အခန်း (၁၀၉)
Vol. 11 Ch. 109
*(109)
ယင်ရိလျို အထက်အောက်ခုန်နေခြင်းကို ရပ်တန့်မိသည်။ လေယာဥ်မှူးက သူမ၏အကြောင်းကိုမေးလိုက်သည်ကို သတိထားမိပြီးနောက် တခဏမျှ ပြောစရာစကားပျောက်ရှသွားခဲ့၏။
သူမ၏ ရွှေပေါင်လုံးကြီးက စိတ်မပါစွာ ပြန်ဖြေလိုက်သည်။
“မပြောင်းဘူး”
ထို့နောက် စကားပြောခြင်းက ရပ်သွားခဲ့၏။
သို့သော် လေယာဥ်မှူးဦးလေးကြီးက ရှက်ရွံ့မသွားပေ။ သူ သက်ပြင်းချပြီး ပြောလိုက်သည်။
“သန္ဓေမပြောင်းတာက ကောင်းတဲ့အရာပဲ.. သန္ဓေပြောင်းတိရစ္ဆာန်တွေက အခု နေရာတိုင်းမှာရှိနေပြီ.. အရင်တုန်းက လူတွေက တိရစ္ဆာန်တွေကို မွေးခဲ့ကြပေမယ့် အခုတော့ တိရစ္ဆာန်တွေက လူတွေကိုစားနေပြီ”
နောက်ဘက်တွင် ထိုင်နေသော ကျောင်းချီယန်က စိတ်ဝင်စားသွားရသည်။ သူက ရှေ့သို့ကိုင်း၍ သူ့ရှေ့မှ ထိုင်ခုံနောက်မှီကို လှမ်းကိုင်ပြီး မေးမြန်းလိုက်သည်။
“ရှုန်းတိ ခင်ဗျားရဲ့အလုပ်က ဘယ်သန္ဓေပြောင်းတိရစ္ဆာန်နဲ့မှ ဆက်သွယ်ဖို့မလိုဘူးမလား? ရဟတ်ယာဉ် မောင်းရတာ အတော်လေးကောင်းသားပဲ”
လေယာဥ်မှူးက ရယ်ပြီး ခေါင်းယမ်းလိုက်၏။
“လေပေါ်က တိရစ္ဆာန်တွေကလည်း မြေပြင်ပေါ်က အဲဒီတိရစ္ဆာန်တွေထက် ပိုမကောင်းပါဘူးကွာ.. ဘယ်အကောင်နဲ့မှ ပက်ပင်းမတိုးဖို့ပဲ မျှော်လင့်ကြရအောင်”
လေတိုက်နှုန်းက ပြင်းထန်လွန်းသဖြင့် ယင်ရိလျို၏ခန္ဓာကိုယ်ပေါ်မှ ယုန်မွှေးများက သူမ၏မျက်စိကို ဖုံးအုပ်သွားစေသည်။
သူမ၏လက်တစ်ဖက်ကို ပြတင်းပေါက်ဘက် ထောက်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏ မျက်နှာပေါ်အုပ်နေသော အမွှေးများကို ဖယ်လိုက်လေ၏။
ကျင်းယန်က သူ၏လက်ဖဝါးကြီးဖြင့် သူမမျက်နှာကို ကာထားပေးလိုက်လေသည်။
သူမ၏ အမွှေးများမှာ လေတိုက်၍ ရှုပ်ပွနေပြီဖြစ်၏။
ကျင်းယန်၏ နွေးထွေးသော လက်ချောင်းများက ထုထု၏နှာခေါင်းထိပ်ကို ထိမိသွားသည့်အတွက် သူမ နောက်သို့ အနည်းငယ်ကျုံ့လိုက်ပြီးနောက် အမျိုးသား၏ အသံတိုးတိုးကထွက်လာခဲ့၏။
“နောက်ဆုတ်.. အရမ်းအန္တရာယ်များတယ်”
ရဟတ်ယာဉ်က အလွန်လျှင်မြန်စွာ ပျံသန်းနေပြီး ထုထုက အလွန်သေးငယ်လှသည်။
