← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၂၂၆) {စာစဉ် ၁၆ - အပိုင်း(၁)}

နဂါးနှုတ်ခမ်းမွှေးမြစ်၏ဘေးတွင် ရှိနေသော ဓားမီးဖိုကြီးဆီမှ ပြိုင်ဘက်ကင်း အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ စစ်ကျောင်းသူတော်စင် သံထုလုပ်နေသောအသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာနေခဲ့၏။ ထိုအသံကို ကြားသည့်အချိန်တိုင်း ပတ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးများက သူတို့၏ ကိုယ်တွင်းအင်္ဂါများ ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။

လွန်ခဲ့သော ရက်အနည်းငယ် အတောအတွင်း လုံချွမ်တိုင်းပြည်ထဲ၌ ရှိနေသော ကျင့်ကြံသူများ အားလုံးနီးပါးက မြစ်ကမ်းဘေးတွင် ရှိနေသော ပန်းပဲဆိုင်ကို အလေးထားမိနေကြသည်။ ချီကျင့်ကြံသူများကတော့ တောင်ထိပ်များပေါ်တွင် အသစ်တည်ဆောက်ထားသော ကျောင်းဆောင်များ၊ စံအိမ်များနှင့် တောင်မြင့်ကြီးနှစ်ခု၏ ကြားထဲတွင် ရှိနေသော အလွန်အန္တရာယ်များသည့် တံတားများပေါ်တွင် လူသူထူထပ်စွာ ရှိနေကြသည်။ သူတို့က အမြင့်နေရာမှနေ၍ ဓားမီးဖိုကြီးထဲတွင် သံရည်ကျိုနေသော ရွမ်ချုံ၏ မြင်ကွင်းကို ကြည့်နေနိုင်ကြသည်။

အမှန်အတိုင်းပြောရလျှင် လုတိုင်းပြည်မှ အပြစ်သားများနှင့် ဒုက္ခသည်များ ၊ သူတို့ကို ကြီးကြပ်ရန် တာဝန်ရှိသော တာ့လီအင်ပါယာမှ ရဲမက်များကလည်း အားလပ်ချိန် ရောက်သည့်အချိန်တိုင်း ထိုအကြောင်းအရာကိုသာ အသည်းအသန် ဆွေးနွေးနေကြသည်။

ရွမ်ချုံက ထိုဓားကို အောင်အောင်မြင်မြင် ဖန်တီးပြီးသွားသည့်အချိန်တွင် ကမ္ဘာမြေကြီး၏ ထူးခြားသော ဖြစ်စဉ်များကို ဖော်ထုတ်နိုင်ခြင်း ရှိ၊ မရှိ သူတို့က ထင်မြင်ချက်များ ပေးနေကြသည်။ ယနေ့တွင်တော့ မြစ်ကမ်းဘေးတွင် ရှိနေသော ဆူညံသံများက ပို၍ကျယ်လောင်စွာ ပြင်းထန်လာနေခဲ့သည်။

တောင်တန်းထဲတွင် ရှိနေသော တစ်ကိုယ်တော် နတ်ဆိုးကျင့်ကြံသူများကတော့ အတော်လေးကို မသက်မသာ ခံစားနေကြရ၏။ အမှန်အတိုင်းပြောရလျှင် အားနည်းသော နတ်ဆိုးများနှင့် တစ္ဆေသရဲများကတော့ ဤနယ်မြေထဲတွင် ရှိနေသော တောင်တန်းများနှင့် မြစ်များ၏ သဘာဝ ကံကြမ္မာ အကာအကွယ်ရှိနေသည်ကိုပင် မီးဖိုကြီးတစ်ခုထဲ၌ အရည်ဖျော်ချခံနေရသလို ခံစားနေကြရသည်။

သူတို့က အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားနေကြရ၏။ ထို့ကြောင့် သူတော်စင် ရွမ်ချုံက ဓားဖန်တီးခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးပါသော အဆင့်ကို ရောက်နေပြီဟု လူတိုင်းက ခံစားနေကြရသည်။ ထိုအရာက အောင်မြင်မှုနှင့် ကျရှုံးမှုကို ဆုံးဖြတ်ပေးနိုင်သော အခိုက်အတန့်လည်း ဖြစ်၏။

လော်ပိုတောင်ပေါ်၌ ရှိနေသော ဝါးအဆောက်အဦးထဲတွင် ချန်းပင်အန်းက လိုအပ်သည့်အရာများ အားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး အချိန်မရွေး ထွက်သွားရန် ပြင်ဆင်ထားသည်။ သူက ထီးသစ်ပင် တောင်ထိပ်ပေါ်၌ ရှိနေသော အင်မော်တယ်လှေဆိပ်ဆီသို့ သွားရန် အဆင်သင့် ဖြစ်နေခဲ့သည်။

နောက်ဆုံးတစ်ကြိမ် ဝေ့ပိုက လူငယ်လေးကို သူ၏ပိုင်နက်ထဲ၌ လှည့်ပတ်ပြသနေသည့် အချိန်တွင် ချန်းပင်အန်းက ထီးသစ်ပင် တောင်ထိပ်၏အပေါ်တွင် ရှိနေသော ထူးခြားသည့် မြင်ကွင်းကို မြင်ဖူးထားသည်။

တောင်ထိပ်တစ်ခုလုံးကို ပိုင်းဖြတ်ထားပြီး ထိုနေရာတွင် အကျယ်အဝန်းအားဖြင့် (၂)ကီလိုမီတာခန့် ရှိသော မြေကွက်လပ်ကြီးတစ်ခု ရှိနေသည်။ ယခင်တစ်ခေါက်တွင် ဝေ့ပိုက ချန်းပင်အန်းကို အရာအားလုံး ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိချေ။ ထိုကဲ့သို့သော လှေဆိပ်မျိုးက ခရီးရှည်ကြီးများ သွားလာရာတွင် ကျင့်ကြံသူများကို မည်ကဲ့သို့ သယ်ဆောင်ရန် အသုံးပြုကြောင်းလည်း မပြောခဲ့ပေ။

