← Chapters

အခန်း (၃၉၄)

Vol. 40 Ch. 394

အခန်း (၃၉၄)

Vol. 40 Ch. 394

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

သူတို့၏ ခန္ဓာကိုယ်များ မီးလောင်ပြီး အပိုင်းပိုင်းအစစ ဖြစ်သွားလျှင်ပင် ၊ ရေခဲရိုက်ခံရပြီး အတုံးအရုံး ကြေမွသွားလျှင်ပင် ၊ သူတို့၏ ဝိညာဉ်များသည် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ သားရဲဆန်းကြီး နှစ်ကောင်၏ ဦးနှောက်ထဲသို့ ရူးသွပ်စွာ တိုးဝင်တိုက်ခိုက်နေကြဆဲပင်ဖြစ်လေ၏။

မရေမတွက်နိုင်သော ဝိညာဉ်များ၏ အသေခံတိုက်ခိုက်မှုသည် လေထဲတွင် အလွန် ခမ်းနားထည်ဝါပြီး တောက်ပသော ပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ကောင်းကင်ယံတွင် ကြယ်ကြွေသွားကဲ့သို့ အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားသော်လည်း မြေကြီးပေါ်သို့ မရောက်မီမှာပင် လောင်ကျွမ်းသွားပြီး လုံးဝ ပျောက်ကွယ်သွားရလေ၏။ တုပိုင် မျက်ရည်မကျဘဲ မနေနိုင်တော့ပေ။ မျက်ရည်များ ရူးသွပ်စွာ စီးကျလာလေသည်။

သူသည် သာမန်လူသားတစ်ယောက်သာဖြစ်လေ၏။ သူတော်စင်တစ်ပါးမဟုတ်ချေ။ သူသည် မဟာကရုဏာ သံသရာလည်ခြင်း မန္တန်ဖြင့် သေလူထောင်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ရုံသာ ရှိသည်။ သူက စိတ်မကောင်းဖြစ်သွားရုံ ၊ နှမြောတသသ ဖြစ်သွားရုံဖြင့် နောက်လှည့်ကြည့်ခဲ့မိရုံသာ ရှိသည်။ ထိုအကြည့်တစ်ချက်တည်းနှင့်ပင် ဤသေလူသုံးထောင်ခန့်သည် တုပိုင်အတွက် တံတားခင်းပေးခဲ့ကြသည်။ ယခုလည်း တုပိုင်အတွက် သားရဲဆန်းကြီး နှစ်ကောင်ကို ကိုယ့်ကိုယ်ကိုယ် အသေခံ တိုက်ခိုက်ပေးနေကြသည်။ ဤသည်ကား စစ်မှန်သော ကြွေလွင့်ခြင်းပင် ဖြစ်သည်။ ပြာဖြစ်သွားပြီး ဝိညာဉ်ပါ လွင့်ပါးပျောက်ကွယ်သွားရခြင်း ဖြစ်သည်။ နောက်ထပ် သံသရာလည်ရန် အခွင့်အရေးပင် မရှိတော့ပေ။ ပို၍ ပို၍ များပြားသော သေလူများ၏ ဝိညာဉ်များသည တုပိုင်အတွက် အသေခံ တိုက်ခိုက်နေကြသည်။

နောက်ဆုံးတွင် ဒုတိယအဆင့်ရှိ သားရဲဆန်းနှစ်ကောင်လည်း တောင့်မခံနိုင်တော့ပေ။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဆိုလျှင် သေလူနှစ်ထောင် ၊ သုံးထောင် မပြောနှင့် သန်းချီသည်အထိ များပြားနေပါစေ သူတို့ လုံးဝ ကြောက်ရွံ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရိုးရှင်းစွာပင် အလွန့် အလွန်ကို သန်မာကြသောကြောင့်ပင် ဖြစ်လေ၏။ မီးတစ်ချက်မှုတ်လိုက်ရုံ ၊ ရေခဲတစ်ချက်မှုတ်လိုက်ရုံဖြင့် လူရာပေါင်းများစွာကို သတ်ပစ်နိုင်သည်။

