← Chapters

အခန်း (၃၉၃)

Vol. 40 Ch. 393

အခန်း (၃၉၃)

Vol. 40 Ch. 393

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်သာ အကယ်၍ ဤမီးပင်လယ် သားရဲဆန်းကြီး၏ ပါးစပ်ပေါက်ထဲသို့ ရောက်သွားပါက မည်သည်သို့ဖြစ်သွားမည်နည်း။ ရလဒ်က တစ်ခုတည်းသာ ရှိသည်။ ပြာဖြစ်သွားပြီး ပြာမှုန့်အဖြစ် လေထဲလွင့်ပါးသွားမည် ဖြစ်၏။

ကမ္ဘာကြီးတွင် အံ့ဖွယ်အရာများစွာ မရှိပေ။ ဤမျှကြီးမားသော မီးပင်လယ် သားရဲဆန်းကြီး၏ ပါးစပ်ပေါက်ထဲသို့ ဝင်ရောက်ပြီး မသေဘဲ အကျိုးကျေးဇူးများစွာ ရချင်သည်လား။ ထိုအရာကား နေ့ခင်းကြောင်တောင် အိမ်မက် ၊ မက်နေခြင်းသာဖြစ်ပေလိမ့်မည်။ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤမီးသားရဲကြီး၏ ပါးစပ်ပေါက်ထဲရှိ အပူချိန်သည် ဒီဂရီထောင်ချီ ရှိနေသောကြောင့် ဖြစ်သည်‌။

တုပိုင်၏ ခန္ဓာကိုယ်သည် မျှော်လင့်ချက်မဲ့စွာဖြင့် မီးတောက်များ ပြည့်နှက်နေသော ပါးစပ်ပေါက်ကြီးထဲသို့ တရိပ်ရိပ် ပြုတ်ကျသွားလေ၏။ ပို၍ ပို၍ နီးကပ်လာသည်။ သုံးကီလိုမီတာ ၊ နှစ်ကီလိုမီတာ ၊ တစ်ကီလိုမီတာ ၊ လက်ရှိအချိန်တွင် တုပိုင်သည် ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို ခံစားနေရပြီ ဖြစ်ပြီး သူ့တစ်ကိုယ်လုံး ကျက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူသည် ကောင်းကင်ပေါ်သို့လည်း တက်မရ ၊ မြေကြီးထဲသို့လည်း တိုးဝင်မရ ဖြစ်နေပြီး ကိုင်ထားစရာနေရာ မည်သည့်နေရာမျှ မရှိချေ။ သူ့ရင်ထဲတွင် ခံစားချက်တစ်ခုတည်းသာ ရှိတော့သည်။

‘ငါ့ဘဝတော့ သွားပါပြီ။’

‘ငါ့ဘဝတော့ တကယ်ကြီး သွားပါပြီ။’

သို့သော် ဤအခိုက်အတန့်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော ရေခဲသားရဲကြီးတစ်ကောင်သည် အပေါ်ဘက်ရှိ ပြောင်းပြန်ဖြစ်နေသော နှင်းတောင်ကြီးထဲမှ ပြေးထွက်လာလေသည်။ ယင်း၏ ပုံသဏ္ဍာန်သည် အလွန်ထူးဆန်းပြီး တစ်ကိုယ်လုံးကို နှင်းများနှင့် လေအေးများဖြင့် ဖုံးအုပ်ထားသည်။ တုပိုင်သည် ယင်း၏ တိကျသော ပုံပန်းသဏ္ဍာန်ကို လုံးဝ မမြင်နိုင်ပေ။ သို့သော် ဤရေခဲသားရဲကြီးသည်လည်း အလွန်ကြီးမားပြီး မီတာဆယ်ချီ ရှိလေသည်။

“ဝေါင်းးးး”

