← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အပိုင်း(၇၉)

*

"ဘာလဲဆိုတာ ငါ့ကိုပြော" ယွမ်ကျိုးက တယ်လီဖုန်းကိုကိုင်ရင်း သူ သိချင်သောအချက်ကို မေးမြန်းသည်။

"ယွမ်ကျိုး ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ခင်မင်လာတာ နှစ်အတော်ကြာပြီ။ မင်းရဲ့ညီအစ်ကိုအနေနဲ့ မင်းကို အထိုက်အလျောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်။ မင်းက..."

စွန်းမင်က ရှေးဟောင်းနှောင်းဖြစ်များကို ပြောနေစဥ် နူးညံ့သိမ်မွေ့သောလေသံသို့ ပြောင်းသွားသည်။

“လိုရင်းကိုပဲ ပြောစမ်းပါ" ယွမ်ကျိုးက စွန်းမင်၏ ခံစားချက်အပြည့်ဖြင့်ပြောနေသော မိန့်ခွန်းကို အပြီးသတ် ပြောခွင့် မပေးဘဲ စကားဖြတ်ပြောလိုက်သည်။

ယွမ်ကျိုး၏စကားကြောင့် စွန်းမင်က သူ ကြိုတင်ပြင်ဆင်ထားသော ခံစားမှုအပြည့် စကားလုံးများကို မျိုသိပ်လိုက်ရသည်။ စကားလုံးများက သူ့လည်ပင်းထဲ တစ်ဆို့သွားပြီး ဘာဆက်ပြောရမှန်းမသိ ဖြစ်ကာ မပျော်မရွှင် အမူအရာ ဖြစ်သွားသည်။

"ငါ့စကားကို အဆုံးသတ်အထိ နားထောင်ပေးလို့ မရဘူးလား"

စွန်းမင်၏ လေသံက အေးစက်လာသည်။

"အိုကေ ကောင်းပြီ။ ဆက်ပြောပါဗျာ" ယွမ်ကျိုးက သူ့ကိုယ်သူ စာနာတတ်သူဟု တစ်လျှောက်လုံး ခံယူထား၍ စွန်းမင်၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။

“ဟိုဟို” စွန်းမင်က ယင်းစကားတစ်ခွန်းကိုသာ ပြန်ဖြေနိုင်ခဲ့သည်။

"မင်းနဲ့ငါနဲ့ အဓိကအချက်ကို အခုအထိ မပြောနိုင်သေးဘူး။ ဆိုလိုရင်းရော ရောက်ပါ့မလား" ယွမ်ကျိုးက လေးလေးနက်နက် မေးမြန်းသည်။

"မနက်ဖြန် ငါ့မွေးနေ့အတွက် မင်း ဘာလက်ဆောင်မှ ယူလာစရာ မလိုဘူး" စွန်းမင်က ဖုန်းကို ကိုင်ထားရင်း အသက်ခပ်ပြင်းပြင်းရှူကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါကလည်း မင်းကို လက်ဆောင်‌ပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ယောက်ျားလေး

က လက်ဆောင်တွေ မလိုအပ်ဘူး” ယွမ်ကျိုးက စွန်းမင်၏ ဖော်ရွေပုံရသော ကမ်းလှမ်းချက်ကို အမှန်တကယ် လက်မခံခဲ့ပေ။ သူ့ အတွေးကို ချက်ချင်း ထုတ်ပြောသည်။

"နှစ်အတော်ကြာ ခင်မင်လာတဲ့ မျက်နှာကိုမှ မထောက်ထားဘဲ ငါ့ကို ဒေါသထွက် သွေးအန်သေစေချင်တာလား။ မင်းက ငါ့မနက်ဖြန်မွေးနေ့ပွဲကို တက်ချင်တာလား။ ဈာပနပွဲကို လာတက်မှာလား" စွန်းမင်က အေးစက်စက် လေသံဖြင့် မေးသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါက နောက်ပြောင်ရုံသက်သက်ပါ"

ယွမ်ကျိုးက ချက်ချင်းပင် သူ့အမှားသူ ပြန်ပြင်လိုက်သည်။

“ငါ့ကို အသက်ရာကျော် ရှည်စေလိုတဲ့ ဆန္ဒနဲ့ မနက်ဖြန် ငါ့အတွက် ခေါက်ဆွဲစွပ်ပြုတ် အချို တစ်ပွဲချက်‌ပေးဦး"

စွန်းမင်က ခေါက်ဆွဲပြုတ် ချက်ပေးရန် တောင်းဆိုမှုအတွက် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်ဟု ခံစားမိသည်။

တစ်စက္ကန့်ကြာအောင် စဉ်းစားပြီးမှ ယွမ်ကျိုးက မေးမြန်းသည်။ "ဒါပဲလား"

“ဟုတ်တယ်။ မင်း တခြားဟင်းတွေ ချက်ချင်ရင်လည်း ရတယ်"

"တခြားတစ်ခုခု ချက်ကျွေးမယ်ဆိုရင် ငါတန်ဖိုးထားမယ်" ယွမ်ကျိုးက အခက်တွေ့မည့် ကိစ္စရပ်မျိုးကို သဘောမကျမှန်းသိ၍ စွန်းမင်က လေးတွဲသော လေသံဖြင့် စကားပြောသည်။

"မင်း လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ထားလိုက်ပါ။ မင်းတို့ အားလုံးအတွက် ကြက်ဥထမင်းကြော် ကြော်ပေးမယ်" ယွမ်ကျိုးက ခဏတွေးကြံပြီးမှ ပြောလိုက်သည်။

“ဒါဆို ကောင်းတာပေါ့။ ကျေးဇူးပဲ" စွန်းမင်၏ လေသံတွင် သိသာထင်ရှားသော အံ့သြမှုကို ခံစားမိသည်။

"ရပါတယ် ကိစ္စမရှိဘူး" ယွမ်ကျိုးက အလွန်ယဉ်ကျေးစွာ ပြန်ပြောသည်။ တခြားသူဆိုလျှင် ယွမ်ကျိုးက နှစ်ခါပင် မစဉ်းစားဘဲ ချက်ချင်း ဖုန်းချမိလိမ့်မည်။

"မနက်ဖြန် ညနေ ၅ နာရီ ငါ့အိမ်မှာပဲဆုံကြတာပေါ့" စွန်းမင်က အချိန်နဲ့ လိပ်စာကို အတိအကျ ပြောပြလိုက်သည်။

“ကောင်းပြီ‌” ယွမ်ကျိုးက အချိန်ကို တွက်ချက်ပြီးနောက် ပြဿနာမရှိဟု ခံစားမိ၍ သဘောတူလိုက်သည်။

“ဒါဆို ငါ အခု ဖုန်းချလိုက်တော့မယ်။ မနက်ဖြန် နောက်မကျစေနဲ့"

စွန်းမင်က ချက်ချင်းပင် ဖုန်းချသွားသည်။

“‌ဟုတ်ပြီ"ဟု ယွမ်ကျိုး ပြန်မဖြေခင် ဖုန်းခေါ်ခြင်းကို စွန်းမင်က အဆုံးသတ်လိုက်သည်။

ယွမ်ကျိုးက တယ်လီဖုန်းချလိုက်ပြီး ရေချိုးဖို့ အပေါ်ထပ်သို့ မတက်ခင် ခဏလောက် စဉ်းစားလိုက်သည်။

သူ့ဖုန်းထဲတွင် နောက်တစ်နေ့ မနက် ၆နာရီ ၃၀မိနစ်ခန့်ကို နှိုးစက်မြည်ရန်သတ်မှတ်ပြီး နှိုးစက်ကို ဖုန်းဖြင့် လုပ်ပြီးနောက် ယွမ်ကျိုး အနားယူရန် ပြင်ဆင်သည်။

***

"ကလင် ကလင် ကလင်"

