အခန်း (၃၉၂)
Vol. 40 Ch. 392
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မရေမတွက်နိုင်သည့် သေလူတွေ ဤသည်ကား မည်သည်ကို ကိုယ်စားပြုသနည်း။
တုပိုင်က သူတို့ကို ကယ်တင်ပေးလိုက်တာက မည်သို့သော အဓိပ္ပာယ်နည်း။ သို့သော် အကုန် မပြီးပြတ်ခဲ့ချေ။ သေလူ ၂,၀၀၀ ၊ ၃,၀၀၀ လောက် ကျန်ခဲ့သေးတယ်။ ဤသည်ကား မည်သည့် အဓိပ္ပာယ်နည်း။
တူပိုင်တစ်ယောက် ခေါင်းပေါက်မတတ် စဉ်းစားသော်လည်းပဲ အဓိပ္ပာယ် ဖော်မရနိုင်ဖြစ်နေ၏။။ ဤသည်က မည်သို့သော အဓိပ္ပာယ် ဖြစ်သည်ကို စဉ်းစားမရနိုင်သည့်အတွက် ယာယီ ဘေးဖယ်ထားလိုက်သည်။ အနာဂတ်ကျရင် နားလည်လာနိုင်လောက်ပေသည်။
တုပိုင် မျက်လုံး ပြန်ဖွင့်လိုက်၏။
တတိယအဆင့် ထွက်ပေါက်မှ ထွက်လာပြီးနောက် သူသည် တိတ်ဆိတ်သော ကျောက်ခန်းတစ်ခုထဲသို့ ထပ်မံ ရောက်ရှိနေပြန်သည်။
ဤကျောက်ခန်းသည် အထူးတလည် ငြိမ်းချမ်းနေပုံရပြီး တုပိုင်၏ နှလုံးခုန်သံမှလွဲ၍ မည်သည့်အသံကိုမျှ မကြားရပေ။ မည်သူမျှ မပြောသော်လည်း နောက်တစ်ဆင့်သည် နောက်ဆုံးအဆင့် ဖြစ်မည်ဟု တုပိုင် စိတ်ထဲတွင် သိရှိနေ၏။
ဤသည်ကား အလိုလိုသိစိတ် မဟုတ်။ ကောက်ချက်ချမှု တစ်ခုသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကတ်ပြားစမ်းသပ်မှု အားလုံးသည် တုပိုင်၏ ဘဝနှင့် အနာဂတ်အတွက် စိတ်ကူးဉာဏ်အလင်းပေးမှုများ ဖြစ်သောကြောင့် ဖြစ်သည်။
သေဆုံးခြင်းနှင့် ထာဝရအသက်ရှင်ခြင်းသည် နောက်ဆုံးအဆင့် ဖြစ်သင့်သော်လည်း တုပိုင်အတွက် ၊ သူ့၏ ဤကမ္ဘာကြီးပေါ်ရှိ တာဝန်အတွက် သေဆုံးခြင်းသည် အဆုံးသတ် မဟုတ်သည်မှာ သေချာပေသည်။
နောက်ထပ် နောက်ဆုံးအဆင့်တွင် ယင်းသည် အလွန်တရာ ပြောင်းလဲမှုကြီးမားပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု တုပိုင် ခံစားမိ၏။
သူ့စိတ်ကူးထက်ပင် ကျော်လွန်နေပေလိမ့်မည်။
ထို့ကြောင့် သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။ ဤ နောက်ဆုံး စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မည်လော။
မဖြတ်ကျော်နိုင်ချေ။ ဤမျှ ကြီးကျယ်ပြီး ကြောက်စရာကောင်းတဲ့ အခြေအနေအတွက် သူ အဆင်သင့် မဖြစ်သေးပေ။ မည်သူမျှလည်း အဆင်သင့် မဖြစ်နိုင်ချေ။
သို့သော် အဆင်သင့် မဖြစ်သေးလျှင်ပင် ချက်ချင်း စရတော့မည် ဖြစ်၏။
