုင်အမှတ်အားလုံးနှင့် လဲလှယ်ခဲ့ရသည်ကို တွေးလိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းမဖော်စတမ်း စားလိုက်မိသည်။

သူက ရက်အတော်ကြာ ဆာလောင်နေခဲ့သော တိရစ္ဆာန်ကလေးတစ်ကောင်နှယ် အငမ်းမရ စားလိုက်လေ၏။

ဗိုက်ပြည့်သွားပြီးနောက် အိမ်ထဲမှလူတိုင်းကို ဖူမင် လေးစားစွာဖြင့် ထပ်၍ဦးညွှတ်လိုက်ပြန်သည်။

ထို့နောက် သူက တုံ့ဆိုင်းသည့်အကြည့်ဖြင့် ကျင်းယန်ကို ပထမဆုံးအကြိမ်ကြည့်လိုက်သည်။

တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကောင်လေးက သတ္တိမွေးပြီး ရှေ့သို့တိုးကာ မေးလာခဲ့သည်။

“ကျင်းယန်ကော ကျွန်တော် ကောရဲ့အသင်းဆီကို ဝင်လို့ရမလား?”

အပြင်ဘက်ရှိ ကောလဟလများကြောင့် ရှုးယန်အသင်းကို သူ ကောင်းကောင်းမှတ်မိပေသည်။

ထိုနေ့မှစ၍ သူ၏နှလုံးသားထဲတွင် ပြင်းပြသည့်စိတ်ဆန္ဒမျိုးစေ့ အပျိုးခံလိုက်ရပြီး ဤကဲ့သို့သန်မာပြီး အားထားရသော အသင်းဖော်များကို တောင့်တခဲ့လေသည်။

မဖြစ်နိုင်ကြောင်းကို သူ သိထားသော်လည်း ယနေ့တွေ့ဆုံမှုက ရှားပါးအခွင့်အရေးဖြစ်သောကြောင့် သူ ကြိုးစားကြည့်ရမည်ပင်။

“ကျွန်တော့်မှာ ဆင့်ကဲပြောင်းလဲစွမ်းရည်မရှိပေမဲ့ ထောက်ပံ့ပို့ဆောင်ရေးမှာတော့ ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်..

သန့်ရှင်းရေးအလုပ်တွေကို လုပ်နိုင်ပြီး အမဲလိုက်တာ သင်ဖို့လည်း ဆန္ဒရှိပါတယ်.. ကျွန်တော်ဘယ်တော့မှ ကပ်ပါးတစ်ကောင်လုပ်မှာ မဟုတ်ပါဘူး”

ကျောင်းမောင်နှမ၏မျက်နှာပေါ်မှ အပြုံးများမှာ အနည်းငယ် မှေးမှိန်သွားရသည်။ သူတို့က ပါးနပ်ပြီး သန်မာသော ဤကလေးကို သဘောကျပေသည်။

ကမ္ဘာပျက်ကပ်ဖြစ်နေစဥ် ကိုးနှစ် ဆယ်နှစ်အရွယ် ကလေးတစ်ယောက်က မြို့တော်Z အခြေစိုက်စခန်းဆီ တစ်ကိုယ်တည်းခရီးသွားနိုင်၊ အခြေချနိုင်ပြီး စားသောက်နေထိုင်ရန်အတွက် လုံလောက်သည့်ဝင်ငွေ ရှိနေခြင်းက ဤကလေးမှာ အံ့မခန်းတော်သော လူတစ်ယောက်ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ပြသနေခဲ့သည်။

သို့သော် လက်ရှိပြဿနာမှာ သူက ယခုအချိန်၌ တန်ဖိုးမရှိသည့် ကလေးတစ်ယောက်သာဖြစ်နေခဲ့၏။

အလားအလာရှိပြီး ထူးချွန်တဲ့အသင်းဖော်တစ်ယောက်ကို ပျိုးထောင်ဖို့အတွက်နဲ့ အချိန်၊ အစားအစာ အများကြီးကို သူတို့တကယ် ရင်းနှီးမြုပ်နှံချင်ရဲ့လား?

