← Chapters

အခန်း (၃၉၆)

Vol. 40 Ch. 396

အခန်း (၃၉၆)

Vol. 40 Ch. 396

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

မျက်နှာမဲ့လူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ပေမင်ဓားဂိုဏ်းက ငါ့အိမ်ပဲ။ ကမ္ဘာလောကကြီးတစ်ခုလုံးရဲ့ အမြင်မှာတော့ တွင်းနက်ကြီးတစ်ခုလို ဖြစ်နေပြီး အလွန် ယုတ်မာကောက်ကျစ်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုက အရမ်းကြီးမားလွန်းရင် ကမ္ဘာကြီးက အကြေးခွံနဲ့ လက်သည်းလောက်ကိုပဲ မြင်ရတတ်ပါတယ်။ အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုတွေ မြင့်မားလာတဲ့အခါ ၊ မင်း မြင့်မားတဲ့ နေရာတစ်ခုမှာ ရပ်တည်နိုင်တဲ့အခါ ပေမင်ဓားဂိုဏ်းကို ရှင်းရှင်းလင်းလင်း မြင်လာရပါလိမ့်မယ်။ ငါ မင်းရှေ့မှာ ပေမင်ဓားဂိုဏ်းနဲ့ ပတ်သက်ပြီ ဘယ်လို့မြင်ပါ မပြောလိုပါဘူး။ အနာဂတ်မှာ မင်း မြင့်မားတဲ့နေရာကို ရောက်တဲ့အခါ မင်းဘာသာ မြင်ရပါလိမ့်မယ်။ မင်းဘာသာ ဆုံးဖြတ်ပါ”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပြီ။ ခင်ဗျားပြောတာကို ကျွန်တော် သဘောတူပါတယ်။ အနာဂတ်ကျရင် ပေမင်ဓားဂိုဏ်းကို မျှမျှတတ ဆက်ဆံပေးပါ့မယ်။ အာဃာတ မထားပါဘူး”

ထို့နောက် တုပိုင်က မေးလိုက်သည်။ “စတုတ္ထအဆင့်မှာ ရခဲ့တဲ့ မီးသားရဲဥနဲ့ ရေခဲသားရဲဥကကော”

ဤအရာသည် တုပိုင်အတွက် တန်ဖိုးအရှိဆုံး ဆုလာဘ်ပင် ဖြစ်သည်။ လင်းပိုဝေပု ၊ နဂါးသွေး ရွှေရောင်စွမ်းအင် ၊ စတုတ္ထအဆင့် သိုင်းပညာတို့နှင့် ယှဉ်လျှင်ပင် ဤသားရဲဆန်း ဥနှစ်လုံးသည် များစွာ ပိုမို တန်ဖိုးရှိလှသည်။

ဤသားရဲဆန်းနှစ်ကောင်သာ အကောင်ပေါက်လာခဲ့လျှင် သူတို့က တုပိုင်ကို မိဘအရင်းလို သဘောထားကြမည် ဖြစ်သည်။ ကြီးပြင်းလာသောအခါ သူတို့ မည်မျှ စွမ်းအားကြီးမားလိုက်မည်နည်း။ တုပိုင်အတွက် မည်မျှကြီးမားသော အကူအညီ ဖြစ်လာမည်နည်း။

တုပိုင်က သားရဲဆန်းဥနှစ်လုံးအကြောင်း မေးလိုက်စဉ်မှာပင် ရုတ်တရက် သူ့လက်ထဲတွင် လေးလံနေသည်ကို သတိထားမိလိုက်ပြီး ငုံ့ကြည့်လိုက်သည်။

မီးနီရောင် သားရဲဥတစ်လုံးသည် သူ့ဘယ်လက်ပေါ်တွင် ရှိနေပြီး ရေခဲပြာရောင် သားရဲဥတစ်လုံးသည် သူ့ညာလက်ပေါ်တွင် ရှိနေလေသည်။

