← Chapters

အခန်း (၁၀၇)

Vol. 11 Ch. 107

အခန်း (၁၀၇)

Vol. 11 Ch. 107

*(107

ကျင်းယန်က ယခုလေးတင် ရေချိုးခန်းထဲမှ ထွက်လာခြင်းဖြစ်ပြီး သူ၏ညဝတ်အင်္ကျီမှာလည်း အနည်းငယ်ဟနေသည့် V ပုံသဏ္ဍာန်ဖြစ်ကာ သူ၏တောင့်တင်းသော ပျားရည်ရောင် ရင်အုပ်ကြွက်သား အနည်းငယ်ကို လှစ်ဟပြနေလေသည်။

သူ၏စိုစွတ်သော ဆံမြိတ်များအားလုံးကို နောက်သို့လှန်ထားသောကြောင့် သူ၏မျက်ခုံးများကြားမှ ရန်လိုမှုက ပျောက်ကွယ်နေခဲ့သည်။

သူက အိပ်ယာဆီသို့ နွမ်းလျစွာ လျှောက်လာချိန်တွင် ထောင့်ဘက်ရှိ ယုန်အသိုက်ထဲတွင် ဆောင့်ကြော့င်ထိုင်နေပြီး သူ့ကို မျက်လုံးသေးသေးလေးများဖြင့် အူကြောင်ကြောင် စိုက်ကြည့်နေသော သူငယ်ချင်းလေးကို မြင်လိုက်ရ‌သည့်အတွက် သူမဆီ လျှောက်လာခဲ့သည်။

ထိုအမျိုးသားက သူမ၏အနီးတွင် ထိုင်ချလိုက်လေသည်။ ထို့အတွက်ကြောင့် သူ၏ခန္ဓာကိုယ်က အနောက်ဘက်မှမီးရောင်ကို ကွယ်သွားစေ၏။

သူမ၏ရှေ့တွင် ရုတ်တရတ် ကြီးလာသော မျက်နှာကိုသာ ယင်ရိလျို မြင်နိုင်ခဲ့သည်။ ကျင်းယန်၏ လှပသော ရွှေရောင်မျက်လုံးများက နူးညံ့မှုအရိပ်အယောင်နှင့်အတူ သူမကို စိုက်ကြည့်နေခဲ့၏။

“မင်းကြိုက်လား?”

သူ၏ သြရှပြီး ရီဝေသောအသံက သူမ၏နားထဲတွင် ပဲ့တင်ထပ်သွားကာ နားစည်များအား စပ်ဖျဥ်းဖျဥ်းဖြစ်သွားစေသောကြောင့် မထိန်းနိုင်ဘဲ ယုန်နားရွက်များကို လက်ဖဝါးတိုတိုလေးဖြင့် အုပ်လိုက်မိသည်။

ရွှေပေါင်လုံးကြီးက အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသည်။ သူ၏လှုပ်ရှားမှုတိုင်းက ခန့်ညားမှုများ ထွက်ပေါ်နေခဲ့၏။

သူမကဲ့သို့ ယုန်လေးတစ်ကောင်ပင် သူ၏ခန့်ညားမှုကို မခုခံနိုင်ပေ။ သူ့မျက်နှာကြောင့် သူမ၏စိတ်ကူးများမှာ အရိုင်းဆန်နေလေသည်။

ယင်ရိလျို သူ၏ရင်ဘက်ကို တိတ်တဆိတ် ခိုးကြည့်လိုက်၏။

ကျင်းယန်က သူမ၏ဘေးတွင် ထိုင်လိုက်သည့်အတွက် သူ့ရင်ဘတ်ပေါ်မှ တောင့်တင်းသော ကြွက်သားများကို ပို၍ရှင်းလင်းစွာ မြင်နိုင်လေသည်။

သူ၏ကြွက်သားများက ကြီးမားသော်လည်း ကောက်ကြောင်းများကမူ ချောမွတ်ပြီး အင်းအားပြင်းပုံပေါ်၏။

