အခန်း (၃၉၈)
Vol. 40 Ch. 398
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၉၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
အလင်းရောင်အရိပ်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ မေးလိုက်လေ၏။
“မင်းရဲ့ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းက စွမ်းအားကြီးသလား”
“ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်တဲ့အထိ စွမ်းအားကြီးပါတယ်” တုပိုင်က ဖြေလိုက်သည်။
အလင်းရောင်အရိပ်က ပြောသည်။ “ဒါဆိုရင် ဒီ နဂါးနိုင်လက်ဝါး ၁၈ ကွက် က ကောင်းကင်ဘုံကို ပိုလို့တောင် ဆန့်ကျင်နိုင်စွမ်း ရှိသေးတယ်။ နတ်ဓားသိုင်းထက်ကို ပိုပြီးတော့ စွမ်းအားကြီးမားပြီး စစ်မြေပြင်မှာ မင်းကို နတ်ဘုရားတစ်ပါးလိုမျိုး ဖြစ်လာစေလိမ့်မယ်”
တုပိုင် ရုတ်တရက် အသက်ရှူမှားသွားရလေသည်။ သွေးကြောခြောက်သွယ်နတ်ဓားသိုင်းက ဓားတိုက်ပွဲတွင် စက်သေနတ်ကြီးယူလာသကဲ့သို့ အလွန်အမင်းကို အစွမ်းထက်လှလေသည်။ သို့သော် နဂါးနိုင်လက်ဝါး ၁၈ ကွက်က ပိုပြီးတော့ စွမ်းအားကြီးမားသည်လား။
အလင်းရောင်အရိပ်က ဆက်ပြောသည်။ “နဂါးနိုင်လက်ဝါး ၁၈ ကွက် ဆိုတာ နဂါးသတ်နည်းစနစ် ပါပဲ”
တုပိုင် ရုတ်တရက် အသံတိတ်သွားလေ၏။ တစ်ကိုယ်လုံး ထိတ်လန့်တုန်လှုပ်မှုကြောင့် ထုံကျဉ်သွားရသည်။
သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိသော်လည်း မိမိ၏ ကိုယ်ပိုင် အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်အပေါ်တွင်သာ မှီခိုရသည်။
ယခု နဂါးနိုင်လက်ဝါး ၁၈ ကွက် က မိုင်ဆယ်ပေါင်းများစွာ အချင်းဝက်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို နဂါးသဏ္ဍာန်အဖြစ် စုစည်းပြီး ဖောက်ခွဲပြစ်နိုင်သည်လား။ ဤသည်က ဓားတိုက်ပွဲတွင် တင့်ကားကြီးကို သယ်လာသကဲ့သို့ ဖြစ်နေပြီဖြစ်၏။
“ဟုတ်တယ်။ နဂါးနိုင်လက်ဝါး ၁၈ ကွက် ကို စစ်မြေပြင်မှာ ထုတ်သုံးလိုက်တာနဲ့ အလွန်အစွမ်းထက်ပြီး လူပေါင်းများစွာကို သတ်ဖြတ်နိုင်လိမ့်မယ်။ လူတိုင်းက မင်းကို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို့ ထင်မှတ်ကြလိမ့်မယ်”
အလင်းရောင်အရိပ်က ပြောသည်။ “ဒီသိုင်းပညာကို သင်ယူဖို့အတွက် သွေးမျိုးဆက် လိုအပ်ချက်က အရမ်းမြင့်မားတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ထယ်မူဂျင်က တကယ့် ရွှေသွေးမျိုးဆက် ဖြစ်နေခဲ့ပြီး နှစ်ပေါင်းရာချီအတွင်း ဒီဒဏ္ဍာရီလာ သိုင်းပညာကို သင်ယူနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်လာခဲ့တယ်။ ငါတို့ အချိန်အကြာကြီး ရုန်းကန်ခဲ့ရပြီး ပြင်းပြင်းထန်ထန် ငြင်းခုံခဲ့ကြပြီးမှ နောက်ဆုံးမှာ နဂါးနိုင်လက်ဝါး ၁၈ ကွက် သိုင်းကျမ်းကို သူ့ဆီ လက်ဆင့်ကမ်းပေးခဲ့တာ။ ဒါကြောင့်လည်း သူ့ရဲ့ ရှုံးနိမ့်ခြင်းမရှိသော ရွှေဧကရာဇ် ဒဏ္ဍာရီ ပေါ်ပေါက်လာခဲ့ပြီး သမိုင်းတစ်လျှောက် မကြုံစဖူး ရွှေအင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့တာပေါ့”