တုပိုင် မျက်လုံး ဖွင့်လိုက်သည်။ ယခင်အဆင့်တိုင်းတွင် တုပိုင်သည် တံခါးနှစ်ချပ်ထဲမှ တစ်ချပ်ကို ရွေးချယ်ရသည်။ နှစ်ခုထဲက တစ်ခု ရွေးရခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ တံခါးသုံးချပ် ပေါ်လာလေသည်။
အမှန်တကယ်ပင်။ ဤသည်ကား နောက်ဆုံး စမ်းသပ်မှု ဖြစ်ပြီး ယခင် သုံးဆင့်နှင့် မတူညီချေ။
ဘယ်ဘက်အစွန်ဆုံး တံခါးပေါ်တွင် မီးတောက်ဟု ရေးထားသည်။ ညာဘက်အစွန်ဆုံး တံခါးပေါ်တွင် နှင်းခဲဟု ရေးထားသည်။ အလယ်တံခါးမှာတော့ ကွက်လပ်ဖြစ်ပြီး မည်သည်ကိုမှ ရေးမထားပေ။
တုပိုင် တကယ် အံ့သြသွားရ၏။ ဤသည်ကား မည်သို့သော သဘောနည်း။ တတိယအဆင့် တံခါးနှစ်ချပ်ဖြစ်သည့် သေဆုံးခြင်းနှင့် ထာဝရအသက်ရှင်ခြင်းတုန်းက လူကို အရမ်း ခမ်းနားပြီး ကြီးကျယ်တဲ့ ခံစားမှုမျိုး ပေးခဲ့သည်။
နောက်ဆုံးပိတ် တံခါးပေါ်က စာလုံးတွေကျတော့ ရုတ်တရက် ဆန်လွန်းလှ၏။ မီးတောက် နှင်းခဲ ကွက်လပ်။
ဤသည်ကား နောက်ဆုံး စမ်းသပ်မှုအဆင့် သက်သက် မဟုတ်ဘဲ ဤကမ္ဘာကြီးထဲက တုပိုင်ဘဝရဲ့ နောက်ဆုံး ဉာဏ်အလင်းပွင့်ခြင်း ၊ ဤကမ္ဘာကြီးထဲက သူ့တာဝန်ရဲ့ နောက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်နေမည်လော။
သို့သော် ဤသည် မည်သည့် အဓိပ္ပာယ်နည်း။ အဓိကက တုပိုင် မည်သို့ ရွေးချယ်ရမည်နည်း။ ပထမ သုံးဆင့်လုံးမှာ တုပိုင်က အမှန်ကန်ဆုံး ရွေးချယ်နိုင်ခဲ့ပြီး ပြီးပြည့်စုံစွာ ဖြတ်ကျော်နိုင်ခဲ့သည်။ အဆင့်တိုင်းမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရခဲ့၏။
ပထမအဆင့်မှာ လင်းပိုဝေပုကို သင်ယူခဲ့ရသည်။ ဒုတိယအဆင့်မှာ အရိုးတွင်းခြင်ဆီ ဆေးကြောပြီး သွေးကြောသန့်စင်ကာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အမြဲတမ်း တိုးတက်သွားပြီး နဂါးသွေးကို ရရှိခဲ့သည်။ တတိယအဆင့်မှာ ကြီးမားတဲ့ သိုင်းပညာ တိုးတက်မှုကြီး ရရှိခဲ့လေသည်။
ဤသည်ကား နောက်ဆုံးအဆင့်ဖြစ်၏။။ အကယ်၍ သူမှန်းဆတာ မမှားဘူးဆိုလျှင် အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်နှင့် အကြီးမားဆုံး အကျိုးကျေးဇူးကို ရရှိမည် ဖြစ်ပြီး ယခင် သုံးဆင့်က ရခဲ့သည်များထက်ပင် ပိုများပေနိုင်သည်။
အကယ်၍ ကျရှုံးခဲ့လျှင်မူ မြှုပ်နှံစရာ မြေနေရာတောင် ရှိမည် မဟုတ်ချေ။ သို့သော် အရေးကြီးဆုံးက ရွေးချယ်မှုပင်။ အကယ်၍ ရွေးချယ်မှု မှားယွင်းသွားပါက အလောင်းမြှုပ်စရာ နေရာမရှိဘဲ သေဆုံးသွားမှာ ဖြစ်ပြီး အနာဂတ် ဆိုတာ ရှိတော့မည် မဟုတ်ချေ။ ကြီးမားတဲ့ အကျိုးအမြတ်ဆိုသည့်အကြောင်းကို မေ့ထားလိုက်လို့ရပြီဖြစ်၏။