ယွမ်ကျိုး၏ မနက်ခင်းကို နှိုးစက်သံဖြင့် အစပြုသည်။ ထို့နောက် နှိုးစက်နာရီကို ပိတ်ရန် လက်လှမ်းလိုက်ပြီး သူနှင့် ရင်းနှီးနေသော ရေချိုးခန်းဆီသို့ မျက်စိမှိတ်ကာ လမ်းလျှောက်သွားခဲ့သည်။

မနက်ခင်းတိုင်း ယွမ်ကျိုးက ခေါင်းလျှော်လေ့ရှိသည်။ ထို့ကြောင့် ယနေ့သည်လည်း ခြွင်းချက်တော့ မဟုတ်နိုင်ပေ။

ထို့နောက် အဝတ်အစား လဲပြီး မနက်စာပြင်ဆင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ယွမ်ကျိုးက သာမန်ဆိုလျှင် လွယ်ကူမြန်ဆန်စေရန်အတွက် မနက်စာတစ်မျိုးတည်းသာ စားလေ့ရှိသည်။

သို့သော်လည်း ယနေ့တွင် မတူညီသောဂျုံမှုန့် နှစ်မျိုးထုတ်ပြီး တစ်မျိုးမှာ ဖက်ထုပ်စွပ်ပြုတ် ပြုလုပ်ရန် ဖြစ်ပြီး နောက်တစ်မျိုးမှာ ခေါက်ဆွဲအတွက် ဖြစ်သည်။

မနက် ၈နာရီ ...

ယွမ်ကျိုးက ရှောင်လုံပေါင်း (ဖက်ထုပ်)များကို ပေါင်းအိုးပေါ် တင်လိုက်ပြီး ခေါက်ဆွဲပြင်ဆင်မှုကို အဆုံးသတ်သည်။ သူ့လက်ကို ဆေးကြောပြီးနောက် ဆိုင်တံခါးကို ဖွင့်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ သူဌေး" တံခါးဝမှာ မတ်တတ်ရပ်နေသော မုရှောင်ယွမ်က သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။

“မင်္ဂလာနံနက်ခင်းပါ။ ဆိုင်ထဲ ဝင်လာခဲ့ပါ"

ယွမ်ကျိုးက ခေါင်းညိတ်ပြပြီးနောက် သူ့ခန္ဓာကိုယ်ကို ဘေးသို့ရွှေ့ကာ စားသောက်ဆိုင်ထဲသို့ အရင်ဦးစွာ ဝင်လိုက်သည်။

"ဟုတ်ကဲ့ သူဌေး"

မုရှောင်ယွမ်က မနေ့တည်းက လစာ ရရှိခဲ့၍ နှလုံးသားထဲ ကြည်နူးသော ခံစားချက်များ ပြည့်နှက်နေသည်။ ထို့ကြောင့် သူမက စားသောက်ဆိုင်ထဲသို့ ခုန်ပေါက်ကာ ဝင်သွားသည်။

“ထုံးစံအတိုင်းပဲ မင်းရဲ့ ဒီနေ့ မနက်အလုပ်ချိန်က တစ်နာရီနဲ့ နေ့လည် ၂ နာရီ အလုပ်လုပ်ရမယ်။ ဒါပေမဲ့ ညနေဘက် ဆိုင်ကို လာဖို့ မလိုအပ်ဘူး” ယွမ်ကျိုးက ဆိုင်ထဲသို့လမ်းလျှောက်ရင်း ပြောသည်။

"ဟမ်။ ဘာလို့လဲ" မုရှောင်ယွမ်က တအံ့တသြ မေးမြန်းသည်။

"ငါလုပ်စရာရှိလို့ ညနေဘက် ဆိုင်မဖွင့်ဘူး"

ယွမ်ကျိုးက ကလေးမလေးကို စိတ်ရှည်ရှည်ဖြင့် ပြန်ပြောရန် ဆန္ဒရှိနေဆဲဖြစ်သည်။

"ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး"

မုရှောင်ယွမ်က ကြီးကြီးမားမားကိစ္စကြီးရပ်ဟု မခံယူခဲ့ပေ။ သုံးနာရီလျှော့ကာ အလုပ်လုပ်ရခြင်းက လစာ တစ်ဝက်လျှော့မည်ဟု လက်ခံလိုက်သည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"မနေ့က နေ့လည်စာလိုပဲ ဟင်းပွဲအားလုံးကို ဒီမနက်ခင်းမှာ ရောင်းမယ်" ယွမ်ကျိုးက ခဏကြာ‌အောင်စဉ်းစားပြီးနောက် ထပ်ပြောသည်။

"ဟုတ်ကဲ့၊ နားလည်ပါပြီ။" မနေ့ကနေရာမှာပင် မတ်တတ်ရပ်ကာ မုရှောင်ယွမ်က သူမ၏နာခံမှုကိုထုတ်ဖော်ပြသသည်။

“ကောင်းပြီ။” ယွမ်ကျိုးက လိမ္မာရေးခြားရှိသော လိုလီမလေးကို အလုပ်ခန့်ထား၍ စိတ်ချမ်းသာရသည်။ အရင်က သူတစ်ခါမှ မလုပ်ဖူးသော ဖောက်သည်များကို နှုတ်ဆက်သော အလုပ်ကို ကောင်မလေးက လုပ်ဆောင်ပေးသည်။

“ညနေခင်းမှာ လုပ်စရာ အလုပ်ရှိလို့ စားသောက်ဆိုင်ဖွင့်လို့မရဘူး။ ဒါကြောင့်မို့ နေ့ခင်းဘက်မှာ ဆိုင်ကို ၆ နာရီပြည့်အောင် ဖွင့်ထားပေးမယ်။ အချိန်ရရင် စားသောက်ဆိုင်ဖွင့်ထားမယ်။ အချိန်ရရင် နေ့လည်ခင်းမှာ အဆာပြေ ဝင်လာပြီး စားလို့ရတယ်။ ဒီလိုပဲ ရှောင်လုံပေါင်း(ဖက်ထုပ်) ပွဲ၁၀၀ကိုလည်း ရောင်းချပေးမယ်” ကောင်မလေးက ဖောက်သည်များ မေးမြန်းသော မေးခွန်းကို ဘာပြောရမလဲ မသိဖြစ်နေစဉ် ယွမ်ကျိုးက အနားရောက်လာပြီး အသေးစိတ် ရှင်းပြသည်။

“အင်း၊ ဒါဆိုရင် ကောင်းတာပေါ့။ ငါတို့တွေ ဒီဆိုင်မှာ ညစာ လာမစားနိုင်ရင်တောင် ဖက်ထုပ်စွပ်ပြုတ်(ရှောင်လုံပေါင်း) ဝယ်စားလို့ရတယ်” ဆံပင်ရှည်ရှည် မိန်းကလေးက စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်၊ မှန်တယ်” သူ့ဘေးနားက ဖောက်သည်က အော်ပြောသည်။

"စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ သူဌေးယွမ်ရဲ့အကျင့်စရိုက်တွေကို သဘောကျတယ်”

မျက်မှန်တပ်ထားသောအမျိုးသားက သူဌေးယွမ်ကို ချီးမွမ်းသည်။

"ဘာလဲ ရှောင်လုံပေါင်းဖက်ထုပ် ပွဲ၁၀၀ရောင်းပေးတာနဲ့ သူဌေးယွမ်က လူသားဆန်သွားတယ်လို့ ခံစားရတာလား။ ချီးမွမ်းစကားပြောရင်တောင် ဟင်းပွဲအသစ်ထွင်လို့ပဲ ဖြစ်သင့်တယ်လေ”

ရုံးဝတ်စုံနှင့်အမျိုးသားက စကားလမ်းကြောင်းလွှဲသည်။

"ဟုတ်ပါတယ်၊ဟုတ်ပါတယ်။ နောက်ဆုံး မီးနူးအသစ်ပေါ်တာ ကြာပြီလေ”

