← Chapters

အခန်း (၃၉၇)

Vol. 40 Ch. 397

အခန်း (၃၉၇)

Vol. 40 Ch. 397

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုအချိန်တွင် တုပိုင်သည် အိပ်မက်စနစ်ကို ခေါ်ယူရန်အတွက် တရားကျင့်ကြံခြင်းကမ္ဘာထဲသို့ အလျင်အမြန် ဝင်ရောက်သွားလိုက်သည်။ အလင်းရောင်အရိပ်သည်လည်း တစ်ဖန်ပြန်လည် လင်းလက်လာပြီး အသံထွက်လာ၏။ “ငါ ရှိတယ်။”

တုပိုင်က မေးလိုက်သည်။ “ငါ့ရဲ့ ခန္ဓာကိုယ်ပါရမီ ဘယ်လောက်တိုးလာလဲ”

အလင်းရောင်အရိပ်က ဖြေသည်။ “၅၉ မှတ်”

တုပိုင် ကြောင်အသွား၏။ နဂါးသွေးဖြင့် ဆေးကြောသန့်စင်ခြင်းက အဘယ်ကြောင့်ဤမျှ အားနည်းနေရသနည်း။ နဂိုတုန်းက သူ၏ ခန္ဓာပါရမီသည် ၄၀ မှတ်ရှိရာ ယခု ၅၉ မှတ်သို့ရောက်လာ၏။ ၁၉ မှတ်သာတိုးလာခြင်းဖြစ်လေသည်။

အလင်းရောင်အရိပ်က ပြောသည်။ “နဂါးသွေးရဲ့ စွမ်းအားက တကယ်တော့ ဒီထက်မက ပိုပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ဒီလောက်အတိုင်းအတာရှိတဲ့ အရိုးတွင်းခြင်ဆီ ဆေးကြောတာနဲ့ သွေးကြောသန့်စင်တာကိုပဲ ခံနိုင်ရည်ရှိမှာပါ။ တကယ်လို့ ဒီထက်ပိုမြင့်နေရင် မင်းတစ်ကိုယ်လုံးက သွေးကြောတွေ ပေါက်ကွဲပြီး သေသွားလိမ့်မယ်”

အံ့သြစရာ မရှိတော့ပေ။ နောက်ဆုံးတွင် နဂါးသွေး၏ ရွှေရောင်စွမ်းအင် အများစုသည် တုပိုင်၏ ဒန်တျန်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

တုပိုင်က မေးလိုက်သည်။ “မျက်နှာမဲ့လူ အကြီးအကဲကျန်းက ငါ့ရဲ့ အနာဂတ်ဘဝကို ဉာဏ်အလင်းဖွင့်ပေးခဲ့တာ မှန်ကန်ရဲ့လား”

အလင်းရောင်အရိပ်က ပြောသည်။ “မှန်ကန်သလို မမှန်ကန်ဘူးလို့လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတော်တော်များများအတွက် မင်းက ငါတို့ရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်မှာ မဟုတ်ဘဲ မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအတိုင်း လုပ်ဆောင်မှာမို့လို့ပဲ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် စမ်းသပ်မှုတွေ လုပ်တဲ့အချိန်တိုင်း မင်းရဲ့ အတွင်းစိတ်ဆန္ဒအတိုင်းသာ ရွေးချယ်ခဲ့မယ်ဆိုရင် ဒီဘဝဉာဏ်အလင်းပွင့်ခြင်းက တော်တော်လေး မှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့ မင်းက ကြီးပြင်းရင့်ကျက်လာဦးမှာလေ။ အခု မင်းရွေးချယ်လိုက်တဲ့ အရာတွေကို အနာဂတ်မှာ မင်း ရွေးချယ်ချင်မှ ရွေးချယ်တော့မှာပေါ့။ ဟုတ်တယ်မလား”

တုပိုင် ထိုအချက်ကို ဝန်ခံလိုက်သည်။

အလင်းရောင်အရိပ်က ဆက်ပြောသည်။ “ဒါကြောင့် ငါအကြံပေးချင်တာက အရေးကြီးတဲ့ အခိုက်အတန့်တွေရောက်မှ ဒီဘဝဉာဏ်အလင်းပွင့်ခြင်းကို ပြန်သတိရလိုက်ပါ။ ကျန်တဲ့အချိန်အများစုမှာတော့ အဲ့ဒါကို မေ့ထားလိုက်ပါ”