“တကယ်ကြီး ရှိနေပါလား။” တုပိုင် ချက်ချင်း အံ့သြသွားရသည်။

မျက်နှာမဲ့လူက ပြောသည်။ “ငါက ကြီးမြတ်တဲ့ ဗေဒင်ပညာရှင်လေ။ ဒါကြောင့် အရာရာကို ကြိုမြင်နိုင်တယ်။ ဒါကြောင့် မီးသားရဲနဲ့ ရေခဲသားရဲ ရှိနေတာကို ငါ သိခဲ့တယ်။ ငါ့ရဲ့ လောဘကြီးတဲ့ ကာလတုန်းက ဒီစွမ်းအားကြီးတဲ့ သားရဲဆန်းနှစ်ကောင် အချင်းချင်း သတ်ဖြတ်ကြပြီး အတူတူ သေသွားအောင် လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး လမ်းကြောင်းပေးခဲ့တယ်။ သူတို့ မသေခင်မှာ သူတို့ရဲ့ ဥတွေကို ထွေးထုတ်ပြီး မြေကြီးပေါ် တင်ထားခဲ့တာ”

တုပိုင်က မေးသည်။ “သူတို့က ဥတွေကို ခင်ဗျားဆီ အပ်နှံခဲ့တာ မဟုတ်ဘူးလား”

မျက်နှာမဲ့လူက ပြောသည်။ “အဲ့တုန်းက ငါက ယုတ်မာပြီး လောဘကြီးတဲ့သူတစ်ယောက်ပဲ။ အဝေးကနေပဲ ချောင်းကြည့်နေခဲ့ရပြီး ကိုယ်ထင်မပြရဲခဲ့ဘူး။ ဒီသားရဲဆန်းနှစ်ကောင်က အရမ်း စွမ်းအားကြီးတယ်။ သူတို့နား ကပ်သွားတာနဲ့ အပိုင်းပိုင်းအစစ ဖြစ်သွားမှာ သေချာတယ်။ ဒီသားရဲဆန်းနှစ်ကောင် သေသွားပြီးမှ ငါက ခိုးကြောင်ခိုးဝှက်နဲ့ သားရဲဥနှစ်လုံးကို သွားခိုးခဲ့တာ”

တုပိုင်က မေးလိုက်သည်။ “ခင်ဗျား ဒီသားရဲဥနှစ်လုံးကို ရထားတာ ဘယ်လောက်ကြာပြီလဲ”

“၂၃ နှစ်”

တုပိုင်က မေးသည်။ “အကောင်မပေါက်လာဘူးလား”

“မပေါက်လာဘူး” မျက်နှာမဲ့လူက ပြောသည်။ “သူတို့ကို အကောင်ဖောက်မယ့် နည်းလမ်းကိုလည်း ငါ ရှာမတွေ့ခဲ့ဘူး”

ထို့နောက် မျက်နှာမဲ့လူက အလွန် ဝမ်းနည်းစွာ ပြောလိုက်သည်။ “ငါက ကြီးမြတ်တဲ့ ဗေဒင်ပညာရှင်တစ်ယောက် ဖြစ်လို့ ဗေဒင်တွက်ပြီး ရတနာတွေ အများကြီး ရခဲ့တယ်။ ဒါပေမဲ့ ငါ့မှာ ပိုင်ဆိုင်ဖို့ အရည်အချင်း မရှိသလို ကံလည်း မပါဘူး။ နဂါးသွေးတုန်းကလည်း ဒီလိုပဲ။ သားရဲဥနှစ်လုံးတုန်းကလည်း ဒီလိုပဲ။ ငါ အများကြီး ရခဲ့ပေမဲ့ ငါ နှိပ်စက်ခံခဲ့ရတယ်။ ပိုပိုပြီး နာကျင်လာတယ်။ ဘာပျော်ရွှင်မှုကိုမှ ငါ မခံစားနိုင်တော့ဘူး။ ရုတ်တရက် ငါ့နှာခေါင်း ပျောက်သွားတယ်။ နားရွက် ပျောက်သွားတယ်။ ပါးစပ် ပျောက်သွားတယ်။ ငါ ဘာစားစား သဲစားနေရသလိုပဲ။ ဘာအနံ့ရရ ပုပ်စော်နံနေသလိုပဲ။ ဘယ်လောက်လှတဲ့ မိန်းမလှလေးကိုပဲ ထိထိ အဆိပ်မြွေကို ထိနေရသလိုပဲ။ ဒါက ဘုရားသခင် ငါ့ကို ပေးတဲ့ ပြစ်ဒဏ်ပဲ။ ဆယ်နှစ် ၊ အနှစ် ၂၀ လောက် ပြစ်ဒဏ်ပေးခံခဲ့ရတယ်။ နောက်တော့ ငါ တဖြည်းဖြည်း နားလည်လာတယ်။ ငါ့ရဲ့ တာဝန်ကို ငါ သိလာတယ်။ အရာများစွာက ငါနဲ့မဆိုင်ဘူး ၊ ငါမပိုင်ဆိုင်သင့်ဘူးဆိုတာ ငါ သိလာတယ်...”