သို့သော် ဤသေလူများသည် သူတို့၏ ဝိညာဉ်များကို အသုံးပြုပြီး အသေခံ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ မတောင့်ခံထားနိုင်တော့ချေ။ သူတို့၏ ဝိညာဉ်များသည် သူတို့၏ ခန္ဓာကိုယ်လောက် အစွမ်းမထက်ပေ။ ထို့ကြောင့် မီးပင်လယ်သားရဲဆန်းကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များသည် ပို၍ ပို၍ မှိန်ဖျော့လာပြီး မှောင်မိုက်လာသည်။ ရေခဲသားရဲကြီးပေါ်ရှိ ရေခဲနှင့် နှင်းများသည် လျင်မြန်စွာ အရည်ပျော်ကျလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လေအေးများသည်လည်း ဆက်တိုက် အားနည်းလာသည်။ သားရဲကြီးနှစ်ကောင်၏ အသက်စွမ်းအားများသည် လျင်မြန်စွာ ပျောက်ကွယ်လာ၏။ သေလူများ၏ ဝိညာဉ်ဖြင့် အသေခံတိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

တစ်ချိန်တည်းတွင် သေလူ အရေအတွက်သည်လည်း ပို၍ ပို၍ နည်းပါးလာသည်။ ရာဂဏန်း ၊ တစ်ရာ ၊ ဆယ်ဂဏန်း ၊ တစ်ဆယ် ၊ တစ်ယောက်… ၊ နောက်ဆုံးတွင် တစ်ယောက်တည်းသာ ကျန်တော့သည်။ ထိုသေလူသည် တုပိုင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ စိမ်းဖန့်ဖန့် မျက်လုံးများထဲတွင် ခံစားချက်များ ပြည့်နှက်နေလေ၏။ ကောက်ရိုးခြောက်ကဲ့သို့ ခြောက်သွေ့နေသည့် သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး စကားလုံးနှစ်လုံး ပြောလိုက်သည်။ အသံထွက်ကို လုံးဝ နားမလည်နိုင်သလောက် ဖြစ်နေသော စကားလုံးနှစ်လုံး ဖြစ်သည်။ သို့သော် တုပိုင် ကြားလိုက်ရသည်။

“မျှော်လင့်ချက်…”

ထို့နောက် သူသည် ရေခဲသားရဲကြီးဆီသို့ ပြေးဝင်သွားလေ၏။

“ဝေါင်းးးးးး”

ခဏအတွင်းမှာပင် ဤသေလူသည် ရေခဲတုံးအဖြစ် တိုက်ရိုက် အေးခဲသွားပြီးနောက် အပိုင်းပိုင်းအစစ ကြေမွသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ရေခဲသားရဲကြီး၏ ခေါင်းထဲသို့ အတင်းဝင်ဆောင့်ကာ နောက်ဆုံးသော အသေခံတိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။

“ဝေါင်းးး”

ရေခဲသားရဲကြီးသည် ကြောက်မက်ဖွယ်ကောင်းသည့် အသံကြီးဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရလေ၏။ ထို့နောက် ယင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲနှင့် နှင်းများ လုံးဝ အရည်ပျော်ကျသွားပြီး ကြောက်မက်ဖွယ် လေအေးများလည်း လုံးဝ ရပ်တန့်သွားလေတော့သည်။ မီးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များသည်လည်း လုံးဝ ငြိမ်းသက်သွားပြီး ရေခဲသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲနှင့် နှင်းများလည်း လုံးဝ အရည်ပျော်သွားပြီ ဖြစ်သည်။ သားရဲကြီးနှစ်ကောင်၏ အသက်စွမ်းအားသည် လုံးဝ ကုန်ခန်းသွားကြလေ။ သေလူသုံးထောင်၏ ဝိညာဉ်များဖြင့် အသေခံတိုက်ခိုက်မှုကြောင့် အသက်စွမ်းအားအားလုံး ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

