အခန်း (၁၀၆)
Vol. 11 Ch. 106
*(106)
ယင်ရိလျိုတစ်ယောက် ကြို့ထိုးချင်စိတ်ကို ဖိနှိပ်ရန်ကြိုးစားခဲ့သော်ငြား သူမ မည်မျှပင် ကြိုးစားပါစေ မထိန်းချုပ်နိုင်ပါချေ။
ကလေးမလေးက မရပ်မနားကြို့ထိုးနေသည်ကို မြင်လျှင် ကျင်းယန်မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ဧည့်ခန်းစားပွဲထံသို့ လျှောက်သွားပြီး ကလေးမလေးအတွက် ရေနွေးတစ်ခွက် လောင်းထည့်လိုက်ပြီး သူမကို လှမ်းပေးလိုက်၏။
“ရေနည်းနည်းသောက်လိုက်”
ယင်ရိလျို ခေါင်းညိတ်လိုက်ပြီးနောက် ထပ်၍ ကြို့ထိုးလိုက်မိသည်။ သူမ အလွန်ရှက်ရွံ့လာသောကြောင့် ကျင်းတစ်ခုထဲသို့ ဝင်ပြီး ပုန်းနိုင်ရန်သာ ဆုတောင်းလိုက်မိ၏။
ရေနွေးအနည်းငယ် သောက်ပြီးနောက်တွင် သူမ၏ ကြို့ထိုးချင်စိတ်က လျော့ကျသွားပြီဟု ခံစားရသော်ငြား သူမ၏ပါးစပ်မှ တစ်ခါတစ်ခါ အသံထွက်လာနေသေးသည်။
ဤအခြေအနေကိုမြင်လျှင် ကျင်းယန်တစ်ယောက် ကလေးမလေးက အစာမကြေဖြစ်နေသည်ဟု တွေးမိလေ၏။ ယနေ့တွင် ကလေးက နေ့လည်စာအများအပြား စားခဲ့လေသည်။
ကျင်းယန် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
သူက ယင်ရိလျိုကို အစာကြေစေရန် လမ်းလျှောက်သွားမည်ဖြစ်ကြောင်း အိမ်ထဲမှ ကျောင်းမောင်နှမကို ပြောလိုက်လေ၏။
ယင်ရိလျိုက အရပ်ပုပြီ ကျင်းယန်က အလွန်ပင်အရပ်ရှည်နေ၏။
ယင်ရိလျို လူသားတစ်ယောက်အဖြစ်ပြောင်းလဲသွားပြီးနောက်တွင် ကျင်းယန်က သူမကို ပွေ့ချီခဲလေသည်။
ဆိုရလျှင် သူက ကလေးမလေး၏ အဖေအရင်းမဟုတ်ပေ။ ထို့ကြောင့် သူမကို ပွေ့ချီရန်က သူ့အတွက် အနည်းငယ် မသင့်တော်ဟု ထင်မိသည်။
ကလေးတစ်ယောက်အနေနှင့် ကျား၊မ လိင်ကွဲပြားမှုကို ယင်ရိလျို၏စိတ်ထဲ တဖြည်းဖြည်း သိသွားစေချင်၏။
ထိုမှသာ ယုန်လေးက အနာဂတ်တွင် ကောင်လေးများထံမှ လှည့်စားခံရသည်အထိ အသိပညာကင်းမဲ့ခြင်း၊ နုံအခြင်းတို့ မဖြစ်မည်ပင်။
ထို့ကြောင့် ကျင်းယန်က ယင်ရိလျို ဆုပ်ကိုင်နိုင်ရန်အတွက် သူ့လက်ကိုသာ ဆန့်ထုတ်လိုက်လေ၏။
ကလေးမလေး၏ သေးငယ်နူးညံ့သော လက်ဖဝါးကို သူ၏လက်ဖြင့် ဆုပ်ကိုင်ပြီး တံခါးအပြင်သို့ ဦးဆောင်သွားလိုက်သည်။