ယင်းသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လျက် မျိုချလိုက်သည်။ ချက်ချင်းပင် ကြီးမားသော စုပ်ယူအားတစ်ခု ဖြစ်ပေါ်လာပြီး တုပိုင်၏ ပြုတ်ကျနေခြင်းကို ရပ်တန့်သွားစေကာ လေထဲတွင် တန်းလန်းကြီး ဖြစ်သွားစေသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော ပုံရိပ်တစ်ခု ပေါ်လာလေ၏။ အောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် အဆုံးမဲ့သော မီးတောင်ချော်ရည်များ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော မီးသားရဲကြီးသည် ပါးစပ်ပေါက်ကြီးကို ဖွင့်လျက် တုပိုင်ကို ဝါးမြိုရန် စောင့်ဆိုင်းနေသည်။ အပေါ်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် ပြောင်းပြန်ဖြစ်နေသော နှင်းတောင်ကြီး ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော ရေခဲသားရဲကြီးသည်လည်း ပါးစပ်ပေါက်ကြီးကို ဖွင့်လျက် မျိုချရန် စောင့်ဆိုင်းနေသည်။

သောက်ကျိုးနည်းလှ၏။ သားရဲဆန်းကြီး နှစ်ကောင်၏ ပါးစပ်ပေါက်များသည် ပို၍ ပို၍ ကျယ်လာကြပြီး ပါးစပ်ပေါက်ကြီးများမှ ထွက်ပေါ်လာသော စုပ်ယူအားသည်လည်း ပို၍ ပို၍ ပြင်းထန်လာသော်လည်း ယင်းတို့သည် အမြဲတမ်း အင်အားချင်း မျှနေလေသည်။ ရလဒ်အနေဖြင့် တုပိုင်တစ်ယောက် လေထဲတွင် တောင့်ခဲသွားရသည်။ အပေါ်သို့လည်း မတက်သွားသလို ၊ အောက်သို့လည်း မဆင်းသွားချေ။ လေထဲတွင်သာ ထိုအတိုင်းကြီး နေရာတွင်သာ ရှိနေလေ၏။ အမှန်စင်စစ် ဤမျှလောက်ဆိုလျှင် ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရေခဲစွမ်းအင်နှင့် မီးစွမ်းအင်တို့သည် အပြန်အလှန် ချေဖျက်သွားပြီးနောက် အလွန် သက်တောင့်သက်သာရှိသော အပူချိန်တစ်ခု ဖြစ်လာသောကြောင့် ဖြစ်သည်။

သို့သော် ကြောက်စရာကောင်းသည်မှာ ထိုသားရဲဆန်းကြီး နှစ်ကောင်မှ ထုတ်လွှတ်လိုက်သော စုပ်ယူအားသည် ပို၍ ပို၍ ပြင်းထန်လာပြီး တုပိုင်၏ ခန္ဓာကိုယ်ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။ တုပိုင်၏ ခန္ဓာကိုယ် ပြတ်တောက်သွားသည်နှင့် တစ်ပြိုင်နက် သေလမ်းသာ ရှိပြီး မီးသားရဲကြီးနှင့် ရေခဲသားရဲကြီးတို့၏ ဗိုက်ထဲတွင် အသီးသီး သင်္ဂြိုဟ်ခြင်း ခံရပေလိမ့်မည်။

ဤအချိန်တွင် တုပိုင်သည် လူသားတို့၏ အားနည်းချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ ဤအခြေအနေတွင် သူသာမက မဟာဆရာသခင်ကြီးနင်ဇောင်ဝူ ရောက်နေလျှင်ပင် လုပ်နိုင်တာ ဘာမှမရှိသလောက်ပင် ဖြစ်သည်။ လူသားများသည် အမှန်တကယ်ပင် အားနည်းလှ၏။ အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်နေသော နေရာများတွင် နေထိုင်ကြသည့် ဤသားရဲဆန်းများသည် နှစ်ပေါင်း ရာနှင့်ချီ၍ အသက်ရှင်သန်ခဲ့ကြပြီး ယင်းတို့၏ ပတ်ဝန်းကျင်သည် အခြားကမ္ဘာမှ စွမ်းအင်ကြီးမားစွာဖြင့် ပြည့်နှက်နေသဖြင့် ယင်းတို့၏ စွမ်းအင်ကျင့်ကြံမှုသည် လူသားတို့ထက် များစွာ သာလွန်နေပေသည်။