သားရဲကြီးနှစ်ကောင်သည် တုပိုင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ အလွန် ခက်ခက်ခဲခဲဖြင့် တုပိုင်အနားသို့ တိုးကပ်လာကြသည် ယင်းတို့သည် မူလက မီတာ လေးငါးဆယ် ရှည်လျားသော်လည်း ယခုအချိန်တွင်မူ သာမန်အရွယ်အစားလောက်သာ ရှိတော့သည်။ နောက်ဆုံးတွင် သားရဲကြီးနှစ်ကောင်သည် တုပိုင်ဘေးနားသို့ တွားသွားရောက်ရှိလာကြသည်။ သူတို့၏ မျက်လုံးများသည် လေထဲက ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး ငြိမ်းသွားနိုင်လေသည်။ သူတို့ အပြင်းအထန် အသက်ရှူနေကြရသည်။ သူတို့သည် သေလုမြောပါး ဖြစ်နေပြီး အလွန် အားနည်းနေသော်လည်း ယခုအချိန်တွင် တုပိုင်ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသေးသည်။

“ငါတို့တစ်သက်လုံး တိုက်ခိုက်လာခဲ့ကြတာ။ နေ့ရက်တူတူမှာ သေရမယ်လို့ မထင်ထားခဲ့သလို ဒီလိုပုံစံနဲ့ သေရမယ်လို့လည်း မထင်ထားခဲ့ဘူး”

မီးသားရဲကြီးက ပြောလိုက်သည်။

ရေခဲသားရဲကြီးကလည်း အေးစက်စက် ပြောလိုက်သည်။ “မဆိုးပါဘူး။ အနည်းဆုံးတော့ အသက်ငင်ပြီးတော့ သနားစရာကောင်းအောင် မသေရတော့ဘူးပေါ့”

မီးသားရဲကြီးက တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “လူသား… ငါတို့ မင်းကို မသတ်နိုင်ခဲ့ဘူး။ ဒါက ဘုရားသခင်ရဲ့ အလိုတော်ပဲ။ ဒါပေမဲ့ ငါအခု မင်းကို သတ်နိုင်သေးတယ်။ အလွယ်တကူပဲ သတ်လို့ရတယ်။ ဒါပေမဲ့ ငါမင်းကို သတ်လိုက်ရင် ငါ့ကလေးပါ သေသွားလိမ့်မယ်”

ထို့နောက် မီးသားရဲကြီးက ပါးစပ်ကို ဟပြီး ကြီးမားသော မီးနီရောင် ပုလဲလုံးကြီးတစ်လုံးကို ခက်ခက်ခဲခဲ ထွေးထုတ်လိုက်သည်။ မဟုတ်သေးချေ။ ထိုသည်က ပုလဲလုံးမဟုတ်ဘဲ ဥတစ်လုံးဖြစ်လေ၏။ မီးသားရဲကြီး၏ ဥပင်ဖြစ်လေ၏။‌ မီးသားရဲကြီးသည် ဆန့်ကျင်ဘက်လိင်မရှိဘဲ မျိုးပွားနိုင်သော သက်ရှိအမျိုးအစားဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင် နောက်ထပ် မီးသားရဲတစ်ကောင်ကို မတွေ့ရသောကြောင့် ဖြစ်သည်။ မီးနီရောင်ဥသည် အချင်းစင်တီမီတာ ၃၀ ခန့်ရှိပြီး အခွံပေါ်တွင် မီးတောက်ပုံစံ အကွက်များ ပြည့်နှက်နေသည်။

ထိုအချိန်တွင် ရေခဲသားရဲကြီးကလည်း အားနည်းစွာဖြင့် ပြောလိုက်သည်။ “ငါလည်း မင်းကို အလွယ်တကူ သတ်လို့ရတယ်။ ဒါပေမဲ့ ငါမင်းကို သတ်လိုက်ရင် ငါ့ကလေးလည်း သေသွားလိမ့်မယ်”

