အခန်း (၁၀၈)
Vol. 11 Ch. 108
*(108)
လမ်းပေါ်တွင် အချိန်ဖြုန်းခြင်းကို လျှော့ချပြီး သူတို့တာဝန်ကျသည့် မြို့များဆီသို့ စောနိုင်သမျှစောစော ရောက်နိုင်ရန်အလို့ငှာ ဆင့်ကဲပြောင်းလဲသူများကို သူတို့၏ပန်းတိုင် အခြေစိုက်စခန်းများဆီသို့ ပို့ပေးရန်အတွက် မြို့တော်Z အခြေစိုက်စခန်းက ရဟတ်ယာဥ်များကို တိုက်ရိုက်စေလွှတ်ပေးခဲ့သည်။
စစ်တပ်သုံးရဟတ်ယာဉ်၏ အပြင်ပိုင်း၌ ဆေးမှုတ်ထားသော နံပါတ်အတန်းလိုက်ရှိ၏။
ဤသည်မှာ ကျောင်းချီယန်အတွက် ရဟတ်ယာဉ်အစစ်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သဖြင့် ထိကြည့်ချင်စိတ်ကို ထိန်းမထားနိုင်ချေ။
“အရမ်းမိုက်တာပဲ”
“လျှောက်မထိနဲ့”
ကျောင်းစီဟွေ့ မောင်ဖြစ်သူ၏ ခေါင်းကိုပုတ်ပြီး အမြန်ဆုံးအထဲဝင်ရန် အချက်ပြလိုက်သည်။
ကျင်းယန်က ရဟတ်ယာဉ်ပေါ်သို့တက်လိုက်ချိန်တွင် နျိုဖေးဟောင်၏အသင်းထဲ၌ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့၏။
သခင်မလေး နျိုရင်းက ထပ်ပြီး ပြဿနာဖြစ်စေပုံပင်။
ယင်ရိလျိုသည်လည်း အုတ်အော်သောင်းနင်းဖြစ်မှုကို ကြားလိုက်ရသောကြောင့် သူတို့ထံသို့ တစ်ချက်လှမ်းကြည့်လိုက်၏။
နျိုဖေးဟောင်၏ ဒေါသကိုထိန်းထားသော မျက်နှာ၊ သူ၏ဘေးတွင် တစ်စုံတစ်ခုကို မကျေမနပ်ညည်းညူလျက် နှုတ်ခမ်းဆူနေသော နျိုရင်းနှင့် သူမကို ဖျောင်းဖျနေသော သူတို့ပတ်လည်မှ ဆင့်ကဲပြောင်းလဲသူအုပ်စုကို မြင်လိုက်ရလေသည်။
သူမ စိတ်ထင်၍လား မသေချာသော်ငြား သခင်မလေးက သူမတို့ဘက်ကို ညွှန်ပြနေသည်ဟု ခံစားရ၏။
ကျင်းယန် တွဲဖက်လေယာဥ်မှုးခုံတွင်ထိုင်လိုက်ပြီး သူမထံသို့ လက်ရမ်းပြလိုက်သည်။
သူမလည်း ကျင်းယန်ထံသို့ ခုန်သွားလိုက်လျှင် ကျင်းယန်က သူမကို သူ၏ပေါင်ပေါ်တွင် နေရာချထားလိုက်သည်။
ရဟတ်ယာဉ်က သိပ်မကြီးဘဲ သူတို့အသင်းမှ အသင်းဝင်များအားလုံး ဝင်ဆံ့ရုံမျှသာ ကျယ်ဝန်းသည်။
အနက်ရောင်ဝံပုလွေက နောက်ဆုံးထိုင်ခုံတွင် ဆောင့်ကြောင့်ထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျုံ့ဝင်နေခဲ့သေောကြောင့် အနက်ရောင်အမွှေးလုံးကြီးနှင့် ဆင်တူနေခဲ့လေ၏။
သူ့အတွက် ထိုင်ခုံက အနည်းငယ် ကျဥ်းနေပုံရသည်။
“ခါးပတ်ပတ်ထားကြ”
စက်မနှိုးခင် လေယာဥ်မှူးက လူတိုင်းကို ညွှန်ကြားခဲ့သည်။