ဤကဲ့သို့ နာကျင်စရာကောင်းသည့် ပြောင်းလဲမှုမျိုးကို နားလည်ဖို့ မလွယ်ကူသော်လည်း စိတ်ကူးယဥ်ကြည့်နိုင်၏။

မျက်နှာမဲ့လူက ပြောသည်။ “ဒါကြောင့် ဒီသားရဲဥနှစ်လုံးကိုလည်း မင်းကို ပေးလိုက်မယ်။ မင်းက ကံပါတဲ့သူ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ မင်းက အကောင်ဖောက်နိုင်ရုံတင် မဟုတ်ဘဲ သူတို့ကို မင်းရဲ့ ကမ္ဘာဆီ ပြန်ခေါ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”

တုပိုင်က သူ့လက်ထဲရှိ သားရဲဥနှစ်လုံးကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အကြီးအကဲကျန်း”

ထို့နောက် တုပိုင်က မေးလိုက်သည်။ “သူတို့ကို အကောင်ပေါက်လာအောင် လုပ်နိုင်မဲ့ သတင်းအချက်အလက် တစ်ခုခုများ ရှိလား”

မျက်နှာမဲ့လူက ပြောသည်။ “ရေခဲသားရဲကို ဘယ်လို အကောင်ဖောက်ရမလဲ ဆိုတာတော့ ငါ လုံးဝ သဲလွန်စ မရှိဘူး။ ဒါပေမဲ့ မီးသားရဲကို အကောင်ဖောက်ဖို့အတွက်တော့ ဂျာဗားနိုင်ငံက မီးမိစ္ဆာပင်လယ်ကို သွားကြည့်လို့ ရကောင်းရနိုင်တယ်။ အဲဒီမှာ မြေအောက် ငရဲမီး ရှိတယ်လို့ ကြားဖူးတယ်။ အဲ့ဒီမှာ အကောင်ဖောက်လို့ ရကောင်း ရနိုင်တယ်”

တုပိုင်က ပြောလိုက်သည်။ “ဂျာဗားနိုင်ငံ ဟုတ်လား။ အခု အဲဒီနေရာကို ဖန်းအုပ်စု နောက်ကွယ်က သခင်ကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးတဲ့ အင်ပါယာက အုပ်ချုပ်နေတာ မဟုတ်လား”

မျက်နှာမဲ့လူက ပြောသည်။ “ဟုတ်တယ်။ ဒါကြောင့် ဖန်းချင်းယီရဲ့ နေရာက ပေမင်ဓားဂိုဏ်းမှာ ဒီလောက် ထူးခြားနေတာပေါ့။ ဒီပင်လယ်ရပ်ခြား အင်ပါယာက အရမ်း အင်အားကြီးတယ်။ တာ့နင်အင်ပါယာကို စောင့်ကြည့်နေတယ်။ မင်းမှာ ယုံကြည်ချက် အပြည့်အဝ မရှိသေးခင် အဲဒီအင်ပါယာကို သွားမစဖို့ ငါ အကြံပေးချင်တယ်”

တုပိုင်က မေးလိုက်သည်။ “ဂျာဗားနိုင်ငံက မီးမိစ္ဆာပင်လယ်က ဘယ်နေရာမှာလဲ”

မျက်နှာမဲ့လူက ခေါင်းခါလိုက်ပြီး ပြောသည်။ “အဲဒါတော့ ငါ မသိဘူး”

ထို့နောက် မျက်နှာမဲ့လူက ပြောလိုက်သည်။ “မင်း နည်းနည်း တိုးလာခဲ့”