ထို့နောက် ရေခဲသားရဲကြီးသည်လည်း သူ၏ ပါးစပ်ပေါက်ကြီးကို ဖွင့်ပြီး အပြာရောင်ဥတစ်လုံးကို ထွေးထုတ်လိုက်သည်။ ဥခွံပေါ်တွင် ရေခဲနှင့် နှင်းပုံစံ အမှတ်အသားများ ပါရှိလေသည်။

“လူသား… မင်း ငါ့ကလေးကို ကာကွယ်ပေးပြီး အကောင်ပေါက်လာအောင် နည်းလမ်းရှာပေးနိုင်မလား။ သူက မင်းကို မိဘအရင်းလို သဘောထားပြီး မင်းအတွက် တိုက်ခိုက်ပေးမယ့် အလွန် စွမ်းအားကြီးတဲ့ မီးသားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်။ ပြီးတော့ မင်းရဲ့ တာဝန်က သူ့ကို တစ်သက်လုံး ကာကွယ်ပေးဖို့ ၊ သန်မာလာအောင် လုပ်ပေးဖို့ ၊ အသွင်ပြောင်းလာအောင် လုပ်ပေးဖို့နဲ့ နောက်ဆုံးမှာ သူ့ကမ္ဘာသူ ပြန်ရောက်သွားအောင် လုပ်ပေးဖို့ပဲ” မီးသားရဲကြီးက တောင်းဆိုလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် လုပ်နိုင်မလားတော့ မသိဘူး။ ဒါပေမဲ့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

“ဒါဆိုရင် ငါ့ကလေးကို မင်းဆီ အပ်နှံလိုက်မယ်”

မီးသားရဲကြီးက သူ၏ကလေးဖြစ်သည့် ၊ မီးသားရဲဥကို တုပိုင်လက်ထဲသို့ လေးနက်စွာ ထည့်ပေးလိုက်သည်။ ရုတ်တရက် တုပိုင်၏ လက်ထဲတွင် လေးလံပြီး ပူနွေးသော စွမ်းအင်တစ်ခု လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြီး စွမ်းအားကြီးမားသော အသက်ဓာတ်တစ်ခု ကိန်းအောင်းနေကြောင်း ခံစားလိုက်မိသည်။

ရေခဲသားရဲကြီးက တုပိုင်ကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။ “လူသား… မင်း ငါ့ကလေးကို ကာကွယ်ပေးပြီး အကောင်ပေါက်လာအောင် နည်းလမ်းရှာပေးနိုင်မလား။ သူကလည်း မင်းကို မိဘအရင်းလို သဘောထားပြီး မင်းအတွက် တိုက်ခိုက်ပေးမယ့် အလွန် စွမ်းအားကြီးတဲ့ ရေခဲသားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်။ ပြီးတော့ မင်းရဲ့ တာဝန်က သူ့ကို တစ်သက်လုံး ကာကွယ်ပေးဖို့ ၊ သန်မာလာအောင် လုပ်ပေးဖို့ ၊ အသွင်ပြောင်းလာအောင် လုပ်ပေးဖို့နဲ့ နောက်ဆုံးမှာ သူ့ကမ္ဘာသူ ပြန်ရောက်သွားအောင် လုပ်ပေးဖို့ပဲ”

သူ၏ မှာကြားချက်သည်လည်း မီးသားရဲကြီးနှင့် ထပ်တူပင် ဖြစ်ပြီး လေးနက်သော အခမ်းအနားဆန်မှုများဖြင့် ပြည့်နှက်နေသည်။

တုပိုင် လေးနက်စွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် လုပ်နိုင်မလားတော့ မသိဘူး။ ဒါပေမဲ့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

“ဒါဆိုရင် ငါ့ကလေးကို မင်းဆီ အပ်နှံလိုက်မယ်”

ရေခဲသားရဲကြီးကလည်း သူ၏ကလေးဖြစ်သည့် ၊ ရေခဲသားရဲဥကို တုပိုင်လက်ထဲသို့ လေးနက်စွာ ထည့်ပေးလိုက်လေ၏။