သူမ အပြင်ဘက်ကို မတော်တဆ လှိမ့်ကျသွားမည်ကို စိုးရိမ်သောကြောင့် သူမ၏လှုပ်ရှားမှုများကိုသာ ကျင်းယန် အာရုံစိုက်နေခဲ့သည်။
ဤသူငယ်ချင်းလေး လျှောက်ပတ်ခုန်ပေါက်နေသည်အား မြင်လိုက်ရလျှင် ယမန်နေ့က ထုထုအတွက် ဝယ်လာသည့် ပန်းရောင်အရုပ်လေးကို
သူ၏ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ပြီး ထုထု၏လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ထိုအရုပ်လေးကို အလွန်သဘောကျသည့် ယင်ရိလျိုက ပန်းရောင်အမွှေးပွပွလေးကို ဖက်လိုက်ပြီး ပြတင်းပေါက်အရှေ့ကို မှီနေခြင်းအား ရပ်တန့်လိုက်ပေပြီ။
အမှန်တွင် အပြင်ဘက်၌ ကြည့်စရာ အများအပြားမရှိပါချေ။ သူတို့မျက်လုံးနှင့် လှမ်းမြင်နိုင်သည့်အကွာဝေးအတွင်းရှိ နေရာတိုင်းမှာ ဧရာမအပင်စိမ်းစိမ်းကြီးများသာ ရှိလေသည်။
တစ်ခါတစ်ရံတွင် သေးငယ်သော သန္ဓေပြောင်းတိရစ္ဆာန်များက ရဟတ်ယာဉ် အသံကြားလိုက်သဖြင့် ခေါင်းမော့ကြည့်နေသည်ကို မြင်ရသည်မှာ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များနှယ်ဖြစ်နေပေ၏။
ခဏကြာပြီးနောက် မြင်ကွင်းက ပျင်းစရာကောင်းလာလေသည်။
ထုထုက ပန်းရောင်အရုပ်ကြောင့် စိတ်ပြောင်းသွားကြောင်း မြင်လိုက်သည့်အတွက် ကျင်းယန် သူ့ဘေးမှ ပြတင်းပေါက်ကို အနည်းငယ်ပိတ်လိုက်လေသည်။ ထိုအခါမှသာ အအေးဓာတ်အနည်းငယ် လျော့ကျသွားပေ၏။
ရဟတ်ယာဉ်မောင်းနေစဥ် သူ့ဘေးမှ လေယာဥ်မှုးက သူတို့ကို မကြာခဏ ကြည့်ကာ ပြုံးနေခဲ့သည်။
ရုတ်တရက်ပင် တည်ငြိမ်စွာ ပျံသန်းနေသော ရဟတ်ယာဥ်က အရှေ့သို့မရွေ့တော့ဘဲ ရပ်တန့်သွား၏။
သူမ၏အမွှေးပွအရုပ်နှင့်ကစားနေသည့် ယင်ရိလျိုတစ်ယောက် ရဟတ်ယာဥ်ကိုယ်ထည် ထိုးကျသွားခြင်းကိုသာ ခံစားမိလိုက်ပြီး အပြင်ဘက်မှလာသော ထုံထိုင်းထိုင်းအသံကိုသာ ကြားနေလေသည်။
လူတိုင်း၏ အမူအရာများက ချက်ချင်းပြောင်းလဲသွားပြီး အနောက်ဘက်တွင် ထိုင်နေသော အမြင့်ကြောက်သည့် အနက်ရောင်ဝံပုလွေကမူ ချက်ချင်းပင် အူလိုက်မိ၏။
သူ၏အနက်ရောင်ခန္ဓာကိုယ်ကို အနောက်မှနံရံဆီတွင်သာ တိုးကပ်နေလေသည်။
“ဘာတွေဖြစ်နေတာလဲ?”