သူက အရပ်ရှည်ပြီး ခြေတံရှည်ရှည်များရှိသော်ငြား သူ၏နောက်မှ ခြေတံတိုတို ကလေးမလေး လိုက်မီစေရန်အတွက် အလွန်နှေးကွေးစွာ လျှောက်နေခဲ့၏။
သူ၏သူငယ်ချင်းလေးက ခုန်ပေါက်တော့မည်ကို သတိထားမိသည့်အခိုက်တွင်လည်း သူမ ဗိုက်နာသွားမည်ကို စိုးရိမ်သည့်အတွက် သူမကိုတားမြစ်လိုက်ပြီး နှေးကွေးစွာသာ လမ်းလျှောက်စေခဲ့သည်။
ယင်ရိလျို နှာခေါင်းလေးကိုရှုံ့လိုက်မိပြီး သူမက ထိုမျှ မနုနယ်ဟု တွေးနေလေ၏။
*
အခြေစိုက်စခန်းရှိ ဆင့်ကဲပြောင်းလဲသူတစ်ဝက်ကို စစ်ဆင်ရေးအတွက်စေလွှတ်ရမည်ဖြစ်သောကြောင့် လမ်းပေါ်တွင် မရင်းနှီးသော လူအများအပြားရှိနေကာ သူတို့၏အထောက်အပံ့ပစ္စည်းများကို သိုလှောင်ရန် ဝယ်ယူနေကြလေသည်။
ထို့ကြောင့် တစ်မြို့လုံးက ပျားပန်းခတ်နေလေ၏။
သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဝက်ဝံတစ်ကောင်အဖြစ် အသွင်ပြောင်းထားပြီး အလွန်ကြီးမားလွန်းသည့် အိတ်တစ်လုံးကို သယ်ထားသောအမျိုးသားတစ်ယောက်ကို မြင်လိုက်ရချိန်တွင် ယင်ရိလျိုတစ်ယောက် မထိန်းနိုင်ဘဲ မျက်လုံးများပြူးကျယ်သွားရသည်။
ဤအမျိုးသား၏အသွင်က သူမ၏ယုန်နားရွက်များထက်ပင် ပို၍ပေါ်လွင်ကာ ထင်ထင်ရှားရှားဖြစ်နေ၏။
ကျင်းယန်တစ်ယောက် သူ့၏ဘေးမှ ကလေးမလေးက နောက်ဘက်ကိုလည်ပြန်လှည့်ပြီး အမွှေးပွပွရင်ဘက်နှင့် ခန္ဓာကိုယ်တစ်ဝက် အဝတ်ဗလာဖြစ်နေသော ဝက်ဝံအမျိုးသားကို အံ့ဩတကြီး စိုက်ကြည့်နေကြောင်းကို သတိထားမိလျှင် မျက်မှောင်ကြုတ်မိသွားသည်။
သူက ယင်ရိလျို၏ အမြင်အာရုံကို နှောင့်ယှက်လိုက်ပြီး ကလေးမလေး၏ နဖူးကိုအသာအယာ ပုတ်လိုက်သည်။
“သတိထားပြီးလျှောက်လေ”
ယင်ရိလျိုက နာခံစွာခေါင်းငြိမ့်လိုက်ပြီး အရှေ့သို့ပြန်လှည့်လိုက်ကာ ကျင်းယန်၏လက်ချောင်းများကို ဆုတ်ကိုင်လျက် ရှေ့ငို့ဆက်လျှောက်လိုက်၏။
ကျင်းယန်တစ်ယောက် ခဏမျှ စိတ်ရှုပ်ထွေးသည့် အခြေအနေထဲ ကျရောက်သွားသည်။
ကလေးမလေးရဲ့ အသွင်အစစ်က ယုန်တစ်ကောင်ဖြစ်နေလို့ သူမရဲ့အကြိုက်က လူသားတွေရဲ့အကြိုက်နဲ့ ကွာခြားနေပြီး ဒီလိုမျိုး အမွှေးပွပွနဲ့ သန်မာတဲ့အမျိုးသားတွေကို ကြိုက်တာဖြစ်နိုင်လောက်မလား?
