← Chapters

အခန်း (၃၉၁)

Vol. 40 Ch. 391

အခန်း (၃၉၁)

Vol. 40 Ch. 391

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်၏ မဟာကရုဏာ သံသရာလည်ခြင်း မန္တန်သည် ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်၏။ ပိုမိုများပြားသော သေလူများသည် ပျက်စီးသွားပြီး ဝိညာဉ်များ ပျောက်ကွယ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

သင်္ချိုင်းမြေ တစ်ခုလုံးရှိ ရွှမ်းချီ အတွင်းအားများသည် ပိုမို အားကောင်းလာသည်။ တုပိုင်၏ ဒန်တျန် အတွင်းရှိ ကျိုယန်ကျမ်းရင်းမှ ထွက်ပေါ်လာသော စွမ်းအင်ဝဲကတော့ကြီးသည် ထိုရွှမ်းချီများအား ရူးသွပ်မတတ် ဝါးမြိုနေလေတော့သည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

တုပိုင်၏ ဒန်တျန်သည် အဆက်မပြတ် ပေါက်ကွဲနေပြီး အဆက်မပြတ် အဆင့်တက်ကာ အတားအဆီးများကို ချိုးဖျက်နေလေ၏။

သိုင်းပညာရှင် အဆင့် (၆) အနိမ့်ပိုင်း။

သိုင်းပညာရှင် အဆင့် (၆) အလယ်အလတ်။

သိုင်းပညာရှင် အဆင့် (၆) အမြင့်ပိုင်း။

သိုင်းပညာရှင် အဆင့် (၅) အနိမ့်ပိုင်း။

သိုင်းပညာရှင် အဆင့် (၅) အလယ်အလတ်။

သိုင်းပညာရှင် အဆင့် (၅) အမြင့်ပိုင်း။

သိုင်းပညာရှင် အဆင့် (၄) အနိမ့်ပိုင်း။

**--**--**--**--**--**--**--**

နာရီဝက်ခန့် ကြာပြီးနောက်တွင် မဟာကရုဏာ သံသရာလည်ခြင်း မန္တန်ပြီးဆုံးသွားသည်။ တုပိုင်၏ သိုင်းပညာ ကျင့်ကြံမှုအဆင့်သည် အဆင့် ၆ ဆင့် ဆက်တိုက် တက်ရောက်သွားခဲ့သည်။ ပါရမီ အလွန်မြင့်မားသူများပင်လျှင် အဆင့် ၆ ဆင့် ဆက်တိုက် တက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။ တုပိုင်သည်တော့ နာရီဝက် အတွင်းမှာပင် ပြီးမြောက်ခဲ့လေ၏။

ထိုမျှသာမက ဒန်တျန်သည် အကြိမ်ကြိမ် ပေါက်ကွဲခဲ့ပြီး ဒန်တျန်အတွင်းရှိ နဂါးသွေး ရွှေရောင်အတွင်းအားများကြောင့် ပေါက်ကွဲမှုတိုင်းသည် ခန္ဓာကိုယ်အတွင်းရှိ သရဲတစ္ဆေ သေမင်းတမန် စွမ်းအင်များကို ဖယ်ရှားပေးခဲ့လေသည်။ ပေါက်ကွဲမှု အကြိမ်ကြိမ် ဖြစ်ပေါ်ပြီးနောက် တုပိုင်ကို ငရဲပြည်သို့ဆွဲခေါ်ကြိုးစားခဲ့သည့် သေမင်းတမန် စွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွား၏။

အမှန်စင်စစ် ဤသေလူထောင်ပေါင်းများစွာ၏ ရွှမ်းချီ အတွင်းအားများသည် သိုင်းပညာရှင် အဆင့် (၄) အနိမ့်ပိုင်းသို့ ရောက်ရှိသည်ထက် ပိုမိုများပြားလှပေသည်။