သူမ ခပ်သွက်သွက် တစ်ချက်သာလှမ်းကြည့်လိုက်ပြီး မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ သူမ၏ယုန်ခေါင်းလေးကို ငြိမ့်ပြပြီး အလောတကြီး ခေါင်းပြန်ငုံ့လိုက်သည်။

ကျင်းယန် နူးညံ့စွာရယ်မောလိုက်ပြီး ယုန်လေး၏ လက်ဖဝါးနုနုကို ဆိတ်လိုက်၏။ သူ၏ရယ်သံမှာ အလွန်တိုးရှလွန်းသဖြင့် သူမပင် ကြားရုံမျှသာ ကြားရသည်။

“ကောင်းသောညပါ”



နောက်နေ့မနက်၌ ကျောင်းစီဟွေ့က လူတိုင်းအတွက် မနက်စာနှင့် ဝံပုလွေအနက်အတွက် သန္ဓေပြောင်းတိရစ္ဆာန်အသားကို ပုံမှန်ထက်ပိုစော၍ ပြင်ဆင်ခဲ့သည်။

သူတို့က မနက်စာကို အလျှင်အမြန်စားပြီးနောက် လူစုမည့်နေရာထံသို့ သွက်သွက်သွားခဲ့ကြ၏။

ကျင်းယန် မူလက အသုံးပြုနေသော ဝှီးချဲမှာ ဆိုလာစွမ်းအင်သုံးဖြစ်ပြီး သူ့စိတ်ကြိုက်ပြင်ဆင်ထားခြင်းဖြစ်၏။

ကျင်းယန်က သူ၏ ခြေထောက်များကို အလွန်အကျွံ အသုံးမပြုနိုင်သည်ကို လီကျန်ကျောင်း သိသွားပြီးနောက် သုတေသနဌာနမှလူများကို သူ့အတွက် နောက်ထပ်ဝှီးချဲတစ်ခု ပြုလုပ်ပေးရန် အထူးတောင်းဆိုခဲ့သည်။

ဝှီးချဲတွင် အသုံးပြုထားသော ပါဝင်ပစ္စည်းများက အသစ်ရှာဖွေတွေ့ရှိထားသော အလေးချိန် အလွန်ပေါ့ပါးသည့် သတ္တုပစ္စည်းများဖြစ်လေ၏။

ထိုသတ္တုက ယခင်လူသိများသည့် သတ္တုများထက် ပြုတ်ကျခြင်းနှင့် ဖိသိပ်ခံရခြင်းတွင် ခုခံနိုင်စွမ်းပိုကောင်းပေသည်။

သုတေသနဌာနမှ စိတ်ကြိုက်ပြုလုပ်ထားသော ဝှီးချဲက တပ်၍ဖြုတ်၍ရ၏။

လက်ရှိတွင် ကျင်းယန်က ဝှီးချဲကို အနက်ရောင်အဝတ်အိတ်ဖြင့် ပတ်ထားပြီး နောက်ကျောပေါ်တွင် သယ်ဆောင်ထားခဲ့သည်။

သူတို့ ရောက်လာသည့်အချိန်တွင် ရင်ပြင်၌ လူများစွာ

စုဝေးနေပြီပင်။ တစ်ချက်ကြည့်လိုက်လျှင် အခြေစိုက်တစ်ခုလုံးတွင် နေထိုင်သည့် ဆင့်ကဲပြောင်းလဲသူအများစု ရောက်ရှိနေပုံရ၏။

လီကျန်‌ကျောင်း၏လက်အောက်မှ ဆင့်ကဲပြောင်းလဲသူများကို အကြည့်တစ်ချက်နှင့် ခွဲခြားနိုင်ပေသည်။

ထိုလူအများစုက သုတေသနဌာနမှ ဆင့်ကဲပြောင်းလဲသူများအတွက် ဒီဇိုင်းထုတ်ထားသော ရုပ်ဖျက်ယူနီဖောင်းများကို ဝတ်ဆင်ထားလေ၏။