ရွမ်ရှို့က နှုတ်ဆက်လက်ဆောင်အဖြစ် မက်မွန်ကိတ် တစ်အိတ် ပေးလိုက်သည်။ ချန်းပင်အန်းက သူမ၏လက်ဆောင်ကို ငြင်းပယ်ခဲ့ခြင်း မရှိချေ။ အမှန်အတိုင်း ပြောရလျှင် မကြာသေးခင်အချိန်တွင် သူက ဝေ့ပိုကို ရွမ်ချုံဆီသို့ သွားရန် တောင်းဆိုခဲ့ပြီး ရတနာတောင်ကို ရွမ်ချုံဆီသို့ လက်ဆောင်ပေးရန် ဆန္ဒရှိကြောင်း ရည်ရွယ်ချက်ကို ပြောပြခိုင်းခဲ့သည်။

သို့သော် ဝေ့ပိုကတော့ စိတ်ပျက်လက်ပျက် အမူအရာနှင့် ဝါးအဆောက်အဦးဆီသို့ ပြန်ရောက်လာခဲ့ပြီး ချန်းပင်အန်းကို ပြောပြခဲ့သည်။ ရွမ်ချုံက သူ၏တောင်းဆိုမှုကို ကြားလိုက်ရပြီးနောက် ‘ထွက်သွား’ ဟူသော စကားလုံးနှစ်လုံးသာ ပြန်ပြောခဲ့၏။ ထို့နောက် သူက ချန်းပင်အန်းအတွက် အနည်းငယ်ပို၍ ရှည်လျားသော စကားတစ်ခွန်း ပြောခိုင်းခဲ့သည်။

“အဲဒီကောင်လေးကို ဝေးဝေးထွက်သွားဖို့ ပြောလိုက်စမ်း…”

ချန်းပင်အန်းဆီတွင်လည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူ၏အတွေးအခေါ်များက အတော်လေးကို လွဲမှားနေကြောင်း သူလည်း သိနေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူ၏စိတ်ဆန္ဒကောင်းများက တစ်ဖက်သတ်ဆန်နေ၍ မရနိုင်ပေ။ ထို့ကြောင့် သူက ထိုကိစ္စကို ခဏတာ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ဖြစ်စေကာမူ ကျင့်ကြံခြင်းကမ္ဘာကြီးထဲတွင် ရှိနေသော လူများက ကျေးဇူးတရားနှင့် လက်တုံ့ပြန်ခြင်း ဖြေရှင်းရန် အချိန်ပေးရတတ်ကြောင်း စိမ်းပြာဝတ်ကောင်လေးက မကြာခဏ ပြောခဲ့ဖူးသည်။ ထိုအကြောင်းအရာက ဖြစ်နိုင်ခြေရှိသည်ဟု ချန်းပင်အန်းလည်း ခံစားမိခဲ့၏။ နောက်ပိုင်းတွင် သူက ရွမ်ချုံနှင့် ရွမ်ရှို့တို့ကို ကျေးဇူးတင်ရန် အချိန်ရှိလာပါလိမ့်မည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အလျင်လိုရန် မလိုအပ်ပေ။

ထို့ကြောင့် ချန်းပင်အန်းက ထိုကိစ္စကို ခဏကြာ စဉ်းစားခဲ့ပြီး စိမ်းပြာဝတ်ကောင်လေး၊ ပန်းရောင်ဝတ် ကလေးမလေးတို့နှင့် လေးလေးနက်နက် ဆွေးနွေးခဲ့ကြသည်။ ကလေးနှစ်ယောက်က သူ၏တောင်းဆိုမှုအပေါ် ပြဿနာမရှိခဲ့ပေ။ ထို့ကြောင့် သူက မြောက်ပိုင်းတောင်၏ တရားဝင်နတ်ဘုရားဖြစ်သော ဝေ့ပိုကို တောင်းဆိုခဲ့ခြင်း ဖြစ်၏။ ထိုအရာကတော့ အလွန်အမင်းကို ကျွမ်းကျင်မှုရှိသော စားဖိုမှူးနှစ်ယောက်ကို ငှားရန် ဖြစ်သည်။

လုံချွမ်စီရင်စုထဲမှ သူ ထွက်သွားပြီးနောက် ထိုစားဖိုမှူးနှစ်ယောက်က သူ၏ မုန့်ဆိုင်တွင် စတင်အလုပ်လုပ်ကြမည် ဖြစ်သည်။ ထို့နောက် သူက စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ် ကလေးမလေးတို့ဆီမှတစ်ဆင့် ရွမ်ရှို့ကို ပြောခိုင်းခဲ့၏။ သူမက သူ၏ စားသောက်ဆိုင်တွင် ရှိနေသော မုန့်များကို စိတ်ကြိုက်စားသုံးနိုင်သည်ဟု ပြောခိုင်းခဲ့ခြင်း ဖြစ်၏။

အမှန်အတိုင်းပြောရလျှင် စိမ်းပြာဝတ်ကောင်လေးနှင့် ပန်းရောင်ဝတ်ကလေးမလေးတို့ နှစ်ယောက်လုံးက သူနှင့်အတူ တောင်ဘက်သို့သွားသော ခရီးစဉ်တွင် လိုက်ချင်နေကြသည်။

ချန်းပင်အန်း၏ အကာအကွယ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိမ်းပြာဝတ်ကောင်လေးက သူ့ကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်သော လူတိုင်းကို နေရာတိုင်းတွင် တွေ့နိုင်သည်။ ထို့ကြောင့် ချန်းပင်အန်း နောက်တစ်ကြိမ် ပြန်လာသည့်အချိန်တွင် သူ၏အုတ်ဂူဆီသို့ လာရောက်လည်ပတ်ပြီး သူ့အတွက် အမွှေးတိုင်ထွန်းပေးရမည်ဟု ပြောခဲ့၏။