အဆုံးသတ်တွင်မူ ဤအရာမှာ အမြတ်မထွက်သော လုပ်ငန်းတစ်ခုသာ ဖြစ်၏။

ကျောင်းမောင်နှမက ဖူမင်ကို သဘောကျသော်ငြား ဤကလေးကို သူတို့၏အသင်းဖော်အဖြစ် လက်ခံမည်ဟု မဆိုလိုပါချေ။

ကမ္ဘာပျက်ကပ်၌ ကျင်းယန်နှင့် ယင်ရိလျိုသာ ရင့်ကျက်လာခြင်း မဟုတ်ဘဲ ကျောင်းမောင်နှမအပါအဝင် လူတိုင်း၏ နားလည်သဘောပေါက်မှုနှင့် တွေးခေါ်မှုများက အဆတ်မပြတ် ပြောင်းလဲနေခဲ့သည်။

ကျင်းယန် သူ၏လက်ထဲမှစာရွက်များကိုချပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ရှေ့မှကလေးကို လေးလေးနက်နက် ကြည့်နေခဲ့လေသည်။

သူက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး အတွေးထဲနစ်မြှုပ်နေသောကြောင့် လေထုက တခဏမျှ တိတ်ဆိတ်သွား၏။

အမှန်တွင် ရှုးယန်အသင်း နာမည်ကြီးလာကတည်းက နျိုနှင့်လီမိသားစုများ၏ တန်ဖိုးထားခြင်းမခံရသည့် ဆင့်ကဲပြောင်းလဲသူများနှင့် အင်အားကြီးသည့် တစ်ကိုယ်တော် လေလွင့်သူများကလည်း ရှုးယန်အသင်းကိုဝင်ချင်သည့် သူတို့၏ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြလေ၏။ဤလူများအားလုံးကို ကျင်းယန်က ငြင်းပစ်ခဲ့လေသည်။ ကျင်းယန် အနေဖြင့် အသင်းဖော်များကို မလိုအပ်ချေ။ ထုထုကြောင့်သာမဟုတ်လျှင် မူလကတည်းက ကျောင်းမောင်နှမကို သူတို့အဖွဲ့ထဲ မဝင်စေချင်ခဲ့ပေ။

ကျင်းယန်တစ်စုံတစ်ခုကို စဥ်းစားလိုက်ပြီး‌နောက် ဆိုဖာပေါ်တွင် ခြေထောက်များလွှဲယမ်းနေသော ယင်ရိလျိုကို လှည့်ကြည့်၍ မေးလိုက်သည်။

“မင်း သူငယ်ချင်းတစ်ယောက်လောက် လိုချင်လား?”

သူငယ်ချင်းလေး အထီးကျန်နေမည်ကို ကျင်းယန်စိတ်ပူနေဆဲဖြစ်၏။ ဖူမင်က မဆိုးဟူ၍ ယင်ရိလျိုသာ အမှန်စင်စစ် ယုံကြည်လျှင် နောက်ထပ် ပါးနပ်သောကလေးတစ်ယောက်ကို ပျိုးထောင်ရန်အတွက် သူစိတ်မရှိပါချေ။

ကျင်းယန် သူမကို ရုတ်တရက် မေးလိုက်သည့်အချိန်တွင် ယင်ရိလျိုမှာ စိတ်လွင့်နေခဲ့သည်။

သူမ မသိလိုက်ခင်မှာပင် လူတိုင်း၏မျက်လုံးများက သူမအပေါ်သို့ ရောက်နေခဲ့၏။ ကောင်လေး၏ ချွေးရွှဲရွှဲစိုနေ‌သော မျက်နှာပေါ်ရှိ

မျှော်လင့်ချက်ပြည့်နှက်နေသော မျက်လုံးများကို သူမကြည့်လိုက်သည်။

ထို့နေက် သူမ နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး ခေါင်းကိုတခြားဖက်လှည့်လိုက်၏။

“ကျွန်မ သူငယ်ချင်း မလိုပါဘူး”

သူမ တခဏမျှ တုံ့ဆိုင်းသွားခဲ့သေး၏။

ကျင်းယန်က သူမကို ဖူမင်အား လက်ခံမခံ ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သည်မှာ သူမကို ဖိအားတချို့အောက်သို့ မသိမသာ ရောက်သွားစေသည်။

သို့သော် အဆုံးတွင် သူမ၏နှလုံးသားကို နာခံဆဲသာဖြစ်သည်။

သူမက ကျင်းယန်အတွက် အကူအညီမပေးနိုင်သော်ငြား သူမ၏ဆုံးဖြတ်ချက်ကြောင့် ကျင်းယန်ကို ဆွဲမထားချင်ပေ။

ဖူမင်၏မျက်လုံးများ အနည်းငယ် ညှို့မှိုင်းသွား၏။ သူ စိတ်ပျက်သွားသော်ငြား ဤအခြေအနေ ဖြစ်လာမည်ကို သူသိထားပေသည်။

သူသာ ကျင်းယန်နှင့်ယင်ရိလျို ဖြစ်ခဲ့လျှင် ကောင်စုတ်လေးတစ်ယောက်ကို သူတို့၏အဖွဲ့ဆီ ဝင်စေချင်မည် မဟုတ်ပေ။

