အခန်း (၄၀၀)
Vol. 40 Ch. 400
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မိုချိုက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ “မိစ္ဆာအိုကြီးကျန်း... တခြားလူတွေက နင့်ကို ကြောက်ပေမဲ့ ငါက နင့်ကို မကြောက်ဘူး။ နင် သေသည်ဖြစ်စေ ၊ မသေသည်ဖြစ်စေ ငါ နင့်ကို နည်းနည်းလေးမှ မကြောက်ဘူး”
“ဒါဆိုရင် မင်း ဘာလို့ တျန်ဂျီကျွန်းပေါ် တက်ပြီး ငါ့ဆီ လာမလည်တာလဲ” တျန်ဂျီကျွန်းသခင်အဖြစ် ဟန်ဆောင်ထားသော တုပိုင်က တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။ “ငါ မင်းကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မြေအောက်ကမ္ဘာလက်ဝါးသိုင်း လျှို့ဝှက်သိုင်းကျမ်း ပေးခဲ့တုန်းက မင်းက ငါ့ကို အနမ်းပေးမယ်လို့ ရှင်းရှင်းလင်းလင်း ကတိပေးခဲ့တာလေ။ သိုင်းကျမ်းရပြီးတာနဲ့ ချက်ချင်း ငါ့ကို ကျောခိုင်းသွားခဲ့တယ်။ မင်းက တကယ် ရက်စက်တာပဲ ယူကျောင်းဝါရယ်”
မိုချိုက အလွန်လှပသောကြောင့် လွန်ခဲ့သော နှစ် ၂၀ ကျော်က တျန်ဂျီကျွန်းသခင်သည် သူမကို တပ်မက်ခဲ့ဖူးပြီး သူမကို ယူကျောင်းဝါ (ကျောက်စိမ်းရုပ်လေး) ဟု ခေါ်ပြီး အမြဲ အလိုလိုက်ခဲ့ဖူးသည်။
ထို့ကြောင့် ဤနာမည်ပြောင်ကို တျန်ဂျီကျွန်းသခင်နှင့် မိုချို နှစ်ယောက်တည်းသာ သိကြသည်။
တုပိုင်ကတော့ ဤလျှို့ဝှက်ချက်ကို သိစရာအကြောင်း မရှိပေ။ သို့သော် သူသည် တျန်ဂျီကျွန်းသခင် ဖန်တီးထားသော စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် စမ်းသပ်မှုတွင် ကြိုးစားခဲ့စဉ်က အိပ်မက်စနစ်သည် အလုပ်မနားဘဲ တျန်ဂျီကျွန်းသခင်၏ လျှို့ဝှက်သော အတိတ်ဇာတ်ကြောင်းများကို အခွင့်ကောင်းယူပြီး လေ့လာထားခဲ့ခြင်း ဖြစ်သည်။
တျန်ဂျီကျွန်းသခင်၏ အသံဖြင့် ယူကျောင်းဝါဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ မိုချိုတွင် သံသယ မရှိတော့ပေ။ သူမ၏ မျက်နှာ အေးစက်သွားပြီး ပြောလိုက်သည်။ “မိစ္ဆာအိုကြီးကျန်း... နင်က ငါ့ကို စိန်ခေါ်ချင်တာလား။ မှန်လေးဘာလေးလည်း ပြန်ကြည့်ဦး။ ငါက နင် အိပ်မက်မက်လို့ရတဲ့ မိန်းမမျိုးလား။ ငါက ကောင်းကင်ဘုံက နတ်သမီးလေ။ ငါ့လိုမိန်းမမျိုးကို နင်လို သာမန်လူတစ်ယောက်က တပ်မက်ခွင့် ရှိလို့လား”
ထို့နောက် မိုချိုက မဲ့ပြုံးပြုံးလိုက်သည်။ “မိစ္ဆာအိုကြီးကျန်း... တခြားလူတွေက နင့်ကို ကြောက်ပေမဲ့ ငါကတော့ မကြောက်ဘူး။ ငါ အခု နင့်ရဲ့ တျန်ဂျီကျွန်းပေါ် တက်လာတော့မယ်။ နင် ဘာလုပ်နိုင်မှာမလို့လဲ”
ပြောပြီးသည်နှင့် သူမ၏ ကျောက်စိမ်းရောင် ခြေထောက်လေးဖြင့် ရေပြင်ကို နင်းလိုက်ပြီး တျန်ဂျီကျွန်းပေါ်သို့ ကူးခတ်ကာ လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။ သူမက မူလက ကျန်းရှဲ့ကို ဤအမျိုးသမီးနှစ်ယောက်ကို အရင်ဖျက်ဆီးခိုင်းပြီးမှ သတ်ခိုင်းရန်လုပ်ထားခြင်း ဖြစ်သည်။ ယခု သောက်ငကြောက်ကောင် ကျန်းရှဲ့ ထွက်ပြေးသွားသောကြောင့် သူမကိုယ်တိုင်ပဲ လုပ်ရတော့မည်ဖြစ်လေ၏။
တုပိုင် တကယ်ကို စိုးရိမ်သွားလေ၏။