ထို့ပြင် တော်ဝင်မြစ်မှ ရေမြွှေလေးက နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည့်အတွက် သူက လွတ်လပ်ပေါ့ပါးသော ဘဝမျိုးကို ရရှိရန် ကျင့်ကြံရေးကမ္ဘာကြီးထဲသို့ ပြန်သွားချင်နေခဲ့သည်။ သူက လုံချွမ်တိုင်းပြည်ထဲတွင် ဆုံးရှုံးသွားခဲ့သော သူ၏မျက်နှာနှင့် သူရဲကောင်းအငွေ့အသက်များကို ပြန်လည်ရှာဖွေရန် ပြင်ပကမ္ဘာကြီးထဲ၌ လှည့်လည်ခရီးသွားလာချင်နေခဲ့၏။

ထိုအချိန်တွင် ပန်းရောင်ဝတ် ကလေးမလေးကတော့ ချန်းပင်အန်း၏ အစေခံအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသည့်အတွက် အကယ်၍ သူမသာ သူနှင့်အတူ လိုက်မသွားလျှင် သူမ၏ဆရာကို ပြုစုစောင့်ရှောက်ပေးရန် လူမရှိမှာကို စိုးရိမ်နေခဲ့သည်။ အကယ်၍ သူမကသာ လော်ပိုတောင်တွင် နေခဲ့ပြီး မည်သည့်အကူအညီမျှ မပေးနိုင်လျှင် အတော်လေး အပြစ်ရှိသလို ခံစားမိပါလိမ့်မည်။

သို့သော် ချန်းပင်အန်းက သူတို့၏ တောင်းဆိုမှုကို သဘောမတူခဲ့ပေ။ စိမ်းပြာဝတ်ကောင်လေးက သူ့ကို ခေါ်သွားရန် ချန်းပင်အန်းကို အမျိုးမျိုး ဖျောင်းဖျပြောဆိုနေခဲ့၏။ ငို၍တစ်ဖုံ၊ အော်၍တစ်လှည့်၊ ခြိမ်းခြောက်၍မျိုးစုံ လုပ်ဆောင်နေခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ပင် တောင်းပန်ခဲ့သည်။ ချန်းပင်အန်းဆီမှ ဖျောင်းဖျမှုကို ကြားလိုက်ရပြီး နောက်ဆုံးတွင်တော့ စိမ်းပြာဝတ်ကောင်လေးက ဝါးအဆောက်အဦးထဲတွင် ဆက်လက်လေ့ကျင့်နေရန် သဘောတူခဲ့သည်။

ထိုကောင်လေးက သွားစားပွဲတောင်မှ အနက်ရောင် စပါးအုံးမြွေနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိနေသည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် တစ်ခါတစ်ရံ သူက ထိုစပါးအုံးမြွေနှင့် စကားသွားပြော၍ ရနေသေး၏။ သူက တဖြည်းဖြည်းနှင့် အနက်ရောင်စပါးအုံးမြွေကို ညီအစ်ကိုအဖြစ် သတ်မှတ်လာခဲ့သည်။

စိမ်းပြာဝတ်ကောင်လေးက အလွန်အမင်းကို ထူးချွန်သော်လည်း ရေနဂါးများ၏ သက်တမ်းအရ ပြောရမည်ဆိုလျှင်တော့ ကလေးငယ်တစ်ယောက်သာ ဖြစ်နေသေးသည်။ ထို့ပြင် သူက အမိန့်ကို မနာခံတတ်ဘဲ အပျော်အပါးမက်သော ကောင်လေး တစ်ယောက်လည်း ဖြစ်၏။ သူက ဆရာတစ်ယောက်၏ သင်ကြားဆုံးမမှုနှင့် လမ်းညွှန်မှုမျိုးကို လုံးဝမရခဲ့ဖူးချေ။

ထို့ကြောင့် ကျင့်ကြံရေးကမ္ဘာကြီးထဲတွင် အမှန်တရားအစစ်ဟုခေါ်သော အရာကပင်... စာအုပ်ပေါင်းများစွာ ဖတ်ရှုခဲ့သော ပန်းရောင်ဝတ်ကလေးမလေး၏ မျက်လုံးထဲတွင်တော့ အတော်လေးကို ကလေးဆန်နေသေးသည်။

သို့သော် အချင်းချင်း အချိန်ကြာမြင့်စွာ ဆက်ဆံခဲ့ရပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ဆိုးရွားသော သူ၏အပြုအမူမျိုးစုံကို ပြင်ဆင်ခဲ့သည်။ သူ့ဆီတွင် မကောင်းသော သဘာဝများ မရှိတော့သည့်အတွက် ချန်းပင်အန်းက သူ့အတွက် အလွန်အမင်း စိုးရိမ်နေခဲ့ခြင်း မရှိတော့ချေ။

ထိုကောင်လေးက ပန်းရောင်ဝတ် ကလေးမလေးကို အနိုင်မကျင့်ရန်သာ ရိုးရှင်းစွာ ပြောဆိုခဲ့၏။ စိမ်းပြာဝတ်ကောင်လေးက ရင်ဘတ်ကို လက်နှင့်ပုတ်ပြီး သူမကို သေချာပေါက် အနိုင်မကျင့်ကြောင်း ကတိပေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ သူက ယောကျ်ားတစ်ယောက်ဖြစ်၏။ ဘာကြောင့် သူမလို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ရမည်နည်း။

အရာအားလုံးက အဆင်သင့်ဖြစ်နေခဲ့၏။ ဝေ့ပိုက ဒုတိယထပ်တွင် ရှိနေေ“ထွက်သွားဖို့ အချိန်ရောက်တော့မယ်။ မင်းက ဆရာကြီးကို သွားပြီး နှုတ်ဆက်ဦးမှာလား…”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်ပြီး အခန်းတံခါးကို သွားခေါက်လိုက်သည်။ “ကျွန်တော် အခုပဲ သွားတော့မယ်…”

