အခန်း (၂၂၇)
Vol. 16 Ch. 227
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၂၇) {စာစဉ် ၁၆ - အပိုင်း (၂)}
ဝေ့ပို၏ ရင်ထဲတွင် အနည်းငယ်ထိတ်လန့်သွားခဲ့ပြီး ခြေလှမ်းများကို ရပ်တန့်၍ ချန်းပင်အန်း၏ပုခုံးကို အားနှင့် ရိုက်လိုက်သည်။
"ချန်းပင်အန်း...
တကယ်လို့ ငါသာ ဒါကို စောစောသိခဲ့ရင် မင်းရဲ့ဆေးအမယ်တွေအတွက် ကြေးပြားတစ်ပြားတောင် တောင်းခဲ့မှာ မဟုတ်ဘူး..."
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သို့သော် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်၏။
"အခု ငွေပြန်ပေးဖို့လည်း သိပ်နောက်မကျသေးပါဘူး.."
ဝေ့ပိုက သူ့အိတ်ထဲတွင် ငွေရှာချင်နေယောင် ဆောင်နေခဲ့သည်။
ချန်းပင်အန်းက ထိုနေရာတွင် တိတ်တဆိတ် မတ်တပ်ရပ်၍ စောင့်နေခဲ့ပြီး ဝေ့ပို၏ ကမ်းလှမ်းမှုကို ယဉ်ယဉ်ကျေးကျေး ပယ်ရှားလိုသည့် လက္ခဏာမျိုး ရှိပုံမရချေ။
"ချန်းပင်အန်း....
သိပ်ပြီး ခေါင်းမမာနဲ့...တော်တော်ပျင်းဖို့ကောင်းတယ်.."
ဝေ့ပိုက စိတ်ပျက်လက်ပျက် ရယ်လိုက်မိသည်။
ချန်းပင်အန်းက အားရပါးရရယ်ပြီး သူ့ခါးတွင် ချိတ်ထားသည့် အရက်ဘူးကို လက်နှင့်ပုတ်၍ ပြောလိုက်သည်။
"ဒီလောက်နဲ့ လုံလောက်ပါပြီ..."
ဝေ့ပိုက ချန်းပင်အန်း၏ပုခုံးကို လက်နှင့်ဖက်ပြီး ခုန်တက်လိုက်၏။
"ငါ တွေးထားတဲ့အတိုင်းပဲ။ ချန်းပင်အန်း... မင်းက မိတ်ဆွေတွေအပေါ်မှာတော့ လုံးဝကပ်စေးမနည်းဘူးမလား..."
နေ့ဝက်ခန့် ခေါင်းထဲတွင် စကားလုံးများ ရှာဖွေခဲ့ပြီးနောက် ချန်းပင်အန်းက တိုးတိုးလေးသာ ရေရွတ်လိုက်မိသည်။
"ကျေးဇူးတင်ပါတယ်.."
ဝေ့ပိုက စိတ်ဆိုးနေသော မိန်းကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်ပြီး ပြောလိုက်၏။
"မိတ်ဆွေကို ကျေးဇူးတင်စကားပြောနေတာက သူစိမ်းဆန်နေသလိုပဲ။ အဲဒါက အချစ်ရေးမှာ ငွေစကားပြောနေသလို ဖြစ်နေတယ်..."
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် နားလည်သွားသည့်အမူအရာတစ်ခု ပေါ်လာခဲ့သည်။
သူက ထိုစည်းမျဉ်းကို သေချာမှတ်ထားရန် လိုအပ်သည်ဟု ခံစားမိခဲ့၏။ သူ့ဆီ၌ အချိန်ရှိလျှင် ထိုစည်းမျဉ်းကို ဝါးပြားလေးထဲ၌ ရေးမှတ်ထားမိပါလိမ့်မည်။
သူက ကျောက်စက်ပန်းဆွဲတောင်သို့ ရောက်ပြီး နင်ယောင်နှင့် တွေ့သည့်အချိန်တွင် ငွေနှင့်ပတ်သက်၍ သေချာပေါက် လုံးဝ မပြောသင့်ချေ။