ယင်ရိလျို၏ ‘အကြိုက်’ကို ကျင်းယန် ရှုံ့ချနေခြင်း မဟုတ်ပါချေ။
ကလေးမလေးက တခြားအမျိုးသားများ၏ ပုံပန်းသွင်ပြင်ကြောင့် လှည့်စားခံရမည်ကိုသာ စိတ်ပူနေခြင်းဖြစ်၏။
တစ်ချိန်တည်းတွင် တစ်နေ့နေ့၌ သူ အသေးစိတ်ဂရုစိုက်ပေးခဲ့သော ကလေးမလေးကို တခြားလူတစ်ယောက်က ချော့ခေါ်သွားမည့် အကြောင်းအား စဥ်းစားမိသည့်အချိန်တိုင်း သူ၏နှလုံးသားထဲမှ မပျော်ရွှင်မှုကို ခံစားရသည်။
ဤအကြောင်းကို စဥ်းစားရန်က အလွန်စောလွန်းသေး၏။
အဆုံးတွင် သူက သူ၏နှလုံးသားထဲတွင် ဒုက္ခပေးနေသည့် စိတ်အနှောင့်အယှက်ဖြစ်မှုကို လျစ်လျူရှုပြီး သူငယ်ချင်းလေးကို စူပါမားကတ်ထဲ ခေါ်သွားခဲ့လေသည်။
စူပါမားကတ်၏ငွေကိုင်က ယခင်တစ်ယောက်ပင်ဖြစ်နေသေးပြီး သူမတွင် ကျင်းယန်နှင့် ယင်ရိလျိုတို့အတွက် ကောင်းမွန်သော ထင်မြင်ချက်ရှိသည်။
အမျိုးသားမှာ အေးစက်ချောမောကာ ကလေးကလည်း ချစ်စရာကောင်းပေသည်။
သူတို့က အောက်ခြေနက်လွန်းသည့်သော အိတ်ကပ်ကြီးများကိုပိုင်ဆိုင်သည့် ဖောက်သည်ကြီးများဖြစ်ကြ၏။(T/N-အောက်ခြေနက်တဲ့ အိတ်ကပ်ဆိုတာက အမှတ်(ပိုက်ဆံ)အများကြီးရှိတဲ့ သူဌေးတွေလို့ ဆိုလိုချင်တာပါ)
ယင်ရိလျို သူမ၏နေရာလွတ်ထဲ ကြည့်လိုက်ပြီး ပြန်လည်ဖြည့်တင်းရန် လိုအပ်သောပစ္စည်းများကို ကျင်းယန်အား တီးတိုးပြောပြခဲ့သည်။
သူတို့ရွေးချယ်ပြီးနောက်တွင် ကောင်တာသို့သွားရန် ပြင်ကြလေ၏။
ရုတ်တရက် ယင်ရိလျို ဆုတ်ကိုင်ထားသော လက်ချောင်း၏ပိုင်ရှင်သည်က ခြေလှမ်းကိုရပ်တန့်လိုက်သည်။
သူမ လှည့်ကြည့်လိုက်ချိန်တွင် ကျင်းယန်က တစ်စုံတစ်ခုကို အသေအချာ စိုက်ကြည့်နေကြောင်း မြင်လိုက်ရ၏။
ထိုအမျိုးသားက ပစ္စည်းတင်ထားသည့် စင်ထံသို့ တိတ်တဆိတ်လျှောက်သွားပြီး ခြင်းထဲမှ ပန်းရောင်ရှိသော အမွှေးပွပွတစ်စုံတစ်ရာကို ကောက်ယူလိုက်ပြီး ကောင်တာရှိ ပစ္စည်းပုံကြီး၏ထိပ်တွင် ထားလိုက်သည်ကို သူမတွေ့မြင်ခဲ့ရသည်။
“ ငွေရှင်းပါမယ်”
ယင်ရိလျိုတစ်ယောက် ထိုအရာက မည်သည့်ပစ္စည်းဖြစ်ကြောင်းကို မြင်နိုင်ရန် သူမ၏ ခြေဖျားထောက်လိုက်၏။ အရောင်ကို အကဲဖြတ်ခြင်းအားဖြင့် ကျင်းယန်က သူမအတွက် ဝယ်ယူခဲ့ခြင်းဖြစ်ရမည်။
ကျင်းယန်က သူမ၏ခေါင်းလေးကို ပွတ်လိုက်သည်။
ပစ္စည်းများအတွက် ပေးချေပြီးနောက် ကျင်းယန်က ထိုပစ္စည်းကို သူမ၏လက်ထဲသို့ တိုက်ရိုက်ထိုးပေးလာခဲ့လေ၏။
