← Chapters

အခန်း (၃၉၅)

Vol. 40 Ch. 395

အခန်း (၃၉၅)

Vol. 40 Ch. 395

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်၏ ရှေ့တွင် ပေါ်လာသည့်အရာမှာ မကြုံစဖူး ကမ္ဘာတစ်ခုပင် ဖြစ်လေသည်။ တုပိုင်ကိုယ်တိုင်ပင် ဤကမ္ဘာကို ဖော်ပြ၍ စကားလုံးရှာမရချေ။ သူကျိန်းသေပေါက်ပြောနိုင်မှာတော့ ဤကမ္ဘာသည် အလွန် လှပသော ကမ္ဘာတစ်ခု ဖြစ်​ခုဖြစ်၏။ ခမ်းနားထည်ဝါသော အဆောက်အဦးများစွာသည် လေထဲတွင် မျောပါနေသကဲ့သို့ ရှိပြီး အိမ်မက်ဆန်ကာ လက်တွေ့မဆန်သော အလှတရားများပင် ဖြစ်သည်။

သို့သော် ဤကမ္ဘာသည်လည်း သေဆုံးနေသော ကမ္ဘာတစ်ခု ဖြစ်သည်။ မြေပြင်တစ်ခုလုံးနီးပါးကို ရေခဲနှင့် နှင်းများ ဖုံးလွှမ်းထားပြီး သက်ရှိအငွေ့အသက် လုံးဝ မရှိသလောက်ပင်။ ကောင်းကင်ယံတွင် နှင်းများ အဆက်မပြတ် ကျဆင်းနေပြီး ကျဆင်းနေသော နှင်းများမှာ အဖြူရောင် မဟုတ်ဘဲ အပြာရောင် ဖြစ်နေလေသည်။

ဆိုလိုသည်မှာ အပူချိန်သည် အလွန့်အလွန် နိမ့်ကျနေပြီး သက်ရှိများ ရှင်သန်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ လုံးဝ သေဆုံးတော့မည့် ကမ္ဘာတစ်ခု ဖြစ်လေ၏။ ထို့ကြောင့် ဤနေရာသည် ကမ္ဘာမြေ မဟုတ်သလို တာ့နင်အင်ပါယာ တည်ရှိသော ကမ္ဘာလည်း မဟုတ်ကြောင်း တုပိုင် သေချာပေါက် ပြောရဲသည်။

ထိုသို့ဆိုလျှင် ဤနေရာက မည်သည့်နေရာဖြစ်သည်နည်း။ မည်သည့် ကမ္ဘာဖြစ်သည်နည်း။ တုပိုင် မြင်နေရသမျှ အရာအားလုံးသည် အလွန် လက်တွေ့ဆန်နေသော်လည်း လက်တွေ့မကျသည့် ခံစားမှုမျိုးလည်း ပြင်းထန်စွာ ရနေပြန်သည်။ သူသည် ဤကမ္ဘာတွင် တကယ် ရှိနေသည် မဟုတ်ဘဲ လုံးဝ လက်တွေ့ဆန်သော သုံးဖက်မြင် ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသကဲ့သို့ပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် ကောင်းကင်ကြီး ကွဲအက်သွားပြီး အစိမ်းရောင် မီးတောက်များ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

ဤသည်မှာ ကြယ်ကြွေခြင်း မဟုတ်ဘဲ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တိုက်ခိုက်မှု တစ်ခုပင် ဖြစ်သည်။

“ဝေါ ဝေါ ဝုန်းးးးး”

ဆယ်ဂဏန်း ၊ ရာဂဏန်း ၊ ထောင်ဂဏန်း ၊ သောင်းဂဏန်း အဆုံးမဲ့သော အစိမ်းရောင် မီးတောက်များသည် ကောင်းကင်ကို စုတ်ဖြဲပစ်လိုက်ပြီး ကောင်းကင်အနှံ့ကိ​ု ဖြတ်သန်းကာ သူ၏ ရှေ့မှောက်ရှိ ကမ္ဘာကြီး၏ နေရာတိုင်းကို ဝင်ဆောင့်လေတော့သည်။

ခဏအတွင်းမှာပင် သူ့ရှေ့မှောက်ရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။ နှင်းတောင်များ ၊ လှပသော အဆောက်အဦးများ ၊ လှပသည့်ကမ္ဘာကြီးစသည်တို့အားလုံးကို အစိမ်းရောင် မီးတောက်များသည် နေရာယူလိုက်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ ကမ္ဘာကြီးတစ်ခုလုံး မီးလောင်နေသကဲ့သို့ပင် ဖြစ်နေလေ၏။