သူ မထွက်သွားခင်အချိန်တွင် ဖူမင်က သူ၏အကောင်းမြင်တတ်သည့် အပြုံးမျက်နှာလေး ပြန်ဖြစ်သွားခဲ့သည်။ သူက သေသေချာချာစိတ်ဆုံးဖြတ်ထားသည့်အမူအရာဖြင့် ကျင်းယန်ကို အလေးအနက်မေးခဲ့သည်။

“ကျင်းကော၊ တစ်နေ့မှာ ကျွန်တော်က လုပ်နိုင်စွမ်း ရှိတဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခဲ့ရင် ရှုးယန်အသင်းကို ဝင်ဖို့ အခွင့်အရေးရှိမလား?”

ကျင်းယန် မျက်ခုံးပင့်လိုက်သည်။

“အဲဒီအချိန်ကျမှ အဲဒီအကြောင်းပြောကြမယ်”

အိမ်ထဲတွင်မူ ကျောင်းစီဟွေ့က စိတ်မကောင်းဖြစ်နေဆဲပင်။

ထမင်းတစ်နပ်စားပြီးနောက် ကျေနပ်နေသော မျက်နှာဖြင့် ဆိုဖာပေါ်တွင် လဲလျောင်းနေသည့်

သူမ၏မောင်ဖြစ်သူအား မြင်လိုက်ရလျှင် သံမဏိမဖြစ်လာသည့် သံကို မုန်းတီးသော ခံစားချက်ကို ရလာခဲ့သည်။

(T/N-恨铁不成钢 (သံမဏိဖြစ်မလာသည့် သံကို မုန်းတီးခြင်း) (စကားပုံ): အကြီးတွေက အငယ်တစ်ယောက်ယောက်ကို သူတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အတွက် အားမလိုအားမရဖြစ်တဲ့အချိန်၊ စိတ်ပျက်တဲ့အချိန်‌တွေမှာ ပြောကြပါတယ်။ ရိုးရိုးသံက‌နေ အရည်အသွေးမြင့် သံမဏိဖြစ်လာစေချင်သလိုမျိုး သူတို့ကလည်း ပိုအရည်အချင်းတက်လာဖို့ မျှော်လင့်‌ရင်း ဒီစကားကို ပြောကြပါတယ်။)

“နင် အသက်ဆယ်နှစ်တုန်းက အိမ်နောက်ဖေးခြံဝင်းထဲမှာ ရွှံ့တွေနဲ့ကစားနေတုန်းပဲ၊ ဒါပေမယ့် ဖူမင်ကိုကြည့်လိုက်ပါဦး”

“ဒါကတော့ ကမ္ဘာကြီးက အခုချိန်မှာ ပြောင်းလဲသွားလို့လေ”

ကျောင်းချီယန်က မကျေနပ်စွာဖြင့် ပြန်ပြောလိုက်သည်။

သူ ဆယ်နှစ်အရွယ်တုန်းက သူရဲ့ဘဝက ဘယ်လိုမျိုးလဲ?

အဲယားကွန်းအခန်းထဲမှာ ထိုင်၊ ဆိုဒါသောက်ပြီး ဂိမ်းကစားရင်း တစ်နေ့လုံးအချိန်ဖြုန်းတယ်၊ ပြီးရင် ကျောင်းတက်တာအပြင် နေ့တိုင်းနေ့တိုင်း စားတာ၊ အိပ်တာနဲ့ ကစားတာကိုပဲ လုပ်တာလေ။

ဒါပေမယ့် အခုသူတို့က ဘယ်လိုဘဝမျိုးမှာ နေနေရတာမို့လဲ?

ဆယ်နှစ်ကလေးမဆိုနှင့် မွေးကင်းစကလေးပင် သူတို့၏မျက်လုံးကို ဖွင့်လျှင်ဖွင့်ချင်း အလွန်အမင်းရက်စက်သော လောကကြီးကို ရင်ဆိုင်ရမည်ဖြစ်၏။

ဖူမင်၏ အလွန်ဇွဲကြီးသော မျက်လုံးများကို စဥ်းစားပြီးနောက် သူ တိတ်တဆိတ် ပြောလိုက်မိသည်။

“ဒါပေမဲ့ အဲဒီကလေးကတော့ တကယ်ကို အလားအလာရှိတယ်”

*

ကျင်းယန်က ယင်ရိလျို၏လက်များကို ဆပ်ပြာနှင့် ဆေးပေးရန်အတွက် သူမကို ဆွဲခေါ်သွားခဲ့ပြီး သူမ၏ခေါင်းပေါ်မှ ဆံထုံးလေးနှစ်ခုကို ဖြည်ပေးလိုက်သည်။