တုပိုင် တိုးသွားလိုက်သည်။

မျက်နှာမဲ့လူက ပြောသည်။ “ခွေးအိမ်သခင်ကြီလိုပဲ ငါ့ရဲ့ စိတ်ဝိညာဉ်ကို မင်းဆီ လွှဲပြောင်းပေးသင့်တာ။ ဒါပေမဲ့ ငါ့စိတ်ဝိညာဉ်မှာ အညစ်အကြေးတွေနဲ့ အမှောင်ထုတွေ အရမ်းများနေတယ်။ မင်းက အဆိုးမြင်တတ်တဲ့သူ ဖြစ်နေပြီ။ ငါ မင်းကို အမှောင်ဘက်ခြမ်းဆီ ထပ်မတွန်းပို့နိုင်တော့ဘူး။ ဒါပေမဲ့ ငါ မင်းကို တျန်ဂျီကျွန်းရဲ့ အမှတ်အသားကို ပေးနိုင်တယ်။ ဒီအမှတ်အသား ရှိရင် အန်ချိုကျွန်းသခင်က မင်းကို သတ်လို့မရတော့ဘူး။ ဆိုလိုတာက မင်းက တျန်ဂျီကျွန်းသခင်အသစ် ဖြစ်သွားပြီ”

ထို့နောက် မျက်နှာမဲ့လူ၏ လက်ဖဝါးပေါ်တွင် အထူးသင်္ကေတတစ်ခု ပေါ်လာသည်။ အနက်ရောင် ရွှေရောင် ရောယှက်နေသော အမှတ်အသားတစ်ခု ဖြစ်ပြီး ရှေးဟောင်း စာလုံးပုံစံဖြင့် တျန်ဂျီဟူသော စာလုံးနှစ်လုံး ပေါင်းစပ်ထားသကဲ့သို့ ရှိသည်။

“ဝုန်းးးးး” မျက်နှာမဲ့လူသည် သူ့လက်ဖဝါးထဲရှိ တျန်ဂျီကျွန်းသခင် အမှတ်အသားကို တုပိုင်၏ နဖူးပေါ်သို့ ဖိကပ်လိုက်သည်။ ချက်ချင်းပင် ရွှေရောင်အလင်းတန်း နက်နက်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ တျန်ဂျီကျွန်းသခင် အမှတ်အသားသည် တုပိုင်၏ နဖူးပေါ်တွင် တိုက်ရိုက် ထွင်းထုခံလိုက်ရပြီး ထူးဆန်းသော ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။ မိနစ်ဝက်ခန့်ကြာမှ ဤအမှတ်အသားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

“အခုကစပြီး မင်းက ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ တျန်ဂျီကျွန်းသခင် ဖြစ်သွားပြီ” မျက်နှာမဲ့လူက ပြောလိုက်သည်။ “တျန်ဂျီကျွန်းက ပေမင်ဓားဂိုဏ်းရဲ့ တခြားကျွန်းတွေလောက် အစွမ်းမထက်ပေမဲ့ ၊ အမှောင်ကျွန်းတစ်ခုပဲ ၊ ပြီးတော့ ငါ့ရဲ့ အပြစ်ကြောင့် ၊ ငါ့ရဲ့ အမှားကြောင့် တျန်ဂျီကျွန်းက အန်ချိုကျွန်းရဲ့ ထိန်းချုပ်မှုနဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေသေးပေမဲ့... ငါ မင်းကို တစ်ခု ပြောပြမယ်။ ပေမင်ဓားဂိုဏ်းရဲ့ သမိုင်းမှာ တျန်ဂျီကျွန်းသခင်ဟောင်း သုံးယောက်က ဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးတယ်”

တုပိုင် အံ့သြသွားသည်။ သမိုင်းတစ်လျှောက်တွင် အန်ချိုကျွန်းသခင်က ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာသည့် သမိုင်း မရှိခဲ့ပေ။ သို့သော် တျန်ဂျီကျွန်းသခင် သုံးယောက်ကတော့ နောက်ဆုံးတွင် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့ဖူးသည်တဲ့လား။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်က အနာဂတ်ကို မဟောနိုင်ဘူး။ ကျွန်တော်က ကြီးမြတ်တဲ့ ဗေဒင်ပညာရှင် မဟုတ်ဘူး။ ကျွန်တော် တျန်ဂျီကျွန်းသခင် ဖြစ်လို့ ရပါ့မလား”