သူမ၏လက်ထဲမှပစ္စည်းမှာ နူးညံ့ပြီး အမွှေးပွလေသည်။ ယခုချိန်မှသာ ကျင်းယန် တကူးတက ပြန်လှည့်ပြီး ဝယ်ယူခဲ့သည့်အရာက ပန်းရောင် အမွှေးပွရုပ်တစ်ခုဖြစ်ကြောင်း ယင်ရိလျို ရှင်းလင်းစွာ မြင်လိုက်ရ၏။
အရုပ်၏ခန္ဓာကိုယ်က အလွန်ဖောင်းကစ်နေသဖြင့် ပုံစံကိုအခြေခံပြောရလျှင် အဝိုင်းပုံသာဖြစ်ပြီး အနက်ရောင် မျက်လုံးကျောက်နှစ်ခုနှင့် စီခြယ်ထားပြီး အမွှေးကမူ ထူထဲသည်ဟု ခံစားရသည်။
သူမ၏မျက်နှာကို အရုပ်ထဲတွင် မြှုပ်ပြီး အသက်ပြင်းပြင်းရှူလိုက်ချင်သော်လည်း ကျင်းယန်၏ တားဆီးခြင်းခံလိုက်ရ၏။
“ကောတို့ အိမ်ပြန်ရောက်ရင် ဒါကို လျှော်ရဦးမယ်.. ပြီးသွားရင် မင်း ကစားလို့ရတယ်”
နောက်ဆုံး၌ ဤအရုပ်မှာ အပြင်ဘက်တွင် ရှိနေသည်မှာ အလွန်ကြာပြီဖြစ်သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် မည်သူကမှ အမွှေးပွအရုပ်များကို ဝယ်ကြတော့မည် မဟုတ်ချေ။
ထိုကြောင့် ထိုအရုပ်ပေါ်တွင် ဖုန်အများအပြား စုပုံလာလေ၏။
ယင်ရိလျို ခေါင်းငြိမ့်ပြကာ ထိုအရုပ်ကို အားရအောင် ညှစ်ကြည့်ပြီးနောက် အိတ်ထဲသို့ပြန်ထည့်လိုက်သည်။
သူမက ထိုအရုပ်ကိုကြိုက်နှစ်သက်ကြောင်း မြင်လိုက်ရသဖြင့် ကျင်းယန် အနည်းငယ်စိတ်သက်သာရာရသွား၏။
ကျောင်းစီဟွေ့က ကလေးမလေးများ၏ စိတ်ကို ကောင်းကောင်းနားလည်ပုံရသည်။
ယင်ရိလျိုတစ်ယောက် သူမ လမ်းလျှောက်နေရ််းဖြင့် ကြို့ထိုးခြင်း ရပ်တန့်သွားကြောင်း သတိထားမိလိုက်၏။ သူမ၏ ဗိုက်ကိုထိကိုင်ပြီး အခြေစိုက်စခန်းထဲမှ တစ်ခုတည်းသော ဆေးစင်တာဆီသို့ ကျင်းယန်နောက်မှ လိုက်လာခဲ့သည်။
ဤနေရာအတွက် သူမ၏ခံစားချက်များက ရှုပ်ထွေး၏။ ဤဆေးရုံကော်ရစ်တာသည် ကျင်းယန် သူမကိုရှာတွေ့ပြီး ခြေအိတ်ရုပ်ကို လုံးလုံးလျားလျား ဆုတ်ဖြဲပစ်လိုက်သည့် နေရာဖြစ်သည်။
ကျင်းယန်နှင့် ယင်ရိလျိုဝင်လာသည့်အခိုက် သူတို့ကို နှုတ်ဆက်သည့်ဆရာဝန်မှာလည်း တိုက်ဆိုင်စွာပင် လွန်ခဲ့သည့်ရက်က ယင်ရိလျို၏သွေးစစ်မှုကို ဆောင်ရွက်ပေးခဲ့သည့် ဆရာဝန်ဖြစ်နေခဲ့၏။
အရွယ်ရောက်သူနှင့် ကလေးမလေးတို့ သူ့ထံသို့ ဦးတည်၍ လျှောက်လာသည်ကို မြင်လျှင် သူ၏ရင်ထဲတွင် ထိတ်ခနဲ ခံစားလိုက်ရသည်။
သူ၏ သွေးစစ်ချက်နှင့် ပက်သက်၍ တစ်စုံတစ်ခု မှားသွားခြင်းဖြစ်မည်ဟု တွေးထင်မိသွားသောကြောင့် သူတို့ကို အမြန်ပင် အပြုံးတစ်ပွင့်နှင့် နှုတ်ဆက်ခဲ့လေသည်။
“မစ္စတာကျင်း ၊ ကလေးရဲ့ခန္ဓာကိုယ်က တစ်ခုခုဖြစ်လို့များလား?”