အပြင်ဘက်မှ ပန်ကာလည်သည့်အသံက ပို၍ကျယ်လောင်လာပြီး ထိုအသံနှင့်အတူ ပြတင်းပေါက်ကို ဖြတ်သန်း၍ လေညှင်းများတိုက်ခတ်လာခဲ့၏။
ယင်ရိလျို၏ခန္ဓာကိုယ်ပေါ်မှ အမွှေးဖြူလေးများက လေထဲတွင် ဝဲနေကာ သူမ၏ခြေထောက်တိုတိုလေးကို မြှောက်၍ အမွှေးများကို ဖိချရန် ကြိုးစားလိုက်ရသည်။
တခဏမျှကြာပြီးနောက် တဝီဝီမြည်သောအသံက ပို၍ကျယ်လောင်လာခဲ့ပြီး ရဟတ်ယာဥ်ကလည်း မြေပြင်မှ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
တစ်ချိန်တည်းတွင် တစ်ပုံစံထဲတူသော ရဟတ်ယာဉ်တချို့မှာလည်း ရင်ပြင်မှ ထွက်ခွာသွားပြီး အခြေစိုက်စခန်းများဆီသို့ ဦးတည်ပျံသန်းသွားခဲ့ကြ၏။
ရဟတ်ယာဉ် စီးရသည့်ခံစားချက်က လေယာဥ်စီးရသည်နှင့်မတူချေ။
အတွင်းဘက်နေရာက ကျဉ်းမြောင်းပြီး သူတို့၏ထိုင်ခုံဘေးတွင် ဖွင့်ထားသော ပြတင်းပေါက်ကြီးများ ရှိနေခဲ့သည်။
ပြတင်းပေါက်ကိုဖြတ်၍ အပြင်ဘက်မှ လေများက အရှိန်ပြင်းစွာတိုက်ခတ်နေခဲ့၏။
သူတို့အပြင်ဘက်သို့ ကြည့်လိုက်လျှင် အောက်ဘက်ရှိ ရှုခင်းတစ်ခုလုံးကို မြင်နိုင်လေသည်။
ကျောင်းချီယန် စိတ်လှုပ်ရှားစွာဖြင့် သူ့ခြေထောက်ကို လှုပ်ယမ်းနေကာ ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းပြူ၍ကြည့်ချင်နေသော်ငြား နောက်ဘက်ရှိ အနက်ရောင်ဝံပုလွေကမူ သူကဲ့သို့ စိတ်အားထက်သန်မှု မရှိပါချေ။
ဝံပုလွေက အမြင့်ကြောက်သည့် ကုန်းနေသတ္တဝါတစ်ကောင်ဖြစ်၏။
ထို့ကြောင့် သူက ထိုင်ခုံကို လက်သည်းများဖြင့်သာ ကုတ်ကပ်ထားရလေသည်။
“အာဝူးးး”
ဝံပုလွေကသနားချင့်စဖွယ် ငိုညည်းလျက် ထိုင်ခုံအောက်မှ သတ္တုကို ချွန်ထက်သော လက်သည်းများနှင့် ကုတ်နေသောကြောင့် စူးစူးဝါးဝါး ဆူညံသံများ ထွက်လာခဲ့လေသည်။
အသင်းထဲကို ဝင်ပြီးကတည်းက အနက်ရောင်ဝံပုလွေ၏ မျက်နှာပေါ်တွင် အကြောက်တရားကို ပြသသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်၏။
ကျောင်းစီဟွေ့က ဝံပုလွေကို မရပ်မနား ပွတ်သပ်ပေးနေရပေ၏။
အနက်ရောင်ဝံပုလွေ၏ မူမမှန်သော ဦးနှောက်လှိုင်းများကို ယင်ရိလျို အာရုံခံစားမိလေသည်။
ထို့ကြောင့်
ကျင်းယန်၏လက်မောင်းထဲမှ ခေါင်းလေးထုတ်ကာ
ယုန်နားရွက်များကို လှုပ်ခါပြီး
နောက်ဆုံးထိုင်ခုံဆီ လှမ်းကြည့်လိုက်သည်။
“ရှောင်ဟေး နင်အဆင်ပြေရဲ့လား?”