ခြေဗလာအဘိုးအိုက အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ သူ့အသံထဲတွင် စိတ်ပျက်မှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့၏။ သူက ပြန်မေးလိုက်သည်။

“မင်းက အချိန်ဒီလောက်ကြာတဲ့အထိ ငါ့ရဲ့ကမ်းလှမ်းမှုကို မစဉ်းစားခဲ့ဘူး မဟုတ်လား…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ထပ်ပြီးတော့ အချိန်ဆွဲလို့ မရတော့ဘူး။ ကျွန်တော် ချက်ချင်းသွားမှရမယ်…”

“တော်တော်ကြောက်တာပဲ…”

အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ချန်းပင်အန်းလည်း ဘာမျှမတတ်နိုင်ခဲ့ပေ။ သူက ဝေ့ပိုကို ပြန်လှည့်ပြီး ပြောလိုက်၏။

“ထီးသစ်ပင်တောင်ထိပ်ကို သွားကြစို့…”

ရွမ်ရှို့က ဝါးလက်ရန်းဘေးတွင် မတ်တပ်ရပ်နေပြီး သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။ ချန်းပင်အန်းကမြက်ဖိနပ်တစ်စုံကို စီးထားသေးပြီး ထိုအရာက သူနှင့် အသားကျနေသော အရာတစ်ခုလည်း ဖြစ်သည်။ သူ့လက်ထဲတွင်တော့ ဓားအသစ်ကို ကိုင်ထားပြီး ထိုဓားကိုတော့ ဖျင်စအလွှာပေါင်းများစွာနှင့် တင်းတင်းကျပ်ကျပ် စည်းနှောင်ထားခဲ့၏။

သူ၏ခါးတွင်တော့ အနီရောင် ဓားအားဖြည့် ဘူးသီးခြောက်တစ်ခု ရှိနေပြီး သစ်သားဓားတစ်ချောင်းကိုတော့ နောက်ကျောတွင် လွယ်ထားသည်။ ထိုအရာကလွဲလျှင် သူ့ဆီ၌ မည်သည့်အရာမျှ မရှိချေ။

သူက ရွမ်ရှို့ကို တစ်စုံတစ်ခု ပြောချင်နေသော်လည်း အပိုသာဖြစ်မည်ဟု ခံစားမိခဲ့သည်။ အဆုံးတွင်တော့ သူက ခေါင်းကုတ်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။ “ဂရုစိုက်ပါ ရွမ်ရှို့…”

သူမ၏မျက်လုံးလေးများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သူမက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ချန်းပင်အန်းက ကလေးနှစ်ယောက်ကို လှည့်ပြီး ပြောလိုက်၏။

“မင်းတို့က လော်ပိုတောင်မှာ သေသေချာချာ လေ့ကျင့်ဖို့ မမေ့ပါနဲ့…။ တကယ်လို့ နောက်ပိုင်း ပြဿနာတစ်ခုခု ကြုံရမယ်ဆိုရင်လည်း အလျင်စလို မလုပ်ကြနဲ့။ အဲဒီတောင်တွေကို ဝယ်ဖို့ ငွေကြေးတစ်ချို့ သုံးတာကလွဲရင် တခြားဘာကုန်ကျငွေမှ မရှိဘူး။ ဒါကြောင့် မင်းတို့က အဲဒီတောင်တွေအတွက် ဘာမှအရမ်းကြီး စိုးရိမ်နေဖို့ မလိုဘူး။ ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်တန်းနတ်ဘုရားဝေ့နဲ့ ဆွေးနွေးပြီးသွားပြီ…”

“တကယ်လို့ အခြေအနေ အရမ်းဆိုးလာမယ်ဆိုရင် သူက ဝါးအဆောက်အဦးကို ပိယွင်တောင်ပေါ်ဆီ ရွှေ့ပေးဖို့ သူ့ရဲ့အစွမ်းကို သုံးလိုက်လိမ့်မယ်။ တကယ်လို့ မင်းတို့က ဝါးအဆောက်အဦးထဲမှာသာ နေမယ်ဆိုရင် သေချာပေါက် လုံခြုံလိမ့်မယ်…။ ပြီးတော့ ဆရာကြီးကလည်း ဒီဝါးအဆောက်အဦးကို စောင့်ရှောက်ဖို့ ကူညီပေးလိမ့်မယ်။ ဒါကြောင့် မင်းတို့က တခြားကိစ္စတွေကို ဘာမှစိုးရိမ်နေဖို့ မလိုဘူး..”

ပထမဆုံးအကြိမ်အဖြစ် စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်း၏ဆုံးမစကားများကို စိတ်ရှုပ်သလို မခံစားရတော့ပေ။

ပန်းရောင်ဝတ်ကလေးမလေးကတော့ သူမဆရာ၏ အင်္ကျီလက်ကို ဆွဲပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေခဲ့သည်။ ချန်းပင်အန်းက ပြန်လှည့်လာပြီး အဝေးကို ငေးကြည့်လိုက်၏။

ဤခရီးက အလွန်လျင်မြန်လွန်းလှပြီး သူက ရွှံ့ပုလင်း လမ်းကြားထဲတွင် ရှိနေသော သူ၏ဘိုးဘွားနေအိမ်ကို ပြန်သွားရန် အခွင့်အရေး မရခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် သူ့မိဘများ၏ အုတ်ဂူဆီသို့ သွားလည်ရန် အခွင့်အရေးပင် မရခဲ့ပေ။ ချန်းပင်အန်းက စိတ်ထဲတွင် စိတ်ပျက်မှုကို ခံစားခဲ့ရသော်လည်း ထိုအရာနှင့် ပတ်သက်ပြီး သူလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိခဲ့ချေ။ မည်သည့်အရာက ပို၍အရေးကြီးကြောင်း သူလည်း နားလည်နေခဲ့၏။