သို့သော် ထိုသူများ၏ ဒန်တျန် ရွှမ်းချီ အတွင်းအားများသည် လေထဲတွင် လွင့်ပျယ်သွားကြလေသည်။ တုပိုင်၏ ကျိုယန်ကျမ်းရင်းသည် အလွန် အစွမ်းထက်နေပြီ ဖြစ်၍ လုံလောက်သော ရွှမ်းချီ အတွင်းအားများကို စုပ်ယူခဲ့သော်လည်း အများစုမှာ လွင့်ပျယ်သွားဆဲပင် ဖြစ်သည်။

အကယ်၍ အခြားသူတစ်ယောက်သာ တုပိုင်၏နေရာတွင် ဆိုပါက နာရီဝက်အတွင်း အဆင့်တစ်ဝက်တက်ရန်ပင် မဖြစ်နိုင်ချေ။ သူတို့၏ ကျင့်ကြံခြင်း အတွင်းအားသည် တုပိုင်ကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ခြင်း မရှိဘဲ တဖြည်းဖြည်းချင်းသာ တိုးတက်နိုင်သည်။ သို့ရာတွင် တုပိုင်၏ ကျိုယန်ကျမ်းရင်းကမူ သူ့ကို ဒန်တျန်အတွင်း ကြီးမားသော ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်စေပြီး ရူးသွပ်စွာ စုပ်ယူနိုင်စေရန် လုံလောက်ပေ၏။ ဤသည်မှာ အခြားကမ္ဘာမှ ဒဏ္ဍာရီလာ အတွင်းအား ကျမ်းစာအုပ်၏ စွမ်းအားပင်ဖြစ်လေ၏။

နာရီဝက် ထပ်မံ ကြာမြင့်ပြီးနောက်တွင် အဆင့် ၆ ဆင့် တက်သွားသော အံ့ဖွယ် ဖြစ်ရပ်ဆန်းကြီး ပြီးဆုံးသွားလေသည်။ ယခုအချိန်တွင် တုပိုင်၏ တရားဝင်ရာထူးမှာ ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ဖြစ်ပြီး စစ်ဘက်အရာရှိ အဆင့် ၅ သာ ရှိသည်။

သို့သော် သူ့ကျင့်ကြံမှုအဆင့်က သူ့ရာထူးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ ကျင့်ကြံမှုအဆင့်များစွာ တိုးတက်လာသော်လည်း မဟာကရုဏာ သံသရာလည်ခြင်း မန္တန်ကို အသုံးပြုပြီးနောက် တုပိုင်၏ စိတ်စွမ်းအားများ လုံးဝ ကုန်ခမ်းသွားခဲ့ပြီး ဘာမျှ မကျန်ရှိတော့ချေ။

တုပိုင် မျက်လုံးဖွင့်လိုက်ကာ သူ့ခန္ဓာကိုယ်သည် အစွန်းနှစ်ဖက်သို့ ရောက်နေသည်ကို ခံစားလိုက်ရလေသည်။

အရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု အရည်အသွေးများစွာ တိုးတက်လာသည်။ ထို့နောက် ဤသေလူလူသားများ၏ ဒန်တျန် အတွင်းအားစွမ်းအင်များကြောင့် သူ့ကျင့်ကြံမှုသည် ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့လေသည်။

ထို့ကြောင့် သူသည် သူ့ဘဝသက်တမ်းတစ်လျှောက် အစွမ်းအထက်ဆုံး အချိန်ကာလသို့ ရောက်ရှိနေပြီး တစ်ကိုယ်လုံးတွင် ဆူပွက်နေသော အံ့မခန်း စွမ်းအားများကို ခံစားနေရ၏။

သို့ရာတွင် စိတ်စွမ်းအားများ လုံးဝ ကုန်ခမ်းသွားခြင်းကြောင့် သူသည် ယခင်က မကြုံဖူးလောက်အောင် ပင်ပန်းနွမ်းနယ်နေလေသည်။ တုပိုင် မျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