အနက်ရောင်ဝံပုလွေက ယုန်လေးကို သွားစိပြီး ရယ်ပြလိုက်သည်။
သူ၏အသံက သိသိသာသာ တုန်ရီနေသော်ငြား သူအမြင့်ကြောက်ကြောင်း မဖော်ပြချင်ပေ။
“ငါ လုံးဝကို အဆင်ပြေပါတယ်နော်”
ယင်ရိလျို၏နားထဲသို့ ယခုပို့လွှတ်လိုက်သည့် အသံလှိုင်းသည်က သူမ အရင်ကကြားခဲ့သည့် ကလေးဆန်သောအသံထက် များစွာ ပိုရင့်ကျက်လာပြီဖြစ်၏။
သူမ နှိုင်းယှဥ်ကြည့်ရလျှင် အသံပြောင်းလဲမှုကို ကြုံတွေ့နေရသည့် ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်၏ ဩရှရှအသံကဲ့သို့ပင်။
ရဟတ်ယာဉ်က အမြင့်သို့ပျံသန်းနေလေ၏။ ပြတင်းပေါက်အပြင်မှ မြင်ကွင်းက ပို၍ကြီးမားလာပြီး သူတို့အောက်မှ အခြေစိုက်စခန်း၏ရင်ပြင်မှာ လက်ဖဝါးအရွယ် ‘လယ်ကွင်း’ အဖြစ်သာ မြင်ရတော့သည်။ယင်ရိလျို၏ နားရွက်နှစ်ဖက်လုံးကို လေတိုက်ခတ်နေသော်ငြား သူမ၏ဖောင်းကစ်ကစ်ကိုယ်လုံးလေးကို ဆန့်လိုက်ကာ ပြတင်းခုံကို ကိုင်ထားပြီး ငုံ့ကြည့်လိုက်လေ၏။
ဤအချိန်တွင် မြို့တော်Zရှိ အဆောက်အအုံများ၏ ရှုခင်းကိုအပြည့်အဝ မြင်နိုင်ပေသည်။
သုတေသနဌာနနှင့် စစ်တပ်အခြေစိုက်စခန်းက အစက်အပြောက်သေးသေးလေးများအဖြစ် ကျုံ့ဝင်သွားခဲ့သည်။
အခြေစိုက်စခန်းထဲမှ ဆင့်ကဲပြောင်းလဲသူများမှာ ပို၍ပင်သေးသွားကာ ဖြည်းညှင်းစွာ ရွေ့လျားနေသော ပုရွက်ဆိတ်လေးများနှင့်ပင် ဆင်တူနေ၏။
မြို့ထဲမှ လူများကလည်း ထွက်ခွာသွားသော ရဟတ်ယာဉ်ကို သတိထားမိကြသည်။
သူတို့ ရဟတ်ယာဉ်များကို တခဏမျှစိုက်ကြည့်ပြီးနောက်
နေ့စဥ်စားနပ်ရိက္ခာရရှိရန် သူတို့အလုပ်ကိုသာ ဆက်လုပ်နေကြလေ၏။
လီကျန်ကျောင်းက စစ်တပ်အဆောက်အအုံ၏ အမြင့်ဆုံးအလွှာတွင် ရပ်နေကာ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေခဲ့သည်။
တဖြည်းဖြည်း အဝေးသို့ပျံသွားသော ရဟတ်ယာဉ်များကို စိုက်ကြည့်ရင်း တည်ငြိမ်စွာဖြင့် စီးကရက်ကို မီးညှိ၍သောက်လိုက်လေ၏။
တွဲဖက်လေယာဥ်မှုးထိုင်ခုံတွင် ထိုင်နေသော ယင်ရိလျို၏ အကြည့်က အခြေစိုက်စခန်း တစ်လျှောက် ဝေ့ဝဲနေခဲ့သည်။
သူမ ကြည့်နေရင်း တဖြည်းဖြည်း မြို့အစွန်းဘက်ဆီသို့ ရောက်သွားသောကြောင့် အပြင်ဘက်မှဖြန့်ကျက်နေသော အစိမ်းရောင်ဧရာမသစ်ပင်ကြီးကို သတိထားမိသွား၏။ ထိုမြို့များကို သန္ဓေပြောင်းအပင်များက ဝန်းရံထားသည့်ပုံပင်။
အဆုံးမရှိသော အစိမ်းရောင် သန္ဓေပြောင်းအပင်များနှင့် ဝန်းရံခံထားသည့် အဆောက်အဦးအမြင့်ကို မြင်လိုက်ရပြီး သူမအား
မွန်းကြပ်သွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် အဝေးမှ အစိမ်းရောင်သရဖူ သဏ္ဍာန်ရှိသော အရာဝတ္ထုတစ်ခုကို ယင်ရိလျိုသတိထားမိခဲ့၏။ သရဖူပုံစံ ပေါင်းမိုးသစ်ပင်ကြီး၏အရိပ်က တိမ်တိုက်အကြီးကြီးတစ်ခုနှင့်ပင် တူနေခဲ့သည်။
အပင်ကို အထပ်မြင့်အဆောက်အဦးများဖြင့် ကာဆီးထားသော်ငြား အလွန်ကြီးမားလှကြောင်း သူမ ပြောနိုင်ပေ၏။
အနောက်တွင် ထိုင်နေသော ကျောင်းမောင်နှမကလည်း ထိုအရာကို သတိထားမိကြသည်။ ကျောင်းစီဟွေ့ ထိုအရပ်မျက်နှာဆီ လှမ်းကြည့်လျက် သူမဘာဘာ ရေရွတ်လိုက်မိ၏။
“အဲ့တာက မြို့တော်Wလား?”