တုပိုင် ဤအချက်ကို အလွန်သဘောတူသည်။ မည်သည့်အရာကမျှ မိမိကို ချည်နှောင်မထားစေရ။ ဆိုရိုးစကားဖြစ်သော အနာဂတ်ဆိုသည့် အရာကပင် မိမိကို မချုပ်နှောင်နိုင်စေရ။ ဘဝတွင် မပြောင်းလဲသော တစ်ခုတည်းသော အရာမှာ အပြောင်းအလဲသာ ဖြစ်သည်။

တုပိုင်သည် သားရဲဆန်း ဥနှစ်လုံးကို သေတ္တာထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်သည်။ ဤအရာများသည် သူ၏ တန်ဖိုးအရှိဆုံး ပစ္စည်းများ ဖြစ်လာပေလိမ့်မည်။

ထို့နောက် သူသည် ကျောက်ခန်းတစ်ခုလုံးကို စတင်ရှာဖွေလေတော့သည်။

သူ သေတ္တာတစ်လုံးကို တွေ့လိုက်ရပြီး ဖွင့်ကြည့်လိုက်သောအခါ ကြည်လင်တောက်ပနေသော ပုတီးစေ့တစ်လုံး ဖြစ်နေသည်။

“ဒါက ဘာလဲ” တုပိုင်က မေးလိုက်သည်။

“မိစ္ဆာကာကွယ်ရေးပုတီးစေ့” အိပ်မက်စနစ်က ပြောသည်။ “ငါ အဲဒါကို စွမ်းအားကြီးတဲ့ သားရဲဆန်းတစ်ကောင်ဆီကနေ ရခဲ့တာ။ ဒီပုတီးစေ့က ထူးခြားတဲ့ စွမ်းအင်နယ်ပယ်တစ်ခုကို ထုတ်လွှတ်နိုင်ပြီး အဆိပ်ဓာတ်ငွေ့ အများစုကို ဖယ်ရှားပေးနိုင်သလို ဝတ်ဆင်ထားတဲ့သူကိုလည်း ကာကွယ်ပေးနိုင်တယ်”

တုပိုင် အံ့အားသင့်သွားရသည်။ “ဒီလောက်တောင် စွမ်းတာလား”

အိပ်မက်စနစ်က ပြောသည်။ “ဘာလို့လဲဆိုတော့ ဒီသားရဲဆန်းက အဆိပ်ဓာတ်ငွေ့တွေ ၊ မြူဆိုးတွေ ပြည့်နှက်နေတဲ့ မြေအောက်လှိုဏ်ဂူထဲမှာ နေထိုင်တာလေ။ အချိန်ကြာလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်ဓာတ်ငွေ့အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ ဒီလိုတန်ဖိုးကြီး ပုတီးစေ့မျိုး ဖွဲ့စည်းလာပြီး ပြောင်းလဲတိုးတက်လာတာ။ ဒီပစ္စည်းကိုလည်း မျက်နှာမဲ့လူက ဗေဒင်တွက်ပြီး သိခဲ့တာပဲ။ ပြီးတော့ သူက သားရဲဆန်းကို သတ်ပြီး မိစ္ဆာကာကွယ်ရေးပုတီးစေ့ကို ထုတ်ယူနိုင်မယ့် နည်းလမ်းကို ရှာဖွေခဲ့တယ်”

တုပိုင်က ပြောလိုက်သည်။ “ဒီပစ္စည်းက တန်ဖိုးမဖြတ်နိုင်ဘူးပဲ”

အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ တန်ဖိုးအများကြီး ရှိတယ်။ အဲဒါရှိရင် မင်းက နက်ရှိုင်းတဲ့ မြေအောက်လှိုဏ်ဂူ အများအပြားကို စူးစမ်းလေ့လာဖို့ သွားနိုင်တယ်။ ပြီးတော့ ရန်သူက အဆိပ်ဓာတ်ငွေ့သုံးပြီး တိုက်ခိုက်လာရင်တောင် မင်းက ဘေးကင်းနေဦးမှာပဲ”

တျန်ဂျီကျွန်းရှိ အရာအားလုံးသည် တုပိုင်အပိုင်ဖြစ်သည်ဟု မျက်နှာမဲ့လူက ပြောခဲ့ဖူးရာ ဤမိစ္ဆာကာကွယ်ရေးပုတီးစေ့သည်လည်း ခြွင်းချက် မဟုတ်ပေ။