တုပိုင်က မေးလိုက်သည်။ “ဒါပေမဲ့ နောက်ဆုံးကျတော့ သူက ခင်ဗျားတို့ကို စိတ်ပျက်စေခဲ့တာလား”
“ဟုတ်တယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရဲ့ ယစ်မူးမှုအောက်မှာ ပိတ်မိသွားပြီး ရုန်းမထွက်နိုင်တော့ဘူး။ ငါတို့ရဲ့ မစ်ရှင်ကို လုံးဝ လျစ်လျူရှုခဲ့တဲ့အပြင် ကမ္ဘာ့အစွမ်းအထက်ဆုံး ဝိညာဉ်ရှာမန်ကို ရှာဖွေပြီး ဝိညာဉ်ကမ္ဘာတစ်ခု တည်ဆောက်တယ်လေ ၊ ပြီးတော့ ငါတို့နဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်”
တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် ဒီဒဏ္ဍာရီလာ နဂါးနိုင်လက်ဝါး ၁၈ ကွက် က ခင်ဗျားတို့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကျမ်းပေါ့။ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်လောက်တဲ့ သိုင်းကျမ်းပေါ့လေ”
အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ ဒါပေမဲ့ မင်းရဲ့ သွေးမျိုးဆက်နဲ့ ကျင့်ကြံမှုအခြေခံအရဆိုရင် မင်း အဲဒါကို မသင်နိုင်သေးဘူး။ အဝေးကြီး လိုပါသေးတယ်”
တုပိုင်က မေးသည်။ “ဒီ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ဒဏ္ဍာရီလာ သိုင်းကျမ်းက ဘယ်မှာလဲ”
အလင်းရောင်အရိပ်က ပြန်ဖြေသည်။ “ရွှေဧကရာဇ် ထယ်မူဂျင် ဝှက်ထားခဲ့တာ။ ငါတို့လည်း ဘယ်မှာလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ဒီသိုင်းကျမ်းကို မဖြစ်မနေ ပြန်ယူရမယ်။ သူ့မိန်းမက အရမ်းစွမ်းလွန်းတယ်။ မင်း သင်ယူနိုင်သည်ဖြစ်စေ ၊ မသင်ယူနိုင်သည်ဖြစ်စေ ပြန်ယူလာခဲ့ရမယ်။ နဂါးနိုင်လက်ဝါး ၁၈ ကွက် က နဂါးသတ်နည်းစနစ်ရဲ့ လျှို့ဝှက်သိုင်းကျမ်းလည်း ဖြစ်သလို မင်းရဲ့ အကြီးမားဆုံး တာဝန်တွေထဲက တစ်ခုလည်း ဖြစ်တယ်”
တုပိုင်က ပြောလိုက်သည်။ “မျက်နှာမဲ့လူ အကြီးအကဲကျန်းတောင် ဒီသိုင်းကျမ်းကို ရှာမတွေ့နိုင်ဘူးဆိုတော့ ရွှေဧကရာဇ်ထယ်မူဂျင်ရဲ့ သင်္ချိုင်းဂူထဲမှာ ရှိနေဖို့ အလားအလာ အရမ်းများတယ်”
အလင်းရောင်အရိပ်က ပြောသည်။ “သူက တကယ်ပဲ ကောင်းကင်မျက်လုံး ပွင့်ခဲ့တာဆိုတော့ သူ့ရဲ့ ဗေဒင်တွက်ချက်မှုက တိကျနှုန်းက ရာနှုန်းပြည့်နီးပါးလောက်ကိုရှိတယ်”
တုပိုင်က ပြောလိုက်သည်။ “တစ်နည်းအားဖြင့် ပြောရရင် ဒီ နဂါးနိုင်လက်ဝါး ၁၈ ကွက် က ရွှေဧကရာဇ်ထယ်မူဂျင်ရဲ့ သင်္ချိုင်းဂူထဲမှာ ရှိနေတာပေါ့”
အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ ဖြစ်နိုင်ခြေ အများကြီး ရှိတယ်”
တုပိုင်သည် အလွန်အကြမ်းဆန်နေသည့် မြေပုံကို သေချာလေ့လာကြည့်သော်လည်း တည်နေရာအား အကြမ်းဖျဉ်းပင် မသိရချေ။