မျက်နှာမဲ့လူက တုပိုင်ကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “မင်းက အနာဂတ်ကို မဟောနိုင်ဘူး။ ဒါပေမဲ့... မင်းက အနာဂတ်ပဲ ၊ ပြီးတော့ တျန်ဂျီကျွန်းသခင်အတွက် အရေးကြီးဆုံးက ဗေဒင်ဟောတာ မဟုတ်ဘူး”

သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ မျက်နှာမဲ့လူ အကြီးအကဲကျန်းက ပြောလိုက်သည်။ “ငါ မသိသင့်တဲ့လျှို့ဝှက်ချက် တစ်စွန်းတစ်စကို မြင်လိုက်ရပြီ။ ငါ သေတော့မယ်”

“ဒီဘဝမှာ ငါ့ရဲ့ တာဝန်က မင်းရောက်လာတာကို ကြိုဆိုဖို့ ၊ ပြီးတော့ မင်းကို ဘဝ ဉာဏ်အလင်းပွင့်စေမယ့် အရာတချို့ ပြောပြဖို့ ၊ ပစ္စည်းတချို့ ပေးဖို့ပဲ ဖြစ်မယ်ထင်တယ်။ ဘယ်လောက် ဝမ်းနည်းစရာကောင်းတဲ့ ဘဝလဲ။ ဒါပေမဲ့... မင်းရဲ့ အနာဂတ်သာ လုံလောက်အောင် ကြီးမြတ်မယ်ဆိုရင် ငါ့ဘဝက ဝမ်းနည်းစရာ မဟုတ်တော့ဘဲ ကြီးမြတ်မှုတစ်ခု ဖြစ်လာလိမ့်မယ်”

“ငါ သေတော့မယ်။ မင်း ကြုံတွေ့ခဲ့ရတဲ့ လျှို့ဝှက်စမ်းသပ်မှု လေးခုကို မှတ်ထားပါ။ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တွေ ဖြစ်ပေမဲ့... အတိုင်းအတာတစ်ခုအထိတော့ အကုန်လုံးက အစစ်အမှန်တွေပဲ။ မင်းရဲ့ အနာဂတ် လူသားလမ်းစဉ် ဉာဏ်အလင်းပွင့်ခြင်းကို ကိုယ်စားပြုနေတယ်”

“ငါ သေတော့မယ်။ တျန်ဂျီကျွန်းက အရာအားလုံး မင်းအပိုင်ပဲ။ အနာဂတ်မှာ ပေမင်ဓားဂိုဏ်းကို မျှမျှတတ ဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်။ နှုတ်ဆက်ပါတယ်...”

ပြောပြီးသည်နှင့် မျက်နှာမဲ့လူ၏ ပဲစေ့နှင့်တူသော မျက်လုံးပေါက်လေးများ ၊ နှာခေါင်းပေါက် နှစ်ပေါက် ၊ ပါးစပ်ပေါက် တစ်ပေါက်နှင့် နားပေါက် နှစ်ပေါက်တို့သည် လုံးဝ ပျောက်ကွယ်သွားပြီး လုံးဝ မျက်နှာမဲ့လူတစ်ယောက် ဖြစ်သွားလေတော့သည်။

ထို့နောက် သူ ခေါင်းငိုက်စိုက်ကျသွားပြီး လုံးဝ သေဆုံးသွားလေ၏။ ဒန်တျန်နေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခုနှင့် မျက်နှာမဲ့လူ အကြီးအကဲကျန်းသည် အမှန်တကယ်ကြီး လုံးဝ သေဆုံးသွားပြီဖြစ်လေ၏။ တုပိုင်သည် သူ၏ ဆက်ခံသူ ဖြစ်လာပြီး ပေမင်ဓားဂိုဏ်း၏ တျန်ဂျီကျွန်းသခင်အသစ် ဖြစ်လာလေသည်။

အပိုင်း ၃၉၆ ပြီး။

All Chapters