မိစ္ဆာမ မိုချိုက ကိုင်တွယ်ရ တကယ်ခက်ခဲပြီး တျန်ဂျီကျွန်းပေါ်သို့ တက်လာရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ၏ သိုင်းပညာက အလွန်မြင့်မားလွန်းသဖြင့် တုပိုင်တစ်ယောက် အယောင်ဆောင်ထားသည့်အကြောင်း ပေါ်သွားလျှင် အသတ်ခံရမည်ဖြစ်လေ၏။
ဤရူးသွပ်နေသည့် အမျိုးသမီးက မျက်တောင်မခတ်ဘဲ လူသတ်တတ်သူ ဖြစ်သည်။
ရုတ်တရက် တုပိုင်သည် ကျောက်ခန်းထဲတွင် ကြီးမားသော မောင်းတံကြီးတစ်ခုကို တွေ့လိုက်ရသည်။ မည်သည်အတွက် သုံးမှန်းတော့ မသိပေ။
သူ မနေနိုင်ဘဲ ရှေ့တိုးသွားပြီး မောင်းတံကို အတင်း လှည့်လိုက်မိသည်။
“ဝုန်းးးး”
ရုတ်တရက် တျန်ဂျီကျွန်းသည် သိသိသာသာ တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ လှိုင်းထန်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မိုချို၏ မျက်နှာ ပြောင်းလဲသွားပြီး ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် ကြောက်ရွံ့သွားမိသည်။ တျန်ဂျီကျွန်းသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းပြီး နိမိတ်မကောင်းသော နေရာတစ်ခုဟု သူမ ခံစားလိုက်ရသည်။ သို့သော် လီတောက်ယွဲ့ကို သူမ မဖြစ်မနေ သတ်ရမည်။ အဘယ်ကြောင့်ဆိုသော် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်၏ လျှို့ဝှက်ချက်ကို သူမမှလွဲ၍ မည်သူမှ သိသွား၍မရသောကြောင့်ပင်ဖြစ်လေ၏။
တုပိုင်က မဲ့ပြုံးပြုံးလိုက်ပြီး ပြောသည်။ “မိုချို... မင်းက လီတောက်ယွဲ့ကို သတ်ချင်နေတာက သူက ဒဏ္ဍာရီလာ သိုင်းကျမ်း ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ရဲ့ လျှို့ဝှက်ချက်ကို မင်းနဲ့အတူ တွေ့ရှိခဲ့လို့ မဟုတ်လား။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ကို မင်းသာ ရလိုက်ရင် နောက်ဆယ်နှစ်အတွင်း ဂိုဏ်းချုပ်နင်တောက်ရွှမ် တစ်ယောက်ပဲ မင်းကို ယှဉ်နိုင်တော့မှာကိုး”
“အဲဒီလောက်ပဲလား။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ဆိုတာ ဒဏ္ဍာရီလာ သိုင်းပညာလေ။ ပေမင်ဓားဂိုဏ်းရဲ့ ဘိုးဘေးတွေ ဘာလို့ ကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာလဲ။ ပေမင်မဟာအတတ် ကြောင့် မဟုတ်ဘူးလား။ အဲဒီ ပေမင်မဟာအတတ် ဆိုတာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ကနေ ဆင်းသက်လာတာလေ။ ဒီဒဏ္ဍာရီလာ သိုင်းကျမ်းကိုသာ ငါ ရလိုက်ရင် နောက်ဆယ်နှစ်အတွင်း ငါ ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် နင်တောက်ရွှမ်တောင် ငါ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မှာ။ အဲဒီကျရင် သူ့ကို ငါ့ရှေ့မှာ ဒူးထောက်ပြီး ဝန်ချတောင်းပန်ခိုင်းမယ်” မိုချိုက ရူးသွပ်စွာ ပြောလိုက်သည်။
ထို့နောက် မိုချို၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး မေးလိုက်သည်။ “ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် အကြောင်း နင် ဘယ်လိုလုပ် သိတာလဲ”