သေလူ ထောင်ပေါင်းများစွာ နီးပါး ပျောက်ကွယ်သွားပြီး သူတို့၏ ဝိညာဉ်များ သံသရာလည်သွားကြပြီ ဖြစ်သည်။

သို့သော် သေလူ အများအပြား ကျန်ရှိနေသေးပြီး မလှုပ်မယှက် ထိုင်နေကြဆဲပင်။

ဤသည်က အဘယ်ကြောင့်နည်း။ တုပိုင်၏ မဟာကရုဏာ သံသရာလည်ခြင်း မန္တန်သည် သေလူ တစ်စိတ်တစ်ပိုင်းကိုသာ ကယ်တင်နိုင်သည်လား။

အဘယ်ကြောင့် သေလူ ၂,၀၀၀ ၊ ၃,၀၀၀ ခန့်က ပြီးပြည့်စုံသော သေဆုံးခြင်းနှင့် လွတ်မြောက်ခြင်းကို မရရှိကြသေးသနည်း။ တုပိုင် မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

“အများကြီး တောင်းပန်ပါတယ်.. ကျွန်တော့် စိတ်စွမ်းအားတွေ လုံးဝ ကုန်ခမ်းသွားလို့ မဟာကရုဏာ သံသရာလည်ခြင်း မန္တန်ကို ထပ်မသုံးနိုင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် မျက်လုံးမှိတ်ပြီး ရက်အနည်းငယ်လောက် အနားယူကာ စိတ်စွမ်းအားတွေ အပြည့်အဝ ပြန်ကောင်းလာတဲ့အထိ စောင့်ဆိုင်းပေးပါ။ အဲ့ဒီကျရင် ခင်ဗျားတို့ကို ထပ်ပြီး ကယ်တင်ပေးပါ့မယ်”

သို့သော် ကျန်ရှိနေသော သေလူ ၂,၀၀၀ ၊ ၃,၀၀၀ ခန့်က စကားမပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေကြလေသည်။

ယခင်ကနှင့် မတူတော့ဘဲ သူတို့ မငိုကြတော့ပေ။ နာကျင်မှုအတွက် တောင်းပန်ခြင်းလည်း မရှိတော့ပေ။ သူတို့၏ မျက်လုံးစိမ်းများက ငြိမ်းချမ်းမှုများ ပြည့်နှက်နေပြီး အစောကနှင့် လုံးဝ မတူတော့ပေ။ အဘယ်ကြောင့်နည်း။

သူတို့ အဘယ်ကြောင့် မလွတ်မြောက်တာလဲ။ အဘယ်ကြောင့် သံသရာ မလည်ကြသနည်း။

တုပိုင်၏ မဟာကရုဏာ သံသရာလည်ခြင်း မန္တန်က လူအများကြီးကို ကယ်တင်ဖို့ လုံလောက်အောင် စွမ်းအားမကြီးမား၍လော။ သို့မဟုတ် သူတို့ကို ကယ်တင်လို့ မရနိုင်၍လော။ သူတို့ ပြန်သွားကြပြီလော။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

ထိုအခိုက် ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ကြီးမားလှသော သင်္ချိုင်းမြေကြီး တစ်ခုလုံး စတင် အက်ကွဲကာ ပြိုကျလာလေသည်။

သင်္ချိုင်းအလယ်ရှိ ကျောက်တုံး တံတားရှည်ကြီးလည်း ပြင်းထန်စွာ လှုပ်ခါလာပြီး အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။

တုပိုင် ချက်ချင်း ထွက်ခွာရပေမည်။ ဤနေရာသည် မကြာခင် ပြိုကျတော့မည် ဖြစ်ပြီး တုပိုင်သာ မထွက်ခွာလျှင် ဤနေရာ၌ အရှင်လတ်လတ် မြေမြှုပ်ခံရတော့မည် ဖြစ်သည်။