ထိုအရာက သင်ယူထားသောအရာကို လက်တွေ့အသုံးချသည်ဟု ဆိုနိုင်သည်။
ဝေ့ပိုက အလွန်အမင်းကို နာမည်ကျော်ကြားပြီး ယခုဆိုလျှင် လူတိုင်းက သိနေပြီဖြစ်သည်။ သူက အာဏာနှင့်အစွမ်းရှိသော တရားဝင်တောင်တန်းနတ်ဘုရားတစ်ပါး ဖြစ်၏။ သို့သော် သူ့လို အဆင့်အတန်းနှင့် အစွမ်းရှိသူတိုင်းက သူ့လို သဘောကောင်းကြမည်လော။ ထို့ကြောင့် သူက လူတိုင်းနှင့် အလွန်အမင်းကို ကောင်းမွန်သော ဆက်ဆံရေး ရှိနေခဲ့သည်။ သူ့ကို နှုတ်ဆက်နေသော ချီကျင့်ကြံသူများနှင့် ပညာရှင်များကလည်း သူ့အပေါ် စိတ်ရင်းအမှန်နှင့် ရင်းနှီးကြကြောင်း ချန်းပင်အန်းက သိနေခဲ့သည်။
သူတို့က တောင်ပေါ်သို့ ဆက်၍ တက်သွားကြပြီး လူများကလည်း ဝေ့ပိုကို ဆက်၍ နှုတ်ဆက်နေကြသည်။ သို့သော် ဝေ့ပိုက ထိုလူများကို အပြုံးနှင့် တုံ့ပြန်နှုတ်ဆက်နေသော်လည်း ရပ်တန့်ခဲ့ခြင်း မရှိချေ။ တစ်ခါတရံ သူက ရယ်စရာစကားများ ပြောဆိုပြီး ကျေနပ်စွာ ရယ်မောနေသေး၏။
တစ်ခါတရံ စိမ်းပြာဝတ်ကောင်လေးထက် မျက်နှာလို မျက်နှာရ လုပ်တတ်သော တစ်ကိုယ်တော်နတ်ဆိုး ကျင့်ကြံသူက တောင်တန်းနတ်ဘုရားဝေ့ကို လမ်းပြအဖြစ် လုပ်ဆောင်ပေးတတ်သေးသည်။ သို့သော် ဝေ့ပိုက သူ့ကို အပြုံးနှင့် ဆူပူကျိန်းမောင်းပြီး မောင်းထုတ်ခဲ့သည်။ တစ်ကိုယ်တော် နတ်ဆိုး ကျင့်ကြံသူက ဒေါသထွက်နေခဲ့ခြင်း မရှိချေ။ ထိုအစား အလွန်ဂုဏ်ယူနေခဲ့သေး၏။
သူက လွတ်လပ်ပေါ့ပါးသော တောင်တန်းနတ်ဘုရားကို ကြည့်ပြီး အတော်လေး ဝမ်းသာနေခဲ့သည်။ သူတို့က ထီးသစ်ပင်တောင်ထိပ်တွင် ရှိနေသော အင်မော်တယ်လှေဆိပ်အနားသို့ ရောက်လာသည့်အခါ ဝေ့ပိုက အပြုံးနှင့် တိုးတိုးလေး ပြောလိုက်သည်။
"ချန်းပင်အန်း....
ဒီလို တိတ်ဆိတ်ငြိမ်းချမ်းပြီး ရင်းနှီးတဲ့ အခြေအနေက အစစ်အမှန်လို့ ထင်ချင်ထင်ရလိမ့်မယ်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အရာအားလုံးက အပေါ်ယံ ဟန်ဆောင်မှုတွေပဲ။ မင်းက အဲဒါတွေကို ငြင်းဆန်ဖို့ မလိုအပ်သလို အရမ်း အလေးအနက်ထားဖို့လည်း မလိုအပ်ဘူး။ တကယ်လို့ ငါသာ သွားစားပွဲတောင်က တောင်တန်းသခင် ဖြစ်နေဦးမယ်ဆိုရင် သူတို့ကို စကားပြောဖို့တောင် အရမ်းခက်ခဲလိမ့်မယ်။ ဒီလိုတိတ်ဆိတ်အေးချမ်းတဲ့ အခြေအနေကို ထိန်းသိမ်းထားနိုင်တာလည်း တော်တော်လေးကောင်းတဲ့အရာပါပဲ.."