အလင်းရောင်အရိပ်က ပြောသည်။ “မျက်နှာမဲ့လူက အလွန်စွမ်းအားကြီးတဲ့ ဗေဒင်ဆရာ ဖြစ်ပေမဲ့ ရွှေဧကရာဇ်ထယ်မူဂျင်မှာလည်း စွမ်းအားကြီးတဲ့ ဗေဒင်ဆရာတွေ ၊ ဝိညာဉ်ရှာမန်တွေ ရှိခဲ့တယ်။ သူတို့ သင်္ချိုင်းဂူ တည်ဆောက်တုန်းက ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုတွေကို တားဆီးနိုင်ခဲ့ကြတယ်။ ဒါကြောင့် ရွှေဧကရာဇ် သင်္ချိုင်းဂူမြေပုံက ဒီလောက်ထိ ရိုးရှင်းပြီး ဝါးတားတား ဖြစ်နေရတာပဲ”
ထို့နောက် အလင်းရောင်အရိပ်က ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒါက မင်းအတွက်ပဲ။ အဲဒါက မင်းအပိုင်ပဲ။ အနာဂတ်မှာ အခွင့်အရေး ရောက်လာတဲ့အခါ ဒီမြေပုံပေါ်က မရေရာတဲ့ အချက်အလက်တွေက ရှင်းလင်းလာလိမ့်မယ်။ ဒါပေမဲ့ မှတ်ထားပါ။ နဂါးနိုင်လက်ဝါး ၁၈ ကွက် က ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းတယ်။ မင်း မဖြစ်မနေ ပြန်ယူရမယ်။ တခြားအကြောင်းပြချက် မရှိရင်တောင် ဒါက စစ်မြေပြင်မှာ မင်းကို နတ်ဘုရားတစ်ပါး ဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်း ၊ တစ်ခုတည်းသော နည်းလမ်း ဖြစ်လာလိမ့်မယ်”
တုပိုင်က မေးလိုက်သည်။ “နဂါးနိုင်လက်ဝါး ၁၈ ကွက် နဲ့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ဘယ်ဟာက ပိုအရေးကြီးလဲ”
အလင်းရောင်အရိပ်က ပြောသည်။ “ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကိုလည်း ပြန်လည် သိမ်းဆည်းရမယ်။ မဟုတ်ရင် အဲတာက သိုင်းလောကကြီးတစ်ခုလုံးရဲ့ ဟန်ချက်ကို ပျက်သွားစေလိမ့်မယ်။ အထူးသဖြင့် ငါတို့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာနိုင်တယ်။ ဒါကြောင့် ဒဏ္ဍာရီလာ သိုင်းကျမ်း ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ပြန်လည်ရယူဖို့က အရေးတကြီး လိုအပ်တယ်။ နဂါးနိုင်လက်ဝါး ၁၈ ကွက် ကတော့ စစ်မြေပြင်မှာ မင်းကို နတ်ဘုရား ဖြစ်စေမယ့် တစ်ခုတည်းသော နည်းလမ်းပဲ”
တုပိုင်က ပြောလိုက်သည်။ “နားလည်ပြီ။ မဟာဗျူဟာအဆင့်မှာတော့ နဂါးနိုင်လက်ဝါး ၁၈ ကွက် က ပိုအရေးကြီးတယ်။ ဒါပေမဲ့ လက်ရှိကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကပိုအရေးတကြီး ဖြစ်နေပြီး ကျွန်တော့်အတွက် အလွန်အရေးပါတယ်”
အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ တစ်စုံတစ်ယောက်က ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ဆယ်နှစ်ကျော်ကြာ သင်ယူခဲ့မယ်ဆိုရင် သိုင်းပညာရှင်အဆင့် မဟာဆရာသခင်တစ်ယောက် မွေးဖွားလာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက သူ့ကို ဖယ်ရှားချင်ရင်တောင် အရမ်းခက်ခဲသွားလိမ့်မယ်”