ဖရဲသီးဖျော်ရည်သောက်နေသော မိန်းမလှလေးက ဖျော်ရည်ကို မျိုချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

“သိပ်မကြာခင် မီနူးအသစ် ရမှာပါ” ယွမ်ကျိုးက ခိုင်လုံသော အဖြေကိုပေးသည်။

"မင်းရဲ့ သိပ်မကြာခင်ဆိုတဲ့ စကားက ဘယ်အချိန်အထိ ကြာမှာလဲ” တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ထအော်သည်။

"မဝေးတော့တဲ့ အနာဂတ်မှာပေါ့" ယွမ်ကျိုးက အမြဲလိုလို ယောင်ဝါးဝါး ပြန်ဖြေတတ်သည်။

ယွမ်ကျိုးက သူတို့မေးမြန်းမှုကို ဆက်မဖြေတော့၍ ဖောက်သည်များက သူတို့အချင်းချင်း ဆက်ဆွေးနွေးကြသည်။ နောက်ထပ် မီးနူးအသစ်အကြောင်း ပျော်ပျော်ပါးပါး ဆွေးနွေးရင်း အလောင်းအစား လုပ်သူများပင် ရှိလာသည်။

ယွမ်ကျိုးက စကားတစ်ခွန်းနှစ်ခွန်း ပြောရုံဖြင့် ပြဿနာဖြေရှင်းသွားခြင်းကို မုရှောင်ယွမ် မြင်တွေ့သောအခါ သူမ အလွန်အမင်း ဝမ်းသာမိသည်။

“ဆိုင်ကို တစ်နေ့ခင်းလုံး ၆နာရီအပြည့်ဖွင့်မှာဆိုတော့ ကျွန်မက ဒီဆိုင်မှာပဲနေပြီး သူဌေးကို ကူညီပေးရမှာလား”

“အဲလောက်အထိ မလိုအပ်ဘူး။ ငါတို့သဘောတူ သတ်မှတ်ထားတဲ့ အချိန်လာရင် ရပြီ”

ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

“ဒါပေမဲ့…” မုရှောင်ယွမ် စကားဆက်မပြောခင် ယွမ်ကျိုး က ဖြတ်ပြောခဲ့သည်။

“ကောင်းပြီ၊ ကောင်းပြီ။ မင်းအလုပ် မင်း သွားလုပ်တော့"

နံနက် ၁၀ နာရီမှ ၁၁ နာရီကြားအတွင်း ဆိုင်ကို တစ်နာရီခန့် ပိတ်ပြီး ရှောင်လုံပေါင်း ဖက်ထုပ်ပြုလုပ်သည်။ ထို့နောက် မနက် ၁၁နာရီအချိန်တွင် ဆိုင်ပြန်ဖွင့်ခဲ့သည်။

ယွမ်ကျိုးက အလုပ်သတ်မှတ်ချိန်ပြည့်သောအခါ မုရှောင်ယွမ်ကို အလုပ်ဆင်းခိုင်းသည်။ “မင်း အခု အလုပ်ဆင်းလို့ရပြီ ။ အချိန်ပြည့်သွားပြီ"

“အဆင်ပြေပါတယ်။ ကျွန်မ အလုပ်ဆက်လုပ်နိုင်ပါသေးတယ်” မုရှောင်ယွမ်က ပြုံးရင်းပြောလိုက်သည်။

"မလိုပါဘူး။ အိမ်ပြန်တော့" ထိုသို့ပြောနေစဉ် ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီး အံဆွဲထဲမှ ယွမ်၁၀၀ကို ထုတ်ယူကာ မုရှောင်ယွမ်ကို လွှဲပေးသည်။

"သူဌေး၊ ကျွန်မမှာ ယွမ်၅၀ မရှိဘူး” မုရှောင်ယွမ်က သူမ၏အဝတ်စ အစွန်းလေးကို ဆုပ်ကိုင်ကာ ယွမ်၅၀ ထည့်ထားသော အနီရောင်စာအိတ်လေးကို ငေးကြည့်နေသည်။

“မင်း ပြန်အမ်းငွေ ပေးစရာမလိုအပ်ဘူးလေ။ ဒါက မင်းရဲ့တစ်နေ့တာ လုပ်အားခပဲလေ”

ယွမ်ကျိုးက ရှင်းလင်းစွာပြောသည်။

"ဘာလို့လဲ။ အလုပ်ချိန် ၆နာရီရဲ့ တစ်ဝက်ပဲ အလုပ်လုပ်ခဲ့တာလေ။ လုပ်အားခက ယွမ်၅၀ပဲ ဖြစ်သင့်တာလေ”

ချစ်စဖွယ်ကောင်းသော ဖြူဖျော့ဖျော့ မျက်နှာလေးက ဒွိဟဖြစ်သော ခံစားချက်များကို ပြသသည်။

“ညနေခင်းမှာ လုပ်စရာ အလုပ်ကိစ္စရှိတာ ငါပဲ မင်းမဟုတ်ဘူး၊ ဒါကြောင့်မို့ မင်း လုပ်အားခကို မင်းယူလိုက်” ယွမ်ကျိုးက ပိုက်ဆံကို ထုတ်လိုက်ပြီး မုရှောင်ယွမ်ကို လေးနက်သော အကြည့်ဖြင့် လက်ခံရန် ပြောလိုက်သည်။

သူမ၏ နက်မှောင်နေသော ရွှန်းလဲ့လဲ့မျက်ဝန်းများကို မှိတ်တုတ် မှိတ်တုတ်လှုပ်ခတ်ကာ “ဟင့်အင်း။ ကျွန်မ မယူနိုင်ဘူး။ ကျွန်မက ၃နာရီပဲ အလုပ်လုပ်ခဲ့တာလေ”

“ဒါက ငါ့ဘက်က ချိုးဖောက်မှုတစ်ခုပဲ၊ ဒီငွေက မင်းရသင့်ရထိုက်တဲ့ငွေပဲ”

ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း ပြောသည်။

“ဟုတ်ကဲ့” ဤအကြောင်းပြချက်ဖြင့် မုရှောင်ယွမ်ကို ဖျောင်းဖျနိုင်သွားသည်။ ထိုမှသာ သူမက ယွမ်ကျိုးထံမှ လုပ်ခလစာ အပြည့်ကို လက်ခံယူခဲ့သည်။

အပိုင်း(၇၉)

ပြီးပါပြီ။

Chapter Detail

အပိုင်း(၈၀)

*

၆နာရီက အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။ ယွမ်ကျိုးတို့ နှစ်ယောက် ခေါက်တုံ့ခေါက်ပြန် ရှေ့နောက်သွားရင်း ၆နာရီအချိန်က ကုန်ဆုံးသွားခဲ့ပြီး အချိန်က တိုတောင်းလွန်းခဲ့သည်။

တစ်မနက်ခင်းလုံး အလုပ်လုပ်ပြီးနောက် ယွမ်ကျိုးက ရေချိုးသန့်စင်ရန် အပေါ်ထပ်သို့ ‌တက်သွားသည်။ ရေချိုးပြီးနောက် အပြင်သို့မသွားမီ အဝတ်အစားလဲသည်။ တကယ်တမ်း အမွှေးပွခွေးလေးအတွက်လဲ ခေါက်ဆွဲပြုတ်ပြင်ဆင်ရန် မမေ့လျော့ခဲ့ပေ။

ယွမ်ကျိုးက နေ့လည်ခင်း ခဏနားကတည်းက ခွေးကလေးကို အစာကျွေးပြီးသား ဖြစ်သည်။ စွန်းမင်က သူ့စားသောက်ဆိုင်နှင့် သိပ်မဝေးကွာသော နေရာတွင် နေထိုင်သည်။ တက္ကစီဖြင့် သွားလျှင် နာရီဝက်ခန့်သာ ကြာနိုင်သည်။ ထို့ကြောင့် ယွမ်ကျိုးက စွန်းမင်၏အိမ်သို့လမ်းလျှောက်သွားရန် ဆုံးဖြတ်ထားသည်။