ချန်းပင်အန်းက ထိုအချက်ကို တိတ်တဆိတ် မှတ်သားထားခဲ့သည်။
ထီးသစ်ပင်တောင်ထိပ်ပေါ်တွင် ရှိနေသော အင်မော်တယ်လှေဆိပ်၏ ပတ်ပတ်လည်က ယခုမှ တည်ဆောက်၍ပြီးသော စင်မြင့်ကြီးတစ်ခု ဖြစ်သည်။ ထိုအရာက အဖြူရောင်ကျောက်စိမ်းနှင့် တည်ဆောက်ထားသော အဆောက်အအုံတစ်ခုဖြစ်ပြီး အပေါ်ဘက်တွင် အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားသော ချီကျင့်ကြံသူပေါင်းများစွာ မတ်တပ်ရပ်နေကြသည်။ သူတို့အပြင် ရောင်စုံဝတ်ဆင်ထားကြသော အကြီးအကဲများ ၊ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ရှိနေကြသေးသည်။ သူတို့ကတော့ တောင်တန်းများကို ဝယ်ယူလိုက်ပြီးနောက် လာရောက်ကြည့်ရှုနေသော အင်မော်တယ်အဖွဲ့မှ လူများ ဖြစ်နိုင်ချေများသည်။ သေချာစစ်ဆေးကြည့်ရှုပြီးနောက် ယခု သူတို့က ပြန်ရန် ပြင်ဆင်နေကြ၏။
ဝေ့ပိုနှင့် ချန်းပင်အန်းကို မြင်သည့်အခါ အဖွဲ့နှစ်ဖွဲ့က နွေးထွေးစွာ လာရောက်နှုတ်ဆက်ကြသည်။ ဝေ့ပိုက သူတို့အားလုံး၏နာမည်နှင့် နောက်ခံကို မှတ်မိနေသည့်အတွက် သူသူတို့နှင့်စကားပြောသည့်အချိန်တွင် အထစ်အငေါ့ မရှိခဲ့ချေ။ အမှန်တကယ်တွင်လည်း သူနှင့်စကားပြောနေသည့်အချိန်တွင် အဖွဲ့နှစ်ဖွဲ့က လန်းဆန်းတက်ကြွပြီး ပျော်ရွှင်နေသလို ခံစားနေရ၏။
ချန်းပင်အန်းကတော့ တမင်တကာရည်ရွယ်ပြီး စကားဝင်ပြောဆိုခဲ့ခြင်း မရှိချေ။ သူက အခြေအနေကို ရိုးရှင်းစွာ စောင့်ကြည့်နေပြီး အရာအားလုံးကို အာရုံစိုက်ထားခဲ့၏။ သူက ဝေ့ပိုကို အနည်းငယ် အားကျပြီး လေးစားနေခဲ့သည်။ တခြားလူများနှင့် ထိုကဲ့သို့ ပျော်ပျော်ရွှင်ရွှင်စကားပြောဆိုနိုင်သော စွမ်းရည်က မြောက်ပိုင်းတောင် တရားဝင်နတ်ဘုရား၏ သဘာဝစွမ်းရည် မဟုတ်ချေ။
တောင်ပိုင်းသို့သွားမည့် ချန်းပင်အန်း၏ ခရီးနှင့်ပတ်သက်၍ ဝေ့ပိုက မှတ်ချက်တစ်ခုသာ ပေးခဲ့သည်။ ထိုလူငယ်က တောင်ပိုင်းတွင် ဆွေမျိုးတစ်ယောက် ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်၏။ တစ်ချိန်တည်းတွင် လူငယ်လေးက ထိုအခွင့်အရေးကို အရယူပြီး မိတ်ဆွေအနည်းငယ်ဆီသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ဥပမာအားဖြင့် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ ဟယ်ရှောင်လျန့်နှင့် လေမိုးကြိုးဥယျာဉ်မှ လျှို့ပါ့ချောင် တို့ဖြစ်သည်။ ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်း၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။
