အခန်း (၁၀၅)
Vol. 11 Ch. 105
*(105)
အခြေစိုက်စခန်းအတွင်းရှိ အာဏာရှိလူများကြားတွင် နှစ်ရက်ကြာအောင် ဆွေးနွေးညှိနှိုင်းပြီးနောက် ရှင်ကျန်နေဆဲဖြစ်သော အခြေစိုက်စခန်း တစ်ခုချင်းစီသို့ အကူအညီထောက်ပံ့ရန်အတွက် စေလွှတ်မည့် လူစာရင်းကို နောက်ဆုံးတွင် သဘောတူခဲ့ကြသည်။
စစ်တပ်ယူနီဖောင်းနှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် လီကျန်ကျောင်းမှာ အစည်းအဝေးလုပ်နေစဉ်က ချရေးထားသည့် မှတ်စုကို လက်မောင်းကြားညှပ်ထားပြီး အေးစက်သောမျက်နှာထားနှင့်အတူ နားနေခန်းထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့၏။
လီကျန်ကျောင်းကို ကောင်းကောင်းသိသည့် သူများဆိုပါက သူ့၏အခြေအနေမှာ ပေါက်ကွဲလုနီးပါးဖြစ်နေကြောင်း သိကြလိမ့်မည်ဖြစ်သည်။
လူအားလုံးက သူတို့၏ လုပ်လက်စ အလုပ်များကိုရပ်တန့်လိုက်ပြီး အလေးပြုလိုက်ကြ၏။ လီကျန်ကျောင်းက သူတို့ကို ခေါင်းညိတ်၍အသိအမှတ်ပြုလိုက်ပြီး ဝူရှန်းလင်းနှင့်အတူ အခန်းထဲဝင်လာခဲ့သည်။
တံခါးကိုပိတ်ပြီးသည်နှင့် လီကျန်ကျောင်းက သူ့လက်ထဲက အစည်းအဝေးမှတ်စုကို စားပွဲပေါ် ပစ်ချလိုက်သောကြောင့် ဘန်းခနဲ အသံထွက်လာလေ၏။
လီကျန်ကျောင်းက ထွက်ပေါ်လာသော ဒေါသကိုဖိနှိပ်လိုက်သည်။ သို့သော်လည်း သူ၏အရှိန်အဝါမှာ ယဥ်ကျေးသိမ်မွေ့သော သက်လတ်ပိုင်းဗိုလ်ချုပ်ကြီးအဖြစ်မှ ရက်စက်သောခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားပေသည်။
“အဲဒီ ခေတ်နောက်ကျတဲ့လူအိုကြီးက ငါနဲ့ ထိုက်ချီလာကစားနေတာပဲ! ဒါကို ကြည့်စမ်းပါ ..ဒီနှစ်ရက်သာ နောက်ကျသွားရင် အပြင်က အခြေစိုက်စခန်းတွေက ပိုပြီးတော့တောင်မှ အန္တရာယ်ကြီးလာတော့မှာ!”