“မဟုတ်ပါဘူး ဆေးနည်းနည်းလောက်ဝယ်ဖို့ လာတာပါ”
ထိုအချိန်မှသာ ဆရာဝန်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်မိသည်။
သူ၏မျက်နှာပေါ်မှအပြုံးကလည်း ပို၍စစ်မှန်လာပြီး သူတို့နှစ်ယောက်ကို အတွင်းဘက်ရှိ ဆေးခန်းဆီ ဦးဆောင် ခေါ်သွားခဲ့၏။
“ခင်ဗျားလိုချင်တဲ့ ဆေးဝါးတွေကို လျှောက်ပတ်ကြည့်လို့ရပါတယ်၊ ဒီနှစ်ရက်အတွင်း ဆေးဝါးလိုအပ်မှုတွေ အရမ်းကို မြင့်လွန်းနေခဲ့တာ ဆေးတချို့ဆို ပစ္စည်းတောင် ပြတ်သွားပြီ”
ကျင်းယန်က အရက်ပြန်၊ ပိုးသတ်ဆေးအများအပြားနှင့် သုတေသနဌာနမှ အဆင့်မြင့်ထားသော ဆေးရည်များကိုလည်း ပုလင်းအနည်းငယ်ဝယ်ခဲ့လေသည်။
သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင် အကိုက်ခံရပြီးနောက် ဒဏ်ရာထဲသို့ ဘက်တီးရီးယားဝင်ရောက်မှုကို ထိုဆေးရည်က ထိရောက်စွာဟန့်တားနိုင်သည်ဟု ဆိုကြ၏။
ဤဆေးဝါးများ၏ စျေးနှုန်းက မနည်းပါချေ။ အဆင့်ငါးသန္ဓေပြောင်းမျောက်ကို အမဲလိုက်ခဲ့သည့်အတွက် သူ ရခဲ့သည့်အမှတ်များမှာ ဆေးဝါးများကို ဝယ်ယူပြီးနောက် ကုန်လုနီးပါးဖြစ်သွားရသည်။
သူတို့နှစ်ယောက် အများအပြားဝယ်ယူခဲ့သောကြောင့် မည်သူမှမရှိသည့် ထောင့်တစ်ထောင့်သို့ ရောက်သည့်အခိုက်တွင် ယင်ရိလျိုက ပါးနပ်စွာဖြင့် ကျင်းယန်၏လက်ထဲမှ အိတ်နှစ်အိတ်ကို နေရာလွတ်ထဲသို့ ထည့်လိုက်ကာ ကျင်းယန်၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပေးလိုက်၏။
သူတို့အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ပစ္စည်းများအားလုံးကို နေရာလွတ်ထဲထည့်လိုက်လေသည်။
ထိုညက ညစာမစားမီ ကျင်းယန်က အမွှေးပွအရုပ်ကို ချေးချွတ်ဆေးထဲနှစ်ပြီး အကြိမ်ကြိမ် လျှော်ဖွတ်လိုက်၏။သူငယ်ချင်းလေးက ဤအရုပ်ကို နေ့တိုင်း ကစားမည်ဖြစ်သောကြောင့် သူမ၏နုနယ်သော အရေပြားနှင့် သေချာပေါက် ထိတွေ့လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ကျင်းယန်က အရုပ်ကို လုံးလုံးလျားလျား သန့်ရှင်းသွားစေရန်အတွက် အကြိမ်ရေအနည်းငယ် သေချာလျှော်ပြီးမှ အခြောက်ခံလိုက်လေ၏။
ထိုည ယင်ရိလျို အိပ်ယာဝင်မည့်အချိန်တွင် အမွှေးပွအရုပ်က ခြောက်သွေ့သွားခဲ့ပြီဖြစ်သည်။
အလင်းရောင်တစ်ချက်ဖြင့် သူမက ပြည့်ဖြိုးသော ယုန်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူမကိုယ်သူမ အိပ်ယာထဲပစ်ဝင်ကာ နူးညံ့မွေးပျံ့သော အမွှေးပွရုပ်ထဲ နှစ်မြုပ်လိုက်၏။
အရုပ်ကို နှာခေါင်းသေးသေးလေးဖြင့် ပွတ်နေသည် ကြည့်ရသည်မှာ သူမ အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ထို့နောက် အရုပ်ကို ပါးစပ်ဖြင့်သယ်ဆောင်ပြီး သူမ၏နူးညံ့သောအသိုက်ဆီ ပြေးသွားခဲ့ပြန်၏။
သူမ အမွှေးပွအရုပ်ကို ဖက်ပြီးလှိမ့်နေချိန်တွင် ရေချိုးပြီးကာစဖြစ်ပုံရသည့် ရွှေပေါင်လုံးကြီးက အခန်းထဲသို့ ဝင်လာသည်ကိုမြင်လိုက်ရသည်။