မည်သည့်အရာများ ဖြစ်နေသနည်း..။ သူက တောင်ပိုင်းတွင် ရှိနေသော ဆွေမျိုးတစ်ယောက်ဆီသို့ သွားလည်မည် ဟူသည်မှာ တရားဝင်ဆင်ခြေတစ်ခုဖြစ်သည်။ သို့သော် ထိုအခွင့်အရေးကို အရယူပြီး တာအိုမိန်းမပျိုနှင့် ဓားသမားဆီကို သွားလည်ရမည်လော။ ချန်းပင်အန်းက အနည်းငယ်ရှက်ရွံ့သွားခဲ့မိသည်။ သူက အင်မော်တယ်ဟယ်နှင့် တစ်ကြိမ်တွေ့ခဲ့ဖူး၏။ သို့သော် စိမ်းပြာချောက်ကမ်းပါးပေါ်တွင် တွေ့ခဲ့သည့်အချိန်၌ သူက သူမကို မြွေကျောက်တုံးတစ်တုံးသာ ပေးခဲ့သည်။
သူက လျှိုပါ့ချောင်နှင့် အနည်းငယ်ပို၍ ရင်းနှီးသည်။ သူက လျှိုပါ့ချောင် ၊ ချန်းသွမ့် ၊ ချန်းစုန့်ဖုန်းတို့နှင့်အတူ တောင်တန်းထဲသို့ အတူတူ သွားလာခဲ့ဖူး၏။ လျှိုပါ့ချောင်က ပွင့်ပွင့်လင်းလင်းသမားဖြစ်ပြီး လူတိုင်းကို ညီအစ်ကိုအဖြစ် သတ်မှတ်ထားချင်သည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူနှင့်ချန်းပင်အန်းတို့က ရင်းနှီးခြင်း မရှိချေ။ သူတို့က အချင်းချင်း သိတယ်ဆိုရုံသာ ရှိ၏။
သို့သော် ဤနေရာတွင် ဝေ့ပိုက သူနှင့် ဟယ်ရှောင်လျန့် ၊ လျှို့ပါ့ချောင်တို့၏ ပတ်သက်မှုအကြောင်းကို ပြောနေခဲ့သည်။ ထို့ပြင် ချန်းပင်အန်းက သူ့စကားကို မပယ်ရှားခဲ့ချေ။ သူက ထိုအရာကို သည်းခံနိုင်၏။ သူ့စိတ်ထဲတွင်သာ ဒဏ်ရာရသွားသလို ခံစားခဲ့ရခြင်း ဖြစ်သည်။
ဝေ့ပိုက ပေါ့ပေါ့ပါးပါး စကားပြောနေသော်လည်း နားထောင်နေသူများအားလုံးက သူ့စကားကို သေချာနားထောင်နေကြ၏။ ဟယ်ရှောင်လျန့်နှင့် လျှိုပါ့ချောင်တို့က ကုန်းမြေကြီးထဲတွင် နာမည်ကျော်ပါရမီရှင်များ ဖြစ်ကြသည်။ အထူးသဖြင့် ဟယ်ရှောင်လျန့် ဖြစ်၏။ သူမက အရှေ့ပိုင်းကုန်းမြေကြီး၏ တာအိုလမ်းစဉ် ကျောက်စိမ်းမိန်းမပျိုဖြစ်သည်။ သူမနှင့် အသိအကျွမ်းဖြစ်ခွင့်ရမည်ဆိုလျှင်ပင် မည်မျှရင်းနှီးစေကာမူ အလွန်ကံကောင်းနေခြင်းဖြစ်သည်။ မည်သို့ဖြစ်စေကာမူ မည်သူကရော နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်း၏ မိတ်ဆွေတစ်ယောက်ကို ရန်စရဲမည်နည်း...
ထို့ပြင် လေမိုးကြိုးဥယျာဉ်မှ လျှိုပါ့ချောင် ကိုလည်း ထည့်သွင်းစဉ်းစားရသေးသည်။ ထို့ကြောင့် သူတို့၏တိုင်းပြည်အသီးသီးတွင် အရေးပါပြီး အာဏာရှိသော ထိုအဖွဲ့နှစ်ဖွဲ့က နောက်ကျောတွင် ဓားနှစ်လက်လွယ်ထားသော သာမန်လူငယ်လေးအပေါ် အတော်လေးနွေးထွေးလာကြ၏။ အမှန်အတိုင်း ပြောရလျှင် တချို့က သူတို့နာမည်ကတ်ပြားများပါ ပေးနေခဲ့ကြသည်။ ချန်းပင်အန်းကတော့ ကျွင်းတစ်ကျွင်းတူးပြီး ပုန်းနေချင်သည်အထိ ရှက်ရွံ့သလို ခံစားနေရ၏။
ထိုအရာကို မြင်သည့်အခါ ဝေ့ပိုက ဝမ်းသာနေခဲ့သည်။ သူ့မျက်နှာပေါ်တွင် ထူးခြားလေးနက်သော အပြုံးတစ်ခု ရှိနေခဲ့၏။
တောင်တန်းနတ်ဘုရားဝေ့နှင့် တောင် (၅)တောင် ပိုင်ဆိုင်ထားသော နယ်မြေခံ လူငယ်လေး၏ ပတ်သက်မှု ၊ ဆက်နွယ်မှုကို မည်သူကမျှ မသိကြချေ။ ထိုအရာနှင့်ပတ်သက်၍ ထင်မြင်ချက်မျိုးစုံ ရှိနေကြသည်။
"ခွန် လှေ ရောက်လာပြီ..."