တခြားတစ်ဖက်၌ နျိုဖေးဟောင်၏ နောက်လိုက်များကမူ အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားပြီး ပို၍ထင်ပေါ်အောင် ကြွားဝါနေပုံပေါက်နေခဲ့သည်။

ကျင်းယန်နှင့် သူ၏အသင်းဖော်များ ရင်ပြင်ထဲဝင်လာချိန်တွင် မရေမတွက်နိုင်သောမျက်လုံးများက ဓားများကဲ့သို့ သူတို့ဆီ တိုးဝင်လာကြလေ၏။

ယင်ရိလျိုက ယုန်အသွင်သို့ ပြန်ပြောင်းထားပြီး ကျင်းယန်၏ပုခုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူမရှေ့မှ အရာရာတိုင်းကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

သူမ၏လူသားအသွင်က ယုန်တစ်ကောင်ထက် ပို၍ကြီးမား၊ ပေါ်လွင်သော ကလေးမလေးတစ်ယောက်ဖြစ်ပြီး ကျင်းယန်နောက်လိုက်ရန်အတွက် ပို၍ခက်ခဲမည်ပင်။ ထိုကြောင့် ယုန်အသွင်ဖြင့် ပေါ်လာရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။

သူတို့၏နောက်တွင် ကျောင်းမောင်နှမနှင့် အနက်ရောင်ဝံပုလွေဖြစ်သည်။

ကျောင်းချီယန်၏ကျောပြင်က အပြည့်အဝပျောက်ကင်းလုနီးပါး ဖြစ်သော်ငြား အရေပြားအသစ်က အပြည့်အဝ မကြီးထွားသေးချေ။ သူ၏ကျောမှအရေပြားက ထိခိုက်လွယ်သည့်အတွက် ကျောင်းချီယန်မှာ ကျောပိုးအိတ်ကို ရှေ့ဘက်တွင် သယ်ထားသဖြင့် သူ၏ပုံစံမှာ ကိုယ်ဝန်ခြောက်လရှိသော အမျိုးသမီးနှင့် ဆင်တူနေသောကြောင့် ရယ်စရာကောင်းနေလေသည်။ပတ်ဝန်းကျင်မှ ဆင့်ကဲပြောင်းလဲသူများကို အနက်ရောင်ဝံပုလွေက အနည်းငယ် ငုံ့ကြည့်လိုက်၏။

ယခုအချိန်တွင် သူ့ကို ဝံပုလွေသားပေါက်လေးအဖြစ် မယူဆနိုင်တော့ချေ။ အစားကောင်း အသောက်ကောင်းနှင့် အာဟာရပြည့်ဝသည့် သန္ဓေပြောင်းတိရစ္ဆာန်အသား အမျိုးမျိုးကို ဆက်တိုက် စားသောက်ပြီးနောက်တွင်တော့ ဝံပုလွေအနက်၏ ခန္ဓာကိုယ်နှင့် အရပ်အမြင့်သည် အလျှင်အမြန်ကြီးထွားလာခဲ့သည်။

ဝံပုလွေလေးက လျှင်မြန်စွာဖြင့် လေထိုးခံရသော ပူပေါင်းတစ်လုံးနှယ်ဖြစ်နေပြီး အရပ်အမြင့်အားဖြင့် ၁.၅ မီတာပင် ပို၍ ကြီးထွားလာခဲ့၏။

ဝံပုလွေလေး၏သားမွှေးက ချောမွေ့ကာ နက်ပြောင်နေပြီး ခြေလက်များမှာ သန်မာပြီး အင်အားပြင်းလေသည်။

ယခုအချိန်တွင် ဝံပုလွေက အရွယ်ရောက်သည့် သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်ဖြစ်လာပြီပင်။