တောင်ပိုင်းသို့ ဓားသွားပေးရမည့် ခရီးစဉ်က လူ(၃)ယောက်နှင့် ပတ်သက်နေကြောင်း သူ နားလည်ထားသည်။ ထိုလူ(၃)ယောက်က အဘိုးကြီးယန်၊ ရွမ်ချုံနှင့် ဝေ့ပိုတို့ ဖြစ်၏။ သူတို့ထဲတွင် အဘိုးကြီးယန်က ထိုအရာကို လုပ်ဆောင်ပေးသည်မှာ ရွှေရောင်အမွှေးတိုင် မိန်းမပျိုကြောင့် ဖြစ်သည်။ သူက ချန်းပင်အန်းနှင့် အပေးအယူတစ်ခု ပြီးဆုံးအောင် လုပ်လိုက်ခြင်း သို့မဟုတ် ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ဆရာချီနှင့် အပေးအယူ ပြီးဆုံးအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သူက အလွန်အမင်းကို ရှုပ်ထွေးသော မြို့ငယ်လေးထဲမှ ချန်းပင်အန်း ထွက်သွားနိုင်အောင် ကူညီပေးလိုက်ခြင်း ဖြစ်သည်။ အကြောင်းပြချက်အနေနှင့် ပြောရမည်ဆိုလျှင် မည်သည့် ပြဿနာများ၊ မည်သည့် လှည့်ကွက်များ ကြံစည်နေလဲ ဟူသည်မှာတော့ ချန်းပင်အန်းလည်း အသေးစိတ် မသိနိုင်ပေ။

သို့သော် သူက တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်ကြောင်း လီကျိရှန်က သူ့ကို ပြောခဲ့ဖူး၏။ ချန်းပင်အန်းက မြို့ငယ်လေးထဲမှ လုံးဝထွက်သွားနိုင်လျှင် အကောင်းဆုံးဖြစ်သည်ဟုလည်း သတိပေးခဲ့သေး၏။

ဝေ့ပိုက ချန်းပင်အန်း၏ ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်၏။

“မင်းက နည်းနည်းတော့ မူးသွားသလို ခံစားရနိုင်တယ်..”

သူက သတိပေးလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ…”

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

ခြေဗလာအဘိုးအိုနှင့်အတူ သိုင်းပညာအဆင့်(၃)ကို တက်လှမ်းခဲ့ပြီးနောက် နာကျင်မှုဟူသည်မှာ ချန်းပင်အန်းအတွက် ထမင်းစားရေသောက်သလောက်သာ ဖြစ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူက နေ့စဉ်နေ့တိုင်း သေခြင်းရှင်ခြင်းကြားထဲတွင် လက်ပစ်ကူးနေရခြင်း ဖြစ်၏။

သူက ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် လေ့ကျင့်မှုမျိုးကို နောက်တစ်ကြိမ် ကြုံရတော့မည် မဟုတ်ကြောင်း တွေးမိလိုက်သည့်အချိန်တိုင်း အတော်လေးကို စိတ်သက်သာရာ ရသွားသလို ခံစားခဲ့ရ၏။ သို့သော် သူကတော့ စိတ်ထဲတွင် လစ်ဟာနေသလို ခံစားချက်တစ်ခုကို ပို၍ ပြင်းထန်စွာ ခံစားနေရသည်။

သူက ရွမ်ရှို့နှင့် ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်၏။

“ငါ အခုပဲ သွားတော့မယ်…”

ဝေ့ပိုနှင့် ချန်းပင်အန်းတို့က လော်ပိုတောင်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူတို့၏ ပျောက်ကွယ်သွားမှုက တိတ်ဆိတ်ငြိမ်သက်နေပြီး လေလှိုင်းလေးပင် ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။

ဝါးလက်ရန်း၏ ဘေးတွင် ရပ်နေရင်း ပန်းရောင်ဝတ် ကလေးမလေးက တိတ်တိတ်ဆိတ်ဆိတ်နှင့် ရေရွတ်လိုက်၏။

“အစ်မရွမ် …

ဆရာက... ဆရာက အမြဲတမ်း... အစ်မရွမ်အကြောင်းကို စဉ်းစားပြီး သတိရနေမှာပါ…”

စိမ်းပြာဝတ်ကောင်လေးကတော့ သာမန်မြွေကျောက်တုံးတစ်ခုကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ဝါးစားနေခဲ့သည်။ ထို့နောက် သူက လေးလေးနက်နက် အမူအရာနှင့် ထောက်ခံလိုက်၏။

“ဟုတ်တယ်၊ ဆရာက အမြဲတမ်း အိပ်နေတဲ့အချိန်မှာတောင် ရွမ်ရှို့၊ ရွမ်ရှို့လို့ ခေါ်နေတာပဲ။ အဲဒါက တော်တော်ရှက်ဖို့ကောင်းတယ်…”

ရွမ်ရှို့ကတော့ သူ့စကားများကို မယုံခဲ့ပေ။ သို့သော် သူမက ကျေနပ်စွာ ပြုံးမိသေး၏။ ………..

ဝေ့ပိုနှင့် ချန်းပင်အန်းတို့က ထီးသစ်ပင် တောင်ကြောတွင် ရှိနေသော သစ်တောလေးထဲတွင် ပေါ်လာခဲ့၏။ ဝေ့ပိုက ချန်းပင်အန်းကို ခဏစောင့်ရန် ပြောခဲ့၏။ သူက လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး အချိန်တိုလေးအတွင်း ပြန်ရောက်လာခဲ့သည်။ သူ့လက်ထဲတွင် ထူးဆန်းသော သစ်သားဓားအိမ်တစ်ခု ရှိနေခဲ့၏။ ထိုဓားအိမ်ထဲတွင် ဓားနှစ်လက်ကို တစ်ပြိုင်နက်တည်း ထည့်ထားနိုင်သည်။ သူက လက်ထဲတွင် ကိုင်ထားသော ဓားနှင့် နောက်ကျောတွင် လွယ်ထားသော ဓားတို့ကို ဓားအိမ်ထဲသို့ ထည့်ရန် ပြောလိုက်သည်။