အဖွဲ့နှစ်ဖွဲ့ကြားတွင် ငြင်းခုန်နေရသည်မှာ သူတို့၏အိမ်နီးချင်း စီရင်စုဖြစ်သည့် မြို့တော်Wနှင့် မြို့တော် M ကြားတွင် ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေခြင်းကြောင့်ဖြစ်၏။
ထိုသစ်ပင်ကြီးက နဂါးပျံအခြေစိုက်စခန်းကို ခြိမ်းခြောက်နေသည့် လက်သည်တရားခံလည်း ဖြစ်ပေသည်။
သူတို့ လက်ခံရရှိထားသည့် အချက်အလက်များအရ ဧရာမသစ်ပင်ကြီးမှာ မြန်ဆန်စွာကြီးထွားနေလေ၏။
ထိုဧရာမသစ်ပင်ကြီးထဲတွင် ကြီးထွားလာစေရန်နှင့် သန္ဓေပြောင်းလာစေရန် လှုံ့ဆော်နေသည့်အရာတစ်ခု ရှိပုံရသည်။ ဧရာမသစ်ပင်ကြီးက သူ့ကိုယ်သူ သန်မာလာစေရန်အတွက် အနီးနားပတ်ဝန်းကျင်မှ သက်ရှိအရာများကို အဆတ်မပြတ်ဝါးမြိုနေခဲ့သည်။
ထို့ကြောင့် ဧရာမသစ်ပင်ကြီး၏ ကြီးထွားမှုက မြို့တော် W၏ အစွန်းကိုပင် ရောက်ရှိလာပြီဖြစ်၏။ နဂါးပျံအခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူအများအပြားမှာလည်း ထိုသစ်ပင်ကြီး၏တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့ကြရသည်။
ထိုအချိန်တွင် အနီးနားဧရိယာမှ တခြားတိရစ္ဆာန်များ၊ အပင်များသည်လည်း အပြင်ဘက်လောကရှိ အပင်များထက် ပို၍အရေအတွက်များလာပြီး အရွယ်အစားကြီးမားလာကြလေ၏။
ဤသဘာဝဖြစ်စဥ်က မြို့တော်B၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့လေ၏။
မြို့တော်Z အခြေစိုက်စခန်းအနေဖြင့် ဤနက်နဲသည့် ထောက်လှမ်းစုံစမ်းမှုတွင် ကူညီရမည်ဟူသည့် အမိန့်ကို အထက်လူကြီးများက ချက်ချင်း ထုတ်ပြန်ခဲ့သည်။
ဤလုပ်ငန်းစဥ်အတွက် မြို့တော်Bမှ ဗဟိုအစိုးရက ဧရာမအပင်ကြီးကို အမြစ်ပြတ်သုတ်သင်ပြီး ထိုပြဿနာ၏ နောက်ကွယ်မှ ဖြစ်နိုင်ချေရှိသည့် အကြောင်းအရာကို တူးဖော်ရာတွင် မြို့တော်Z ရှိ ဆင့်ကဲပြောင်းလဲသူများနှင့် ပူးပေါင်းရန်အတွက် ဆင့်ကဲပြောင်းလဲသူ အသင်းတစ်သင်းကိုလည်း စေလွှတ်မည်ဖြစ်၏။
ဤမစ်ရှင်က အရေးကြီးသောကိစ္စများနှင့် ဆက်စပ်နေသောကြောင့် လီကျန်ကျောင်းအနေဖြင့် ကယ်ဆယ်ရေးအသင်း၏ အဖွဲ့ဝင်များက သူ၏ကိုယ်ပိုင်လူယုံများဖြစ်ရန် လိုအပ်ပေသည်။
ထိုမှသာ အချက်အလက်များယူရာတွင် လက်ဦးမှုရပြီး ပို၍အဆင်ပြေပေလိမ့်မည်။
တိုက်ဆိုင်စွာဖြင့် နျိုဖေးဟောင်တွင်လည်း တူညီသောအကြံရှိနေခဲ့လေသည်။
ဤကိစ္စကို နှစ်ယောက်သားက အတော်ကြာအောင် ပြင်းထန်စွာ ယှဥ်ပြိုင်ခဲ့ကြပြီး နောက်ဆုံး၌ ကယ်ဆယ်ရေးအသင်းတွင် လင်းယုန်နီအသင်းနှင့် နျိုဖေးဟောင်၏ နောက်လိုက်များ အတူတကွ ပါဝင်ခဲ့ကြ၏။
တခြားတစ်ဖက်၌ ကျင်းယန်နှင့် သူ၏အသင်းကတော့ သားရဲလှိုင်းတိုက်ခိုက်ခြင်းခံရသည့် အိမ်နီးချင်းမြို့တော်Aဆီ သွားရန် စီစဥ်ပေးခံရလေသည်။
*
ဝူရှန်းလင်းက လီကျန်ကျောင်း ဒေါသပြေစေရန်အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်၏။
စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသော အမျိုးသားက ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
လီကျန်ကျောင်း အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိလိုက်ပြီး ဖြည်းဖြည်းချင်း ရှိုက်ဖွာလိုက်လေ၏။
ထိုသည်ကိုမြင်မှသာ လီကျန်ကျောင်း စိတ်တည်ငြိမ်သွားပြီဖြစ်ကြောင်းကို ဝူရှန်းလင်း သိလိုက်သည်။
သူက စားပွဲသို့သွား၍ ပြန့်ကျဲနေသော စာရွက်စာတမ်းများကို စီပြီးပြောလိုက်သည်။
“တကယ်တော့ ဒေါသထွက်နေဖို့မလိုပါဘူး.. လျိုဝေ့ဟုန်က ကျွန်တော်တို့ဆီကို အသုံးဝင်တဲ့အရာတစ်ခုခု ပြန်ယူလာပေးမယ်ဆိုတာကို သံသယဝင်နေစရာ မလိုဘူးလေ..
