အခန်း (၁၁၀)
Vol. 11 Ch. 110
*(110)
လေယာဥ်မှုး၏ ပြေလျော့သွားသည့် နှလုံးသားက ချက်ချင်းပင် ပြန်လည်တင်းကြပ်သွားခဲ့သည်။
သူက ပေါင်ကို လက်သီးဖြင့်ထိုးလိုက်ပြီး အောက်ဘက်ဆီသို့ ပျံသန်းရန် လီဗာကို ချက်ချင်း ထိန်းချုပ်လိုက်၏။
သူတို့၏အောက်ဘက်တွင် အလွန်ကြီးမားသော သန္ဓေပြောင်းအပင်များမှာ မညီမညာကြီးထွားနေကြပြီး တချို့အပင်မျိုးစိပ်များက ၂၀မီတာမှ ၃၀ မီတာအထိ သို့မဟုတ် ထို့ထက်ပင်ပိုမြင့်ကြလေသည်။
လေယာဥ်မှုးက ရဟတ်ယာဉ်ကို ဆက်တိုက် ထိန်းချုပ်ထားခဲ့ပြီး ထပ်၍ မနိမ့်ဆင်းရဲတော့ချေ။
ဤအချိန်၌ လေထဲမှ အနက်ရောင်အစက်များကို ရှင်းလင်းစွာမြင်နိုင်လာရသည်။ အနက်ရောင်ငှက်များက သူတို့ဆီဦးတည်၍ အုပ်စုလိုက်ပျံသန်းလာခဲ့ခြင်းပင်။
ဝေးကိာနေသေးသော်လည်း သူတို့၏စီခနဲအော်သံများနှင့် တောင်ပံခတ်သံများက ပြတင်းပေါက်ကို ဖြတ်၍ပင် ကြားနေရလေသည်။
ဤငှက်များက ကျီးကန်းများနှင့် ဆင်တူသော်ငြား အရွယ်အစားပိုသေးငယ်လေ၏။ သူတို့၏မာကျောပြီး ကောက်ကွေ့ကာ ချိတ်နှင့်တူသော အဖြူရောင်နှုတ်သီးများနှင့် နီရဲပြီးတောက်ပသော မျက်လုံးဝိုင်းဝိုင်းတစ်စုံမှလွဲ၍ တစ်ကိုယ်လုံးက နက်မှောင်နေခဲ့လေသည်။
ယင်ရိလျိုတစ်ယောက် နေ့ခင်းဘက်ဖြစ်နေသော်ငြား မှိတ်တုပ်မှိတ်တုပ် လင်းနေသော အနီရောင်မီးသီးများကို မြင်နေရသည်ဟုပင် ထင်လိုက်မိ၏။
သန္ဓေပြောင်းငှက်စစ်တပ်တစ်ခုက သူတို့ရှိရာသို့ ချီတက်လာခဲ့ပေပြီ။
“ငါတို့ အခုဘာလုပ်သင့်လဲ?”
လေယာဥ်မှုး၏ အသံကတုန်ရီနေခဲ့သည်။ သူက သာမာန်လူတစ်ယောက်သာ ဖြစ်ပေ၏။ သန္ဓေပြောင်းငှက်များက သူ့အတွက် ဒဏ္ဍာရီလာသတ္တဝါများသာ ဖြစ်ပြီး သူကိုယ်တိုင် မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
“ဆက်မောင်းနေ၊ ရဟတ်ယာဥ်ကို ဘေးတိုက်ပျံအောင်လုပ်လိုက် ဒါမှ ပဲ့ထိန်းပန်ကာအတွက် ပိုပြီးလုံခြုံမှာ”
ကောင်းကင်မှ ချဥ်းကပ်လာသော ငှက်များကို လေ့လာပြီး ကျင်းယန် တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။
ကျင်းယန်ာ လေယာဥ်မှုးကိုင်ထားသော လီဗာကို လှမ်းကိုင်ပြီး အောက်ဘက်ကို တွန်းလိုက်သောကြောင့် ရဟတ်ယာဉ်ကို ပို၍ပင် စောင်းရွဲ့သွားစေခဲ့သည်။
လေယာဥ်မှုး၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေကာ သူကျင်းယန်ကို အံ့အားသင့်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။
“မင်းက လေယာဥ်မောင်းနိုင်တာလား?”