ထို့ကြောင့် ချန်းပင်အန်းက နောက်ကျောတွင် ဓားနှစ်လက်ကို လွယ်ပြီး ခါးတွင် အရက်ဘူး ချိတ်ထားသော ခရီးသွားတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။ သူက ကျင့်ကြံခြင်းကမ္ဘာမှ ဓားကျင့်ကြံသူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

ဝေ့ပိုက ချန်းပင်အန်းဆီသို့ လျှောက်လာပြီး ရယ်လိုက်၏။

“တော်တော်လေး ကြည့်ကောင်းသွားပြီ…”

လူငယ်လေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ဝေ့ပိုနှင့်အတူ တောင်ပေါ်သို့ လမ်းလျှောက်သွားခဲ့သည်။ ခြေဗလာအဘိုးအိုက နတ်ဘုရားဗုံတီးခြင်းကျင့်စဉ်ကို သုံး၍ လက်သီးချက် (၃၀) အစား (၃၁) ချက် ဆုလက်ဆောင်ပေးခဲ့သည့်အတွက်ကြောင့် ယခု သူ၏လက်သီးဆန္ဒများက တဖြည်းဖြည်း တည်ငြိမ်လာပြီး ဖုံးကွယ်ထားနိုင်ခဲ့သည်။ ထိုအရာက ဓားကို ဓားအိမ်ထဲသို့ ထည့်ထားသလို သဘောတရားနှင့် အတူတူဖြစ်၏။

ဝေ့ပိုက အင်္ကျီလက်ရှည်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချန်းပင်အန်းကတော့ နောက်ကျောတွင် ဓားနှစ်လက်နှင့် ခါးတွင် အရက်ဘူးကို သယ်ဆောင်ထားခဲ့သည်။ ဝေ့ပိုက နတ်ဘုရားဆန်ပြီး မြင့်မြတ်၍ လူငယ်လေးကတော့ ငယ်ရွယ်နုပျိုပြီး သူရဲကောင်းဆန်သည်။

ချန်းပင်အန်းက သူ၏စိတ်ဝင်စားမှုကို ဖိနှိပ်ထားရန် ကြိုးစားခဲ့သော်လည်း မနေနိုင်တော့ဘဲ မေးလိုက်၏။

“ဝေ့ပို …

မြို့ငယ်လေးက အရမ်းအန္တရာယ်များတာလား…”

ဝေ့ပိုက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“စဉ်းစားကြည့်လေ။ ရေနဂါးတွေ အများကြီးက ရေကန်ငယ်လေးတစ်ခုထဲကို တစ်ကြိမ်တည်း ဝင်လာတယ်။ သူတို့တွေ အချင်းချင်း အမြီးနဲ့ ရိုက်မိရင်တောင် ကောင်းကင်ပေါ်မှာရှိတဲ့ ကျောင်းဆောင်ကြီးတွေအထိ လှိုင်းလုံးတွေ ဖုံးသွားနိုင်တယ်။ ပြီးတော့ လှိုင်းလုံးတစ်ခုတည်းကတောင် အလယ်ဘုံ (၅)ဆင့်မှာရှိတဲ့ ချီကျင့်ကြံသူတစ်ယောက်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်…”

“မင်းကရော... မင်းက အစွမ်းထက်တဲ့သူတွေအတွက် အဓိကပစ်မှတ်တစ်ခု မဟုတ်ပေမယ့်.. ကျားကွက်ခုံပေါ်မှာ မင်းရဲ့တည်ရှိမှုတစ်ခုတည်းကတင် မင်းရဲ့အသက်က တခြားသူတွေရဲ့လက်ထဲမှာ ရှိနေတယ်။ မင်းက ဘယ်လောက်ပဲ ထူးခြားတဲ့ကျားစေ့ဖြစ်ဖြစ် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါကြောင့် အဘိုးကြီးယန်က မင်းကို လုံချွမ်စီရင်စုထဲကနေ ချက်ချင်းထွက်သွားဖို့ ပြောလိုက်တာပဲ။ အမှန်အတိုင်းပြောရရင်တော့ မင်းက ဒါကို နားလည်ပြီး လက်ခံလိုက်တာ အရမ်းကောင်းတယ်…”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း အပြင်ဘက်ကမ္ဘာကြီးကို သွားချင်နေတာပဲလေ..။ ပြီးတော့ ကျွန်တော်က ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော့်ရဲ့သိုင်းပညာကို တိုးတက်အောင် လုပ်ချင်တယ်။ ကျွန်တော်က ကိုယ်တိုင် ကြိုးစားပြီး နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ကြိုးစားချင်တယ်။ ဝါးအဆောက်အဦးထဲမှာ ရှိနေတဲ့ ဆရာကြီးက. ကိစ္စတစ်ခု ပြောခဲ့သေးတယ်…”

“မင်းက... မင်းက အဲဒီလို ကမ်းလှမ်းမှုမျိုးကိုတောင် ငြင်းပယ်ခဲ့တာလား…”

ဝေ့ပိုက စိတ်ဝင်တစား မေးလိုက်၏။

ချန်းပင်အန်းက ထိုအကြောင်းကို ဆက်မပြောချင်တော့ပေ။ မည်သို့ဖြစ်စေကာမူ ထိုအရာက အဘိုးအို၏ သီးခြားကိစ္စရပ်များနှင့် ပတ်သက်နေခဲ့၏။ ထို့ပြင် ဝေ့ပိုက လွန်ခဲ့သော ရက်သတ္တပတ်များ အတောအတွင်း သူ့ကိုကူညီပေးရန် လှည့်ပတ်သွားလာနေခဲ့ရ၏။ သူက တခြားသော အရေးပါသည့် ကိစ္စရပ်များတွင်လည်း ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသား ပြောခဲ့သည်။ ထိုအရာတွင် သာမက သူနှင့် အိုက်လျန်၏ ပတ်သက်မှုကို ပြန်လည်စဉ်းစားကြည့်၍လည်း ရနေသေးသည်။