တုပိုင်က တျန်ဂျီကျွန်းသခင်၏ အသံဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ “တျန်ဂျီကျွန်းပေါ် ဘယ်သူပဲ တက်လာလာ ၊ ငါ့အတွက် လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ ငါ့ရဲ့ စိတ်စွမ်းအား ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း မေ့သွားပြီလား”
“ဝုန်းးးး”
ထိုအချိန်တွင် တျန်ဂျီကျွန်းသည် နောက်တစ်ကြိမ် ထပ်မံ တုန်ခါသွားပြီး ပင်လယ်ရေမျက်နှာပြင်တွင် ကြီးမားသော လှိုင်းလုံးကြီးများ မြင့်တက်လာသည်။
မိုချို နောက်ဆုံးတွင် အနည်းငယ် တွန့်ဆုတ်သွားလေ၏။ သူမက သူမ၏ သိုင်းပညာအပေါ် အလွန် ယုံကြည်မှု ရှိသော်လည်း တျန်ဂျီကျွန်းသခင်၏ စိတ်စွမ်းအားက အလွန် ကြောက်စရာကောင်းလွန်းသည်။ ဆန်းကြယ်ပြီး ခန့်မှန်းရခက်လွန်းသည်။ တျန်ဂျီကျွန်းပေါ် ရောက်သည်နှင့် သူ့အတွက် လျှို့ဝှက်ချက်ဆိုတာ မရှိတော့ပေ။ သူက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် အကြောင်းတောင် သိနေပြီ ဖြစ်သည်။
“လာလေ... လာခဲ့လေ... ယူကျောင်းဝါ ငါ့ကို လာသတ်လေ” တုပိုင်က တျန်ဂျီကျွန်းသခင်၏ အသံဖြင့် ရယ်မောပြီး ဆက်လက် ဟန်ဆောင်နေလိုက်သည်။
မိုချိုသည် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို စိုက်ကြည့်လိုက်သည်။ ဤအမျိုးသမီးနှစ်ဦးသည် တျန်ဂျီကျွန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မြေကြီးပေါ်တွင် လဲလျောင်းကာ သေမလား ၊ ရှင်မလား မသေချာသော အခြေအနေ ဖြစ်နေသည်။
သူမ၏ မြေအောက်ကမ္ဘာလက်ဝါးသိုင်း ထိမှန်ထားသောကြောင့် ဤအမျိုးသမီးနှစ်ဦးသည် နာရီဝက်ထက် ပိုအသက်မရှင်နိုင်တော့ပေ။ ယခုမသတ်လျှင်ပင် အလိုလိုသေသွားကြလိမ့်မည်ဖြစ်၏။ ဤသောက်ကျိုးနည်း တျန်ဂျီကျွန်းထဲသို့ သူမ အမှန်တကယ် မဝင်ချင်ပေ။
မိစ္ဆာအိုကြီးကျန်း၏ စိတ်စွမ်းအားက အလွန် ထူးဆန်းလွန်းသည်။
“အိုး...”
တုပိုင်က တျန်ဂျီကျွန်းသခင်၏ အသံဖြင့် ဟန်ဆောင်ပြီး ပြောလိုက်သည်။ “ယူကျောင်းဝါ... မင်း မြန်မြန် သွားတော့။ ကျန်းရှဲ့ဆိုတဲ့ တိရစ္ဆာန်ကောင်က သူ့ကိုယ်သူ လွတ်မြောက်ဖို့အတွက် မင်းကို သေချာပေါက် သစ္စာဖောက်လိမ့်မယ်။ အဲဒီကောင်က ယုတ်မာပြီး အရှက်မရှိတဲ့ကောင်။ ဘာမဆို လုပ်ရဲတယ်။ သွားတော့... သွားတော့... ပေမင်ဓားဂိုဏ်းကနေ မြန်မြန် ထွက်သွားတော့”
ဤစကားကို ကြားလိုက်ရသည်နှင့် မိုချို၏ လှပသော်လည်း ယုတ်မာပက်စက်သည့် မျက်လုံးကျဉ်းမြောင်းသွားလေ၏။
မှန်သည်။ ကျန်းရှဲ့ဆိုသည့် အကောင်သည် သူမကဲ့သို့ပင် သရဲတစ္ဆေလို ကောက်ကျစ်စဉ်းလဲသူ ဖြစ်သည်။ မိုချိုက လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို သတ်လိုက်ခြင်းက လွန်လွန်းသည်။ ထိုအကောင်က ကြံရာပါအဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အန်ချိုကျွန်းသခင်ဆီ အရင်ဆုံး ပြေးတိုင်မည်ဖြစ်ကြောင်းကို သူမတော်တော်လေးသေချာလေ၏။
ရုတ်တရက် မိုချိုက ပြောလိုက်သည်။ “မိစ္ဆာအိုကြီးကျန်း... နင်က ငါ့ကို တစ်ဖက်သတ် ကြိုက်နေတာပဲ။ နင်က ထိပ်တန်း ဗေဒင်ဆရာကြီးဆိုတော့ ငါ့ကို ပြောပြစမ်း။ ငါ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရနိုင်မလား”