လူတစ်ယောက်က အော်ပြောလိုက်သည်။
(Kun - ခွန်ဆိုတာ ဝေလငါးလို တရုတ်ဒဏ္ဍာရီထဲက ငါးကြီးတစ်ကောင်ဖြစ်ပါတယ်။ ခွန်ပန်လို့လည်း ခေါ်ကြပါတယ်)
ချန်းပင်အန်းလည်း တခြားလူများနည်းတူ လှည့်ကြည့်လိုက်ရာ တိမ်တိုက်ပင်လယ်ကြီးကို ဖြတ်ပြီး ထီးသစ်ပင်တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းလာသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။
ထိုအရာကို မြင်သည့်အခါ ချန်းပင်အန်းလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ငါးဆူးတောင်များ ရှိနေသော ထို ဧရာမသတ္တဝါကြီးက သက်ရှိတစ်ကောင် ဖြစ်နေခဲ့သည်။ ထို့ပြင် ထိုအရာက ကြီးမားရုံတင်မကဘဲ ကောင်းကင်ပေါ်မှ တောင်မြင့်ကြီးတစ်ခု ကျဆင်းလာပြီး ထီးသစ်ပင်တောင်ထိပ်ကို ဖိနှိပ်လိုက်သလို ဖြစ်နေခဲ့သည်။
ထို့နောက် ခွန် လှေက ဆက်၍ ဆင်းသက်လာသည့်အတွက် ချန်းပင်အန်းက အလွန်ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရသည်။ သူက အလွန်အမင်းကို သေးငယ်ပြီး အရေးမပါသလို ခံစားနေရ၏။
ချန်းပင်အန်းက ခံစားချက်များပြည့်နှက်စွာ သက်ပြင်းချလိုက်မိသည်။ နတ်ဘုရားများနှင့် အင်မော်တယ်များအတွက် လှေတစ်ဆင်းဟူသော အရာနှင့် အမှန်တကယ် လိုက်ဖက်လှသည်။ ထိုအရာက အလွန်အံ့သြဖွယ်ကောင်းလှသည်။
ခွန် လှေတစ်စင်းက ကုန်းမြေကြီးများကို ဖြတ်သန်းသွားလာနိုင်ပြီး ကီလိုမီတာ သန်းပေါင်းများစွာအထိ ကူးခတ်နိုင်သည်။ ထို့ပြင် ကီလိုမီတာ သန်းပေါင်းများစွာဟူသော အရာက ချဲ့ကားပြောဆိုထားခြင်း မဟုတ်ချေ။ လုံချွမ်စီရင်စု ထီးသစ်ပင်တောင်ထိပ်ပေါ်တွင် အင်မော်တယ်လှေဆိပ်အသစ် မဆောက်ခင် အရှေ့ပိုင်းကုန်းမြေကြီး မြောက်ပိုင်းနယ်မြေတခွင်က လှေပျံတစ်ခု အသုံးပြုရန် အခွင့်အရေး မရှိခဲ့ချေ။ ကုန်းမြေကြီး၏ တောင်ပိုင်းနယ်မြေများဖြစ်သော တောင်ပိုင်းစမ်းချောင်းတိုင်းပြည်နှင့် နဂါးအိုမြို့တို့တွင်သာ ခွန် လှေများ ဆိုက်ကပ်ရန် သင့်တော်သော အင်မော်တယ်လှေဆိပ်များ ပိုင်ဆိုင်ထားကြသည်။
အစွမ်းထက်တိုင်းပြည်များနှင့် အင်ပါယာတချို့တွင်တော့ ကျင့်ကြံသူများကို လောကတခွင် နေရာပေါင်းစုံသို့ ခရီးရှည်ပို့ဆောင်ပေးနိုင်သော အင်မော်တယ်လှေဆိပ်များ ရှိကြသည်။ သို့သော် ထိုလှေဆိပ်များတွင် အသုံးပြုသော လှေများနှင့် ကူးတို့လှေများက အတော်လေးကို သေးငယ်ပြီး သယ်ဆောင်နိုင်သည့်အရေအတွက်က ကန့်သတ်ချက်ရှိ၏။ သူတို့၏ပစ္စည်းသယ်ဆောင်နိုင်မှုကလည်း ပြည့်စုံကျူပင်ကုန်းမြေကြီးတွင် ထူးခြားသော ခွန် လှေများထက် အတော်လေးပို၍ နိမ့်ကျသည်။
အမှန်အတိုင်း ပြောရလျှင် ခရီးသည်သယ်ဆောင်ခြင်းက ထို ခွန် လှေများအတွက် အသေးစားစီးပွားရေးတစ်ခုသာ ဖြစ်သည်။ သူတို့အလေးထားသည်မှာ လောကတခွင်မှ စုဆောင်းထားသော သဘာဝရတနာများကို ကုန်သွယ်ရောင်းချခြင်း ဖြစ်သည်။ သူတို့က အဖိုးတန်ရတနာမျိုးစုံနှင့် ထူးခြားသော မှော်သားရဲမျိုးစုံကိုလည်း သယ်ဆောင်ရောင်းချသေး၏။
ခွန် လှေများကို အမျိုးအစား (၃)မျိုး ခွဲခြားထားသည်။ ပထမတန်းစား ခွန် လှေက တာ့လီအင်ပါယာထဲတွင် ရှိနေသော စီရင်စုမြို့တစ်မြို့၏ အရွယ်အစားကို ယှဉ်နိုင်လောက်အောင် ကြီးမားသည်။ မို ယန္တရားပညာရှင်များနှင့် တခြားသော ချီကျင့်ကြံသူများ သေချာစီမံခန့်ခွဲ၍ တည်ဆောက်ထားသည့်အတွက် ထိုခွန် လှေများပေါ်တွင် တောင်တန်းများ ၊ မြစ်များ ၊ ရဲတိုက်များ ၊ အဆောက်အဦးမြင့်ကြီးများ ၊ လမ်းများ ၊ ဈေးဆိုင်များနှင့် တခြားအရာမျိုးစုံ ရှိကြသည်။ လူတိုင်း လိုချင်သည့်အရာ ရနိုင်၏။ သောင်းပေါင်းများစွာသော ချီကျင့်ကြံသူများက အဆင်မပြေသလို မခံစားရဘဲ ထို ခွန် လှေကြီးပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်နိုင်ကြသည်။
ဝေ့ပိုက တိုးတိုးလေးရယ်ပြီး ရှင်းပြလိုက်သည်။
"ခွန် ဆိုတာက နူးညံ့သိမ်မွေ့တဲ့ သတ္တဝါတွေပဲ။ ချီကျင့်ကြံသူတွေက လေ့ကျင့်ပေးပြီးသွားရင် သူတို့က ပြင်းထန်တဲ့ နာကျင်မှုတွေကိုတောင် ခံနိုင်ရည် ရှိကြတယ်။ ဒါကြောင့် ခွန် လှေတွေက တခြားပုံစံလှေကြီးတွေနဲ့ ယှဉ်လိုက်ရင် အတော်လေး တည်ငြိမ်ပြီး အန္တရာယ်ကင်းကြတယ်.."