ရုတ်တရက် တုပိုင်သည် ကြီးမားသော ကျောက်အခေါင်းကြီးမှ အလျင်အမြန် ထွက်ခွာလိုက်၏။ ကြီးမားသော ဂူသင်္ချိုင်းခန်းမမှ ထွက်ခွာပြီး ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော လင်းပိုဝေပုကို အသုံးပြုကာ အတွင်းအားဖြင့် မြေဆွဲအားမဲ့ နယ်ပယ်သို့ ဝင်ရောက်ပြီး သင်္ချိုင်းအလယ်ရှိ ကျောက်တုံး တံတားရှည်ကြီးပေါ်သို့ လျင်မြန်စွာ တက်ရောက်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် တတိယအဆင့် ထွက်ပေါက်သည် တံတားအဆုံးတွင် ရှိသောကြောင့် ဖြစ်သည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

ကြီးမားသော သင်္ချိုင်းမြေကြီး ပြိုကျမှုသည် ပိုမို ပြင်းထန်လာသည်။ မြေကြီး လှုပ်ခါမှုသည် ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး ပေါ်လာသော ကြီးမားသည့် အက်ကွဲကြောင်းကြီးများသည် ပိုမို ထိတ်လန့်ဖွယ် ကောင်းလာလေသည်။ သင်္ချိုင်းမြေကြီး တစ်ခုလုံး လုံးဝ ပျက်စီးတော့မည် ဖြစ်သည်။

တုပိုင်သည် လင်းပိုဝေပုကို အသုံးပြုပြီး အလယ်တံတားမကြီးပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေ၏။ ကျောက်တုံး တံတားရှည်ကြီး တစ်ခုလုံးသည် မီတာ ၃၀,၀၀၀ ခန့် ရှည်လျားပြီး သင်္ချိုင်းမြေကြီး တစ်ခုလုံးကို ဖြတ်သန်း တည်ဆောက်ထားခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီး အက်ကွဲနေပြီး တံတားရှည်ကြီး တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါ ပြိုကျနေသဖြင့် တုပိုင်ကို လွင့်စင်ထွက်သွားစေမတတ် ဖြစ်နေသည်။

သို့သော် တုပိုင်၏ လင်းပိုဝေပုသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လွန်းလှ၏။ မည်သည့်အားကိုမဆို အသုံးပြုပြီး ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသိမ်းနိုင်ကာ ရှေ့သို့ လျင်မြန်စွာ ဆက်လက် ရွေ့လျားနိုင်လေသည်။

တတိယအဆင့် ထွက်ပေါက်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်၏။ တုပိုင် ရှေ့သို့ ပြေးနေစဉ် သင်္ချိုင်းမြေကြီး တစ်ခုလုံးရှိ အက်ကွဲကြောင်းများသည် ပိုမို ကြီးမားလာသည်။ မရေမတွက်နိုင်သော ကျောက်အခေါင်းများ ပြိုကျကုန်ပြီး မရေမတွက်နိုင်သော သေလူများလည်း တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်ကြလေသည်။

တုပိုင် ရုတ်တရက်ဆိုသလို စိတ်ထဲတွင် လွန်စွာ နေရခက်လာ၏။ ကျန်ရှိနေသော သေလူ ၂,၀၀၀ ၊ ၃,၀၀၀ ကို သူ အဘယ်ကြောင့် မကယ်တင်နိုင်ခဲ့သနည်း။ ဝမ်းနည်းစရာ အကောင်းဆုံးအချက်မှာ သူတို့သည် မြေကွဲကြောင်းထဲ ဝါးမြိုခံလိုက်ရလျှင်ပင် မသေနိုင်ကြဘဲ အဆုံးမဲ့ နာကျင်မှုကို ဆက်လက် ခံစားနေကြရဦးမည် ဖြစ်သည်။

ထို့ကြောင့် အခြေအနေ လွန်စွာ အန္တရာယ်များနေသော်လည်း တုပိုင်သည် သရဲတစ္ဆေ နတ်ဘုရားပမာ ရပ်တန့်လိုက်လေသည်။ ထိုသေလူများကို ပြန်လှည့်ကြည့်ပြီး တုံ့ဆိုင်းနေမိ၏။