"ယွမ်ကျိုး၊ အပြင်သွားမလို့လား" လမ်းလျှောက်နေစဉ် ယွမ်ကျိုးက သူဌေးဝမ်နှင့် အမှတ်တမဲ့ ဆုံတွေ့သည်။

"ဟုတ်တယ် သူဌေးဝမ်။ ခင်ဗျားရဲ့ဆိုင်ကို မဖွင့်ဘူးလား" ယွမ်ကျိုးက ပြုံးလိုက်ပြီးတော့ သူမကို နှုတ်ဆက်သည်။

"အရွက်လာဝယ်တာ။ မင်းစားသောက်ဆိုင်က တကယ် စီးပွားရေးကောင်းတယ်နော်။

မင်းရဲ့ဟင်းချက်စွမ်းရည်က တကယ်ကောင်းလို့ ဖြစ်မယ်" သူဌေးဝမ်က ပြုံးကာ စကားပြောသည်။

"အဖေ့ဆီက ပညာအမွေကို လက်ဆင့်ကမ်းထားတာလေ" ယွမ်ကျိုးက သူ့အဖေကြောင့် ဟင်းချက်ကျွမ်းကြောင်း ကြွားဝါလိုက်သည်။

"ဒါပေါ့ ... သေချာတာပေါ့။ မင်းအဖေချက်တဲ့ ခေါက်ဆွဲက တကယ့်ကိုကောင်းတယ်" သူဌေးဝမ်က ယွမ်ကျိုး၏ဖခင်ချက်ပြုတ်ခဲ့သော ခေါက်ဆွဲ၏အရသာကို ပြန်လည် အမှတ်ရမိသည်။

"ဒါပေမယ့် ဟင်းလျာတွေက အရမ်းဈေးကြီးတယ်။ ငါ မဝယ်စားနိုင်ဘူး" သူဌေးဝမ်က ဆက်ပြောသည်။

"တန်ဖိုးကြီးပြီး အရည်အသွေးကောင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားလို့လေ။ ဒါကြောင့်မို့ ဈေးကြီးတာပေါ့"

ယွမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေသည်။

"အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို သုံးမှ ဟင်းပွဲတွေ အရသာရှိတာလေ" သူဌေးဝမ် ခေါင်းညိတ်သည်။

"ဟုတ်တယ် ... မှန်တာပေါ့ သူဌေးဝမ်။ ဒါဆိုရင် ကျွန်တော် သွားတော့မယ်နော်" ယွမ်ကျိုးက ဖြတ်လမ်းကို ရောက်သွားမှန်းသိ၍ သူဌေးဝမ်နှင့် လမ်းခွဲသည်။

"ဟုတ်ပါပြီ ... နှုတ်ဆက်ပါတယ်" သူဌေးဝမ်က လက်ပြနှုတ်ဆက်သည်။

ဤအချိန်ကာလသည် တက္ကစီငှားရန် လွယ်ကူသော အချိန်ကာလဖြစ်သည်။ သူ လက်ဝှေ့ယမ်းလိုက်သောအခါ ခရီးသည်မပါသောတက္ကစီတစ်စီး သူ့အရှေ့မှာ ရပ်လာသည်။

"ဆရာ .. ကားဆရာရေ တာကျစ်ရှန်လမ်းထဲကို မောင်းပေးပါ" ယွမ်ကျိုးသည် တက္ကစီယာဉ်မောင်းကို သူသွားမည့်နေရာကို ပြောပြီးနောက် သူ့ဖုန်းကိုထုတ်ကာ သစ်သီးခွဲသောဂိမ်းကို စတင်ကစားသည်။ သူ့အာရုံငါးပါး တိုးတက်လာသောကြောင့် ယွမ်ကျိုးသည် ယခင်ထက်စာလျှင် ဂိမ်းကို လျင်မြန်စွာ အောင်မြင်သည်။

"လူကြီးမင်း သွားချင်တဲ့နေရာကို ရောက်ပါပြီ" တက္ကစီယာဉ်မောင်းက ကားကို ရပ်တန့်လိုက်ပြီးနောက် စကားပြောသည်။

"ဟုတ်ပါပြီ။ ဒါက ကျသင့်ငွေပါ။ ပြန်အမ်းဖို့မလိုဘူး ... အတိအကျပေးထားတယ်"

ယွမ်ကျိုးက ပိုက်ဆံအိတ်ထဲမှ ကျသင့်ငွေကို ထုတ်လိုက်ပြီး တက္ကစီယာဉ်မောင်းကို ပေးလိုက်သည်။

သူသွားမည့်ရပ်ကွက်သည် အိမ်ရာအသစ်များ ဆောက်လုပ်ထားပြီး လုံခြုံရေးတင်းကြပ်သော ရပ်ကွက်ဖြစ်သည်။ ဤရပ်ကွက်သို့ လာရောက်သော ဧည့်သည်‌များသည် အိမ်ရာဝင်းထဲသို့ အဝင်အထွက်ပြုလုပ်သောအခါ မှတ်တမ်းရေးရသည်။ ထို့ပြင် ကိုယ် သွားရောက်လည်ပတ်မည့် အိမ်နံပါတ်ကို လုံခြုံရေးဝန်ထမ်းအား အတိအကျ ပြောရသည်။ ထိုမှသာ လုံခြုံးရေးက ၎င်းအိမ်ကို ဖုန်းခေါ်ပြီး ဧည့်သည်ဖြတ်သွားခွင့်ကို အတည်ပြုပေးလိမ့်မည်။

ဤရပ်ကွက်သည် လုံခြုံရေးအာမခံမှုရှိသဖြင့် ပတ်ဝန်းကျင်ကလည်း အတော်အတန်ကောင်းမွန်သည်။ လှပသော မက်မွန်ပန်းသစ်တောနှင့် စိမ်းလန်းစိုပြေနေသော သစ်ပင်အများအပြားကို စိုက်ပျိုးထားသည်။

တစ်ခုတည်းသော အဆင်မပြေသည့်အချက်က Deliveryမှာသည့်အခါ အိမ်ရာဝင်းအတွင်းသို့ ပို့ခွင့်မပြုခြင်း ဖြစ်သည်။ မှာယူထားသောအိမ်က ဝင်ပေါက်မှာ လူကိုယ်တိုင် လက်ခံယူရသည်။ ကိုယ်တိုင်ချက်ပြုတ်ရန် ပျင်းရိသောသူများသည် Deliveryကို လက်ခံယူရန် အောက်ထပ်သို့

ဆင်းယူချင်သောဆန္ဒရှိမည်နည်း။ အကျိုးဆက်အနေဖြင့် တင်းကြပ်သောလုံခြုံရေးက အိမ်ရာနေထိုင်သူများ၏ ပျင်းရိမှုကို ကူညီဖြေရှင်းပေးခြင်းဖြစ်သည်။

သို့သော်ငြားလည်း ယွမ်ကျိုးက တင်းကြပ်သော အဝင်အထွက် စစ်ဆေးခြင်းကို မနှစ်သက်သောကြောင့် အိမ်ရာဝင်ပေါက်သို့ ရောက်ရောက်ချင်း စွန်းမင်ကို ဖုန်းခေါ်လိုက်သည်။ အိမ်ရာဝင်းနေထိုင်သူက ဧည့်သည်ကို ကိုယ်တိုင်လာခေါ်လျှင် စစ်ဆေးမေးမြန်းမှုကို ‌ကျော်ဖြတ်နိုင်သည်။

"ငါ မင်းတို့အိမ်ရာဝင်း ဝင်ပေါက်ကို ရောက်နေပြီ"