တုပိုင်က ပြောသည်။ “ပေမင်ဓားဂိုဏ်းရဲ့ ဘိုးဘေးတွေက ပေမင်မဟာအတတ် ကို အသုံးပြုပြီး ဒီကမ္ဘာရဲ့ စစ်နတ်ဘုရား ဖြစ်လာခဲ့တယ်။ ပြီးတော့ ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့တယ်။ သူက သိုင်းလောကရဲ့ ဟန်ချက်ညီမျှမှုကို မဖျက်ဆီးခဲ့ဘူးလား”
အလင်းရောင်အရိပ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက ထိန်းချုပ်လို့ ရလို့ပဲ”
“တောက်...။”
တုပိုင် မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်။ “ဒီကမ္ဘာပေါ်က သောက်တလွဲ ကိစ္စတော်တော်များများက ခင်ဗျားတို့ကြောင့်ပဲ”
အလင်းရောင်အရိပ်က ပြောသည်။ “ အထွတ်အထိပ်မစ်ရှင်ကို ပြီးမြောက်ဖို့အတွက် ငါတို့ ဆက်တိုက် ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် ငါတို့တောင် မသိနိုင်တဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်လာခဲ့တယ်။ ပြီးတော့ ဒီအကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် အထွတ်အထိပ်စနစ်ရှင် ဖြစ်တဲ့ မင်းကို လိုအပ်တာပဲ”
တုပိုင်က ပြောလိုက်သည်။ “ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် က အခုချက်ချင်း ကျွန်တော် ပြီးမြောက်ရမယ့် မစ်ရှင် ဖြစ်ပြီး ၊ နဂါးနိုင်လက်ဝါး ၁၈ ကွက် က ကျွန်တော့်ရဲ့ အနာဂတ်မဟာဗျူဟာမစ်ရှင်ပေါ့။ ဟုတ်တယ်မလား”
အလင်းရောင်အရိပ်က ပြောသည်။ “ဟုတ်တယ်။ ပြီးတော့ မင်းရဲ့ သိုင်းပညာက တစ်နှစ် ၊ နှစ်နှစ်အတွင်း မဟာဆရာသခင်အဆင့်ကို ချိုးဖောက်ဝင်ရောက်ချင်ရင် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ကို အရင်ဆုံး လုယူရမယ်”
တုပိုင် ထိတ်လန့်သွားလေ၏။ တစ်နှစ် ၊ နှစ်နှစ်အတွင်း မဟာဆရာသခင်အဆင့်ကို ချိုးဖြတ်ဝင်ရောက်မည်လော။
ထိုသို့ဆိုလျှင် တုပိုင်တစ်ယောက် အသက် ၂၀ မပြည့်ခင်မှာပင် မဟာဆရာသခင်တစ်ပါးဖြစ်လာမည်လော။ ထိုသည်က ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေမည့် ကိစ္စမျိုးပင်ဖြစ်လေ၏။ သမိုင်းတစ်ယောက်လုံးအား ပြန်ကြည့်လျှင်ပင် အသက် ၂၀ လောက်ဖြင့် မဟာဆရာသခင်အဆင့်တစ်ယောက် မရှိခဲ့ဖူးသလို အနာဂါတ်တွင်လည်း ရှိလာမည်မဟုတ်ချေ။
အလင်းရောင်အရိပ်က ပြောသည်။ “ဒါကြောင့် ပထမဆုံးအနေနဲ့ မင်းက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ကို ရယူရမယ်။ နည်းလမ်းပေါင်းစုံ သုံးပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ကို ရအောင်ယူရမယ်။ ဒီဒဏ္ဍာရီလာ သိုင်းကျမ်းနဲ့ဆိုရင် မင်းက အသက် ၂၀ အရွယ်မှာ မဟာဆရာသခင်အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်”
ထိုအချိန်တွင် ကီလိုမီတာ အနည်းငယ်ဝေးသော ပင်လယ်ပြင်တွင် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။
မိုချိုနှင့် ချောမောခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့သည် အမျိုးသမီးနှစ်ဦးကို လိုက်လံတိုက်ခိုက်နေကြသည်။ ထိုအမျိုးသမီးနှစ်ဦးမှာ တုပိုင်နှင့် အလွန်ရင်းနှီးသော လီတောက်ယွဲ့နှင့် တုပိုင်၏ မိခင်အရင်း ကျီမင်းကျစ်တို့ ဖြစ်ကြသည်။