သားရဲဆန်း နှစ်ကောင်သည် ပို၍ ပို၍ ရူးသွပ်လာကြပြီး ပါးစပ်ပေါက်ကြီးများ၏ စုပ်ယူအားသည်လည်း ပို၍ ပို၍ ပြင်းထန်လာသည်။ တုပိုင်၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ ဆွဲဆန့်ခံနေရပြီး တကယ်ကို အရှင်လတ်လတ် စုတ်ပြဲထွက်သွားတော့မည့် အခြေအနေသို့ ရောက်လာလေသည်။ တုပိုင် တစ်ဖန် ခံစားလိုက်ရပြန်သည်။

‘ငါ့ဘဝတော့ သွားပါပြီ။’

သို့သော် ဤအခိုက်အတန့်တွင် သူတို့၏ နောက်ဘက်ရှိ စတုတ္ထအဆင့် ဝင်ပေါက်မှ ၊ တုပိုင် ရွေးချယ်ခဲ့သော တံခါးအလွတ်ထဲမှ အရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သေချာ ကြည့်လိုက်သောအခါ ယင်းတို့မှာ သေလူများ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ယင်းတို့သည် အစောက တုပိုင် မကယ်တင်နိုင်ခဲ့သော သေလူများပင် ဖြစ်သည်။ အစောက သင်္ချိုင်းမြေတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရာ ဤသေလူများသည် ကြီးမားသော မြေအက်ကွဲကြောင်းကြီးထဲသို့ မျိုချခံလိုက်ရသည်ဟု ထင်ခဲ့သည်။ သို့သော် ယင်းတို့သည် မသေနိုင်သည့် မသေမျိုးများ ဖြစ်ကြသဖြင့် ကမ်းပါးအစွန်းတစ်လျှောက် ပြန်တက်လာကြပြီး တုပိုင် ရွေးချယ်ခဲ့သော တံခါးအလွတ်ကို ဖြတ်ကျော်ကာ မီးတောင်ချော်ရည်ပင်လယ်နှင့် နှင်းတောင်များ ယှဉ်တွဲတည်ရှိနေသော ထူးဆန်းသည့် စတုတ္ထအဆင့် ကမ္ဘာထဲသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

နောက်ဆက်တွဲ မြင်ကွင်းကြောင့် တုပိုင် မျက်ရည်ကျသွားပြီး သွေးများ တစ်ဖန် ဆူပွက်လာရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဤသေလူများသည် လေထဲတွင် လူသားတံတားတစ်စင်း တည်ဆောက်လိုက်ကြပြီး တစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ယောက် ချိတ်ဆက်ကာ လူသားတံတားကို ဆက်လက် ဆန့်ထုတ်လိုက်ကြသောကြောင့် ဖြစ်သည်။ ပို၍ ပို၍ များပြားသော သေလူများ ဝင်ရောက်လာကြပြီး ပို၍ ပို၍ များပြားသော သေလူများက ပုရွဲဆိတ်များကဲ့သို့ တံတားဆောက်နေကြသည်။

မိနစ်ဝက်ခန့်အကြာတွင် တံတားသည် မီတာရာချီ ရှည်လျားသွားပြီး တုပိုင်၏ ဘေးနားသို့ ရောက်ရှိလာလေသည်။ သေလူ နှစ်ထောင် ၊ သုံးထောင်ခန့်သည် ရူးသွပ်စွာ ဆက်လက် ဝင်ရောက်လာကြပြီး တုပိုင်အတွက် လေထဲတွင် လူသားဖောင်တံတားတစ်ခု တည်ဆောက်ရန် သူတို့၏ ခန္ဓာကိုယ်များကို ဆက်လက် အသုံးပြုနေကြသည်။ ရုတ်တရက် အားစိုက်လိုက်ပြီးနောက် တုပိုင်သည် ဤသေလူများ တည်ဆောက်ထားသော ဖောင်တံတားပေါ်သို့ ရောက်ရှိသွားပြီး ရှေ့သို့ ဆက်လက် ရွေ့လျားသွားလေသည်။ သေလူများ တည်ဆောက်ထားသော ဖောင်တံတားသည် ပို၍ ပို၍ ရှည်လျားလာပြီး စတုတ္ထအဆင့်၏ အဆုံးသတ်နှင့် ပို၍ ပို၍ နီးကပ်လာသည်။