ဤအသင်းက လူဦးရေ ခုနှစ်ယောက်၊ ရှစ်ယောက် သို့မဟုတ် တစ်ဒါဇင်ရှိသော အဖွဲ့များကြားတွင် သေးငယ်ပုံရသော်ငြား မည်သူကမှ သူတို့ကို ဖယ်ထုတ်ရဲမည်မဟုတ်ချေ။

လူအုပ်ထဲမှ တစ်ယောက်က သူတို့ဘက်ကို လေချွန်လိုက်လေ၏။ ယင်ရိလျို တစ်ယောကငအသံလာရာအရပ်ကို ကြည့်လိုက်လျှင် ထိုသူမှာ လင်းယုန်နီအသင်းမှ ယဲ့ဟောင်ယွမ်ဟူသော လူငယ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ”

ကျင်းယန်နှင့် လျိုဝေ့ဟုန်က လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။

ဤအကြိမ်တွင် လင်းယုန်နီအသင်းမှ လူအားလုံး၏မျက်နှာကို ယင်ရိလျို မြင်နိုင်ပြီဖြစ်သည်။ ရင်းနှီးသော မျက်နှာနှစ်ခုအပြင် တခြားဆယ်ယောက်လောက်ရှိပြီး အ‌ရေအတွက်မျှတသည့် အသင်းတစ်ခုဖြစ်၏။

‘“မင်းတို့ ဘယ်သွားမလို့လဲ?”

လျိုဝေ့ဟုန်မေးလိုက်သည်။

“မြို့တော်A”

စာရွက်ထဲတွင်ရေးဆွဲထားသော မြို့တော်A၏ အခြေအနေအကြောင်းကို စဥ်းစားလိုက်မိပြီး လျိုဝေ့ဟုန် မျက်မှောင်ကြုတ်လိုက်မိ၏။

“ဂရုစိုက်ကြ.. အဲဒီနေရာက သားရဲလှိုင်းလုံးကြီးတွေ တိုက်ခိုက်ဖို့ရည်ရွယ်နေတဲ့ နေရာပဲ”

ကျင်းယန် မည်သည်ကိုမှပြန်မပြောဘဲ ခေါင်းငြိမ့်လိုက်သည်။

လင်းယုန်နီအသင်း၏ ပန်းတိုင်က နဂါးပျံအခြေစိုက်စခန်းဖြစ်ကြောင်း သိလိုက်ရသည့်အခိုက်တွင် သူတို့ ဧရာမသစ်ပင်ကြီးထံမှ ထွက်ပြေးခဲ့ရသည့် မြင်ကွင်းက ကျင်းယန်၏စိတ်ထဲ ဖြတ်ခနဲပေါ်လာသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။

တချို့သောအကြောင်းပြချက်များကြောင့် ဤမစ်ရှင်နှင့်ပက်သက်၍ သူ့တွင် မကောင်း‌သောခံစားချက်ရနေခဲ့သည်။

ကျင်းယန်တွင် လျိုဝေ့ဟုန်အပေါ် အတော်လေး ကောင်းမွန်သော ထင်မြင်ချက်ရှိသောကြောင့် သူ့ကို ကူညီပေးရန်ဆုံးဖြတ်လိုက်လေ၏။

သူက သူတို့အဖွဲ့ မြို့နှစ်ခုကြားကို ဖြတ်ကျော်ခဲ့ချိန်က အတွေ့အကြုံအကြောင်းကို လျိုဝေ့ဟုန်ဆီသို့ပြောခဲ့သည်။

ကျင်းယန်က ဧရာမသစ်ပင်ကြီး၏ ထူးခြားသောလက္ခဏာများနှင့် တိုက်ခိုက်သည့်နည်းလမ်းများအားလုံးကို လျိုဝေ့ဟုန်အား ပြောပြလိုက်၏။

လျိုဝေ့ဟုန်က သူပြောသည့်စကားများကို အလေးအနက် နားထောင်ပြီးနောက် ခေါင်းအသာညိတ်လိုက်လေ၏။ သူ၏မျက်နှာသည်လည်း စစ်မှန်သော ကျေးဇူးတင်မှုနှင့် ပြည့်နှက်နေခဲ့သည်။