မိုချိုသည် ဦးနှောက်မရှိသော ဘုရင်မ မိုဟန်၏ အဒေါ်ဖြစ်ပြီး ၊ ပေမင်ဓားဂိုဏ်းချုပ် နင်တောက်ရွှမ်ကို တစ်ဖက်သတ် စွဲလမ်းနှစ်သက်ခဲ့ဖူးသူ ၊ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အပြင် မဟာအန်ချိုကျွန်း၏ နံပါတ်တစ် အလှမယ်လည်း ဖြစ်သည်။
မိုဟန်ထက်ပင် ပိုပြီးတော့ လှပသယောင်ရှိသော်လည်းဘဲ ကျောင်းသားရဲကဲ့သို့ ယုတ်မာသော နှလုံးသားဖြင့် အမျိုးသမီးဖြစ်လေ၏။
လီတောက်ယွဲ့က ပါးစပ်ထောင့်မှ သွေးများစီးကျလျက် အေးစက်စွာ ပြောလိုက်သည်။ “အဒေါ်မိုချို... ဒီနေရာက ပေမင်ဓားဂိုဏ်းရဲ့ ပိုင်နက်နော်။ ရှင် ဒီမှာ လူသတ်ရဲလို့လား”
“ငါ့ကို အဒေါ်လို့ မခေါ်စမ်းနဲ့။ ငါက နင့်ထက် နှစ်နှစ်လောက်ပဲ ကြီးတာ။ ပြီးတော့ နင့်ထက် ပိုနုပျိုပြီး ပိုလှတယ်။ ဟုတ်တယ်မလား ကျန်းရှဲ့” မိုချိုက ညုတုတုဖြင့် ပြောလိုက်သည်။
ရုတ်တရက် ချောမောခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက အလွန်သဘောကျသွားပြီး ခေါင်းတဆတ်ဆတ် ငြိမ့်ပြသည်။ “ဟုတ်တာပေါ့။ မိုချိုက ကျွန်တော်တို့ မဟာအန်ချိုကျွန်းရဲ့ နံပါတ်တစ်အလှမယ် ဖြစ်ရုံသာမက ပေမင်ဓားဂိုဏ်းရဲ့ နံပါတ်တစ် အလှမယ်လည်း ဖြစ်တာပဲ”
“ဒါတော့ မပြောရဲပါဘူး။ ပြီးတော့ နီရှန်နတ်မိမယ်ဆိုတဲ့ ကောင်မစုတ်လေးက ရှင်တို့ထက် ငယ်ပြီး ရှင်တို့ထက် ပိုနုပျိုတယ်လေ” မိုချိုက အေးစက်စွာ ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား ကျန်းရှဲ့က ပြောလိုက်သည်။ “သူက လှတော့ လှပါတယ်။ ဒါပေမဲ့ အစ်မမိုချိုရဲ့ ဆွဲဆောင်မှုကို ဘယ်မီပါ့မလဲ”
မိုချိုက လူလတ်ပိုင်းအရွယ် အမျိုးသားကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ လီတောက်ယွဲ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “နင် သေချာလား။ ငါတို့နှစ်ယောက်ပဲ သိတဲ့ လျှို့ဝှက်ချက်ကို နင် ဘယ်သူ့ကိုမှ မပြောခဲ့ဘူးမလား”
သူတို့နှစ်ယောက်တည်း သိသော လျှို့ဝှက်ချက်ဆိုသည်မှာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရှိရာနေရာပင် ဖြစ်သည်။
လီတောက်ယွဲ့ ခေါင်းခါပြီး ပြောလိုက်သည်။ “မပြောခဲ့ဘူး”
ဤမိန်းမသည် တုံးအလွန်းလှ၏။ တုပိုင်သာ ဤနေရာတွင်ရှိနေပါက သူမကို ခေါင်းခေါက်ပြီး ငတုံးမဟူ၍ ဆဲဆိုနေမိမှာ ကျိန်းသေပေါက်ပင်။ လီးတောက်ယွဲ့က လျှို့ဝှက်ချက်အား မည်သူ့ကိုမှ မပြောခဲ့ဘူးဟု ဝန်ခံလိုက်ခြင်းဆိုသည်မှာ မိုချိုအနေဖြင့် လီတောက်ယွဲ့ရုတ်တရက်ကြီး သေသွားပင်လျှင် မည်သူမျှ သူမအား သံသယမဝင်ဟု ဆုံးဖြတ်ချက်ချရန်လုံလောက်လေ၏။ ထို့အတွက်ကြောင့် မိုချိုက လီတောက်ယွဲ့အား ကျိန်းသေပေါက်သတ်ဖြတ်ပေတော့မည်။
အပိုင်း ၃၉၈ ပြီး။