တုပိုင်သည် ဤသေလူဖောင်တံတားတစ်လျှောက် တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ဤသည်မှာ အလွန် တုန်လှုပ်ဖွယ်ကောင်းပြီး အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ အောက်ဘက်တွင် မီးတောင်ချော်ရည်ပင်လယ် ၊ အပေါ်ဘက်တွင် သေမင်းတမန် ရေခဲကမ္ဘာ ရှိနေပြီး မူလက သွားစရာလမ်း လုံးဝ မရှိခဲ့ပေ။ သို့သော် သေလူ နှစ်ထောင် ၊ သုံးထောင်ခန့်သည် တုပိုင်အတွက် လေထဲတွင် သူတို့၏ ခန္ဓာကိုယ်များဖြင့် ဖောင်တံတားတစ်ခု တည်ဆောက်ပေးခဲ့ကြပြီး တုပိုင်အား ဤကြောက်မက်ဖွယ်ကောင်းသော စတုတ္ထအဆင့်ကို ဖြတ်ကျော်ရန် အကူအညီပေးနေကြလေ၏။

ယခုအချိန်အထိ ဤသေလူ နှစ်ထောင် ၊ သုံးထောင်ခန့်သည် အဘယ်ကြောင့် သံသရာမလည်သေးဘဲ ကျန်ရစ်နေသနည်း ဆိုသည်ကို တုပိုင် မသိသေးပေ။ သို့သော် အရေးကြီးသော အချိန်တွင် ဤသေလူများ ထွက်လာပြီး သူ့ကို ကူညီရသည့် အကြောင်းရင်းမှာ အစောက တတိယအဆင့် သင်္ချိုင်းကမ္ဘာ ပြိုကွဲပျက်စီးနေချိန်တွင် တုပိုင် ရပ်တန့်ပြီး သူတို့ကို လှည့်ကြည့်ခဲ့သောကြောင့် ဖြစ်သည်ဟု သူ အသေအချာ ပြောရဲသည်။ တစ်စက္ကန့်ခန့် အကြည့်ချင်း ဖလှယ်လိုက်ခြင်းသည် ဤသေလူများ၏ စိတ်အာရုံကို ပြန်လည်ရရှိစေသကဲ့သို့ ဖြစ်ပြီး သူတို့တွင် စိတ်ခံစားမှုများ ရှိလာသကဲ့သို့ ဖြစ်သွားစေသည်။

သေလူ သုံးထောင်ခန့် ဆန့်ထွက်လိုက်ပြီးနောက် လေထဲတွင် တည်ဆောက်ထားသော လူသားဖောင်တံတားသည် မီတာ ၁၀,၀၀၀ ခန့်အထိ ရှည်လျားသွားလေသည်။ သူတို့သည် မူလက အရပ် နှစ်မီတာအောက်သာ ရှိသော်လည်း သူတို့ကိုယ်သူတို့ သုံးမီတာကျော်အထိ ဆွဲဆန့်ထားကြသည်။ တုပိုင်သည် စတုတ္ထအဆင့်၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီး မီးတောင်ချော်ရည်နှင့် နှင်းတောင်များ ယှဉ်တွဲတည်ရှိနေသော ကြောက်မက်ဖွယ် စတုတ္ထအဆင့် ကမ္ဘာကို ဖြတ်ကျော်နိုင်သွားပြီဖြစ်လေ၏။