လေယာဥ်မှုးက အလွန်အတွေ့အကြုံရှိ၏။ သူက လက်ရှိအခြေအနေနှင့် အပြင်ဘက်ရှိပန်ကာ၏အသံကို နားထောင်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ စတီယာရင်ကို ထိန်းချုပ်လိုက်လေသည်။
ရဟတ်ယာဥ်ကိုယ်ထည်က တခဏသာ မတည်မငြိမ်ဖြစ်သွားပြီး ချက်ချင်းပင် မူလအခြေအနေကို ပြန်ရောက်သွားလေသည်။
“တစ်ခုခု ညှပ်သွားတယ်.. နောက်ဘက်က လူငယ်လေး ပြတင်းပေါက်တွေကို မြန်မြန်ပိတ်လိုက်”
လေယာဥ်မှူးက သူ၏ဘေးမှပြတင်းပေါက်ကို ပိတ်လိုက်ပြီး နောက်ဘက်မှ ကျောင်းချီယန်ကို အော်ပြောလိုက်သည်။ သူ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက အပြင်ဘက်ကိုသာ ဆက်တိုက်ကြည့်နေလေသည်။
ကျောင်းမောင်နှမက သူ့၏စကားအတိုင်း ပြတင်းပေါက်ကို မြန်ဆန်စွာပိတ်လိုက်သည်။ ကျင်းယန်လည်း သူ့ဘေးမှ ပြတင်းပေါက်ကို ပိတ်လိုက်၏။
သူက သူ၏လက်မောင်းထဲမှ စိတ်ရှုပ်ထွေးနေသော ယုန်လေးကို ပွေ့ဖက်လိုက်ပြီး သြရှသည့်အသံနှင့်မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ?”
“ပဲ့ထိန်းပန်ကာထဲကို ပျံသန်းနိုင်တဲ့အကောင် ဝင်သွားတာနေမှာ.. ဒါက ဘာမှကြောက်စရာမကောင်းပေမဲ့ သန္ဓေပြောင်းငှက်အများစုက အုပ်လိုက်နေထိုင်တဲ့ မျိုးစိတ်တွေပဲ..သန္ဓေပြောင်းငှက်အရေအတွက် အများကြီးက ငါတို့ဆီကို ပြေးဝင်လာနိုင်ချေ အရမ်းများတယ်”
လေယာဥ်မှုး ပို၍ပြောလေလေ သူ၏မျက်နှာက ပို၍စိုးရိမ်တကြီးဖြစ်လာလေလေပင်။ သူက ဖြစ်လာနိုင်သည့်အခြေအနေကို ပုံဖော်ကြည့်မိနေခဲ့လေသည်။
လေယာဥ်မှူးများက သန္ဓေပြောင်း သားရဲများကို ရင်ဆိုင်ရန်မလိုဘဲ နေ့တိုင်းလေယာဥ်မောင်းနေပါက အမှတ်များရရှိနိုင်ပါသည်။
သို့သော် လေယာဥ်မှုးများ၏ဘဝက လူများ ထင်ထားသကဲ့သို့ ပျော်စရာကောင်းမနေပါချေ။
ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် ပျံသန်းနိုင်သော မျိုးစိတ်အသစ်အများအပြား ပေါ်လာခဲ့ပြီး သူတို့က လေထဲမှ ရဟတ်ယာဥ်များကို မကြာခဏတိုက်ခိုက်ကြသည်။
ထိုမျိုးစိတ်အများစုသည်က အုပ်လိုက်နေထိုင်ကြလေ၏။ ထိုမျိုးစိတ်များနှင့် ပက်ပင်းတိုးခဲ့လျှင် အသက်ရှင်နိုင်မည့် အခွင်အရေး နည်းပါးလွန်းသည်။
အကြောင်းမှာ သူတို့သာ မြေပြင်ပေါ်၌ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်နှင့် မျက်နှာချင်းဆိုင်မိလျှင် ထွက်ပြေးလျှင်ပြေး ၊ မပြေးလျှင်ပင် ပြန်လည်တိုက်ခိုက်နိုင်ကြသည်။
သို့သော်ငြား မတော်တဆမှုက လေထဲတွင် ဖြစ်ပျက်ခဲ့လျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့် ရလာဒ်မှာ လေယာဥ်ပျက်ကျမှုဖြင့် သေဆုံးခြင်းသာဖြစ်သည်။
မထွက်ခွာခင်က ဟာသတစ်ခုအနေဖြင့်သာ ပြောဖြစ်ခဲ့ခြင်းသော်လည်း သူတို့က ကံဆိုးလွန်းလိမ့်မည်ဟု မည်သူထင်ပါမည်နည်း။
လေယာဥ်မှုး၏စကားကြောင့် ကျင်းယန် အထိတ်တလန့်ဖြစ်မသွားပါချေ။ သူက သက်လတ်ပိုင်းအမျိုးသား၏ တုန်ရီနေသော ပုခုံးကို ပုတ်ပေးလိုက်ကာ ကြောက်စိတ် လျော့သွားစေရန် နှစ်သိမ့်ပေးလိုက်သည်။
“ကျွန်တော်တို့ အခုနေ ဆင်းသက်လိုက်ရင်ရော?”