"တောင်တန်းလိပ်တချို့နဲ့ ရတနာဝါးမြိုဝေလဝါးတွေကလည်း လှေအဖြစ် သုံးဖို့ ထိပ်တန်းရွေးချယ်မှုတွေလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီသတ္တဝါတွေက တော်တော်လေးရှားပြီး သူတို့မှာလည်း သူတို့ရဲ့သဘာဝရှိကြတယ်။ ဥပမာ ခွင့်ပြုချက်မရှိဘဲ တောင်တန်းလိပ်တွေရဲ့ အောက်ခြေကို ဒိုင်ဗင်ထိုးဆင်းသွားမယ်ဆိုရင် ဝမ်းနည်းစရာကိစ္စတွေ ဖြစ်လာနိုင်တယ်.."
ချန်းပင်အန်းကတော့ ပါးစပ်အဟောင်းသား ဖြစ်နေသေးသည်။ ခွန် လှေ၏နောက်ကျောက ပြားပြီး ကျယ်ပြန့်သည့်အပြင် ပတ်ပတ်လည်တွင် ခြံစည်းရိုးနှင့် မြင့်မားသော အဆောက်အဦးများစွာ ရှိသည်။ လှေဆိပ်နီးပါး ကြီးမားသော ခွန် လှေများကတော့ မြေပေါ်တွင် ဆင်းသက်ခြင်း မရှိကြချေ။ သူတို့က မြေပြင်အထက် လေထဲတွင် မီတာပေါင်းများစွာ ခွာပြီး ပျံဝံနေရင်း ရပ်တန့်ကြသည်။ သူတို့၏ဆူးတောင်များက အနည်းငယ် လှုပ်ရှားသွားတတ်ကြပြီး ထိုအရာကြောင့် လှေဆိပ်တွင် လေလှိုင်းများ တိုက်ခတ်ကာ ဖုန်များ ထလာတတ်သည်။
လှေဆိပ်တွင် လူတက်ရသည့်စင်မြင့်က ခွန်လှေ၏ ဆူးတောင်များ ကြားထဲတွင် ရှိနေသည်မှာ ကံကောင်းသွားသည်။ ထို့ကြောင့် ထိုနေရာတွင် ရပ်နေသော ခရီးသည်များက သက်ရောက်ခံရခြင်း မရှိချေ။ ထို့ကြောင့် သူတို့က အစွမ်းထက်လေလှိုင်းနှင့်အတူ တောင်ခြေသို့ ပြုတ်ကျသွားခြင်း မရှိကြချေ။
ခွန်လှေက လေထဲတွင် တည်ငြိမ်သွားပြီးနောက် ခြံစည်းရိုးတွင် ရှိနေသော အပေါက်မှနေ၍ မက်မွန်ရွက်လမ်းကြားခန့် အကျယ်ရှိသော လှေကားတစ်ခု ကျလာခဲ့သည်။ လှေကား၏ အခြေက စင်မြင့်ပေါ်တွင် ရှိနေသော ယန္တရားတစ်ခုနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်သွားခဲ့၏။ ထို့ကြောင့် လွင့်မျောလှေကားက ကျောက်တုံးတစ်ခုကဲ့သို့ ကြံ့ခိုင်နေခဲ့သည်။
လှေကားပေါ်မှ အဖွဲ့တစ်ဖွဲ့ ဆင်းလာ၏။ လှေဆိပ်တွင် ကြီးကြပ်သူနှင့် စကားပြောပြီးနောက် သူတို့က ဝေ့ပိုတို့ကို အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားနှင့် ပြောလိုက်သည်။
"မိတ်ဆွေတို့ အားလုံးကို ကြိုဆိုပါတယ်။ မိတ်ဆွေတို့ လှေပေါ် တက်ပြီးသွားရင် နွားချိုတောင်က အဝတ်ထုပ်ဆိုင်အတွက် ကုန်ပစ္စည်းတွေကို ခွန် လှေရဲ့ လှေကား ဘေးနှစ်ဖက်မှာ နေရာချမှာပါ။ အဲဒါက တစ်နာရီလောက်ပဲ ကြာပါမယ်။ တကယ်လို့ ခွန် လှေထွက်ရမဲ့အချိန် နှောင့်နှေးမှုတစ်ခုခု ရှိခဲ့မယ်ဆိုရင် ပြည့်စုံကျူပင် ကုန်းမြေကြီးထဲမှာ အချိန်ကို တန်ဖိုးထားတဲ့ အဖွဲ့တစ်ခုအနေနဲ့ လက်မှတ်ခတွေကို အကုန်ပြန်အမ်းပေးပါလိမ့်မယ်.."