“ဝုန်းးး ဝုန်းးး ဝုန်းးး”

အစိမ်းရောင် မီးတောက်များသည် တုပိုင်နှင့် ပို၍ ပို၍ နီးကပ်လာသည်။ ရုတ်တရက် ကြီးမားသော အစိမ်းရောင် မီးတောက်တစ်ခုသည် တုပိုင်၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေ၏။

“အားးးးး”

တုပိုင်သည် အလိုအလျောက်ပင် သားရဲဥနှစ်လုံးကို သူ့နောက်ကျောတွင် ဝှက်လိုက်မိသည်။ ထို့နောက် ကြောက်မက်ဖွယ် အစိမ်းရောင် မီးတောက်သည် သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားလေတော့သည်။ ထိုအခိုက်မှာပင် သူ့ရှေ့မှောက်ရှိ ပုံရိပ်အားလုံးသည် စတင် ရှုပ်ထွေးလာပြီး စုတ်ပြဲစပြုလာသည်။

ချက်ချင်းပင် သူ့ရှေ့မှောက်ရှိ ကမ္ဘာကြီးသည် ပျောက်ကွယ်သွားလေတော့သည်။ တုပိုင် လက်တွေ့ကမ္ဘာထဲ ပြန်ရောက်လာ၏။

**--**--**--**--**--**--**--**

“အားးးး”

တုပိုင် အော်ဟစ်လိုက်ပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထူးဆန်းသော ကမ္ဘာကြီး ပျောက်ကွယ်သွားပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ထူးဆန်းသည့် အရာများအားလုံး ပျောက်ကွယ်သွားပြီဖြစ်လေ၏။ သူသည် လက်ရှိအချိန်တွင် မျက်နှာမဲ့လူ အကြီးအကဲကျန်း၏ ကျောက်ခန်းမဆောင်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ သူ မျက်နှာမဲ့လူကို ပထမဆုံး စတွေ့ခဲ့သော နေရာတွင် ရှိနေခြင်းဖြစ်၏။

လက်ရှိအချိန်တွင် မျက်နှာမဲ့လူ အကြီးအကဲကျန်းသည် သူ၏ လက်ဖဝါးကို တုပိုင်၏ ခေါင်းပေါ်တွင် ညင်သာစွာ တင်ထားလေသည်။ တုပိုင်သည် ကနဦးတွင် အလွန် အံ့သြခြင်း ၊ ယုတ္တိမရှိဟု ခံစားရခြင်း ၊ စိမ်းသက်ခြင်းတို့ဖြင့် နက်ရှိုင်းစွာ နစ်မွန်းသွားရသည်။ နက်ရှိုင်းလှသော အိပ်မက်တစ်ခုမှ နိုးထလာသကဲ့သို့ ခံစားနေရသည်။

အိပ်မက်နှင့် လက်တွေ့ကမ္ဘာတို့ ကွဲပြဲသွားသည့် ခံစားချက်မျိုးထဲသို့ ကျရောက်နေသည်။ မျက်နှာမဲ့လူကို မော့ကြည့်လိုက်ပြီးနောက် တုပိုင်အံ့ဩသွား၏။ ဤလူ သေသွားပြီ မဟုတ်လား။ အဘယ်ကြောင့် အသက်ရှင်နေရသေးသနည်း။ သို့သော် ပဲစေ့နှင့်တူသော သူ၏ မျက်လုံးများမှာမူ သွေးများဖြင့် ပိတ်ဆို့နေဆဲဖြစ်လေ၏။

အချိန်အတော်ကြာမှ တုပိုင်က မေးလိုက်သည်။ “စောစောက ကျွန်တော် ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေလား”

မျက်နှာမဲ့လူက ခေါင်းညိတ်ပြီး ပြောသည်။ “ဟုတ်တယ်။ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေပဲ”

တုပိုင်က မေးလိုက်သည်။ “ပထမအဆင့် ၊ ဒုတိယအဆင့် ၊ တတိယအဆင့် ၊ စတုတ္ထအဆင့် စမ်းသပ်မှုတွေ အကုန်လုံးက စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေချည်းပဲလား။ အစစ်အမှန် တစ်ခုမှ မရှိဘူးလား”