“ငါတို့ လုပ်လို့မရဘူး”
လေယာဥ်မှုးက ပယ်ချလိုက်သည်။
“အောက်ဘက်က အဲဒီဧရာမအပင်ကြီးတွေအားလုံးနဲ့ဆို ငါတို့ဆင်းသက်ဖို့ မဖြစ်နိုင်ဘူး..
ဆင်းသက်ခဲ့ရင်တောင်မှ အခုမြို့တော်Aရဲ့ ပိုင်နက်ထဲရောက်နေကြပြီ.. သန္ဓေပြောင်းတိရစ္ဆာန်တွေက ဘယ်နေရာမှာ ပုန်းနေကြမလဲ မပြောနိုင်ဘူး”
ကျောင်းမောင်နှမက အဆုံးမရှိ ရှင်းလင်းနေသော ကောင်းကင်ကို ကြည့်လိုက်မိ၏။
သူတို့က အနည်းငယ် ကြောက်သွားသော်လည်း လေယာဥ်မှုးက အတွေးလွန်နေသည်ဟုသာ ထင်မိကြလေသည်။
ယခုအချိန်က နေ့ခင်းကြောင်တောင်ဖြစ်ကာ ငှက်အရိပ်တစ်ခုကိုပင် မမြင်ရပါချေ။
အခုလေးတင် ပဲ့ထိန်းပန်ကာထဲကို ညပ်သွားတဲ့ ငှက်က တစ်ကောင်တည်းများ ဖြစ်နိုင်မလား?
ကျင်းယန် ခဏ ချင့်ချိန်ပြီး မေးလိုက်၏။
“ဒီတော့ ငှက်အုပ်လိုက်က တိုက်ခိုက်ခဲ့ရင် ကျွန်တော်တို့ လုပ်နိုင်တဲ့အရာအားလုံးက သေသွားဖို့ကို စောင့်နေရုံပဲလို့ ခင်ဗျားက ပြောချင်နေတာလား?”
“အမှန်ပဲ.. ငါတို့သာ ငှက်အကောင်ရေအများကြီးနဲ့ ထိပ်တိုက်သာ ပက်ပင်းတိုးခဲ့ရင် အတိုက်ခိုက်ခံရမှာပဲ… ဒီလိုဆို ပဲ့ထိန်းပန်ကာက ပျက်စီးသွားပြီး လေယာဥ်ပျက်ကျလိမ့်မယ်”
လေယာဥ်မှုးသည် အသက်ပြင်းပြင်းနှစ်ချက် ရှူပြီးဆက်ပြောလိုက်၏။
“ရေပြင်ညီအနိမ့်မှာ ကြိုးစားပြီးပျံလို့ရပေမဲ့ လေတိုက်နှုန်းက အရမ်းများတယ်.. ဒီသစ်ပင်တွေဘယ်လောက် မြင့်လဲဆိုတာ သိမှရမယ်…”
“ဒါဆို ကျွန်တော်တို့ ရေပြင်ညီအနိမ့်မှာ ပျံမယ်”
ကျင်းယန်က နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့သည်။
ကျင်းယန်ာ လေယာဥ်မှုး၏ ပုခုံးပေါ်တစ်ချက်ထပ်ပုတ်လိုက်ပြီး သူ့မျက်နှာက အကြောက်တရားကင်းမဲ့နေခဲ့သည်။
သူက အနည်းငယ် တုန်လှုပ်နေသော ယုန်လေးကို ကြည့်လိုက်ပြီး သူမ၏ အမွှေးပွလေးများကို ညင်သာစွာပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်လေ၏။
“မကြောက်နဲ့ အဆင်ပြေသွားမှာပါ”
သူ၏မျက်နှာက အေးချမ်းပြီး သူ၏အသံသည်လည်း ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့သည်။ ယင်ရိလျို၏ တုန်လှုပ်နေသော နှလုံးက များစွာ တည်ငြိမ်သွားခဲ့ရ၏။
သူမ အသက်ပြင်းပြင်းရှူပြီး ကျင်းယန်၏ အင်္ကျီလက်ဆီသို့ လက်ဆန့်ကာ သူ့အား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ယင်ရိလျို၏ နှလုံးသားထဲတွင် ရွှေပေါင်လုံးကြီးက အကြွင်းမဲ့လုပ်နိုင်စွမ်းရှိသည်။
သူက ပြဿနာမရှိဟု ပြောနေသရွေ့ ပြဿနာရှိမည်မဟုတ်ချေ။