ရေခဲစွမ်းအင်များ လှုပ်ရှားသွားပြီး အလွန် စွမ်းအားကြီးမားသော အသက်ဓာတ်တစ်ခု ကိန်းအောင်းနေသည်ကို တုပိုင် ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှစ်ကောင်သည် မသေဆုံးမီ သူတို့၏ ကလေးများကို တုပိုင်ထံ အပ်နှံခဲ့ကြသည်။ ကြီးမားသော တာဝန်ဖြစ်သလို တုပိုင်အတွက်လည်း ကြီးမားသော အခွင့်အရေးကြီးတစ်ခု ဖြစ်လေသည်။ သို့သော် ဤကမ်းပါးယံသည် သေလမ်းဖြစ်နေဆဲ ဖြစ်ပြီး စတုတ္ထအဆင့်တွင် ထွက်ပေါက် မရှိသေးပေ။

မီးသားရဲကြီးက ပြောလိုက်သည်။ “ထွက်ပေါက်မရှိရင် မင်းထွက်သွားလို့ မရဘူး။ ငါတို့လည်း သေရတော့မယ်။ ငါတို့ရဲ့ နောက်ဆုံးအသက်စွမ်းအင်ကို သုံးပြီး မင်းအတွက် ထွက်ပေါက်ဖွင့်ပေးခဲ့မယ်”

ထို့နောက် မီးသားရဲကြီးသည် ရုတ်တရက် ပါးစပ်ပေါက်ကြီးကို ဖွင့်ပြီး မှောင်မည်းနေသော ကမ်းပါးယံကို ချိန်ရွယ်လိုက်သည်။

“ဝုန်း ဝုန်း ဝုန်း…”

မီးသားရဲကြီးက အနက်ရောင်နီးပါး ဖြစ်နေသော အပြာရောင် မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ဤသည်မှာ သားရဲကြီး၏ နောက်ဆုံးအသက်စွမ်းအင် မီးတောက်များပင်ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် သားရဲကြီးသည် မှုတ်ထုတ်လိုက်သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ အက်ကွဲလာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားကာ ပြာမှုန့်များအဖြစ် လွင့်ပျံသွားသောကြောင့်ပင်ဖြစ်လေသည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း…”

အပြာနက်ရောင် မီးတောက်များသည် ရူးသွပ်စွာ ပန်းထွက်နေသည်။ အလွန် ခိုင်ခံ့သော ကျောက်နက်ကမ်းပါးယံသည် ချက်ချင်းပင် နီရဲသွားပြီး အရည်ပျော်ကာ ပွင့်လင်းမြင်သာသွားသည်။ ရုတ်တရက် အပြာနက်ရောင် မီးတောက်များ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် မီးသားရဲကြီး သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။ သူ၏ ခန္ဓာကိုယ်သည် လုံးဝ ပျောက်ကွယ်သွားပြီးဖြစ်လေ၏။ ကျောက်နက်ကမ်းပါးယံတွင် အချင်း ဆယ်မီတာခန့်ရှိသော အပေါက်ကြီးတစ်ခု လောင်ကျွမ်းသွားသည်။ လုံးဝ လောင်ကျွမ်းသွားခြင်း မဟုတ်သော်လည်း နီရဲပြီး ချော်ရည်များပျော်ကျနေခြင်း ဖြစ်သည်။

“ငါ့အလှည့်ပဲ”

ရေခဲသားရဲကြီးကလည်း လေးနက်စွာဖြင့် ပြောလိုက်သည်။ သူသည်လည်း ပါးစပ်ပေါက်ကြီးကို ဖွင့်လိုက်ပြီး နောက်ဆုံးလက်ကျန် အအေးဓာတ် စွမ်းအင်များကို မှုတ်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ် အအေးဓာတ် ၊ အနုတ် ဒီဂရီ နှစ်ရာခန့်ရှိသော အအေးဓာတ်ပင်။ သားရဲကြီးသည် သန့်စင်သော အပြာရောင် လေငွေများကို ရူးသွပ်စွာ မှုတ်ထုတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် စွမ်းအားကြီးမားလှပါသည် ဆိုသည့် ရေခဲသားရဲကြီးသည်လည်း တစ်လက်မချင်း ပျောက်ကွယ်သွားလေ၏။