"ဟုတ်ပြီ ဟုတ်ပြီ ခဏပဲစောင့်။ ငါလာခဲ့မယ်" စွန်းမင်က ပြောသည်။ စွန်းမင်က ဖုန်းချလိုက်ပြီးနောက် အောက်ထပ်သို့ ပြေးဆင်းလာသည်။

ယွမ်ကျိုးက သူ့ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလိုက်ပြီး ဝင်ပေါက်မှာ မတ်တပ်ရပ်နေသည်။ ထိုစဉ် သူ့လက်နှစ်ဘက်ကို အိတ်ကပ်ထဲထည့်ကာ လေးနက်သောအမူအရာကို ပြုမူနေသည်။ အေးတိအေးစက်ပြုမူနေသော ယွမ်ကျိုး၏အပြုအမူကို ဖြတ်သွားသော မိန်းကလေးတော်တော်များများက အာရုံစိုက်နေသည်။

"ငါရောက်ပြီ .. သွားကြမယ်" စွန်းမင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ယွမ်ကျိုးက သူငယ်ချင်းများ‌အပေါ် သစ္စာရှိသော်လည်း စကားအများကြီးမပြောတတ်ပေ။ ပုံမှန်အားဖြင့် တည်ငြိမ်သောအမူအရာရှိသည်။ လုံခြုံရေးဝန်ထမ်းများ၏ ရိုသေလေးစားသော အကြည့်အောက်တွင် စွန်းမင်က ယွမ်ကျိုးကို အိမ်ရာဝင်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ ထိုစဉ် လုံခြုံရေးဝန်ထမ်းများသည် ယွမ်ကျိုးကို စစ်ဆေးမေးမြန်းမှု မလုပ်ခဲ့ပေ။ အိမ်ရာဝင်းနေထိုင်သူ ကိုယ်တိုင်လာရောက်ခေါ်ဆောင်၍ စစ်ဆေးမေးမြန်းရန်လဲ မလိုအပ်ချေ။

"ဟင်းချက်ပစ္စည်းတွေ အားလုံးကို အသင့်ပြင်ထားတယ်။ အားလုံးက ပစ္စည်းကောင်းတွေချည်းပဲ။ မင်းက ဂျီးများတယ်ဆိုတာ ငါက သိတယ်လေ။ ဒါကြောင့်မို့လို့ ဒေသထွက်ကြက်ဥတွေကို ယူလာဖို့အတွက် ငါ့သူငယ်ချင်းကိုတောင် အထူးတလည် တောင်းဆိုထားသေးတယ်" စွန်းမင်က ယွမ်ကျိုးကို သူ့အိမ်သို့ ခေါ်သွားရင်း စကားတတွတ်တွတ်ပြောသည်။

ယွမ်ကျိုးက စွန်းမင်ပြောသောစကားများကို နှုတ်ဆိတ်သောအမူအရာဖြင့် နားထောင်နေသည်။ ဒေသထွက်ကြက်ဥဖြစ်သည့်တိုင်အောင် စနစ်မှ ပံ့ပိုးပေးထားသော ကြက်ဥကို မမှီနိုင်သေးပေ။

"မင်း ညွှန်ကြားထားတဲ့အတိုင်း မနေ့ညနေခင်းတုန်းက ထမင်းအိုးတည်ထားတယ်။ အခုလောက်ဆို အေးနေလောက်ပြီ" စွန်းမင်က ရုတ်တရက်ပြောသည်။

"ဪ မေ့တော့မလို့။ ဒေသထွက်ကြက်ဥတွေကို ယူလာပေးတဲ့လူက KFCလေ။ မင်း သူ့ကို မှတ်မိသေးလား" စွန်းမင်က တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး မေးမြန်းသည်။

ယွမ်ကျိုးသည် ၎င်းအမျိုးသားကို အမှန်တကယ် မှတ်မိသည်။ ထို့အပြင် သူ့နာမည်က မှတ်ရလည်း လွယ်ကူသည်။ KFCက စွန်းမင်၏သူငယ်ချင်းဖြစ်သည်။

ယခင်တုန်းက သူတို့နှစ်ဦး သူငယ်ချင်းတွေ့ဆုံပွဲတွင် မကြာခဏ ဆုံဖူးသည်။

KFCဟူသော ချစ်စနိုးနာမည်ကို ရရှိသွားခြင်းက တစ်လလုံး KFCနေ့လည်စာထမင်းဘူးကို အမြဲမှာစားသောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် စွန်းမင်က ၎င်းအမျိုးသားကို KFCဟူသော ချစ်စနိုးအမည်ကို ပေးခဲ့သည်။ စွန်းမင်က KFCကို ယွမ်ကျိုးနှင့် မိတ်ဆက်ပေးသောအခါ KFCဟူသောနာမည်ကိုသာ သုံးနှုန်းခဲ့ပြီး နာမည်အစစ်အမှန်ကို မခေါ်ဝေါ်ခဲ့ပေ။

စကားအများကြီး ပြော‌လေ့မရှိသော ယွမ်ကျိုးကလည်း ၎င်းအမျိုးသားကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ပြီး သူရဲ့နာမည်အစစ်ကို မေးမြန်းချင်သော ရည်ရွယ်ချက်မရှိခဲ့ပေ။

"KFCက မင်းရဲ့ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ဖို့ တကူးတက လာခဲ့တာနော်။ သူက တကယ့်ကို အလုပ်များလွန်းလို့ မင်းဆိုင်လာဖို့တောင် အချိန်မရဖူးလို့ ပြောတယ်။ ငါ့အမြင်မှာတော့ ဈေးကြီးလို့ မလာတာဘဲ ဖြစ်ရမယ်"

စွန်းမင်က အားမနာစတမ်း အတင်းတုပ်သည်။

"ဟုတ်မှာပါလေ" ယွမ်ကျိုးက အများကြီး ဂရုမစိုက်တတ်ပေ။ KFCက ရိုးသားပွင့်လင်းသူ ဖြစ်လိမ့်မည်ဟု သူယုံကြည်သည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့အပေါ် ကောင်းမွန်သော ထင်မြင်ယူဆချက်ရှိသည်။

"ငါတို့ ရောက်ပြီ။ ဒီဓာတ်လှေကားကို တက်မယ်။ ငါ့အိမ်က (၁၀)လွှာမှာ" စွန်းမင်က ယွမ်ကျိုးကို ဓာတ်လှေကားဆီသို့ ခေါ်သွားပြီး နံပါတ်(၁၀)ခလုတ်ကို နှိပ်လိုက်သည်။

ဓာတ်လှေကားက လျင်မြန်စွာ ရွေ့လျားသွားသည်။ တစ်မိနစ်ခန့်ပင် မကြာလိုက် သူတို့နှစ်ဦးက (၁၀)လွှာသို့ ရောက်ရှိသွားသည်။ တိုက်ခန်းထဲမဝင်ခင် အခန်းထဲမှ ဆူညံသံများကို ကြားနေရသည်။

"စွန်းမင်က စားဖိုမှူးကို ခေါ်လာတယ်လို့ ကြားတယ်" အမျိုးသားတစ်ဦးက ကျယ်လောင်သော အသံဖြင့် မေးမြန်းသည်။

"ဟုတ်တယ် .. အမှန်ပဲ။ ဒါပေမယ့် အဲ့ဒီစားဖိုမှူးက ကြက်ဥထမင်းကြော်ကိုပဲ ကြော်တတ်တယ်တဲ့" အခြားအမျိုးသားတစ်ယောက်၏ အသံက ချက်ချင်း ပဲ့တင်ထပ်လာသည်။

"ကြက်ဥထမင်းကြော်ပဲ ကြော်တတ်တဲ့စားဖိုမှူးကိုဘဲ ခေါ်လာစရာလား။ အံ့ဩပါ့ဟယ်"