ထို့နောက် တုပိုင်သည် ထူထဲသော လျှို့ဝှက်သိုင်းကျမ်းတစ်အုပ်ကို ထပ်မံတွေ့ရှိလိုက်ပြန်သည်။ ကောက်ယူကြည့်လိုက်သောအခါ စာအုပ်ပေါ်တွင် စာလုံးလေးလုံး ရေးသားထားသည်ကို တွေ့လိုက်ရသည်။

‘ဟွမ်းယန်မဟာအတတ်’

သူ မှင်သက်သွားမိသည်။ ဤသိုင်းပညာသည် ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေသည့် မဟာအတတ်လား။

သူ စာအုပ်ကို မဖွင့်ကြည့်ဘဲ မနေနိုင်တော့ချေ။ ဖွင့်ကြည့်လိုက်သောအခါ တကယ်ပင် ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေသော နည်းလမ်း ဖြစ်နေသည်။

အလင်းရောင်အရိပ်က ပြောသည်။ “ဘာဖြစ်လို့လဲဆိုတော့ မျက်နှာမဲ့လူ အကြီးအကဲကျန်းက သူနဲ့မဆိုင်တဲ့ ပစ္စည်းတွေကို ဗေဒင်တွက်ပြီး အကြိမ်ကြိမ် ရယူခဲ့တဲ့အတွက် ဘုရားသခင်က သူ့ကို အရင်ဆုံး ယောက်ျားတစ်ယောက်ဖြစ်နိုင်စွမ်းကို ဖယ်ရှားပြီး ဒဏ်ခတ်ခဲ့တယ်။ သူ့ရဲ့ ဥနှစ်လုံးက တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီအချိန်တုန်းက သူ့မှာ လှပတဲ့ ဇနီးမယားတွေ အများကြီး ရှိပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် ပျောက်ဆုံးသွားတဲ့အတွက် သူ အသက်မရှင်ချင်တော့ဘူး။”

“ဒါကြောင့် သူက ယောက်ျားစွမ်းရည် ပြန်ရဖို့အတွက် ဆယ်နှစ်ကျော် အချိန်ပေးပြီး ဟွမ်းယန်မဟာအတတ်ကို ရေးသားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘုရားသခင်က သူ့ကို ဆက်တိုက် ဒဏ်ခတ်ခဲ့တယ်။ သူ့ရဲ့ အရသာခံအာရုံ ၊ အမြင်အာရုံတွေ ပျောက်ဆုံးစေခဲ့ပြီး နောက်ဆုံးမှာ မျက်နှာပါ ပျောက်သွားစေခဲ့တယ်။ နှိုင်းယှဉ်ကြည့်လိုက်ရင် ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ပျောက်ဆုံးတာက သူ့အတွက် အသေးအဖွဲ ကိစ္စ ဖြစ်သွားတယ်။ ဒါ့အပြင် သူ့ဇနီးမယားတွေကလည်း သူ့ကို စွန့်ခွာပြီး သစ္စာဖောက်သွားကြပြီလေ။ ဒါကြောင့် ဒီဟွမ်းယန်မဟာအတတ်က ပြီးပြည့်စုံမနေဘူး”

တုပိုင် နောက်ကျောဘက်သို့ လှန်ကြည့်လိုက်ရာ တစ်ဝက်လောက်က ဗလာဖြစ်နေပြီး ရေးလို့မပြီးသေးကြောင်း တွေ့လိုက်ရသည်။ ထို့နောက် တုပိုင်သည် နောက်ထပ် စာအုပ်ပါးလေးတစ်အုပ်ကို ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ ရုတ်တရက် ထိတ်လန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ဤစာအုပ်ပါးလေးထဲတွင် ဘယ်နေရာမှန်း ပြောမပြနိုင်လောက်အောင် ရိုးရှင်းသော မြေပုံတစ်ခု ပါရှိပြီး ရွှေဧကရာဇ်၏ သင်္ချိုင်းဂူဟု ရေးသားထားသောကြောင့် ဖြစ်သည်။

ရွှေဧကရာဇ်ထယ်မူဂျင်။

မှန်သည်။ ဤကမ္ဘာတွင်လည်း ထယ်မူဂျင်တစ်ယောက် ရှိခဲ့ဖူးသည်။ သို့သော် အခြားကမ္ဘာမြေရှိ သမိုင်းနှင့်တော့ ကွာခြားသေး​လေသည်။

တုပိုင်လာသည့် ကမ္ဘာမြေတွင် ထယ်မူဂျင်သည် အသက် ၆၅ နှစ်အထိသာ နေထိုင်ခဲ့ရသော်လည်း ဤကမ္ဘာမှာတော့ အသက် ၈၀ အထိ နေထိုင်ခဲ့ရသည်။