သူမကကျင်းယန်၏ကျောကို လက်ဖဝါးဖြင့်ပုတ်ကာ မကြောက်ကြောင်းပြသလိုက်ပြီး သူ့ကိုလည်း မကြောက်ရန် ပြောနေခဲ့၏။
ကျင်းယန်က သူငယ်ချင်းလေး၏ နွေးထွေးသောအပြုအမူကြောင့် သဘောကျသွားပြီး ပြုံးလိုက်မိသည်။
သူ၏ခေါင်းကို တစ်ဖန်ပြန်မော့လိုက်သောအချိန်တွင် ပုံမှန် တိကျပြတ်သားသော ကျင်းယန်အဖြစ် ပြန်ရောက်သွားခဲ့ပေပြီ။
လေယာဥ်မှုးက ရဟတ်ယာဉ်ကို ထိန်းချုပ်ရန် လီဗာကို ရွှေ့လိုက်သည်။
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလား သူတို့မသိသော်လည်း ရေပြင်ညီပို၍ နိမ့်လာလေလေ ပို၍မငြိမ်သက်၊ မလုံခြုံဖြစ်လာသည်ဟု သူတို့ခံစားရ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့မျက်လုံးနှင့် မြင်နိုင်သည့် အကွာအဝေးရှိ ကောင်းကင်တွင် ငှက်မရှိဘဲ ပြာလွင်လွင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များဖြင့် တည်ငြိမ်နေဆဲဖြစ်သည်။
လေယာဥ်မှုး၏အာရုံကြောများ သိသာထင်ရှားစွာ ပြေလျော့သွားရသည်။ သူကနဖူးပေါ်မှ ချွေးများကို သုတ်ပစ်ပြီး စိတ်သက်သာရာရစွာ အသက်ရှူလိုက်သည်။
နောက်ဘက်တွင် ထိုင်နေသော ကျောင်းချီယန်က ပြောလိုက်လေ၏။
“အန်ကယ် ခင်ဗျားက အတွေးလွန်နေတာလို့ ကျွန်တော်ပြောသားပဲ”သူပြောပြီးချိန်မှာပင် အနက်ရောင် အစက်အပြောက်လေးတချို့က ဝေးကွာသည့် ကောင်းကင်ပေါ်တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
သူတို့ ဂရုတစိုက်မကြည့်မိလျှင် သတိမထားမိနိုင်သော်ငြား ကျင်းယန်က ပတ်ဝန်းကျင်ကို အာရုံစူးစိုက်နေခဲ့ပြီး ထိုအနက်ရောင် အစက်အပြောက်များကို မြင်လိုက်ရသောကြောင့် သူချက်ချင်း အော်လိုက်၏။
“အောက်ကိုနှိမ့်ပြီးပျံ!”
အနက်ရောင်အပြောက်များက အလွန်လျှင်မြန်စွာ ရွေ့လျားနေပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ရဟတ်ယာဉ်ထဲမှ လူတိုင်း မြင်နိုင်လာခဲ့သည်။
အနက်ပြောက်က စထွက်လာကာစအချိန်တွင် အကွက်မှိန်မှိန်တစ်ကွက်သာ ဖြစ်သော်ငြား သူတို့ဆီသို့ဦးတည်ပျံသန်းလာချိန်တွင်တော့ သိပ်သည်းသည့် အကွက်တစ်ခုအဖြစ် လျှင်မြန်စွာကျယ်ပြန့်သွားပြီး ကြီးထွားလာခဲ့၏။
ထိုအနက်ပြောက်များက အနက်ရောင်မိုးနှင့် ဆင်တူသည်။ မူလက ကြည်လင်နေသော ကောင်းကင်က အနက်ရောင်မြူနှင်းမှုန်များ၏ ကာဆီးခြင်းကို ခံလိုက်ရပေပြီ။
ထိုမြင်ကွင်းကြောင့် ယင်ရိလျို၏ ဦးရေပြားတစ်ခုလုံးက စပ်ဖျဥ်းဖျဥ်းဖြစ်သွားခဲ့ရသည်။
သန္ဓေပြောင်းငှက်တွေ ဘာလို့ ဒီလောက်တောင် များနေတာလဲ?