အမျိုးသမီးတစ်ဦး၏ အသံကိုလည်း ကြားနိုင်သည်။

"အားနာလိုက်တာ။ သူတို့ရဲ့ ပေါက်ပန်းလေးဆယ်စကားတွေကို နားမထောင်နဲ့" စွန်းမင်က အားတုံ့အားနာဖြစ်မိသည်။ နှစ်ဖက်စလုံးက သူ့သူငယ်ချင်းများဖြစ်နေ၍ စွန်းမင်က အားနာမိသည်။

"ကိစ္စမရှိပါဘူး။ ကြက်ဥထမင်းကြော် အရင်ကြော်မလား ... ခေါက်ဆွဲပြုတ်အရင်ပြုတ်မလား" ယွမ်ကျိုးက စိတ်သဘောထားသေးသိမ်‌သောသူများ၏ တိုက်ခိုက်မှုကို စိတ်ထဲမထားတတ်ပေ။ ဟင်းပွဲများကို မြည်းစမ်းပြီးသွားလျှင် ၎င်းအဖွဲ့၏သ‌ဘောထားအမြင် ပြောင်းလဲသွားလိမ့်မည်ဟု သူ ယုံကြည်သည်။ ထို့ပြင် ယနေ့က သူ့အချစ်ဆုံးသူငယ်ချင်း၏မွေးနေ့လဲ ဖြစ်၍ ပြဿနာမဖြစ်ချင်ပေ။

မဖြစ်စလောက်သော သံသယဖြင့် ငြင်းခုန်နေရန်လည်း မလိုအပ်ပေ။

"ကြက်ဥထမင်းကြော် အရင်ကြော်မယ်။ ငါတို့ အခုချိန်အထိ ဘာမှ မစားရသေးဘူး။ မင်းချက်ပေးတဲ့အချိန်ကို စောင့်နေတာ။ စိတ်ချပါ .. ငါ့မီးဖိုချောင်က အသစ်အတိုင်း သန့်ရှင်းနေတာပဲ"

ယွမ်ကျိုးက တခြားသူများ၏တိုက်ခိုက်မှုကို စိတ်ထဲမထားတာကို မြင်မှ စွန်းမင် စိတ်အေးရသည်။

"အိုကေ .. ဒါဆိုရင် ငါ့ကို မီးဖိုချောင်ကို ခေါ်သွားပေး"

အခန်းထဲတွင်ရှိသော လူအားလုံးအနက် စွန်းမင် နှင့် KFCသာ သူသိကျွမ်းသူဖြစ်မှန်း စဉ်းစားမိသောအခါ ယွမ်ကျိုးက ချက်ချင်း ချက်ပြုတ်ရန် ရည်ရွယ်လိုက်သည်။

"အိုကေ အိုကေ ငါတို့အတွက် ဟင်းလျာတွေ မင်း ချက်ပြုတ်ပေးဖို့အတွက် အကူအညီတောင်းရဦးမှာပေါ့" စွန်းမင်က ယွမ်ကျိုးရောက်လာ၍ အတော်လေးပျော်ရွှင်လာသည်။

"ကိစ္စမရှိပါဘူး" ယွမ်ကျိုးက စွန်းမင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောသည်။

"မင်း ခုလို လေသံမျိုးနဲ့ ခုလို ပုံစံမျိုးနဲ့ စကားဆက်ပြောနေရင် မင်းကို ငါ ရိုက်သတ်မိတော့မယ်။ မင်း သိရဲ့လား" စွန်းမင်က ယွမ်ကျိုး၏ မပွင့်မလင်းအမူအရာကြောင့် ကူကယ်ရာမဲ့ ခံစားမိသည်။

"ကိစ္စမရှိပါဘူး။ ငါ့စိတ်ထဲ ဘာမှမထားဘူး။ အားနာမနေနဲ့"

"ဒါဆိုလဲ မင်းကို အရမ်းကျေးဇူးတင်တယ်။ ငါ့ရဲ့မီးဖိုချောင်က ရှေ့နားမှာတင်" စွန်းမင်က ဝင်ပေါက်ဘေးနားက အခန်းကို လက်ညှိုးထိုးပြသည်။

"ဟုတ်ပြီ" ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ လူအများစုက စွန်းမင်နှင့် ယွမ်ကျိုး၏ နောက်ကွယ်တွင် ဘဝင်မကျသော အမူအရာကို ပြသသည်။ သို့သော်လည်း စွန်းမင်က သူတို့ပြောသောအကြောင်းအရာများကို မကြားသကဲ့သို့ ပြုမူပြီး ပေါ့ပါးသောပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ ထိုမှသာ အခန်းထဲတွင်ရှိသော အမျိုးသားနှင့် အမျိုးသမီးမျသည် စကားတတွတ်တွတ် ဆက်ပြောကြသည်။

အပိုင်း(၈၀)

ပြီးပါပြီ။

အပိုင်း(၈၁)

*

"စွန်းမင် မီးဖိုချောင်ထဲ ဝင်သွားတဲ့သူက စားဖိုမှူးပဲလား" ယွမ်ကျိုးက အထင်သေးသောသူက စွန်းမင်အနီး လမ်းလျှောက်လာပြီး အသံတိုးတိုးဖြင့် မေးမြန်းသည်။

"သူက စားဖိုမှူးပဲမဟုတ်ဘူး။ ငါ့မွေးနေ့ပွဲကို အထူးတလည်ဖိတ်ကြားထားတဲ့ ငါ့သူငယ်ချင်းဘဲ" စွန်းမင်က ၎င်းအမျိုးသားသည် ကြင်နာတတ်သော်လည်း တဲ့တိုးပြောတတ်သောအကျင့်စရိုက်ရှိမှန်း သိသည်။ ထို့ကြောင့် စွန်းမင်က ပြုံးရွှင်သောအမူအရာဖြင့် ပြန်ပြောသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါပေမယ့် သူက ဘာလို့ ကြက်ဥထမင်းကြော်ပဲ ကြော်တာလဲ" ကောင်လေးက တိုးတိုးလေး မေးမြန်းပြန်သည်။

"အဲ့ဒီ ကြက်ဥထမင်းကြော်က ငါစားချင်လို့ ကြော်ပေးတာပါ" စွန်းမင်က တဲ့တိုးပြန်ပြောသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် မင်းက ဒီပွဲမှာ အရေးပါအရာရောက်တဲ့သူပဲ။ လာပါ ငါတို့အားလုံးနဲ့အတူတူ အရက်သောက်ရင်း ချီးယားစ်လုပ်မယ်" ထိုစကားကို ပြောနေစဉ် သူက စွန်းမင်ကို အရက်‌သောက်ရန် လှုံ့ဆော်ခဲ့သည်။

"ဒီနေ့က မင်းမွေးနေ့မို့လို့ မင်း မမူးမချင်း သောက်ရမယ်"

KFCက စွန်းမင်၏ပခုံးပေါ် လက်တင်ကာ ပြုံးပြလိုက်သည်။

"ဟုတ်တယ် မင်းမွေးနေ့မို့လို့ မင်းက အရင်ဆုံး တစ်‌ခွက်သောက်ရမယ်" စွန်းမင်ကို အရက်သောက်ရန် တခြားသူများကလည်း လှုံ့ဆော်လာကြသည်။ စွန်းမင်က ရွေးချယ်စရာမရှိသည့်အဆုံး သူတို့၏တောင်းဆိုချက်ကို လုပ်ဆောင်ပေးသည်။ ထို့နောက် အရသာရှိသော ဟင်းပွဲများကို မြည်းစမ်းရန် စောင့်ဆိုင်းနေသည်ဟူသော အကြောင်းပြချက်ဖြင့် တစ်ခွက်ပြီးတစ်ခွက် ကုန်အောင် သောက်သည်။