တံခါးသုံးချပ်.. မီးတောက် ၊ နှင်းခဲ နဲ့ ကွက်လပ်.. မည်သည်ကို ရွေးချယ်သင့်သနည်း။ အတိုင်းအတာ တစ်ခုထိ ပြောရရင် နှင်းခဲနဲ့ မီးတောက်က အတူတူပင်ဖြစ်လေ၏။ နှစ်ခုလုံးက ဖျက်ဆီးတတ်တဲ့ စွမ်းအားများပင်။
တုပိုင်ခဏတာလောက် စဥ်းစားလိုက်ပြီးနောက်တွင် အလယ်က ကွက်လပ်တံခါးကိုပဲ ရွေးလိုက်၏။ ရွေးချယ်မှုတိုင်းက မခက်ခဲပေ။ တုပိုင်၏ အတွင်းစိတ်ဆန္ဒအတိုင်း လိုက်နာလိုက်ရုံသာဖြစ်၏။
ဤ ကွက်လပ်တံခါးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို တုပိုင် လုံးဝ မသိသော်လည် တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကွက်လပ်တံခါးနား ရောက်လာကာ ရုတ်တရက် တွန်းဖွင့်ပြီး စတုတ္ထအဆင့် ကမ္ဘာထဲသို့ ဝင်ရောက်လိုက်လေသည်။
တံခါးဖွင့်ပြီးနောက် တုပိုင် လုံးဝ မှင်သက်သွားပြီး သူ့တစ်ကိုယ်လုံး လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားလိုက်ရ၏။
**--**--**--**--**--**--**--**
သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း စတုတ္ထအဆင့် ကမ္ဘာကြီးက တုပိုင်ကို ယခင်က မကြုံဖူးသော ရိုက်ခတ်မှုနှင့် ပြောင်းလဲမှုကို ပေးစွမ်းနေသည်။ ဤသည်ကား မည်သည့်အရာနည်း။
ကမ္ဘာပျက်ကပ်လော။ ကမ္ဘာကြီးကို ပြောင်းပြန် လှန်ထားခြင်းလော။.တုပိုင် တံခါးဖွင့်လိုက်ပြီးနောက် အောက်ဘက်တွင် အဆုံးမဲ့ စီးဆင်းနေသော ချော်ရည်များ ရှိနေ၏။ အပူချိန် ဒီဂရီ ထောင်ပေါင်းများစွာ ရှိသော ချော်ရည်များသည် ရူးသွပ်မတတ် လှိုင်းထနေပြီး အချိန်တိုင်း ပန်းထွက်နေသည်။
အပေါ်ဘက်တွင် ပြောင်းပြန်ဖြစ်နေသော နှင်းတောင်ကြီး ရှိနေသည်။ လက်မတိုင်းကို ရေခဲနှင့် နှင်းများ ဖုံးလွှမ်းထားပြီး တိုက်ခတ်လာသော လေအေးက လုံးဝ သေစေနိုင်၏။ မီးတောက်နှင့် နှင်းခဲသည် ကမ္ဘာတစ်ခုတည်းတွင် အတူ ယှဉ်တွဲနေသော်လည်း မီတာ သောင်းချီ ကွာခြားနေသည်။ ချော်ရည်နှင့် ရေခဲတောင်ကြားတွင် ကွက်လပ်နှင့် ဟင်းလင်းပြင်သာ ရှိသည်။ တံတား မရှိ ၊ သံကြိုး မရှိ ၊ ဘာမျှ မရှိပေ။ ဤသည်ကား နောက်ဆုံးအဆင့်လော။