မျက်နှာမဲ့လူက ဆန်းကြယ်စွာဖြင့် ပြောလိုက်၏။ “စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေ ဖြစ်ပေမဲ့ အစစ်အမှန် မဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး”

တုပိုင်က မေးသည်။ “ခင်ဗျား ဘာကိုဆိုလိုတာလဲ”

မျက်နှာမဲ့လူက ပြောသည်။ “ငါ မင်းဆီကနေ အနာဂတ်ကို မြင်ရတယ်။ မသိကိန်းတွေနဲ့ ကြီးမြတ်မှုတွေ ပြည့်နှက်နေတဲ့ အနာဂတ်တစ်ခုကို မြင်ရတယ်။ ငါက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထိုးဖောက်မြင်ခဲ့ရပြီး အဲ့ဒီ အနာဂတ် လျှို့ဝှက်ချက်တွေကို အခြေခံပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်ပယ်လေးခုကို ဖန်တီးခဲ့တာ။ မင်းကို ရွေးချယ်ခိုင်းပြီး စွန့်စားခိုင်းခဲ့တာ။ တစ်ခုက မင်းရဲ့ စိတ်နေသဘောထားကို စမ်းသပ်ဖို့ ၊ နောက်တစ်ခုက မင်းရဲ့ အနာဂတ်အတွက် ဉာဏ်အလင်းပွင့်စေဖို့ပဲ”

တုပိုင်က မေးလိုက်သည်။ “ဘာ ဉာဏ်အလင်းပွင့်တာလဲ”

မျက်နှာမဲ့လူက ပြောသည်။ “ငါမြင်ရတာတွေက အရမ်း ဝေဝါးနေတယ်။ ဒါကြောင့် ဘဝ ဉာဏ်အလင်းပွင့်တာက ဘာလဲဆိုတာ မင်းဘာသာမင်း နားလည်အောင် လုပ်ရလိမ့်မယ်”

တုပိုင်က ပြောသည်။ “ကျွန်တော် ဖြတ်သန်းခဲ့တဲ့ စမ်းသပ်မှု လေးခုစလုံးက အတုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေ ဆိုရင်လေ ဘာလို့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့် တကယ် တိုးတက်လာတယ်လို့ ခံစားနေရတာလဲ။ ဘာလို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု တကယ် ထိုးဖောက်နိုင်ခဲ့တယ်လို့ ခံစားနေရတာလဲ”

မျက်နှာမဲ့လူက ဖြည်းညှင်းစွာဖြင့် ဆန်းကြယ်စွာ ပြောလိုက်ပြန်သည်။ “အမှားက အမှန်ဖြစ်သွားတဲ့အခါ အမှားကလည်း အမှန်ပဲ ဖြစ်သွားတာပဲ”

တုပိုင်က ပြောလိုက်သည်။ “ခင်ဗျား ဆိုလိုတာက ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ စမ်းသပ်မှု လျှို့ဝှက်ချက်တွေ အကုန်လုံးက အတုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေပဲ။ ဒါပေမဲ့ အထဲက ဆုလာဘ်တွေ အကုန်လုံးကတော့ အစစ်အမှန်တွေပေါ့”

မျက်နှာမဲ့လူက ဖြည်းညှင်းစွာ ပြောသည်။ “ဟုတ်တယ်။ အကုန်လုံးက အစစ်အမှန်တွေပဲ။ လင်းပိုဝေပုက အစစ်အမှန်ပဲ။ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်ထဲမှာ ဒီလျှို့ဝှက်ချက်ကို ငါ မင်းဆီ လွှဲပြောင်းပေးခဲ့တာ။ တိတိကျကျ ပြောရရင် မင်းက လင်းပိုဝေပုကို ရွေးချယ်ခဲ့တာပဲ ဖြစ်တယ်”

တုပိုင်က မေးလိုက်သည်။ “တကယ်လို့ ကျွန်တော်က လင်းပိုဝေပုကို မရွေးချယ်ဘဲ မြေအောက်ကမ္ဘာလက်ဝါးသိုင်းနဲ့ စကြာဝဠာရွှေ့ပြောင်းခြင်း မဟာအတတ်ကို ရွေးချယ်ခဲ့ရင်ကော”