ခင်ဗျားက ရှူးယန်အသင်းကို တန်ဖိုးထားတယ်ဆိုတာကို ကျွန်တော်သိပေမယ့် သေသေချာချာစဥ်းစားကြည့်ရင် ရှူးယန်အသင်းက စစ်တပ်အခြေစိုက်စခန်းရဲ့ တစ်စိတ်တစ်ပိုင်းမှမဟုတ်ဘဲ..
သူတို့က ကျွန်တော်တို့နဲ့ ဝေးနေတဲ့အချိန်မှာ ထိန်းချုပ်ဖို့ ပိုခက်နေလိမ့်မယ်”လီကျန်ကျောင်း မျက်မှောင်ကြုတ်လိုက်ပြီး လက်ချောင်းကြားထဲတွင် စီးကရက်ညှပ်ထားရင်းဖြင့် ရေခွက်ကိုကိုင်ကာ မော့သောက်လိုက်သည်။
နောက်ဆုံး၌ သူက မည်သည့်စကားကိုမှ မပြောခဲ့ချေ။ ဖန်ခွက်ကို သူ့ဘေးဘက်မှ စားပွဲပေါ်တင် ထရပ်လိုက်ပြီး အိပ်ယာဆီသွားလိုက်၏။
ဝူရှန်းလင်းသည်လည်း ဗိုလ်ချုပ်ကြီးမှ သူ့စကားများကို သဘောတူကြောင်းကို သိရှိလိုက်ပြီး ပစ္စည်းများကို ထုပ်ပိုးပေးလိုက်လေသည်။
ထိုနေ့ နေ့လည်တွင် ကျင်းယန်နှင့်တခြားလူများက နေ့လည်စာ စားပြီးစအချိန်တွင် သူတို့၏ဆက်သွယ်ရေးစက်များမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ကြ၏။
နောက်နေ့မနက် ခြောက်နာရီတွင် ထွက်ခွာရမည်ဟု ကြားလိုက်ရသောကြောင်း ကျောင်းချီယန်တစ်ယောက် ဆိုဖာပေါ်မှ ခုန်ထလိုက်လေသည်။
“နောက်ဆုံးတော့ ကိုယ်လက်လှုပ်ရှားဖို့ အချိန်ကိုရောက်လာပြီပဲ! ကျွန်တော် အိမ်ထဲမှာပဲနေရလို့ မွန်းကြပ်နေခဲ့တာ!”