ကျင်းယန်၏အကြည့်လည်း ဧရာမသဘာဝပေါက်ပင်အပေါ်တွင် ရှိနေခဲ့သည်။ ထိုနေရာက မြို့တော်Wနှင့် Mကြားရှိ နယ်စပ်ဖြစ်ကာ တပ်ကူမစ်ရှင်များအတွက် အဓိကအာရုံစိုက်မှုနေရာလည်း ဖြစ်၏။
ကျင်းယန်နှင့် သူ၏အသင်းဖော်များက ထိုနေရာမှ မြို့တော်Zဆီသို့ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။
ဧရာမသစ်ပင်က အလွန်ကြီးထွားလာပြီး မြို့တော်နှစ်ခုကို ခြိမ်းခြောက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
လမ်းတစ်လျှောက်တွင် သူတို့ဆုံတွေ့ခဲ့ရသည့် အသိအကျွမ်းဟောင်းများဖြစ်သော ချင်ဖူဟိုင်၏အသင်းနှင့် နဂါးပျံအခြေစိုက်စခန်းက ထိုနေရာတွင် ရှိနေခဲ့သည်။
ဧရာမသစ်ပင်ကြီး ရောက်နိုင်သည့် အကွာအဝေးအတွင်း ရှိနေသည့်အတွက် ထိုသူတို့ အသက်ရှင်လျှက်ရှိနေမနေကို သူတို့ သိချင်မိလေသည်။
ဤမစ်ရှင်က မလွယ်ကူနိုင်ဟု ကျင်းယန် ခံစားနေရ၏။ ဤမစ်ရှင်တွင် လင်းယုန်နီအသင်းက အန္တရာယ်များသည့်အခြေအနေနှင့် ရင်ဆိုင်ရလိမ့်ဟု သူ မရေမရာခံစားနေရသော်ငြား အဆုံးသတ်၌ ထိုသည်က တခြားအသင်း၏ကိစ္စဖြစ်နေခဲ့သည်။
သူတို့၏ လက်ရှိအတွက် ထိပ်တန်းဦးစားပေးမှာ သူတို့ကိုယ်တိုင်၏ လုံခြုံရေးပင် ဖြစ်လေသည်။
ကျင်းယန် ဤအကြောင်းကို စဥ်းစားပြီးနောက် မြေပုံကို အိတ်ထဲမှဆွဲထုတ်လိုက်ပြီး သူတို့၏ပန်းတိုင်ကို ခွဲခြားလိုက်သည်။
ဤအကြိမ် သူတို့၏ပန်းတိုင်မှာ ပို၍ဝေးကွာပြီး မြို့တော်နှင့်ပိုနီးကပ်သည့် စီရင်စုH၏ အိမ်နီးချင်းမြို့များကြားတွင် တည်ရှိသည့် မြို့တော်Aဖြစ်၏။
မြို့ထဲတွင် River Glory အခြေစိုက်စခန်းဟု ခေါ်သည့် အခြေစိုက်စခန်းငယ်လေးတစ်ခု ရှိလေသည်။
ထိုအခြေစိုက်စခန်းကို စစ်တပ်က တည်ထောင်ထားခြင်းဖြစ်သော်လည်း ကမ္ဘာပျက်ကပ်ရိုက်ခတ်လာပြီးနောက် စွန့်ပစ်ခဲ့ကြ၏။
ထို့နောက် ပြည်သူများက ထိုစခန်းကို ပြန်လည်တည်ထောင်ခဲ့ကြသည်။ ကမ္ဘာပျက်ကပ်၏ အစောပိုင်းအဆင့်များတွင် ဗဟိုအစိုးရက သူတို့ဆီကို လက်နက်ခဲယမ်း အများအပြား ခွဲဝေပေးခဲ့သောကြောင့် သူတို့၏လုံခြုံရေးက ဘေးကင်းနေသင့်ပေ၏။