သို့သော် စတုတ္ထအဆင့်၏ အဆုံးသတ်တွင်လည်း ထွက်ပေါက် မရှိသေးဘဲ မှောင်မည်းနေသော ကမ်းပါးယံသာ ရှိနေလေသည်။ ကမ်းပါးယံ၏ အပေါ်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် ကြောက်မက်ဖွယ် နှင်းတောင်များ ရှိနေဆဲဖြစ်ပြီး အောက်ဘက်တွင် မီးတောင်ချော်ရည်ပင်လယ် ရှိနေဆဲ ဖြစ်သည်။ ဤအခါတော့ တကယ်ကို သေလမ်းဖြစ်ပြီး တကယ်ကြီး ထွက်ပေါက် မရှိချေ။

ထိုအခိုက်အတန့်တွင် မီးတောင်ချော်ရည်ပင်လယ်ထဲမှ မီးသားရဲကြီးသည် ဒေါသထွက်သွားသလို နှင်းတောင်ပေါ်မှ ရေခဲသားရဲကြီးသည်လည်း ဒေါသထွက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လူသားသားကောင်ဖြစ်သည့် တုပိုင်သည် သူတို့၏ အမဲလိုက်မှုမှ အရှင်လတ်လတ် လွတ်မြောက်သွားသောကြောင့်ပင်ဖြစ်လေ၏။ သေးငယ်ပြီး နှိမ့်ချသော လူသားတစ်ယောက်က သူတို့၏ အမဲလိုက်မှုမှ ထွက်ပြေးရဲသည်တဲ့လား။

“ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း”

မီးသားရဲကြီးသည် မီးတောင်ချော်ရည်ပင်လယ်ထဲတွင် ရှေ့သို့ စတင် ရွေ့လျားလာပြီး မကြာမီတွင် ချော်ရည်ပင်လယ်၏ အဆုံးသတ်သို့ ရောက်ရှိကာ မှောင်မည်းနေသော ကမ်းပါးယံပေါ်သို့ပင် တွားသွားတက်လာလေသည်။ ဤသည်မှာ မီတာဆယ်ချီ ရှည်လျားပြီး တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ် မီးတောက်များ လောင်ကျွမ်းနေသော ကြီးမားသည့် သားရဲဆန်းကြီး ဖြစ်သည်။ ယင်း၏ လက်သည်းများသည် ဓားထက်ပင် ပိုမို ထက်မြက်ပြီး ကမ်းပါးယံကို ကုတ်တွယ်ကာ လျင်မြန်စွာ တက်လာပြီး တုပိုင်နှင့် အလျင်အမြန် နီးကပ်လာသည်။ ရေခဲသားရဲကြီးသည်လည်း ဒေါသတကြီးဖြင့် နှင်းတောင်များကို ဖြတ်ကျော်ကာ အလျင်အမြန် ပြေးလာပြီး စတုတ္ထအဆင့် အဆုံးသတ်ရှိ မှောင်မည်းသော ကမ်းပါးယံသို့ ရောက်ရှိလာကာ အသည်းအသန် တွားသွားဆင်းလာပြီး တုပိုင်ရှိရာ လမ်းကြောင်းဆီသို့ ဦးတည်လာလေသည်။

အတိုချုပ်ပြောရလျှင် ဤစွမ်းအားကြီးသော သားရဲဆန်းနှစ်ကောင်စလုံး တုပိုင်ကို ဝါးမြိုချင်နေကြသည်။ ကြီးမားသော သားရဲဆန်းနှစ်ကောင်သည် ပို၍ ပို၍ နီးကပ်လာကြသည်။ တုပိုင်သာ သူတို့နှင့် နီးကပ်သွားပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။ သိသာလှစွာပင် ဆိုးဆိုးရွားရွားကြီး သေပေလိမ့်မည်။ မြေမြှုပ်စရာနေရာပင် ရှိမည် မဟုတ်ပေ။ ဤသားရဲဆန်းနှစ်ကောင် အချင်းချင်း သတ်ဖြတ်ကြလျှင်ပင် တုပိုင် သေရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မီးသားရဲကြီးသည် ကြောက်မက်ဖွယ် မီးတောက်များကို မှုတ်ထုတ်နိုင်ပြီး ရေခဲသားရဲကြီးသည် ကြောက်မက်ဖွယ် အအေးဓာတ်များကို မှုတ်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ ဤအဆင့်မြင့် သားရဲဆန်းနှစ်ကောင် စတင် တိုက်ခိုက်လိုက်သည်နှင့် မီတာရာချီအတွင်းရှိ လူသားအားလုံး သေဆုံးရမည် ဖြစ်သည်။ တုပိုင်၏ စတုတ္ထအဆင့် အနိမ့်ပိုင်း ကျင့်ကြံခြင်းအဆင့် မပြောနှင့် ၊ မဟာဆရာသခင်အဆင့် ကျင့်ကြံသူဖြစ်လျှင်ပင် သေဆုံးရမည်မှာ သေချာသည်။