ကျောင်းစီဟွေ့က ရူးကြောင်ကြောင်မောင်ဖြစ်သူကို အေးစက်စွာ ကြည့်ကာ နားရွက်ကို ဆွဲလိမ်လိုက်၏။
“ဘာလို့ လျှောက်ပြီးခုန်ပေါက်နေတာလဲ? လာပြီး ပန်းကန်ဆေးလိုက်”
တခြားလူများအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်သောဘဝကို အိပ်မက်သာ မက်နိုင်သော်ငြား သူမ၏ မောင်အလိမ္မာလေးကတော့ မစ်ရှင်သွားရမည်ဟု ကြားရချိန်တွင် တခြားလူများထက် ပို၍စိတ်လှုပ်ရှားနေလေသည်။
နောက်ဆုံးတွင် ကျောင်းချီယန်က ရက်စက်သည့် လောကဓံ၏ ရိုက်ခတ်ခြင်းများကို အပြည့်အဝမကြုံတွေ့ရသေးချေ။
ယင်ရိလျိုက ခြေထောက်လေးများကို တွဲလောင်းချ၍ ခွေးခြေခုံပေါ်တွင် အနားယူနေခဲ့သည်။
လူသားဖြစ်လာပြီးနောက် သူမ၏စားချင်စိတ်က ပို၍တိုးပွားလာခဲ့၏။
ကျောင်းစီဟွေ့က ကြက်သားနှပ်လုပ်ရန်အတွက် ယနေ့ နေ့လည်၌ လတ်ဆတ်သည့် သန္ဓေပြောင်းကြက်သားတစ်ပိုင်းကို အမှတ်ခန်းမတွင် သွားလဲလှယ်ခဲ့သည်။
သူမလုပ်ပေးသော ကြက်သားနှပ်က အလွန်အရသာရှိသောကြောင့် သူမ အားရပါးရ စားမိသွားလေသည်။
ထို့နောက်တွင် သူမ အစားလွန်သွားသောကြောင့် သူမ၏ဗိုက်လေးမှာ အနည်းငယ်ဖောင်းကားနေခဲ့၏။
သူမက ခြေထောက်များကိုလှုပ်၍ လေချဥ်တက်လိုက်လေ၏။
ထို့နောက် ခွေးခြေခုံပေါ်မှ ခုန်ချလိုက်ပြီး သူမ၏ပန်းကန်နှင့် တူကို မီးဖိုချောင်သို့ ယူသွားပေးလိုက်သည်။
ကျောင်းစီဟွေ့လည်း မီးဖိုချောင်ထံ တစ်လှမ်းချင်း လျှောက်လာနေသော ကလေးမလေးကို မြင်လိုက်ရ၏။
သူမက ချက်ချင်းပင် အစ်မကောင်းတစ်ယောက်၏ မျက်နှာကိုဆင်မြန်းကာ ယင်ရိလျို၏ခေါင်းလေးကိုပုတ်ပြီး လက်ထဲမှ ပန်းကန်ကိုယူလိုက်သည်။
“အပြင်ဘက်မှာ သွားဆော့လိုက်နော်”
ယင်ရိလျို လက်ဆေးပြီး ဧည့်ခန်းထဲဝင်လာချိန်တွင် နံရံဘေးတွင် မတ်တတ်ရပ်နေသော ကျင်းယန်ကို မြင်လိုက်ရ၏။
ထို့နောက် ကျင်းယန်က သူမကိုမြင်သွားခဲ့ကာ သူ့ထံသို့လာရန် လက်ဟန်ပြလိုက်လေသည်။
*
ယင်ရိလျို၏ မသိစိတ်မှ နိမိတ်မကောင်းသော ခံစားချက်ရနေခဲ့၏။
ဤသည်မှာ ကျင်းယန်က အကျင့်မကောင်းသောကြောင့်မဟုတ်ဘဲ ဤရက်များတွင် သူက သင်ကြားရာတွင် အလွန်လေးနက်လာသောကြောင့်ဖြစ်သည်။
သူ၏သင်ကြားပေးခြင်းက တင်းကြပ်လွန်းသဖြင့် သူမအတွက် ခုခံရန် ခက်ခဲနေခဲ့၏။
ထို့ကြောင့် ကျင်းယန် သူမကိုလှမ်းခေါ်သည့်အခိုက် အလီဇယားကို ထပ်၍အလွတ်ရွတ်ရတော့မည်ဟု
တွေးလိုက်မိသည်။
မဟုတ်သေးပါဘူး။
နေဦး ဖတ်စာအုပ်တွေကို ဖတ်ရတာက ညနေခင်းမှမဟုတ်ဘူးလား?