ထို့ကြောင့် ချန်းပင်အန်းက အရေးမပါသော အချက်အလက်တချို့ကိုတော့ ထုတ်ဖော်ပြောပြရန် ဆန္ဒရှိခဲ့သည်။

“ကျွန်တော်က မြို့ငယ်လေးထဲမှာ ရောက်နေတဲ့ အစွမ်းထက် တာအိုအင်မော်တယ် တစ်ယောက်အကြောင်းပဲ သိပါတယ်။ သူက ကျွန်တော့်ကို ထူးခြားတဲ့ ကံကြမ္မာတစ်ခု ပေးချင်တယ်လို့ ဆရာကြီးက ပြောတယ်။ ဒါကြောင့် ကျွန်တော်က သူနဲ့ အဲဒီအစွမ်းထက် တာအိုအင်မော်တယ်ရဲ့ တိုက်ပွဲကို ကြည့်ခွင့်ရမယ်…”

“ဒါဆိုရင် ကျွန်တော်က လက်သီးဆန္ဒတွေရဲ့ အစစ်အမှန် အနှစ်သာရကို နားလည်နိုင်လိမ့်မယ်။ ကျွန်တော် ဘယ်လောက်ထိ နားလည်နိုင်မလဲဆိုတာကတော့ ကျွန်တော့်အပေါ်ပဲ မူတည်မှာပေါ့။ အမှန်အတိုင်းပြောရရင် ကျွန်တော်က တစ်ကြိမ်တည်းနဲ့ အဆင့်(၄)ကို ရောက်သွားနိုင်ပြီး တစ်ချိန်တည်းမှာပဲ အရမ်းခိုင်မာတဲ့ အုတ်မြစ်တစ်ခု တည်ဆောက်နိုင်မယ်လို့ ဆရာကြီးက ပြောခဲ့သေးတယ်…”

ချန်းပင်အန်းက ခဏရပ်ပြီး ဆက်ပြောလိုက်၏။

“ဆရာကြီး အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲလို့ ကျွန်တော် မေးခဲ့တယ်။ သူက ကျွန်တော့်ကို တော်တော်လေး ရိုးရိုးသားသား ပြန်ဖြေခဲ့ပါတယ်။ သူ အနိုင်ရနိုင်ခြေက (၁၀) ရာခိုင်နှုန်းတောင် မရှိဘူး။ အဲဒီအစား သူက သေချာပေါက် သေသွားနိုင်တယ်။ ဘာလို့လဲဆိုတော့ သူက အခုအချိန်ထိ အထွဋ်အထိပ်အခြေအနေကို ပြန်မရောက်သေးဘူး။ တကယ်လို့ သူက အထွဋ်အထိပ်အခြေအနေမှာ ရှိနေရင်တောင် သူ အနိုင်ရဖို့ အခွင့်အရေးက သုညပဲ…”

“အဲဒီအချိန်မှာ ကျွန်တော် တော်တော်လေး အံ့ဩသွားခဲ့တယ်။ ဘာလို့ သူက သေချာပေါက် ရှုံးမယ်ဆိုတာကို သိသိကြီးနဲ့ တာအိုအင်မော်တယ်ကို တိုက်ခိုက်ချင်နေတာလဲဆိုတာ ကျွန်တော် နားမလည်ခဲ့ဘူး။ ဒါပေမဲ့ သူ့ဘဝမှာ အကြီးမားဆုံးဆန္ဒတွေထဲက တစ်ခုကတော့ လောကကြီးထဲမှာရှိတဲ့ အစွမ်းထက်ဆုံး တာအိုအင်မော်တယ်တစ်ယောက်နဲ့ တိုက်ခိုက်ချင်တာပဲလို့ ဆရာကြီးက ပြောခဲ့တယ်။ ဒါဆိုရင် သူ့မှာ ဘာနောင်တမှ မရှိနိုင်တော့ဘူး…”

“မဖိတ်ခေါ်ထားတဲ့ ဧည့်သည်က အစစ်အမှန် ပြိုင်ဘက်ကင်း ပညာရှင်နဲ့ ဆက်ဆံနေတဲ့သူကို သူ့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့ အရင်ဆုံး တိုက်ခိုက်ကြည့်ဖို့ ပြောခဲ့တယ်။ သူက ဒီတိုက်ပွဲနဲ့ သူတို့ရဲ့ စွမ်းအားကွာဟမှုကို နှိုင်းယှဉ်ဆုံးဖြတ်ကြည့်လို့ရတယ်။ ကျွန်တော့်ကို အဆင့်(၄)ရောက်အောင် ကူညီပေးနိုင်ပြီး ထူးခြားတဲ့ ကံကြမ္မာလက်ဆောင်ပေးတာကတော့ ဒုတိယအနေနဲ့ပေါ့…”

ချန်းပင်အန်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသည့်အမူအရာနှင့် ဆက်ပြောလိုက်၏။

“ကျွန်တော့်မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေ ရှိတာပဲ။ ဒါပေမဲ့ ကျွန်တော်က စွန့်စားပြီး အဘိုးကြီးယန်နဲ့ ဆရာရွမ်တို့ရဲ့ အစီအစဉ်ကို မဖျက်ဆီးရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ တိုက်ပွဲကသာ အရမ်းကြီးသွားမယ်ဆိုရင် ကျွန်တော်က ဘာလုပ်နိုင်မှာလဲ…”