“ကျေးဇူးတင်ပါတယ်”

အနည်းဆုံးတော့ ကျင်းယန်၏ သတင်းအချက်အလက်များကြောင့် ဦးတည်ချက်မရှိဘဲ မျက်ကန်းတိုး သွားမိတော့မည် မဟုတ်ပါချေ။

လင်းယုန်နီအသင်းအတွက် ဤအချက်အလက်များက အသက်ကယ်အချက်အလက်များအဖြစ် မှတ်ယူနိုင်၏။

အသင်းတစ်သင်းက နောက်ကျနေသောကြောင့် ရင်ပြင်ရှိလူတိုင်း ဒေါသထွက်လာခဲ့ကြသည်။

သူတို့အနေဖြင့် မည်သည့်အသင်းက ရောက်မလာ‌ခြင်းဖြစ်ကြောင်းကို ဆူညံစွာ မေးမြန်းနေကြသည်။

တခဏကြာပြီးနောက် ပန်းဆီရောင် ဖဲသားဝတ်ရုံအင်္ကျီရှည် ဝတ်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ရင်ပြင်ဝင်ပေါက်မှ ပြုံးလျက်ဝင်လာခဲ့လေ၏။

ထိုမြင်ကွင်းကြောင့် မတိုင်ခင်ကတင် ပွက်ပွက်ညံနေသော ဆင့်ကဲပြောင်းလဲသူများအသံတို့က ချက်ချင်း တိတ်ကျသွားကြ၏။

သက်လတ်ပိုင်းအမျိုးသားက တောင်ကုန်းငယ်လေးတစ်ခုကဲ့သို့ ဝဖိုင့်နေလေသည်။ သူက ‘ဖူ’ ဟူသည့် စကားလုံးအား နေရာအနှံ့ပန်းထိုးထားသည့် ပန်းဆီ‌ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။

သူပြုံးလိုက်ပါက သူ၏မျက်နှာပေါ်မှ ပြောင်ဝင်းဝင်း အဆီများက အတူတကွစုသွားကာ Maitreya နှင့်ပင်ဆင်တူနေလေသည်။

(T/N - “Fu” (福) က ကံကောင်းခြင်း၊ လာဘ်လာဘပေါများခြင်းနဲ့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုပါတယ်)

“ငါနောက်ကျသွားတယ်.. ငါနောက်ကျသွားတယ်”

ရင်ပြင်ရှိ မည်သူကမှအထွန့်မတက်ရဲချေ။ အကြောင်းမူကား ဤလူသည်က နျိုဖေးဟောင်ဖြစ်နေလေ၏။

ကျင်းယန်နှင့် အသင်းဖော်များမှာ အခြေစိုက်စခန်း၏ ဒဏ္ဍာရီလာအာဏာရှင် နျိုဖေးဟောင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

ယခုအချိန်တွင် သူက အလွန်ဖော်ရွေပုံရသော်ငြား ထိုအပြုအမူက အပေါ်ယံသာဖြစ်ကြောင်း ယင်ရိလျို သိနေခဲ့၏။

နျိုဖေးဟောင်၏ဘေးနားတွင် နုနယ်သိမ်မွေ့သော မိန်းကလေးတစ်ယောက် ရပ်နေလေသည်။ သူမသည်လည်း ထူးခြားပေါ်လွင်သော အဝတ်အစားများကို ဝတ်ဆင်ထားကာ အလွန်လှပသော ဒေါက်ဖိနပ်ကိုစီး၍ မိတ်ကပ်လည်း လိမ်းထားလေ၏။

အဝေးမှ ယင်ရိလျိုကတော့ သူမကိုတစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ခေါင်းကိုက်မိလေသည်။