တုပိုင် ခဏတာ တိတ်ဆိတ်သွားပြီး အားနည်းစွာ ပြောလိုက်သည်။ “ယူကျောင်းဝါ... ငါ မကြာခင် သေတော့မယ်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် က ငါ့အတွက် အဓိပ္ပာယ် မရှိတော့ဘူး။ မင်း ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ မင်းက ရနိုင်မလားလို့ မေးနေတာလား။ ငါ ပြောနိုင်တာကတော့ မင်း မရနိုင်ဘူး။ ဒါပေမဲ့ ရတာနဲ့ အတူတူပဲ။ ရတာထက်တောင် ပိုကောင်းသေးတယ်”
“တောက်...။ လူလိမ်အိုကြီး” မိုချိုက ဆဲရေးလိုက်သည်။
ထို့နောက် သူမ၏ လှပသော ခြေထောက်လေးဖြင့် ခုန်လိုက်ရာ လှပသော ကိုယ်ခန္ဓာလေး ပျောက်ကွယ်သွားတော့သည်။
သူမသည် အမြန်ဆုံး အရှိန်ဖြင့် ပေမင်ဓားဂိုဏ်းမှ ထွက်ပြေးရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
ဤရူးသွပ်နေသော အမျိုးသမီးသည် ပေမင်ဓားဂိုဏ်းတွင် သုံးကြိမ်တိုင်တိုင် ရာထူးချခံခဲ့ရသည်။ သူမသည် ပေမင်ဓားဂိုဏ်းတွင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သော်လည်း မဟာအန်ချိုကျွန်းမှ သံတမန်တစ်ဦး အဖြစ်သာ ရောက်ရှိသွားခဲ့သည်။
ယခုအခါ သူမသည် ကပ်ဘေးတစ်ခု ကြုံတွေ့နေရပြီ ဖြစ်သဖြင့် ပေမင်ဓားဂိုဏ်းမှ ထွက်ပြေးရတော့မည်။
သို့သော် သူမ ဂရုမစိုက်ပေ။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရနိုင်သရွေ့ ပေမင်ဓားဂိုဏ်းကို သစ္စာဖောက်လိုက်လျှင်ပင် ဘာဖြစ်သနည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာမ မိုချို ပျောက်ကွယ်သွားတော့သည်။
တုပိုင် သက်ပြင်းချလိုက်မိသည်။ ‘နောက်ဆုံးတော့ မိစ္ဆာမ မိုချိုကို မောင်းထုတ်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ လီတောက်ယွဲ့နှင့် ကျီမင်းကျစ်ကို ကယ်တင်နိုင်ခဲ့ပြီ။’
ထိုအချိန်တွင် လီတောက်ယွဲ့က အပြင်ဘက်မှ လှမ်းပြောလိုက်သည်။ “အကြီးအကဲတျန်ဂျီရဲ့ အသက်ကယ်တင်ပေးတဲ့ ကျေးဇူးကို ကျေးဇူးတင်ပါတယ်။ ဂျူနီယာ သွားပါတော့မယ်...”
လီတောက်ယွဲ့၏ အသံသည် အလွန် အားနည်းနေပြီ ဖြစ်သော်လည်း တျန်ဂျီကျွန်းပေါ်တွင် ၁၅ မိနစ်ထက်ပိုပြီး မနေရဲပေ။
တုပိုင်က တျန်ဂျီကျွန်းသခင်၏ အသံဖြင့် ဆက်လက် ဟန်ဆောင်ကာ ပြောလိုက်သည်။ “လီတောက်ယွဲ့ ၊ ကျီမင်းကျစ်... မင်းတို့နှစ်ယောက် မိုချိုရဲ့ မြေအောက်ကမ္ဘာလက်ဝါးသိုင်းမိထားပြီ။ နာရီဝက်အတွင်း သေချာပေါက် သေလိမ့်မယ်”
လီတောက်ယွဲ့က ပြောသည်။ “ဂျူနီယာတို့က နောက်ဆုံးထွက်သက်နဲ့ ကျွန်းသခင်ဆီ ပြန်သွားပြီး ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်အကြောင်းနဲ့ မိုချိုရဲ့ ပုန်ကန်မှုအကြောင်း သတင်းပို့ပါ့မယ်”
တုပိုင် ခဏတာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ဆင်းလာခဲ့။ မြေအောက်ကမ္ဘာလက်ဝါးသိုင်းအဆိပ်ကို ငါ ကုပေးနိုင်တယ်”
လီတောက်ယွဲ့ တိတ်ဆိတ်သွားသည်။
မိစ္ဆာအိုကြီးကျန်း၏ ဂုဏ်သတင်းက တကယ်ကို ဆိုးရွားလွန်းသည်။ မဖြစ်မနေ အခြေအနေ မဟုတ်လျှင် သူမတို့ တျန်ဂျီကျွန်းပေါ် ဘယ်သောအခါမှ တက်ချင်ကြမည် မဟုတ်ပေ။
အပိုင်း ၄၀၀ ပြီး။