“ဒါကြောင့် ကျွန်တော်က အဲဒီအတွေးတွေကို ဆရာကြီးဆီ တိုက်ရိုက်ပြောခဲ့တယ်။ အဲဒီစကားကိုကြားတော့ သူ တော်တော်လေး ဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို အပြစ်မပေးခဲ့ပါဘူး။ သူက ကျွန်တော့်ကို ရိုးရိုးရှင်းရှင်းပဲ အော်ငေါက်ပြီး ကျွန်တော်က သတ္တိမရှိဘူးလို့ ပြောခဲ့တယ်။ သူက ကျွန်တော့်ကို ဆူပူကြိမ်းမောင်းနေပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကို ဖျောင်းဖျနေခဲ့တယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် သူက တိုက်ပွဲမတိုက်ခိုက်ခင် အထွဋ်အထိပ်အခြေအနေကို ပြန်ရောက်အောင် စောင့်ဖို့တော့ ကျွန်တော် သူ့ကို ပြောခဲ့တယ်။ နည်းနည်းလောက် စောင့်လိုက်မယ်ဆိုရင်လည်း ဘာမှထိခိုက်စရာ မရှိဘူးလေ။ မဟုတ်ရင် သူက စိတ်နှစ်ပြီးတော့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ဆရာကြီးကလည်း အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း သိနေတယ်…။ သူ ကျွန်တော့်ကို ဘာမှပြန်မပြောခဲ့ပေမဲ့ သူသာ အစွမ်းကုန်ပြည့်ပြည့်၀၀ မတိုက်ခိုက်နိုင်ဘူးဆိုရင် စိတ်ပျက်ရမှာပဲဆိုတာကိုတော့ လက်ခံပါတယ်။ အဲဒါဆိုရင် သူက တဖြည်းဖြည်းနဲ့ တာအိုအင်မော်တယ်ကို စိန်ခေါ်မဲ့အစီအစဉ်ကို စွန့်လွှတ်လိုက်ရမှာပဲ။ ဒါပေမဲ့ သူက ကျွန်တော့်ကိုတော့ စိတ်ပျက်နေတုန်းပဲ။ ဝါးအဆောက်အဦးထဲမှာတုန်းက ခင်ဗျားလည်း မြင်ခဲ့တာပဲလေ။ သူနည်းနည်းတော့ ဒေါသထွက်နေသေးတယ်..”

ချန်းပင်အန်းက နားလည်စွာဖြင့် ပြုံးပြီး မှတ်ချက်ပေးလိုက်သည်။

“အမှန်အတိုင်းပြောရရင် တစ်ခါတလေ ဆရာကြီးက တော်တော်လေး ကလေးဆန်တယ်…”

ဝေ့ပိုက နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်သည်။ အကယ်၍ ခြေဗလာအဘိုးအိုနှင့် တာအိုအင်မော်တယ်တို့သာ အမှန်တကယ် တိုက်ခိုက်လိုက်မည်ဆိုလျှင် အရာအားလုံး ပျက်စီးသွားနိုင်သည်။

ချန်းပင်အန်းက အဆင့်(၄)သို့ တက်လှမ်းနိုင်သည့် ကမ်းလှမ်းမှုကို ပယ်ချနိုင်ခဲ့သည်မှာ ကံကောင်းသွား၏။ မဟုတ်လျှင် ဝေ့ပိုက ခေါင်းပေါက်မတတ် စဉ်းစားလျှင်ပင် ရလဒ်ကို ခန့်မှန်းကြည့်နိုင်မည် မဟုတ်ချေ။ အဘိုးအိုကတော့ နောင်တမရှိတော့ဘဲ သေဆုံးသွားပါလိမ့်မည်။ သို့သော် ပျက်စီးနေသော လီကျူးသုခဘုံလေးက အောက်ခြေထိ ပျက်စီးသွားနိုင်ပြီး လျှို့ဝှက်ချက်များစွာ ပေါ်လာပါလိမ့်မည်။

ထိုအရာများက သွေးထွက်သံထို တိုက်ပွဲများ ဖြစ်လာနိုင်ပြီး အစွမ်းထက် ပညာရှင်များစွာက ထိုအခွင့်အရေးကို အရယူ၍ အမြတ်ထုတ်ကြပါလိမ့်မည်။ ထိုကျားကစားပွဲ၏ ပထမဆုံး ရွေ့ကွက်ဖြစ်သော ချန်းပင်အန်းကလည်း အတော်လေး ဆိုးရွားသော ကံတရားတစ်ခုကို သေချာပေါက် ခံစားရမည် ဖြစ်၏။

ဝေ့ပို၊ တော်ဝင်နန်းဆရာချွေးချန်း ၊ ရွမ်ချုံ၊ ရှဲ့ရှစ်၊ ချောင်ကျိ၊ ရှုယောင်၊ ချန်းရွှေတုံ နှင့် တခြားလူများလည်း တစ်ယောက်မျှ လွတ်မြောက်မည်မဟုတ်ချေ။ သူတို့အားလုံးက ပဋိပက္ခထဲသို့ ရောက်လာကြမည်ဖြစ်ပြီး သူတို့၏ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ခွင့် မရှိနိုင်တော့ချေ။ အမှန်အတိုင်းပြောရလျှင် သူတို့အားလုံးကလည်း ချန်းပင်အန်းကဲ့သို့ ဖြစ်လာပြီး ကံတရားနှင့် ကောင်းကင်ဘုံကိုသာ အားကိုးကြရပါလိမ့်မည်။

တောင်တန်း(၃၀)နှင့် ပတ်သက်၍ တောင်တန်း မည်မျှကျန်နေခဲ့မလဲဟူသည်ကို ပြောရန် ခက်ခဲသည်။ သို့သော် သစ်ပင်ကြီးလျှင် လေဒဏ်ကို ပိုခံရစမြဲသာ ဖြစ်၏။ တာ့လီအင်ပါယာ၏ မြောက်ပိုင်းတောင်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သော ပိယွင်တောင်ကတော့ သေချာပေါက် ပျောက်ကွယ်သွားနိုင်သည်။ အင်မော်တယ်များ၏ အစွမ်းက တောင်တန်းများကို ရွေ့ပစ်နိုင်ပြီး ပင်လယ်ကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု ပြောကြသည်။ ထိုအရာက ချီးကျူးရုံသက်သက် ပြောထားခြင်း မဟုတ်ချေ။ ထိုအရာက အလုံးစုံ မှန်ကန်သော အရာတစ်ခု ဖြစ်၏။

Translated by Hein Htet.

All Chapters