သို့သော်ငြား လက်တလောတွင် ဤမြို့ကို သားရဲလှိုင်းလုံးက တိုက်ခိုက်ခဲ့သည်။ သူတို့ ရရှိထားသော အချက်အလက်များအရ River Glory အခြေစိုက်စခန်း၏ အပြင်ဘက်ရှိ သားရဲလှိုင်းအရွယ်အစားကများမှာ အသေးနှင့်အလယ်အလတ်ကြားဖြစ်ပေသည်။
ရန်လိုမှုအဆင့်က မမြင့်မားသော်ငြား ထိုသားရဲများကြားတွင် အနည်းဆုံး အဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်ရှိကြောင်း အတည်ပြုခဲ့၏။
ဤတိရစ္ဆာန်များက နေ့တစဥ်နေ့တိုင်း အခြေစိုက်စခန်း၏ ဝင်ပေါက်နှင့် ထွက်ပေါက်များတွင် စောင့်ကြပ်နေလိမ့်မည်။
အခြေစိုက်စခန်းထဲမှ လူများကသာ လက်ဦးမှုယူပြီး မတိုက်ခိုက်လျှင် မည်သည့်ကိစ္စမှ ဖြစ်ပျက်လာမည်မဟုတ်ချေ။
သို့သော်ငြား အခြေစိုက်စခန်းထဲတွင် လူဦးရေ သိန်းနှင့်ချီရှိနေပြီး နေ့စဥ် အစားအစာပမာဏ များစွာကုန်ဆုံးနေခဲ့သည်။
အခြေစိုက်စခန်းမှ မထွက်ခွာနိုင်ခြင်းက သူတို့အတွက် အမဲလိုက်ရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းပင်။River Glory အခြေစိုက်စခန်းက အမဲလိုက်ရန်အတွက် လူများကို လျှို့ဝှက်စေလွှတ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် သန္ဓေပြောင်းတိရစ္ဆာန်များကို အမဲလိုက်ခြင်းက ထိုတိရစ္ဆာန်များကို ပို၍ဒေါသထွက်စေပြီး သူတို့စေလွှတ်ခဲ့သော လူများမှာ အပိုင်းပိုင်း အစစ ဆုတ်ဖြဲခံလိုက်ကြရ၏။
ထိုသားရဲလှိုင်းများအကြောင်းကို ကြားချိန်တွင် ဗဟိုအစိုးရမှ သူတို့ကို ကူညီရန် လူများစေလွှတ်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် မက်ဆေ့ချ်လှမ်းပို့ရန်မှလွဲ၍ သူတို့တွင် ရွေးချယ်စရာမရှိချေ။
ပြတင်းပေါက်အပြင်ဘက်မှ မြင်ကွင်းက နောက်တွင် တရိပ်ရိပ်ကျန်ခဲ့ပြီး သူတို့မြင်နိုင်သည့် အရာအားလုံးမှာ ကျယ်ပြန့်သော အစိမ်းရောင်ပုံရိပ်များသာ ဖြစ်ပေသည်။
လေယာဥ်မှုးက သက်လတ်ပိုင်း
အမျိုးသားတစ်ယောက်ဖြစ်လေ၏။ သူ၏မျက်လုံးများက သူ့ဘေးရှိလူ၏ ပေါင်ပေါ်တွင် တက်ကြွစွာ လှုပ်ရှားနေသော ယုန်လေးကို ကြည့်ပြီး မေးလိုက်သည်။
“ရှုန်းတိ၊ မင်းရဲ့ယုန်လေးက သန္ဓေမပြောင်းခဲ့ဘူးလား?”