ယွမ်ကျိုး မီးဖိုချောင်ထဲဝင်သွားသောအခါ စွန်းမင်ပြောသော အသစ်စက်စက်မီးဖိုချောင်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ မီးဖိုချောင်သုံး ဒယ်အိုးများကိုပင် ဝယ်ခါစအတိုင်း ထုတ်ပိုးထားသည်။ အလုပ်အားလက်သည်ဖြစ်စေ၊အလုပ်ရှုပ်သည်ဖြစ်စေ ယွမ်ကျိုး၏စားသောက်ဆိုင်ကို လာရောက်အားပေးရသည့် အကြောင်းအရင်းက အံ့ဩစရာမရှိပေ။ အကြောင်းမူကား သူ့မီးဖိုချောင်ကို တစ်ခါမှ အသုံးမပြုခဲ့သောကြောင့် ဖြစ်သည်။

ယွမ်ကျိုးက ဟင်းခတ်အမွှေးအကြိုင်များ ကြိုတင်ပြင်ဆင်ထားကြောင်း သိရှိရန် အံဆွဲကို ဖွင့်လိုက်သည်။ အခြေခံလိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များကို သေချာပြင်ဆင်ထားပြီး အဖုံးလုံအောင် တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ ပြီးနောက် ယွမ်ကျိုးက အံဆွဲကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ဒယ်အိုးနှင့် ယောင်းမကို ကောက်ယူလိုက်ပြီး ထုပ်ပိုးထားသည်များကို စတင်ဖြည်ပြီးနောက် ဒယ်အိုးကို အပူပေးရန် စတင်သည်။ မီးဖိုချောင်သုံးပစ္စည်းအားလုံးသည် အသစ်စက်စက် ဖြစ်နေသည်။

ဒယ်အိုးကို အပူပေးသောလုပ်ငန်းစဉ်က အတော်ကလေး ရိုးရှင်းသည်။ ပထမဦးဆုံး ဒယ်အိုးကို သန့်ရှင်းအောင် ဆေးကြောပြီး မီးဖိုပေါ်တင်ကာ အပူပေးသည်။ထို့နောက် ထပ်မံမဆေးကြောခင် ဒယ်အိုးတစ်ခုလုံးကို သန့်စင်ရန် ဝက်ဆီဖတ်အနည်းငယ်ကို အသုံးပြုသည်။ ဤလုပ်ငန်းစဥ်ကို ထပ်တလဲလဲ လုပ်ဆောင်သည်။ သုံးကြိမ်မြောက်ပြီးဆုံးသောအခါ ဒယ်အိုးသည် အသုံးပြုရန် အဆင်သင့်ဖြစ်သွားသည်။ သို့သော်ငြားလည်း ယွမ်ကျိုး၏အပြုအမူက အနည်းငယ် ခြားနားမှု ရှိသည်။ ရေအပြည့်ဖြည့်ပြီး ရေပွက်ပွက်ဆူလာမှ အဆီနည်းသောဝက်သားအပိုင်း နှင့် အဆီများသော ဝက်သားအပိုင်းများကို မုန့်လာဥဖြူများဖြင့် ရောကာ ပြုတ်သည်။ ယခုလို ရောပြုတ်ရသည့်အကြောင်းအရင်းက စွပ်ပြုတ်ရရန်အတွက်သာ မဟုတ်ဘဲ ဒယ်အိုးအသစ်တွင် ကျန်ရှိနေသော သံချေးအရသာများကို စုပ်ယူရန်လည်း ဖြစ်သည်။

ယွမ်ကျိုးက မုန့်ညှက်မနယ်ခင် စွပ်ပြုတ်များကို ပွက်ပွက်ဆူရန် စတင်လုပ်ဆောင်သည်။ ထိုမှသာ စွပ်ပြုတ်ရရှိလာလျှင် ခေါက်ဆွဲပြုတ်ကို အဆင်သင့် ပြုလုပ်နိုင်လိမ့်မည်။ ယွမ်ကျိုးက အစားအအသောက်သောင်းကျန်းသူ ဖြစ်သော်လည်း ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍ အများကြီး မသိထားပေ။

ပို၍ ဈေးကြီးသောပစ္စည်းများသည် ပို၍ကောင်းမွန်သည်ဟု စွန်းမင်က ခံယူထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စွန်းမင်ဝယ်လာသော ဂျုံမှုန့်သည် Supermarketတွင်ရောင်းချသော ဈေးအကြီးဆုံး ဂျုံမှုန့်ဖြစ်နိုင်သည်ဟု သိလိုက်သည်။ သေချာအသေးစိတ်ကြည့်ရှုလိုက်လျှင် အားလုံးအသုံးပြုရန် ရည်ရွယ်ထားသော ဂျုံမှုန့်ကို ဝယ်ယူလာခြင်းဖြစ်သည်။ ယွမ်ကျိုးက ဂျုံအိတ်ကို စုတ်ဖြဲလိုက်ပြီး ဂျုံမှုန့်ကို သူ့လက်ဖြင့် ထိတွေ့ကြည့်သည်။ ခြောက်သွေ့မှုအနေအထားက အဆင်ပြေနေသေးသည်။ အနံ့ခံကြည့်လိုက်လျှင် အနံ့မွှေးကြိုင်မှု ရှိပြီး အရောင်အဆင်းက သာမန်ထက် ဖြူဖွေးနေသည်။ ဤအချက်ကို အကြည့်ချင်းဖြင့် သာမန်ထက် လွန်ကဲစွာ ပြုပြင်ထားခြင်း ဖြစ်နိုင်သည်။

ယွမ်ကျိုးက ဂျုံမှုန့်များကို သံမဏိဇလုံထဲ လောင်းချလိုက်ပြီး မုန့်ညှက်နယ်ရန် စတင်သည်။ ဂျုံမှုန့်၏မွှေးရနံ့နှင့် အရသာအားနည်းမှုကြောင့် ယွမ်ကျိုးက ကြည်လင်သောရေအစား ကြက်ဥကို အသုံးပြုခဲ့သည်။ ထိုမှသာ ဂျုံမှုန့်ထဲပါဝင်သော အရောင်ချွတ်ဆေး၏အနံ့အသက်ကို ဖုံးကွယ်နိုင်လိမ့်မည်။ ထို့အပြင် ရေစိုနေသောဂျုံမှုန့်၏စေးကပ်မှု တိုးမြှင့်ရန်နှင့် ဂျုံမှုန့်ထဲ ပါဝင်သော အနံ့ဆိုးများကို ဖယ်ရှားရန် ဆားဖြူးလိုက်သည်။ ယွမ်ကျိုးက ပြင်ဆင်ခြင်းအလုပ်ဖြင့် အလုပ်ရှုပ်နေသည်။

ဂျုံမုန့်ညှက်ကို ဂရုတစိုက်နယ်နေစဉ် ကြက်ဥရောထားသောကြောင့် ဂျုံမုန့်ညှက်က အဝါရောင်သန်းလာသည်။ ထိုစဉ်က KFCက တံခါးခေါက်ကာ သူ့ကို မေးမြန်းလာသည်။

"အကူအညီ လိုအပ်သေးလား"

"မလိုအပ်ပါဘူး။ မင်းတို့ဘာသာ မင်းတို့ ပျော်ပျော်ပဲနေပါ" ယွမ်ကျိုးက ခေါင်းလှည့်ကာ ချိုသာသောလေသံဖြင့် ပြောလိုက်သည်။ ယွမ်ကျိုးက ကြင်နာတတ်သောအပြုအမူကြောင့် အကူအညီမတောင်းခြင်း မဟုတ်ပေ။ KFC၏ ရယ်မောလိုက်လျှင် သွားရည်များ ခွက်ထဲ ကျသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဤမီးဖိုချောင်ထဲတွင် maskမရှိပေ။