မစ်နျိုလို့ခေါ်တဲ့ အမျိုးသမီးမလား?ထိုသူက ယင်ရိလျိုကို သူမ၏အိမ်မွေးတိရစ္ဆာန်အဖြစ် လိုချင်သည်ဟု ဆေးရုံ၌အော်ဟစ် သောင်းကျန်းခဲ့သော အမျိုးသမီး နျိုရင်းဖြစ်၏။

သူမ ကျင်းယန်နောက်သို့ အလျှင်အမြန်ကျုံ့ဝင်လိုက်သည်။ ဤမိန်းက‌လေးအား သူမကို မြင်ခွင့်ပြု၍ မရပါချေ။

ယင်ရိလျို၏ အပြုအမူများကို အာရုံခံမိသည့် ကျင်းယန်၏မျက်လုံးများက နျိုဖေးဟောင်ဘေးရှိ မိန်းကလေးဆီ ဖြည်းညှင်းစွာကျရောက်သွားသည်။ ထို့နောက်တွင် ဤအမျိုးသမီးက ကျောင်းစီဟွေ့ ရည်ညွှန်းသည့် ‘သခင်မလေး’ ဖြစ်ကြောင်း နားလည်လိုက်သည်။

သူ၏အကြည့်များနက်ရှိုင်းသွားပြီး သူ၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်သွားလေ၏။

နျိုဖေးဟောင်က အလွန်သတိကပ်နေခဲ့၏။ သူ့၏ပတ်လည်ရှိ လူရာချီများကြားမှ စူးရှသည့်အကြည့်ကို ဖမ်းမိသွားပြီး မကြာခင် ကျင်းယန်နှင့် မျက်လုံးချင်း ဆုံသွားလေသည်။

သူ ကျင်းယန်ကို ပြုံးပြလိုက်သော်ငြား အပြုံးက အသက်မပါချေ။ ကျင်းယန် သူ့ထံမှ အကြည့်လွှဲလိုက်သည်။

နျိုရင်းတစ်ယောက် ပူပြင်းသည့်ရာသီဥတုကြောင့် ကသိကအောက်ဖြစ်နေခဲ့လေ၏။

အစပိုင်းတွင် သူမ၏အဖေက သူမကို သူနှင့်အတူ ခေါ်သွားရန် ငြင်းဆိုခဲ့သည်။ သူမသာ ငိုကြွေးပြီး ကြိုးဆွဲချသေမည်ဟု မခြိမ်းခြောက်ခဲ့လျှင် အခြေစိုက်စခန်းမှ ထွက်ခွာခွင့်ရမည်မဟုတ်ချေ။

သူမ စိတ်မရှည်စွာဖြင့် မျက်နှာကို ယပ်ခတ်လိုက်၏။

“ပါး ၊ ဘယ်ကို ကြည့်နေတာလဲ?”

နျိုရင်းက နျိုဖေးဟောင်၏အကြည့်နောက်လိုက်၍ ကြည့်လိုက်လျှင် လူအုပ်ထဲမှ ထင်းထွက်နေသော အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။

သူ ထိုနေရာတွင်ရပ်နေသည့်မြင်ကွင်းမှာ ပန်းချီထဲမှ ထွက်လာသည်နှင့်ပင် တူနေလေ၏။

မြင့်မားသော နှာတံ၊ ပြေပြစ်သောမေးရိုးနှင့် အရပ်ရှည်သည့် အမျိုးသားက ရုပ်ရည်ကလည်း အလွန်ချောမောသောကြောင့် လူတိုင်း၏ မျက်လုံးများ သူ့ဆီတွင် ရောက်နေခဲ့သည်။

နျိုရင်း၏နှလုံးသားက အပြင်းအထန် ခုန်ပေါက်သွားခဲ့လေ၏။ သူမ မထိန်းနိုင်ဘဲ နျိုဖေးဟောင်၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်မိသည်။

သူမ၏အသံသည်လည်း စိတ်လှုပ်ရှားမှုအပြည့် ရှိနေခဲ့လေသည်။

“ပါး ၊ အဲဒီတစ်ယောက်က ဘယ်သူလဲ?”

All Chapters