မျက်နှာမဲ့လူက ပြောသည်။ “ငါ ပြောပြီးပြီလေ။ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် ဖြစ်ပေမဲ့ အမှန်ဖြစ်လာတဲ့အခါ အမှန်ပဲ ဖြစ်သွားတယ်လို့။ စိတ်ကမ္ဘာထဲမှာ မင်း သေသွားပြီလို့ ခံစားလိုက်ရရင် မင်းရဲ့ စိတ်ဝိညာဉ်လည်း သေသွားမှာပဲ”

မျက်နှာမဲ့လူက စကားကိုဆုံးအောင် မပြောသော်လည်း တုပိုင် သူဆိုလိုသည်ကို နားလည်လိုက်သည်။

တုပိုင်က မေးလိုက်သည်။ “အရိုးဆေးကြောပြီး သွေးကြောဖြတ်တာကကော။ နဂါးသွေး ရွှေရောင်စွမ်းအင်တွေကကော”

မျက်နှာမဲ့လူက ပြောသည်။ “အဲဒါတွေကလည်း အစစ်အမှန်တွေပဲ”

တုပိုင် ကြောင်အသွားသည်။ “ခင်ဗျား နဂါးသွေးကို ဘယ်က ရခဲ့တာလဲ”

မျက်နှာမဲ့လူက ပြောသည်။ “ငါက ဗေဒင်ပညာရှင် တစ်ယောက်ပဲ။ အရာရာကို ကြိုမြင်နိုင်တယ်။ ငယ်ငယ်တုန်းက ငါ အရမ်း လောဘကြီးခဲ့ပြီး နဂါးသွေးကို ရဖို့ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်။ ဒါပေမဲ့ ဒီလိုအရာမျိုးက လူတိုင်းနဲ့ မသင့်တော်ဘူး။ ငါ ရခဲ့ပေမဲ့ ငါ မသုံးနိုင်ခဲ့ဘူး။ အခုချိန်ထိ သိမ်းထားပြီး မင်းကို ပေးလိုက်တာပဲ”

တုပိုင် မနေနိုင်ဘဲ တုန်လှုပ်သွားပြီး မျက်လုံးမှိတ်ကာ သူ့ဒန်တျန်ထဲကို အာရုံခံ ကြည့်လိုက်သည်။ တုပိုင်တစ်ယောက် အမှန်တကယ်ပင် ဒန်တျန်ထဲမှာ နဂါးသွေးရဲ့ ရွှေဝါရောင် စွမ်းအင်တွေကို ရှင်းလင်းစွာ ခံစားနေရသည်။

“ဘာလို့ ခင်ဗျားက မသုံးနိုင်ဘဲ ကျွန်တော်က သုံးနိုင်တာလဲ” တုပိုင်က မေးလိုက်သည်။

မျက်နှာမဲ့လူက ပြောသည်။ “ငါ လေ့လာခဲ့တဲ့ အတွင်းအားကြောင့် ဒီလောက် အစွမ်းထက်ပြီး မြင့်မြတ်တဲ့ စွမ်းအင်ကို မချေဖျက်နိုင်ဘူး။ မင်းကတော့.... မင်းကတော့ လုပ်နိုင်တယ်။ ဒါကြောင့် အရာအားလုံးက ဘုရားသခင်ရဲ့ အလိုတော်ပဲ။ ငါ နဂါးသွေးကို ရခဲ့ပေမဲ့ နောက်ဆုံးကျတော့ မင်းအတွက် ပြင်ဆင်ပေးထားသလို ဖြစ်သွားတာပေါ့”

တုပိုင် ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ဒါဆို တတိယအဆင့်မှာ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်က ခြောက်ဆင့်မြောက် အနိမ့်ပိုင်းကနေ စတုတ္ထအဆင့် အနိမ့်ပိုင်းအထိ ထိုးဖောက်သွားတယ်လေ။ ဒီလောက်ကြီးမားတဲ့ စွမ်းအင်တွေက ဘယ်က ရောက်လာတာလဲ”

မျက်နှာမဲ့လူက ဘာမှမပြောဘဲ အောက်ကို ငုံ့ကြည့်လိုက်သည်။ တုပိုင်လည်း အောက်ကို ငုံ့ကြည့်လိုက်သည်။

အံ့သြစရာကောင်းလောက်အောင်ပင် မျက်နှာမဲ့လူ၏ ဒန်တျန်နေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေလေ၏။