တုပိုင်၏ကမ္ဘာမြေတွင် စတုရန်းကီလိုမီတာ သန်းပေါင်းများစွာကို စုစည်းနိုင်ခဲ့ပြီး မွန်ဂိုအင်ပါယာကို တည်ထောင်ခဲ့သူများမှာ သူ၏ ဆွေစဉ်မျိုးဆက်များ ဖြစ်ကြသည်။ ထယ်မူဂျင် အာဏာရစဉ်က အနည်းဆုံးတော့ တောင်ပိုင်းဆုန်မင်းဆက်ကိုပင် မအောင်နိုင်ခဲ့ပေ။

သို့သော် ဤကမ္ဘာတွင်မူ ထယ်မူဂျင်တစ်ယောက်တည်းက ဥရောပ အစိတ်အပိုင်းအများစုနှင့် အာရှ အစိတ်အပိုင်းအများစုကို သိမ်းပိုက်နိုင်ခဲ့သည်။

သူ အသက် ၈၀ ပြည့်သောအခါ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့သည်။ နောက်ပိုင်း ဆယ်စုနှစ်များတွင် သူတည်ထောင်ခဲ့သော တာတာအင်ပါယာသည်လည်း အကွဲကွဲအပြားပြား ဖြစ်သွားခဲ့ပြီး ရွှေအင်ပါယာ၏ ဂုဏ်ကျက်သရေလည်း ပျောက်ကွယ်သွားခဲ့ရသည်။

တုပိုင်က မေးလိုက်သည်။ “ဒီ ရွှေဧကရာဇ် ထယ်မူဂျင်က ခင်ဗျားတို့ မွေးစားခဲ့တဲ့သူလား”

အလင်းရောင်အရိပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူက ဒီကမ္ဘာရဲ့ ဇာတိဖွားပဲ။ ဒေသခံတွေကို ပံ့ပိုးပေးရာမှာ ဒါက ငါတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုပဲ။ ဒါပေမဲ့ အကြီးမားဆုံး ကျရှုံးမှုလည်း ဖြစ်ခဲ့တယ်။ သူက သူရဲကောင်းဆန်ပြီး စွမ်းအားကြီးပေမဲ့ ၊ အဲဒီခေတ်တုန်းက ကမ္ဘာ့သုံးပုံတစ်ပုံလောက်ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့... သူ့ရဲ့ အမြင်က တော်တော်လေး ကျဉ်းမြောင်းတယ်။ သူက ကမ္ဘာကြီးတစ်ခုလုံးကို သူ့ရဲ့ စားကျက်မြေလို သဘောထားချင်နေတာ။ ယဉ်ကျေးမှုကို အဆင့်မြှင့်တင်ဖို့ဆိုတဲ့ အယူအဆ လုံးဝ မရှိဘူး။ သူ့ရဲ့ မစ်ရှင်ကို သူ လုံးဝ မပြီးမြောက်နိုင်ခဲ့ဘူး။ အဲဒီအစား ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်လာခဲ့တယ်”

တုပိုင်က မေးလိုက်သည်။ “ဒါဆို သူ့ကို ခင်ဗျားတို့ ဖျက်ဆီးလိုက်တာလား”

အလင်းရောင်အရိပ်က ပြောသည်။ “တကယ်တော့ သူက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ဝိညာဉ်ရှာမန် တချို့ကို ရှာတွေ့ခဲ့ပြီး ငါတို့နဲ့ သူ့ရဲ့ ဝိညာဉ်ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်လိုက်တာ”

တုပိုင်က ပြောသည်။ “ကျွန်တော် အခု ခွေးအိမ်သခင်ကြီးဆီမှာ ရှိနေသလို ၊ မျက်နှာမဲ့လူဆီမှာ ရှိနေသလိုမျိုးလား”

အလင်းရောင်အရိပ်က ပြောသည်။ “ဆင်တူသဘောမျိုးပါပဲ။ ဒါပေမဲ့ ဒီ မျက်နှာမဲ့လူနေရာမှာ မင်းက ငါတို့နဲ့ မဆက်သွယ်နိုင်ပေမဲ့ ငါတို့က မင်းရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးလို့ ရနေတုန်းပဲ။ ရွှေဧကရာဇ် ထယ်မူဂျင်ကတော့ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး ဝိညာဉ်ရှာမန်ကို ရှာတွေ့ခဲ့ပြီး အလွန်စွမ်းအားကြီးတဲ့ ဝိညာဉ်အနေအထားတစ်ခုကို တည်ဆောက်ခဲ့တယ်။ ဒါကြောင့် ငါတို့က သူ့ကို ဖျက်ဆီးချင်ရင်တောင် အရမ်းကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရမှာ”