"မင်းက အရမ်းနှေးတယ်။ မင်းတစ်ယောက်တည်းလုပ်နေရင် ကြာနေမှာပေါ့။ ငါ ကူညီပေးလိုက်တော့ မြန်မြန် ပြီးသွားတာပေါ့။ မြန်မြန်ပြီးသွားရင် တူတူပျော်လို့ရတယ်လေ" KFCက အလွန်တက်ကြွနေသည်။ အဲ့ဒီစကားကိုပြောလိုက်စဉ် သူက အင်္ကျီလက်ကို ခေါက်တင်လိုက် အကူအညီပေးရန် အခန်းထဲသို့ဝင်ရောက်မည့်ဟန်ဖြင့် ပြင်ဆင်သည်။

"မင်းက ဘယ်လိုလုပ်ရမလဲ သေချာ မသိဘူးလေ။ ငါ့ဘာသာငါ ဆက်လုပ်နိုင်ပါတယ်" ယွမ်ကျိုးက KFCဖက်လှည့်ကာ စကားပြောသည်။

"အွန်း ကောင်းပြီလေ အကူအညီလိုအပ်ရင် ခေါ်လိုက်" KFCက သူ့အင်္ကျီလက်ကိုချကာ ပခုံးဆတ်ခနဲတွန့်ပြီးနောက် ပြန်ပြောသည်။

"ပြဿနာမရှိပါဘူး" ယွမ်ကျိုးက မုန့်ညှက်ကို ဂရုတစိုက်နယ်နေသည်။ မုန့်ညှက်နယ်ရာတွင် အထူးကျွမ်းကျင်မှုတချို့လိုအပ်သည်။ သို့သော်ငြားလည်း ယွမ်ကျိုးက ဟင်းချက်နည်းကျွမ်းကျင်ရုံသာမက လက်မှုပညာရပ်ကိုလည်း ကျွမ်းကျင်သည်။ သာမန်ဂျုံမှုန့်ကို အသုံးပြုထားသည့်တိုင် အလွန်အရသာရှိသော ဟင်းပွဲများကို မချက်ပြုတ်မီ ပါဝင်ပစ္စည်းများ၏ လက်ဆတ်မှုနှင့် အရသာရှိမှုကို အကောင်းဆုံးထိန်းသိမ်းနိုင်အောင် ကြိုးစားသည်။ ထို့ကြောင့်လည်း ယွမ်ကျိုးက မုန့်ညှက်နယ်သည့်အလုပ်ကို အသေးစိတ်လုပ်ကိုင်နေခြင်းဖြစ်သည်။

ယွမ်ကျိုး မုန့်ညှက်ဆုပ်နယ်ပြီးသောအခါ ဇလုံက အတော်လေးသန့်ရှင်းသွားသည်။ မုန့်ညှက်ကလည်း ချောမွေ့သွားပြီး သူ့လက်များကလည်း သန့်ရှင်းနေသည်။ ထို့နောက် ကြိုတင်သန့်စင်ထားသော မီးဖိုချောင်ကောင်တာပေါ်တွင် ခေါက်ဆွဲပြုလုပ်ရန် မုန့်ညှက်များကို လိပ်သည်။

"ငါတို့ မီးဖိုချောင်ထဲက ဘာလို့ အသံမကြားရဝာာလဲ"

တစ်စုံတစ်ယောက်က မေးမြန်းသည်။ စွန်းမင်က သူ့မွေးနေ့ပွဲကို ကျင်းပရန် အိမ်တွင် သူငယ်ချင်းများကို ညစာဖိတ်ကျွေးပြီး ဟင်းပွဲအများစုကို Deliveryဖြင့် မှာယူရန် စီစဉ်ခဲ့သည်။ သို့သော်ငြားလည်း နောက်ပိုင်းတွင် သူ့သူငယ်ချင်းက တကူးတကလာရောက်‌ချက်ပြုတ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ဆင်ခြေပေးခဲ့သည်။ တခြားဟင်းလျာများချက်ပြုတ်မည်ဆိုပါက နားလည်နိုင်သေးသည်။ သို့သော်လည်း ကြက်ဥထမင်းကြော်က ရိုးရှင်းလွန်းသည့်အတွက် သူ့သူငယ်ချင်းများက သံသယဝင်မိခြင်းဖြစ်သည်။

"အဲ့ဒါက သာမန်ကြက်ဥထမင်းကြော်ပဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် ကြာနေတာလဲ" ကောင်မလေးတစ်ယောက်က ဝိုင်ခွက်ကိုချကာ စပ်စပ်စုစုမေးမြန်းသည်။

"အချိန်တော်တော်ကြာတာတောင် ဒယ်အိုးဆေးနေတုန်းလား" တခြားသူငယ်ချင်းတစ်ယောက်က ဝိုင်ခွက်ကိုကိုင်ရင်း မေးမြန်းသည်။

"ဖြစ်နိုင်တယ်။ ဒီနေရာမှာ လူတွေအများကြီး ရှိနေတာ ကြက်ဥထမင်းကြော်လောက်နဲ့တော့ မဖြစ်ဘူးလေ။ ကြက်ဥထမင်းကြော်က အရမ်းလွယ်တာ ဒီ‌လောက်ကြာစရာလိုအပ်လို့လား" အတွေ့အကြုံရှိသောလူတစ်ယောက်က ပြောဆိုသည်။

"ကျွန်တော်တို့ သူ့ကို အားကိုးလို့ ရမယ်မထင်ဘူးနော်။ ဘာပဲဖြစ်ဖြစ် တခြားဟင်းတွေလည်း အများကြီး ရှိ‌ပါသေးတယ်" ယွမ်ကျိုး၏ အချက်အပြုတ်ကျွမ်းကျင်မှုကို အကောင်းမြင်ခြင်းမရှိသောလူများက သံသယဝင်သော လေသံဖြင့် ပြောဆိုကြသည်။

"ငါ ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို ကောင်းပါတယ်။ ငါ့မျက်နှာကို ထောက်ထားပြီးတော့ ငါ့သူငယ်ချင်းရဲ့မကောင်း‌ကြောင်းကို

မပြောနဲ့တော့" စွန်းမင်က ဝိုင်ခွက်ကိုချကာ တင်းမာသောလေသံဖြင့် ပြောသည်။

"အကူအညီလိုအပ်လား သွားမေးရင် မကောင်းဘူးလား" တစ်စုံတစ်ယောက်က ချက်ချင်း အကြံပေးသည်။

"ငါ စောနလေးတင် သွားမေးကြည့်ပြီးပြီ။ ယွမ်ကျိုးက မုန့်ညှက်နယ်နေတယ်။ အကူအညီမလိုအပ်ဘူးလို့လည်း ပြောတယ်" KFCက ချိုသာသောလေသံဖြင့် ရေရွတ်သည်။

"‌ဪ ဒါဆိုရင်တော့ အသံမကြားရတာ မထူးဆန်းဘူး။ ဒီလိုဆိုရင် သူက လက်လုပ်ခေါက်ဆွဲလုပ်နေတာပေါ့" ကောင်မလေးက ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"လက်လုပ်ခေါက်ဆွဲကို အတော်လေး စိတ်ဝင်စားမိတယ်။ လက်လုပ်ခေါက်ဆွဲတွေက စားရတာကောင်းတယ်လို့ ကြားတယ်" ဝိတ်ချနေသူတစ်ဦးက ပြောသည်။ ထို့နောက် ၎င်းတို့ပြောဆိုနေသော အကြောင်းအရာများသည် လက်လုပ်ခေါက်ဆွဲ၊သာမန်ခေါက်ဆွဲတို့၏ ခြားနားချက်များဖြစ်ကြသည်။

တစ်ဖက်တွင်မူ ယွမ်ကျိုးက ဟင်းရည်ကို လောင်းချလိုက်ပြီးတော့ ဆေးကြောလိုက်သည်။ ထို့နောက် သူက ထမင်းတွေကို ဒယ်အိုးပေါ်မှာ ဖြန့်ကြဲလိုက်သည်။

အပိုင်း(၈၁)

ပြီးပါပြီ။

All Chapters