ကျင်းယန် သူ့အား အသာအယာခေါင်းငြိမ့်ပြပြီး ပို၍လျှင်မြန်စွာမောင်းရန် အချက်ပြလိုက်သည်။
သူက ကျင်းမိသားစု၏ ဆက်ခံသူဖြစ်သောကြောင့် ကလေးကတည်းက အမျိုးမျိုးသော လေ့ကျင့်မှုများကို လေ့ကျင့်ခဲ့ရသည်။
သမရိုးကျ တက္ကသိုလ်ကျောင်းသားဘွဲ့တန်းများ၊ အထက်တန်းကျင့်ဝတ် ထုံးတမ်းများ၊ မြင်းစီးခြင်းနှင့် တခြားအားကစားများလည်း ပါဝင်ခဲ့၏။
သူ အသက်ဆယ့်ကိုးနှစ်အရွယ်တွင် လေယာဥ်မှုးလိုင်စင်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် အကဲဖြတ်မှုများ ပြုလုပ်နိုင်ပေသည်။
သူ၏မျက်လုံးက ပို၍ ရွှေရောင်တောက်ပလာ၏။ ထိုငှက်များကို သူ၏ဆင့်ကဲပြောင်းလဲစွမ်းရည်နှင့် ဆန်းစစ်ပြီးနောက် ဤသန္ဓေပြောင်းငှက်များက လူသားများ သို့မဟုတ် အခြားသတ္တဝါများကို အကြောင်းအရင်းမရှိဘဲ တိုက်ခိုက်မည့် မျိုးစိတ်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
သူ၏လေ့လာမှုအရ အနည်းဆုံး ငှက်များက အလိုအလျောက်ရန်လိုမည်မဟုတ်ချေ။
သူတို့က ရာသီအလိုက်ပြောင်းရွှေ့နေသော သန္ဓေပြောင်းငှက်တစ်အုပ်ဆီသို့ ပြေးဝင်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။
ယခု သူတို့လုပ်ရမည့်အရာမှာ ဤသတ္တဝါများကို ဒေါသထွက်မသွားစေရန် သူတို့၏တည်ရှိကို လျော့ချရန်သာဖြစ်သည်။
ဘေးတိုက်ပျံသန်းခြင်းက ရဟတ်ယာဥ်ကို မောင်းနှင်ရာတွင် အထူးနည်းလမ်းတစ်ခု ဖြစ်၏။ လိုင်စင်ကိုင်ဆောင်ထားရုံမျှသာ ဖြစ်သော ကျင်းယန်အနေဖြင့် ထိုမောင်းနှင်မှုကို မလုပ်နိုင်ပေ။
သို့သော် သူ့၏ဘေးမှ လုပ်သက်ကြာပြီး အတွေ့အကြုံရှိသည့် လေယာဥ်မှုးက မလုပ်နိုင်ဟု မဆိုလိုချေ။
လေယာဥ်မှုးက ချဥ်းကပ်လာသော သန္ဓေပြောင်းငှက်များကို မျက်လုံးမှေးစင်းကြည့်လိုက်ပြီး ရဟတ်ယာဥ်ကို နိမ့်နိုင်သမျှအနိမ့်ဆုံး ရောက်သည်အထိ အောက်သို့ အရှိန်နှေးနှေးဖြင့် မောင်းနှင်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။
ရဟတ်ယာဥ်ကို ဘေးတိုက်မောင်းနှင်ရခြင်းမှာ ထိန်းချုပ်ရန် မလွယ်ကူပါချေ။ ကိုယ်ထည်က ဖြည်းညှင်းစွာ စောင်လာသည့်အချိန်တွင် အနက်ရောင်ဝံပုလွေက ပြုတ်ကျနေသည့်နှယ် ဘေးဘက်ဆီသို့ မထိန်းချုပ်နိုင်စွာ လျှောသွားလေသည်။