ယခုက နေ့လည်ဘက်သာရှိသေးသည့်အတွက် သူမ အနည်းငယ် စိတ်သက်သာရာရသွားခဲ့လေ၏။
သူမ ကျင်းယန်အနားသို့ ပြေးသွားခဲ့ပြီး သူမ၏ ကွင်းထိုးဖိနပ်လေးက တရှပ်ရှပ် အသံများထွက်လာခဲ့သည်။
ယင်ရိလျို ထိုအမျိုးသားကို ကြည့်ရန် ခေါင်းမော့လိုက်၏။
“ဘာဖြစ်လို့လဲ”
“ဒီကိုလာခဲ့”
ကျင်းယန် ကလေးမလေး၏ပုခုံးကို ညင်သာစွာ ပွေ့ဖက်လိုက်ပြ နံရံတွင် ကျောကပ်ရပ်စေခဲ့သည်။
ထို့နောက် သူမ၏ ခေါင်းပေါ်ရှိ နံရံပေါ်၌ မျဉ်းတစ်ကြောင်း ဆွဲလိုက်လေသည်။
ယင်ရိလျိုက ကျင်းယန်၏ အထိအတွေ့ကို ခံစားမိလျှင် နားရွက်လေးထောင်သွားရပြီး
မထိန်းနိုင်ဘဲ လည်ပင်းကိုကျုံ့လိုက်မိ၏။
သူမ ခေါင်းလှည့်ကြည့်လိုက်လျှင် ကျင်းယန်က နံရံပေါ် အမှတ်အသား ပြုလုပ်လိုက်ကြောင်းကို မြင်လိုက်ရလေ၏။ ထိုအမှတ်အောက်တွင် နောက်ထပ်အမှတ်တစ်ခု ရှိနေခဲ့သည်။
မျဥ်းကြောင်းနှစ်ခုက အလွန်နီးကပ်နေပြီး ကျင်းယန်ကတော့ လေးလေးနက်နက် စဉ်းစားနေလေသည်။
သူ၏ခန့်မှန်းချက်က မှန်ကန်နေပေ၏။
ယင်ရိလျိုက ဖွံ့ဖြိုးလာနေပြီး ပုံမှန်မဟုတ်သော အမြန်နှုန်းဖြင့်ပင် ဖွံ့ဖြိုးနေခဲ့သည်။ နှစ်ရက်အတွင်းပင် သုံးစင်တီမီတာလောက် ကွာခြားနေခဲ့သည်။
သုံးစင်တီမီတာက များသည်ဟု မထင်ရသော်ငြား ကျင်းယန် ဂရုတစိုက်တွက်ချက်ကြည့်ပြီးနောက် ယင်ရိလျို၏ ကြီးထွားနှုန်းက သာမာန်ကလေးတစ်ယောက်၏ နှစ်ဆဖြစ်နေသည်ဟု ကောက်ချက်ချလိုက်မိသည်။
ကျင်းယန် သူ၏ဘေးနားမှ နုံအအ ကလေးမလေးကို ကြည့်လိုက်မိ၏။
သူ ဂရုတစိုက် ပျိုးထောင်ခဲ့သော သားပေါက်လေးက နှစ်နှစ်အတွင်းပင် အရွယ်ရောက်လာနိုင်ပေသည်။
ထို့နောက် သိပ်မကြာသေးခင်က ကျောင်းစီဟွေ့ ပြောခဲ့သည်ကို အမှတ်ရလိုက်၏။
မိန်းကလေးများက ပို၍ထိရှလွယ်ပြီး နုနယ်ကြသည်။ကလေးမလေးကို ဂရုစိုက်ချင်လျှင်
သူမ နှစ်သက်သည့် အရာဝတ္ထုများကို ဝယ်ပေးရမည်။ ထိုမှသာလျှင် သူမတစ်ယောက်တည်းဖြစ်နေချိန်၌ အထီးကျန်မှုကို မခံစားရဘဲနေလိမ့်မည်။
သူ ခေါင်းကို အသာအယာငုံ့ကိုင်း၍ ယင်ရိလျို၏ မျက်နှာသေးသေးလေးကို ကြည့်ပြီး ပြောလိုက်၏။
“မနက်ဖြန် ကောတို့ ထွက်ခွာတော့မှာ.. မင်းလိုချင်တာ တစ်ခုခုရှိလား?”
ယင်ရိလျို တခဏမျှတွေးလိုက်ပြီး မရှိကြောင်းပြောရန် ခေါင်းယမ်းလိုက်သော်ငြား သူမ၏ပါးစပ်ကိုဖွင့်လိုက်ချိန်မှာပင် မထိန်းနိုင်ဘဲ ကြို့ထိုးလိုက်မိသည်။
သူမ၏အစာအိမ်က မွှေ့ယမ်းနေပုံရပေသည်။ ယင်ရိလျို သူမ၏ ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်လိုက်၏။
ဘာဖြစ်နေတာလဲ?
သူမ အများကြီး စားလိုက်မိလို့လား?