ထိုစကားကို ပြောလိုက်ပြီးနောက် ပိုးဖဲဝတ်ရုံနှင့် အဘိုးအိုက ဝေ့ပိုကို ကြည့်ပြီး မေးလိုက်သည်။
"မိတ်ဆွေက တောင်တန်းနတ်ဘုရားဝေ့လား.."
ဝေ့ပိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ကျုပ်ကို မြှောက်ပင့်နေပြန်ပါပြီ.."
အဘိုးအိုက အားရပါးရရယ်ပြီး လက်သီးနှစ်ဖက် ဆုပ်၍ နှုတ်ဆက်လိုက်သည်။
"ဒီ ခွန်လှေက ကုန်းမြေကြီး (၃)ခုကို ဖြတ်ပြီး ပြန်လာဖို့ တစ်နှစ်တောင် အချိန်ပေးခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်က တောင်တန်းနတ်ဘုရားဝေ့ကို ကြိုပြီး ဂုဏ်ပြုထားချင်ပါတယ်။ တကယ်လို့ ကျွန်တော်က အချိန်မီပြန်မရောက်နိုင်ဘူးဆိုရင်တောင် နောက်တစ်ကြိမ်ကျ သေချာပေါက် လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားပါ့မယ်။ တောင်တန်းနတ်ဘုရားဝေ့က ကျွန်တော့်ရဲ့ လက်ဆောင်ကို မငြင်းဖို့ မျှော်လင့်ပါတယ်..."
ဝေ့ပိုက သူ့လက်နှစ်ဖက်ကို ဆန့်ကျင်ဘက် အိတ်ထဲတွင် ထည့်ထားပြီး အပြုံးနှင့် စနောက်သလို ပြောလိုက်သည်။
"မလုပ်ပါဘူး။ ငါ မငြင်းပါဘူး။ တကယ်လို့ လက်ဆောင်က အရမ်းအဆင့်နိမ့်ရင်တော့ နောက်တစ်ကြိမ် မင်း ဒီကို ရောက်တာနဲ့ အချိန်မီပြန်ထွက်မရအောင် တားဆီးရလိမ့်မယ်.."
ပိုးဖဲဝတ်စုံနှင့် အဘိုးအိုက အားရပါးရရယ်ပြီး ပြန်ပြောလိုက်သည်။
"အဲဒါက သေချာပေါက် နှိမ့်ချတာ မဟုတ်ပါဘူး။ တောင်တန်းတွေကို အရိုအသေပေးတာက အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါကြောင့် ကျွန်တော်က ဒီလိုတောင်မြင့်ကြီးတစ်ခုကို ပေါ့ပေါ့လေး သဘောထားလို့ ဖြစ်ပါ့မလား။ သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် တကယ်လို့ ကျွန်တော့်ရဲ့ အဖွဲ့အစည်းက လက်ဆောင်ပေးဖို့ နှမြောနေမယ်ဆိုရင်တောင် ကျွန်တော့်ငွေနဲ့ စိုက်ထုတ်ပြီး သေချာပေါက် ပေးရဦးမှာပါ..."
ဝေ့ပိုက ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"မင်းက တော်တော်ရင်းနှီးဖို့ကောင်းတာပဲ.."
ထို့နောက် သူက ချန်းပင်အန်း၏ ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။
"ဒါက ငါ့မိတ်ဆွေ ချန်းပင်အန်း။ သူက ဒီမြို့ငယ်လေးထဲမှာတော့ ငွေအိတ်ကြီးပဲ။ သူက တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ကိုရောက်ရင် လှေပေါ်ကနေ ဆင်းဖို့ စဉ်းစားထားတယ်။ ကျေးဇူးပြုပြီး ငါ့ကိုယ်စား သူ့ကို သေချာစောင့်ရှောက်ပေးပါ လှေပိုင်ရှင်။ မင်းက ကုန်ကျစားရိတ်အားလုံးကို ငါ့နာမည်နဲ့ မှတ်ထားလို့ရတယ်။ ငါတို့နောက်တစ်ကြိမ် တွေ့တဲ့အချိန် ငါမင်းကို ကျသင့်ငွေ ရှင်းပေးမယ်.."