ကျင်းယန် သူ့ရှေ့မှ လည်နေသော လောကကြီးကို ကြည့်နေလိုက်၏။ ထို့နောာ် လက်တစ်ဖက်ဖြင့် ထိုင်ခုံနောက်ဘက်ကို တင်းကြပ်စွာဆုပ်ကိုင်ပြီး ကျန်တစ်ဖက်ဖြင့် ယင်ရိလျိုကို ကိုင်ထားခဲ့သည်။
မြင့်မားသော ဖိအားနှင့် ဘေးတိုက်ပျံသန်းနေချိန်တွင် ထိန်းချုပ်ရန်ခက်ခဲသောကြောင့် ရဟတ်ယာဥ်၏အရှိန်က လျော့ကျသွားခဲ့၏။
ရဟတ်၏အမြီးဆုံလည် အင်တိုက်အားတိုက်လည်မှုက ရဟတ်ယာဥ်ကို ရှေ့သို့ နှေးကွေးစွာ ရွေ့သွားစေကာ အနက်ရောင်သန္ဓေပြောင်းငှက်အုပ်နှင့် ထိပ်တိုက် တိုက်မိသွားစေသည်။
ရှေ့မှန်မှ မှန်အက်သံအတန်းလိုက် ထွက်လာခဲ့သည်။ ငှက်များ၏ ခန္ဓာကိုယ်များက မှန်နှင့် တိုက်မိကုန်ကာ ကိုယ်ထည်၏ ဘေးဘက်တွင် တဖျတ်ဖျတ်ပျံနေခဲ့ကြလေသည်။အတွင်းဘက်မှ လူများမှာ ကောင်းကင်ပြိုကျလုနီးပါး တုန်ခါမှုနှင့် လှုပ်ယမ်းမှုကိုသာ ခံစားနေရလေ၏။
ပြတင်းပေါက်အပြင်မှ ငှက်များ၏ စူးရှသောအော်သံများကို ယင်ရိလျို ကြားနိုင်၏။ ခဏအကြာတွင် ကျင်းယန်က သူမ၏နားရွက်များကို လက်ဖြင့်ဖုံးအုပ်ပေးခဲ့သောကြောင့် ဆူညံသံများကို မကြားရတော့ချေ။
မရပ်မနား လှုပ်ယမ်းမှုက အချိန်မကြာခဲ့ဘဲ ဆယ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။ သို့သော်လည်း ရဟတ်ယာဥ်က ငှက်အုပ်၏ တိုက်ခံရခြင်းကြောင့် ဘယ်နှင့်ညာ လှုပ်ခါနေပြီး ကိုယ်ထည်ကလည်း သစ်ပင်ထိပ်များဖြင့် ပွတ်တိုက်သွားခဲ့လေသည်။
အတွင်းဘက်ရှိ လူများနှင့် တိရစ္ဆာန်များက အော်ဟစ်နေခဲ့ကြ၏။
ရဟတ်ယာဥ်ကို မထိန်းချုပ်နိုင်ဖြစ်တော့မည်အချိန်တွင် ကျင်းယန်က လီဗာကိုဆုပ်ကိုင်ပြီး အထက်သို့ဆွဲတင်လိုက်လေသည်။
ထိုလှုပ်ရှားမှုက ရဟတ်ယာဉ်ကိုယ်ထည်ကို လက်ကြီးတစ်ဖက်ဖြင့် ဆွဲတင်လိုက်သကဲ့သို့ထင်ရသည်။
တုန်ခါမှုများနှင့် ငှက်အော်မြည်သံများ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး ရဟတ်ယာဥ်၏အရှိန်က အနက်ရောင်မြူနှင်းမှုန်ကို ထိုးဖောက်ရန် ရုန်းကန်နေရသကဲ့သို့ အရှိန်မြန်လာခဲ့၏။
သိပ်သည်းသော ငှက်အုပ်ကြီးကို လုံးလုံးလျားလျား နောက်ကို ချန်ထားခဲ့ပြီးချိန်တွင်တော့ လူတိုင်း၏နှလုံးသားက အရိုင်းဆန်စွာခုန်ပေါက်နေခဲ့ကြကာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေပြရသည်။