ထိုအခိုက်တွင် ကလေးမလေး၏ ရှည်လျားနူးညံ့သော ဆံပင်များက ပုခုံးပေါ်သို့ပြန့်ကျဲသွားခဲ့၏။

ကျင်းယန် စားပွဲပေါ်မှ ခေါင်းဖြီးကိုယူပြီး ယင်ရိလျို၏ဆံပင်ကို ဖြီးပေးလိုက်လေသည်။

ကျင်းယန်: “ ခေါင်းဖြီးပေးတာ နာလား”

သူက ယင်ရိလျိုကို အလွန်ဂရုစိုက်ပြီး သူမ၏ ပြောင်းလဲမှုများကို အာရုံစိုက်လေ၏။

ယင်ရိလျို ခေါင်းခါပြလိုက်လေ၏။

ထိုအခိုက်တွင် ယင်ရိလျိုက အတွင်းဘက်ဆုံးအပိုင်းမှ ခွက်ကိုခြေဖျားမထောက်ဘဲ မှီနေကြောင်းကို သူသတိထားမိလိုက်သည်။

ကျင်းယန်၏ လက်မှ လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့ရသည်။

ကလေးမလေး၏အရပ်ကို သူ့၏အရပ်နှင့် နှိုင်းယှဥ်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြန်သည်။

ယင်ရိလျို အရပ်ရှည်လာတာလား?

ကျင်းယန် သူမကိုတော့ မမေးခဲ့ပါချေ။ သူ ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ကျောင်းစီဟွေ့ကို ဤကိစ္စအား မေးမြန်းလိုက်လေသည်။

ကျောင်းစီဟွေ့ မျက်မှောင်ကြုတ်ပြီး ပြန်စဥ်းစားလိုက်၏။“မဖြစ်နိုင်တာ ထုထုက အရမ်းငယ်ပါသေးတယ်.. အရပ်ရှည်တာ သိသာရမယ့်အရွယ် မရောက်သေးဘူးလေ”

ယင်ရိလျိုက ကလေးတစ်ယောက်နှင့် လုံးဝမတူဘဲ သာမာန်ထက်ထူးကဲစွာ ဉာဏ်ကောင်းပြီး ရင့်ကျက်သောကြောင့် ဖြစ်နိုင်၏။

သူတို့က သူမကို ကလေးတစ်ယောက်နှယ် မဆက်ဆံခဲ့ကြချေ။

ကျင်းယန်သာလျှင် ကလေးမလေးကို အလွန်အမင်းဂရုစိုက်ပေးပြီး သူမစားနေလျှင် အရိုးများနွှင်ပေးခြင်း သူမ ရေသောက်လျှင် ရေအပူချိန်ကို စမ်းသပ်ပေးခြင်းတို့ လုပ်တတ်လေသည်။

သို့သော်လည်း ယနေ့တွင် ယင်ရိလျိုကို အပေါ်ဝတ်အင်္ကျီဝတ်ပေးနေစဥ်က ကလေးမလေး၏ နူးညံ့ပြီးသွယ်လျသော လက်ကောက်ဝတ်များ အနည်းငယ်ပေါ်နေသည့် အခြေအနေကို ကျောင်းစီဟွေ့ မှတ်မိသွားခဲ့၏။

ထိုအခိုက်တွင် ကျောင်းစီဟွေ့၏ မူလက သေချာနေသော စကားလုံးများက မရေမရာဖြစ်လာခဲ့သည်။

သူမ ကျင်းယန်ကို ကြည့်လိုက်မိ၏။

“သူမ တကယ် အရပ်ရှည်လာတာလားမသိဘူး”

ထိုအခိုက်တွင် ကလေးမလေးက ရေချိုးပြီးနောက် ဆံပင်ကိုသုတ်ကာ ခြေထောက်တွင် ကွင်းထိုးဖိနပ်လေးစီးပြီး အခန်းထဲမှ ပြေးထွက်လာခဲ့သည်။

ထိုအချိန် ကျင်းယန်တစ်ယောက် သူမ၏ခေါင်းထိပ်နှင့် သူ့ဒအရပ်ကို တိတ်တဆိတ် တိုင်းတာကြည့်ပြီးမျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ရ၏။

ယင်ရိလျိုက ကျိန်းသေအရပ်ရှည်လာခဲ့သည်။

ထို့အတူ အနည်းငယ်လောက်သာ ရှည်လာခဲ့ခြင်း မဟုတ်ပါချေ။

All Chapters