ရေခဲစွမ်းအင်သည် ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲသားရဲကြီးလည်း သေဆုံးသွားပြီ ဖြစ်သည်။ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မီးတောက်များကြောင့် အရည်ပျော်နေသော ကျောက်နက်ကမ်းပါးပေါ်မှ အပေါက်ကြီးသည် ကြောက်မက်ဖွယ် ရေခဲစွမ်းအင်များကြောင့် လုံးဝ အက်ကွဲသွားလေတော့သည်။ တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော အက်ကြောင်းများ ၊ ဒေါင်လိုက် ရေပြင်ညီ ရှုပ်ထွေးစွာ ပေါ်လာသည်။ တုပိုင်သည် သားရဲဥနှစ်လုံးကို ဂရုတစိုက် ချထားလိုက်ပြီးနောက် မီးနှင့် ရေခဲဖြင့် အတင်းဖောက်ထားသော ကျောက်နက်ကမ်းပါးယံဆီသို့ တက်သွားလိုက်သည်။ ပြီးနောက်တွင် သူရှိသမျှခွန်အားတို့ဖြင့် တွန်းလိုက်လေ၏။ ချက်ချင်းပင် အလွယ်တကူပင် ပြိုကျသွားလေပြီး အချင်း ဆယ်မီတာခန့်ရှိသော အပေါက်တစ်ခု ပေါ်လာသည်။

ဤသည်မှာ စတုတ္ထအဆင့်၏ ထွက်ပေါက် ၊ မီးသားရဲကြီးနှင့် ရေခဲသားရဲကြီးတို့က သူတို့၏ နောက်ဆုံးအသက်ကို စတေးပြီး တုပိုင်အတွက် ဖွင့်ပေးခဲ့သော ထွက်ပေါက်ပင် ဖြစ်သည်။ တုပိုင် ဤအပေါက်ထဲမှ လျှောက်ထွက်လာလိုက်လေ၏။ စတုတ္ထအဆင့် ပြီးဆုံးသွားပြီဖြစ်သည်။ စမ်းသပ်စစ်ဆေးမှု တစ်ခုလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ နောက်ဆုံးအဆင့်မှ ရရှိသော အကျိုးအမြတ်သည် ထင်ထားသည်ထက် များစွာ ပိုမို ကြီးမားပြီး ယခင် သုံးဆင့်ပေါင်း ရရှိခဲ့သည်ထက်ပင် ပိုမို များပြားလေသည်။ တုပိုင် ထွက်ပေါက်အတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

တုပိုင် အဆုံးသတ်သို့ ရောက်ရှိလာသည်။ ထိုအခိုက်မှာပင် အလင်းရောင် တစ်ချက် ဖြာကျလာသဖြင့် မျက်လုံးဖွင့်၍ မရနိုင်လောက်အောင် ကျိန်းစပ်သွားရသည်။ အချိန်အတော်ကြာမှသာ တုပိုင် မျက်လုံးဖွင့်နိုင်ပြီး ရှေ့မှ ကမ္ဘာကြီးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ထို့နောက် ၊ သူ လုံးဝ ကြောင်အသွားရလေ၏။ တုပိုင်တစ်ယောက် သူ၏ ကိုယ့်မျက်လုံးကိုယ် လုံးဝ မယုံကြည်နိုင် ဖြစ်သွားရလေ၏။

ဤသည်က တုပိုင်လာခဲ့သည့် ကမ္ဘာကြီးမဟုတ်တော့ချေ။ ဤသည်က တာ့နင်အင်ပါယာကြီး မဟုတ်တော့ချေ။ တုပိုင်တစ်ယောက် မတူညီသည့် ကမ္ဘာကြီးသို့ ရောက်ရှိသွားပြီဖြစ်လေ၏။

အပိုင်း ၃၉၄ ပြီး။

All Chapters