ကျင်းယန် လေယာဥ်မှုး၏ ပုခုံးကို ခပာပြင်းပြင်းပုတ်လိုက်၏။ လေယာဥ်မှုးလည်း အသိပြန်ဝင်လာကာ အိပ်မက်တစ်ခုမှ နိုးထလာသည့်နှယ်ဖြစ်နေပြီး လီဗာကို လျှင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။
သူတို့၏နောက်မှ အနက်ရောင်တိမ်တိုက်က တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
သူတို့ လုံခြုံသွားပြီပင်။
မြို့တော်Aရှိ ယာဥ်ရပ်နားဧရိယာသို့ ရဟတ်ယာဥ် ဆင်းသက်ပြီးနောက်တွင် ကျောင်းစီဟွေ့တစ်ယောက်ခြေထောက်များ ပျော့ခွေနေပြီဖြစ်၏။
မတိုင်ခင်က သူမ အော်ခဲ့၊ မအော်ခဲ့ကိုပင် သူမ မမှတ်မိနိုင်တော့ချေ။
သူမ၏စိတ်က လုံးဝဗလာဖြစ်နေသည်ကိုသာ ခံစားနိုင်လေသည်။
အနက်ရောင်ဝံပုလွေက ရဟတ်ယာဥ်ထဲမှ ထွက်လိုက်ပြီးနောက် ဤပျံသန်းနိုင်သော အရာကြီးထံမှ အဝေးသို့ ချက်ချင်း ထွက်ပြေးလိုက်၏။
သူတို့ကို နှုတ်ဆက်ရန်လာသော ဆင့်ကဲပြောင်းလဲသူများမှာ ကြံ့ခိုင်သန်စွမ်းသော သန္ဓေပြောင်းဝံပုလွေတစ်ကောင်က ရဟတ်ယာဥ်ပေါ်မှ တဟုန်ထိုးဆင်းလာသည်ကို မြင်လိုက်ရသည့်အတွက် ထိတ်လန့်တကြားဖြင့် တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်သွားကြလေသည်။
ကျင်းယန်က ရဟတ်ယာဥ်ပေါ်က နောက်ဆုံးမှ ဆင်းလာခဲ့၏။
သူ၏လက်မောင်းထဲတွင် ယင်ရိလျိုကို ပွေ့ထားကာ လေယာဥ်မှုးကို လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်လိုက်သည်။
“ငါကသာ မင်းကို ကျေးဇူးတင်သင့်တဲ့သူပါ.. အဲဒီအချိန်တုန်းက ငါလုံးဝကိုတုန်လှုပ်နေခဲ့တာ”
ကျင်းယန် မတုံ့ပြန်ခဲ့ပေ။
လေက သူ၏နဖူးပေါ်မှ ဆံပင်ကိုဝှေ့တိုက်သွားခဲ့သည်။
ကျင်းယန် တဖြည်းဖြည်း ထွက်ခွာနေသော ရဟတ်ယာဥ်ကို လှမ်းကြည့်လိုက်၏။ သူ၏ လုပ်နိုင်စွမ်းကို သူ ရှင်းလင်းစွာ သိထားပြီး ဤအကြိမ်၌ သူသည်က အသင်း၏စိတ်ဓာတ်ကို မြင့်တင်ရာတွင်သာ လုပ်ဆောင်ခဲ့သည်။
ရဟတ်ယာဥ် မောင်းခြင်းက သူကျွမ်းကျင်သည့်အရာ မဟုတ်ချေ။
ရုတ်တရက် ဖြစ်သွားသည့် ကပ်ဘေးကို ဖြတ်ကျော်နိုင်သည့် ခံစားချက်က သူတို့၏နှလုံးသားထဲတွင် အတက်အကျကိုမြင့်မားစွာ ဖြစ်သွားစေခဲ့၏။
သူတို့ကို နှုတ်ဆက်ရန်လာသည့် မြို့တော်Aမှ ဆင့်ကဲပြောင်းလဲသူများနှင့် မျက်နှာချင်းဆိုင်ရသည့်အခိုက် အသင်းထဲတွင် စကားအများဆုံးသူဖြစ်ခဲ့သည့် ကျောင်းချီယန်သည်ပင် အနည်းငယ် ခြေကုန်လက်ပမ်းကျနေခဲ့ပေသည်။