“တောင်းပန်ပါတယ်.. ကျွန်တော် ခင်ဗျားတို့ကို မကယ်တင်နိုင်လိုက်ဘူး” တုပိုင် ပြောလိုက်သည်။

သေလူ ၂,၀၀၀ ၊ ၃,၀၀၀ ခန့်သည်လည်း လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်ကြသည်။ သူတို့၏ မျက်လုံးစိမ်းများနှင့် တုပိုင်တို့ တစ်စက္ကန့်ခန့် ကြည့်လိုက်မိကြလေ၏။

ဤအချိန်၌ သူတို့ အသိစိတ် ဝင်လာသကဲ့သို့ ၊ စိတ်ခံစားမှု ရှိလာသကဲ့သို့ပင်။

နောက်တစ်စက္ကန့်၌ သူတို့အားလုံး မြေကွဲကြောင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သေလူ ၂,၀၀၀ ၊ ၃,၀၀၀ ခန့်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြလေတော့သည်။

“ဂါး ဂါး ဂါး…”

မြေကြီး၏ ပြင်းထန်သော လှုပ်ခါမှုသည် ပိုမို ဆိုးရွားလာပြီး တုပိုင် လျှောက်လှမ်းနေသော ကျောက်တုံး တံတားရှည်ကြီးသည် အစွန်းကုန် အက်ကွဲလာကာ ကြောက်မက်ဖွယ် ပြိုကျမှုကြီး စတင်လာ၏။

“ဝုန်းးးး”

တုပိုင်သည် လင်းပိုဝေပုကို အသုံးပြုပြီး အသက်လု ရှေ့သို့ ပြေးတက်လိုက်သည်။ သူ့နောက်ဘက်မှ တံတားကြီးသည် ဆက်တိုက် ပြိုကျ ပျက်စီးနေလေ၏။

“ဝုန်းးးး”

စက္ကန့် ၃၀ ခန့်အကြာတွင် တုပိုင်သည် တံတားရှည်ကြီး တစ်ခုလုံးကို ဖြတ်ကျော်နိုင်သွားသည်။ တစ်ချိန်တည်းမှာပင် တံတားကြီး တစ်ခုလုံး လုံးဝ ပြိုကျသွားပြီး ကြီးမားသော သင်္ချိုင်းမြေကြီး တစ်ခုလုံး လုံးဝ ပြိုကျပျက်စီးကာ ကြီးမားသော တွင်းနက်ကြီး အဖြစ် ပြောင်းလဲသွားလေတော့သည်။

တုပိုင်၏ တတိယအဆင့် စမ်းသပ်မှု တရားဝင် ပြီးဆုံးသွားပြီ ဖြစ်၏။

သို့သော် တုပိုင်သည် ချက်ချင်း မထွက်ခွာသေးဘဲ တင်ပျဉ်ခွေထိုင်ကာ စတင် စဉ်းစားလိုက်လေသည်။ ဤတတိယအဆင့် သေဆုံးခြင်းနှင့် ထာဝရအသက်ရှင်ခြင်းက မည်သည်ကို ဆိုလိုသနည်း။

ဤအဆင့်၌ သူ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရခဲ့၏။ သိုင်းပညာ ကျင့်ကြံမှုအဆင့်လည်း အများကြီး တိုးတက်ခဲ့သည်။ သို့သော် ပိုအရေးကြီးတာက သူ့အနာဂတ်အတွက် ဉာဏ်အလင်းပွင့်ခြင်း ဖြစ်၏။

ဤဉာဏ်အလင်းပွင့်ခြင်းနှင့် ပတ်သက်ပြီး တုပိုင် တကယ် နားမလည်နိုင် ဖြစ်နေသည်။

အပိုင်း ၃၉၁ ပြီး၏။

All Chapters