ဤအဆင့် သားရဲဆန်းနှစ်ကောင်သည် အလွန် စွမ်းအားကြီးမားလွန်းလှသည်။ သားရဲဆန်းနှစ်ကောင်သည် ပျံသန်းလာသကဲ့သို့ အနားသို့ ကပ်လာကြသည်။ တုန်လှုပ်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါသည် အချိန်နှင့် တပြေးညီ ပို၍ ပို၍ ပြင်းထန်လာ၏။ ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော သေလူများအားလုံး တိုးထွက်လာကြပြီး ကမ်းပါးယံတွင် တွယ်ကပ်လိုက်ကြသည်။ ထို့နောက် သူတို့သည် သားရဲဆန်းနှစ်ကောင်ဆီသို့ ရူးသွပ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် အသေခံ တိုက်ခိုက်လိုက်ကြလေသည်။ တုပိုင်သည် ဤမြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်သွားပြီး မျက်ဝန်းအိမ်များ ပူနွေးလာရသည်။ မရေမတွက်နိုင်သော သေလူများသည် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ မီးသားရဲကြီးနှင့် ရေခဲသားရဲကြီးဆီသို့ ပြေးဝင်သွားကြသည်။

“ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း”

မီးသားရဲကြီး ဒေါသထွက်သွားလေ၏။ သားရဲကြီးက ပါးစပ်ပေါက်ကြီးကို ဖွင့်လိုက်ပြီး ကြောက်မက်ဖွယ် မီးတောက်များကို မှုတ်ထုတ်လိုက်လေ၏။ ချက်ချင်းပင် မီးတောက်များ ထိမှန်သွားသော သေလူများအားလုံး ပြာကျသွားသော်လည်း သူတို့၏ ဝိညာဉ်များသည် လွင့်ပျံထွက်လာကြသည်။

“ဝူးဝူးဝါးဝါး”

သူတို့၏ ဝိညာဉ်များသည် သားရဲဆန်းနှစ်ကောင်ကို ကိုယ့်ကိုယ်ကိုယ် အသေခံသည့် နည်းလမ်းဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲပင်။ ဝိညာဉ်များ ၊ အလင်းတန်းများနှင့် အရိပ်များသည် သားရဲကြီးနှစ်ကောင်၏ ဦးနှောက်ထဲသို့ တစ်ခုပြီးတစ်ခု အတင်းဝင်ဆောင့်ပြီး ရူးသွပ်စွာ တိုက်ခိုက်ဖျက်ဆီးနေကြသည်။

“ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း”

မီးသားရဲကြီးနှင့် ရေခဲသားရဲကြီးတို့သည် မကြုံစဖူး နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ တစ်ချိန်တည်းတွင်ပင် သေလူ နှစ်ထောင် ၊ သုံးထောင်ခန့်သည်လည်း မရပ်မနားဘဲ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ဆက်လက် တိုက်ခိုက်နေကြသည်။ သေလူများသည် သားရဲဆန်းနှစ်ကောင်အပေါ် ရူးသွပ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် အသေခံ တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေကြလေ၏။

အပိုင်း ၃၉၃ ပြီး။

All Chapters