‘တောက်... တကယ့်ကို စွမ်းတာပဲ။’

တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ နောက်ဆုံးတော့ သူ သေသွားတာပဲမလား”

အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ သေတော့ သေသွားတာပါပဲ။ အနောက်ကမ္ဘာက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားတာ”

“အနောက်ကမ္ဘာ ဟုတ်လား” တုပိုင် ထိတ်လန့်သွားသည်။

အလင်းရောင်အရိပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ငါတို့က မင်းကို ပံ့ပိုးပေးနေတယ်ဆိုတာ မင်းကို အခု ပြောပြသင့် မပြောပြသင့် ငါ မသိဘူး။ ပြီးတော့ အနောက်ကမ္ဘာက ဧကရာဇ်တစ်ပါးနဲ့ ယဉ်ကျေးမှုတစ်ခုကို ပံ့ပိုးပေးနေတဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေတယ်။ သူတို့က လျင်မြန်စွာ အားကောင်းလာနေကြပြီ။ ပြီးတော့ သူတို့က မင်းရဲ့... ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရန်သူတွေပဲ။ ဒါကြောင့် မင်း မြန်မြန် ကြီးပြင်းလာဖို့ လိုတယ်။ ဆယ်နှစ်အတွင်းမှာ တာ့နင်အင်ပါယာရဲ့ နံပါတ်တစ် အာဏာရှိသူ ဖြစ်လာရမယ်”

“ဒါက ယဉ်ကျေးမှု စစ်ပွဲလား” တုပိုင်က မေးလိုက်သည်။

အလင်းရောင်အရိပ်က ပြောသည်။ “မဟုတ်ဘူး။ ဒါက ခေတ်စနစ် စစ်ပွဲ ၊ ပျက်စီးခြင်း စစ်ပွဲပဲ။ ယဉ်ကျေးမှု စစ်ပွဲထက် ပိုကြီးမားပြီး ပိုကြောက်စရာကောင်းတယ်”

တုပိုင်သည် မျက်နှာမဲ့လူ အကြီးအကဲကျန်း၏ စာအုပ်ပါးလေးကို ဆက်ဖတ်လိုက်ရာ စာလုံးအနည်းငယ် ရေးသားထားသည်ကို တွေ့လိုက်ရသည်။

‘ဒဏ္ဍာရီလာ လျှို့ဝှက်သိုင်းကျမ်း နဂါးနိုင်လက်ဝါး ၁၈ ကွက် က ရွှေဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲမှာ ရှိနေလောက်တယ်’

တုပိုင် ကြောင်အသွားသည်။ “နဂါးနိုင်လက်ဝါး ၁၈ ကွက် ဟုတ်လား။ ဒါက ဘာကြီးလဲ”

အလင်းရောင်အရိပ်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ဒါကလည်း အခြားကမ္ဘာတစ်ခုက သိုင်းပညာတစ်ခုပါပဲ။ မူလက ဒီနာမည် မဟုတ်ဘူး။ မူလနာမည်က နဂါးသတ်နည်းစနစ်လို့ ခေါ်တာ။ သူ့ဆီကနေ ပထမဆုံး သင်ယူခဲ့တဲ့သူက နဂါးသတ်နည်းစနစ်ဆိုတဲ့ နာမည်က သိပ်မမိုက်ဘူးလို့ ခံစားရတာနဲ့ နဂါးနိုင်လက်ဝါး ၁၈ ကွက်လို့ နာမည်ပြောင်းလိုက်တာ”

တုပိုင်က ပြောလိုက်သည်။ “သူ့ဆီကနေ ပထမဆုံး သင်ယူခဲ့တဲ့သူကလည်း ခင်ဗျားရဲ့ စနစ်ရှင်ပဲလား။ ကူးပြောင်းလာတဲ့သူပဲလား”

အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က”

တုပိုင်က မေးလိုက်သည်။ “ဒါဆို ဒီ ဒဏ္ဍာရီလာ လျှို့ဝှက်သိုင်းကျမ်း နဂါးနိုင်လက်ဝါး ၁၈ ကွက်က စွမ်းအားကြီးလား”

အပိုင်း ၃၉၇ ပြီး။

All Chapters