သူ့ကျင့်ကြံမှုအားလုံး ပျောက်ဆုံးသွားသည်။ သူ့ဆရာသခင်အဆင့် ကျင့်ကြံမှုအားလုံးကို အထူးနည်းလမ်းဖြင့် ဖြန့်ခွဲလိုက်ခြင်း ဖြစ်သည်။ မိုယင်စော်ဘွားကဲ့သို့ ပင် တစ်ကိုယ်လုံးရှိ အတွင်းအားများကို တုပိုင်ဆီသို့ ကူးပြောင်းလိုက်စေခြင်း ဖြစ်၏။

သူ့ရှေ့မှ မျက်နှာမဲ့လူသည်လည်း သူ့ဒန်တျန်ထဲရှိ အတွင်းအားများအားလုံးကို ဖြန့်ခွဲလိုက်ပြီး တုပိုင်ဆီသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

အမှန်စင်စစ် တိုက်ရိုက် လွှဲပြောင်းပေးဖို့ နည်းလမ်းမရှိသောကြောင့် မျက်နှာမဲ့လူသည် အတွင်းအားများကို ဖြန့်ခွဲလိုက်ပြီး ကျောက်ခန်းမဆောင်တစ်ခုလုံးကို အလွန် ကြွယ်ဝသော ရွှမ်းချီစွမ်းအင်များဖြင့် ပြည့်နှက်သွားစေသည်။ ထို့နောက် တုပိုင်၏ ကိုးယန်ကျမ်းရင်းက လျင်မြန်စွာ လည်ပတ်ပြီး ရူးသွပ်စွာ စုပ်ယူလိုက်ခြင်း ဖြစ်သည်။

မျက်နှာမဲ့လူ၏ သိုင်းပညာအဆင့်သည် မိုယင်စော်ဘွားထက် များစွာ မြင့်မားသောကြောင့် တုပိုင်သည် ခြောက်ဆင့်မြောက် အနိမ့်ပိုင်းမှနေ၍ စတုတ္ထအဆင့် အနိမ့်ပိုင်းသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ သို့သော် အတွင်းအား ရွှမ်းချီစွမ်းအင် ၉၉ ရာခိုင်နှုန်းကျော်သည် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။ တုပိုင်သည် တစ် ရာခိုင်နှုန်းကိုသာ စုပ်ယုနိုင်ခဲ့ခြင်းဖြစ်၏။

တုပိုင်က မျက်နှာမဲ့လူကို ကြည့်ပြီး တုန်ရီစွာဖြင့် မေးလိုက်သည်။ “ဘာလို့ ဒီလိုလုပ်ရတာလဲ”

မျက်နှာမဲ့လူက ပြောသည်။ “ဘာလို့လဲဆိုတော့ ငါ မကြာခင် သေတော့မှာမို့လို့ ၊ မင်းဆီက လျှို့ဝှက်ချက်ကို ငါ မြင်ခဲ့ရလို့ပဲ။ ဒီခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုတွေက အလကား ဖြစ်သွားမှာ ၊ ဖြုန်းတီးရာ ရောက်သွားမှာ။ အရေးကြီးဆုံးကတော့ သေးငယ်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက် မင်းကို ဖြည့်ဆည်းပေးချင်လို့ပဲ”

တုပိုင်က မေးသည်။ “ဘာ ရည်ရွယ်ချက်လဲ”

မျက်နှာမဲ့လူက ပြောသည်။ “ပေမင်ဓားဂိုဏ်းကို ကောင်းကောင်း ဆက်ဆံပါလို့ ငါ မင်းကို မတောင်းဆိုပါဘူး။ ဒါပေမဲ့ အနာဂတ်ကျရင် ပေမင်ဓားဂိုဏ်းကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ပေးဖို့ ၊ မင်းစိတ်ထဲက ရန်ငြိုးတွေကြောင့် ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးချင်တဲ့ စိတ်ဆန္ဒတွေနဲ့ မလုပ်မိဖို့ တောင်းပန်ချင်ပါတယ်။ ငါ မင်းကို တောင်းပန်ပါတယ်။ အနာဂတ်မှာ ပေမင်ဓားဂိုဏ်းအပေါ် အာဃာတ မထားပါနဲ့။ အနာဂတ်မှာ ပေမင်ဓားဂိုဏ်းကို မျှမျှတတ ဆက်ဆံပေးပါ”

တုပိုင်က မေးလိုက်သည်။ “ခင်ဗျား ပေမင်ဓားဂိုဏ်းကို ချစ်လား”

အပိုင်း ၃၉၅ ပြီး။

All Chapters