တုပိုင်က ဤသို့ ထူးဆန်းပြီး ပြောင်းပြန်ဖြစ်နေတဲ့ ကမ္ဘာကြီးကို မည်သို့ ဖြတ်ကျော်ရမည်နည်း။ ဤသည် မည်သို့သော ဉာဏ်အလင်းပွင့်ခြင်းနည်း။ ဤအချိန်၌ တုပိုင်အတွက် သွားစရာလမ်း မရှိတော့ချေ။
အောက်က ချော်ရည်လမ်းကို သွားမည်လော။
သူ၏ ခန္ဓာကိုယ်မှာ သာမန်လူသားနှင့် များစွာမကွာခြားလှချေ။ ချော်ရည်ထဲ ပြုတ်ကျသည်နှင့် စက္ကန့်ပိုင်းအတွင်း ပြာဖြစ်ပြီး လုံးဝ သေဆုံးသွားပေလိမ့်မည်။ အပေါ်က နှင်းခဲကမ္ဘာကို သွားမည်လော။ တုပိုင် စတင် ကြိုးစားကြည့်လေသည်။ ရေခဲကမ်းပါးကို မြှားတို နှင့် ထိုးစိုက်ပြီး တက်ရောက်ရန် ကြိုးစား၏။
သို့သော် အပေါ်သို့ မီတာ ၁၀၀ ခန့် တက်ပြီးချိန်၊ ပြောင်းပြန် နှင်းတောင်ကြီးနှင့် ကီလိုမီတာ အနည်းငယ် ဝေးသောနေရာတွင် ပတ်ဝန်းကျင် အပူချိန်သည် အနှုတ် ၇၀၊ ၈၀ ဒီဂရီလောက်ထိ ကျဆင်းသွားသည်။ ဤအချိန်၌ တုပိုင်သည် သူ့အတွင်းအားကို အစွမ်းကုန် ထုတ်လွှတ်ထားရင်တောင် ကြောက်မက်ဖွယ် အအေးဒဏ်ကို မခံနိုင်တော့ချေ။
ကံကောင်းစွာပင် သူ့ဒန်တျန်ထဲ၌ နဂါးသွေး ရွှေရောင်စွမ်းအင် ရှိနေပြီး အပူချိန်ကို ဆက်တိုက် ထုတ်လွှတ်ပေးနေ၍သာ တုပိုင် လုံးဝ ခဲမသွားဘဲ အသက်ရှင်နေခြင်း ဖြစ်သည်။ အကယ်၍ အခြားလူသာဆိုလျှင် တုပိုင်ထက် သိုင်းပညာ ပိုမြင့်လျှင်ပင် အေးခဲသေဆုံးသွားမှာ သေချာပေသည်။
အပေါ်ကို ဆက်တက်လို့ မရတော့ချေ။ အပေါ်က ရေခဲတောင်ကို ဖြတ်ကျော်လို့ မရနိုင်။ သွားလျှင် သေမှာ သေချာသည်။ အောက်က ချော်ရည်က ပိုလို့တောင် မကျော်ဖြတ်နိုင်သေး။ ပိုဆိုးသည့် သေလမ်း ဖြစ်နေသည်။
ဤနောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည်နဲ့ အကြီးမားဆုံး အကျိုးကျေးဇူးကို ရရှိမည်ဟု တုပိုင် သိရှိထားသည်။ ယခင် သုံးဆင့်က ရခဲ့သည်ထက်ပင် ပိုများပေမည်။
သို့သော် ဤ နောက်ဆုံးအတားအဆီးက သေလမ်းပင်။ လုံးဝ ဖြတ်ကျော်လို့ မရနိုင်ချေ။ ထို့အပြင် ဤသည်ကား သူ့ဘဝတာဝန်ရဲ့ ဉာဏ်အလင်းပွင့်ခြင်းလော။ ဤသည်ကား ကမ္ဘာကြီးတစ်ခုလုံးအတွက် ဉာဏ်အလင်းပွင့်ခြင်းလော။
ဤအရာ၏ နောက်ကွယ်က အေးစက်မှုက ပိုလို့တောင် ကြောက်စရာ ကောင်းနေသေးသည်။ ဤအချိန်၌ တုပိုင်အတွက် ကောင်းကင်သို့ တက်စရာ လမ်းမရှိ ၊ မြေကြီးထဲ ဝင်စရာ လမ်းမရှိ ဖြစ်နေလေသည်။
“ခွမ်းးး”
ရုတ်တရက် တုပိုင် လက်ထဲက ရွှေရောင်နှင်း မြှားတို ရုတ်တရက် ကျိုးသွားလေသည်။ အပူချိန်က နိမ့်လွန်းလှသဖြင့် မင်းသမီးနင်းရွှဲ့ ပေးထားတဲ့ လျှို့ဝှက်ရွှေမြှားတိုက ဒဏ်မခံနိုင်တော့ဘဲ တိုက်ရိုက် ကျိုးသွားခြင်း ဖြစ်၏။
ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်သည် မျှော်လင့်ချက်မဲ့စွာ ပြုတ်ကျသွားလေသည်။ တုပိုင်သည် ကျိုးပဲ့နေသော မြှားတိုကို ဝှေ့ယမ်းပြီး ရေခဲကမ်းပါးကို ထိုးစိုက်ရန် အသည်းအသန် ကြိုးစားလိုက်သည်။ သို့သော် ကျိုးပဲ့နေသော မြှားတိုသည် တစ်လက်မချင်း ဆက်တိုက် ကျိုးပဲ့သွား၏။
တုပိုင် ပြုတ်ကျမှုကို မတားဆီးနိုင်တော့ချေ။
“ဝုန်းးး”
ရုတ်တရက် အောက်ဘက်ရှိ အဆုံးမဲ့ ချော်ရည်များသည် ရုတ်တရက် ပြင်းထန်စွာ ပန်းထွက်လာပြီး ကြောက်မက်ဖွယ် ချော်ရည်မီးများသည် မီတာရာချီ အမြင့်သို့ တိုက်ရိုက် ပန်းထွက်လာလေသည်။ ဖြစ်ပေါ်လာသော ဟာရီကိန်းမုန်တိုင်းသည် တုပိုင်ကို မီတာရာချီ လွင့်စင်သွားစေ၏။ ဤအချိန်၌ တုပိုင်သည် ကမ်းပါးနှင့် ဝေးကွာသွားပြီး သူ့ဘေးပတ်လည်တွင် ဟင်းလင်းပြင်သာ ရှိတော့သည်။
အားပြုစရာ နေရာမရှိတော့ချေ။ မျှော်လင့်ချက်မဲ့စွာ ပြုတ်ကျနေသည်။ အောက်ဘက်တွင် အဆုံးမဲ့ ချော်ရည်များ ရှိသည်။ တုပိုင် အယောက်တစ်ရာ ဖြစ်နေလျှင်ပင် တိုက်ရိုက် ပြာကျသွားပေလိမ့်မည်။
ပြုတ်ကျသွားတာနဲ့ အလောင်းမြှုပ်စရာ နေရာမရှိ ၊ အရိုးအစအနတောင် ကျန်မည် မဟုတ်ချေ။ ထိုအချိန်၌ပင် အဆုံးမဲ့ ချော်ရည်ထဲတွင် ကြောက်မက်ဖွယ် ကောင်းသော သားရဲဆန်းကြီး တစ်ကောင် ပေါ်လာလေသည်။ အလွန်ကြီးမားပြီး အလွန်စွမ်းအားကြီးသော မီးပင်လယ် သားရဲဆန်းကြီးသည် ပါးစပ်ကြီးကို ဟပြီး အသည်းအသန် ဟိန်းဟောက်လိုက်၏။
“ဝေါင်းးးးးးးး”
သားရဲကြီး ဟိန်းဟောက်လိုက်ရာ ကျယ်လောင်စွာ ဖွင့်ဟထားသော ပါးစပ်ကြီးထဲမှ မီးတောက်လှိုင်းများ ပန်းထွက်လာပြီး မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်သွားလေသည်။ ထို့နောက် ယင်းသည် ပြင်းထန်စွာ မျိုချလိုက်ရာ ပါးစပ်ကြီး တစ်ခုလုံးသည် မီးတောက်ဝဲကတော့ကြီးကဲ့သို့ ဖြစ်သွားပြီး ကြီးမားသော စုပ်ယူအား ဖြစ်ပေါ်လာ၏။
တုပိုင်၏ ခန္ဓာကိုယ်သည် ကြီးမားသော စွမ်းအားကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ပိုမိုလျင်မြန်စွာ ပြုတ်ကျလာကာ စွမ်းအားကြီးလှသော မီးတောက်သားရဲကြီး၏ ပါးစပ်ကြီးထဲသို့ လျင်မြန်စွာ ကျဆင်းသွားလေတော့သည်။
အပိုင်း ၃၉၂ ပြီး။