မြို့တော်Aမှ ဆင့်ကဲပြောင်းလဲသူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် မြို့တော်Z အခြေစိုက်စခန်းမှ ဤလူများက အတော်မောက်မာပြီး ဆက်ဆံရန် ခက်ခဲသည်ဟု တွေးနေခဲ့ကြ၏။
ထို့အပြင် သူတို့ရှေ့ရှိ ရှူးယန်အသင်းခေါင်းဆောင်က သူနှင့်အတူ အိမ်မွေးယုန်တစ်ကောင်ကိုပါ ခေါ်လာခဲ့သည်။
ဤအတွေးများ သူတို့၏ခေါင်းထဲတွင်တော့ ရှိသော်ငြား မျက်နှာပေါ်တွင် ထုတ်မပြခဲ့ချေ။
သို့သော်လည်း ထိုအတွေးမှာ ရှူးယန်အသင်းမှ ခရီးစဉ်အတွင်း သန္ဓေပြောင်းငှက်အုပ်နှင့် ပက်ပင်းတိုးခဲ့ပြီး သေခြင်းရှင်ခြင်း အတွေ့အကြုံကို တွေ့ကြုံခဲ့ရကြောင်း ကျောင်းစီဟွေ့က သူတို့ကို ရှင်းမပြခင်ထိသာ ကြာခဲ့သည်။
သူတို့၏ မကျေနပ်မှုက ချက်ချင်းပျောက်ကွယ်သွားပြီး သူတို့ကို အခြေစိုက်စခန်းထံ အလောတကြီး ခေါ်သွားခဲ့၏။
အကြည့်တစ်ချက်နှင့်ပင် မြို့တော်Aနှင့် မြို့တော်Zကြားရှိ ဗိသုကာပညာနှင့် အတွင်းပိုင်းပစ္စည်းများ စီမံခန့်ခွဲမှုနှစ်ခုစလုံးတွင် ကွာခြားမှုကို မြင်နိုင်လေသည်။
မြို့တော်A အခြေစိုက်စခန်းထဲဝင်ပြီးနောက် လမ်းများက အသက်ဓာတ်ကင်းမဲ့နေကာ
သုန်မှုန်ပြီးပိန်လှီနေသည့် သာမာန်လူများကို တွေ့ရသည်။
တစ်စုံတစ်ယောက်က အခြေစိုက်စခန်းထဲသို့ ဝင်လာကြောင်းကို ဤလူများမြင်သော်လည်း သူတို့ကို ထူးမခြားနားစွာနှင့် တစ်ချက်ကြည့်ပြီးနောက် ခေါင်းများကိုပြန်ငုံ့သွားကြသည်။
ထောင့်ဘက်တွင်တော့ ညစ်ပေနေသော လူအများအပြားထိုင်နေခဲ့ကြသည်။
ယင်ရိလျို သူတို့၏ဘေးမှ ဖြတ်သွားသည့်အချိန်တွင် ဆိုးရွားသည့် အနံ့ကိုရလိုက်နိုင်သည်။ ထိုအနံ့က ပြည်ထွက်နေသော အနာ၏အနံ့ဖြစ်သည်။
သူတို့ကို နှုတ်ဆက်ရန်ရောက်လာသည့် သက်လတ်ပိုင်းအမျိုးသားထဲမှ တစ်ယောက်က ဝမ်းနည်းသည့် မျက်နှာဖြင့်ပြောခဲ့၏။
“မင်းတို့မြင်တဲ့အတိုင်းပဲ ငါတို့ရဲ့အခြေစိုက်စခန်းက ထပ်ပြီး တောင့်မခံနိုင်လုနီးပါးပဲ.. အစားအစာက အခက်အခဲဆုံးကိစ္စ ဖြစ်လာပြီ၊ မြို့ထဲက လူတွေက သစ်ခေါက်နဲ့ မြက်အမြစ်တွေကိုတောင် ဆွဲနုတ်စားနေကြရတယ်”
“သေသွားတဲ့အထိ ဆာလောင်နေခဲ့ရတဲ့ လူတွေတောင် ရှိတယ်.. ဒီလိုသာ ဆက်ဖြစ်နေရင် ငါတို့အခြေစိုက်စခန်းက ပျက်စီးသွားလိမ့်မယ်”
===========