အဘိုးအိုက လက်ကာပြပြီး ပြောလိုက်သည်။
"ဘာကို ငွေပေးမှာလဲ..။ ကျွန်တော်ပဲ စားရိတ်အားလုံးကို ကျခံပါ့မယ်..."
"မင်းက ဘယ်အချိန်တုန်းကများ ဒီလောက် ရက်ရောသွားတာလဲ..."
ဝေ့ပိုက အပြုံးနှင့် မေးလိုက်သည်။
အဘိုးအိုက ကျယ်လောင်စွာ ရယ်လိုက်၏။ စင်မြင့်ပေါ်တွင် ရှိနေသော တခြားလူများကတော့ အလွန်အမင်း အားကျနေကြသည်။
ခွန် လှေပေါ်သို့ တခြားလူများနှင့်အတူ တက်မသွားခင် ချန်းပင်အန်းက လှေကားဘေးတွင် ရပ်ပြီး လက်နှစ်ဖက်ဆုပ်၍ ဝေ့ပိုကို အရိုအသေပေးလိုက်သည်။ သူက တခြားမည်သည့်စကားမျှ မပြောခဲ့ချေ။
ဝေ့ပိုကလည်း လက်နှစ်ဖက်ဆုပ်၍ အနည်းငယ် ဦးညွှတ်လိုက်၏။ အရာအားလုံးကို တိတ်ဆိတ်စွာ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို မြင်သည့်အခါ တခြားလူများနှင့် ကိစ္စရပ်များ ဆွေးနွေးနေသော ပိုးဖဲဝတ်စုံနှင့်အဘိုးအိုက ပိုကောင်းသော အကြံတစ်ခု ရသွားသည်။
အဆုံးတွင်တော့ ချန်းပင်အန်းက လှေကားပေါ်သို့ တစ်ယောက်တည်း ဖြည်းညင်းစွာ တက်သွားခဲ့သည်။ သူ့နောက်ကျောတွင်တော့ နတ်ဆိုးသုတ်သင်ခြင်းနှင့် မိစ္ဆာရှင်းလင်းခြင်းဟူသော ဓားနှစ်လက်ရှိနေ၏။
သူ့ခါးတွင် ပထမနှင့် ဆယ့်ငါးတို့ ပါဝင်နေသော ဓားအားဖြည့်ဘူးသီးခြောက်တစ်လုံး ရှိနေသည်။
ချန်းပင်အန်းက သူ၏ ကျောက်စိမ်းဆံထိုးကိုသုံး၍ ဆယ့်ငါး ဟူသော ဓားပျံနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက လူတိုင်း မျှော်လင့်တောင့်တနေရသော အဖိုးတန်အိတ်ဆောင်ရတနာတစ်ခုဖြစ်သည့်အတွက် နှစ်ဆ တန်ဖိုးရှိသည်။ အိတ်ဆောင်ရတနာ၏နာမည်က ထူးခြားမှုမရှိသော်လည်း ဆယ့်ငါး၏ အတွင်းထဲရှိ လေဟာနယ်က နတ်ဆိုးသုတ်သင်ခြင်း သစ်သားဓား၏ အရှည်ခန့် ရှိနေသည်။ ချန်းပင်အန်းက ထိုအရာကို သဘောကျနေခဲ့၏။
ယခု သူက သူ့စိတ်ကိုသုံး၍ ဓားပျံထိန်းချုပ်ခြင်းကို အနည်းငယ် ရင်းနှီးနေပြီဖြစ်သည်။ သူက ဓားပျံထဲမှ ပစ္စည်းထုတ်ရာတွင် အတော်လေး အသားကျနေပြီဖြစ်၏။ အရက်သမားငယ်လေး ချန်းပင်အန်းအတွက် လက်ထဲတွင် ပစ္စည်းများ ပေါ်လာသည့် ခံစားချက်က ရီဝေဝေ ခံစားချက်ထက်ပင် ပို၍ ကောင်းမွန်နေသေးသည်။
ယခု အိတ်ဆောင်ရတနာထဲတွင် ဆရာချီပေးထားသော တံဆိပ်များဖြစ်သည့် တည်ငြိမ်ခြင်းတံဆိပ်နှင့် တောင်တန်းနှင့်ရေ တံဆိပ်များ ထည့်ထားသည်။
ကုစန့်၏ ယောင်ရှန်သိုင်းကျမ်းလည်း ရှိနေ၏။ ချန်းပင်အန်းက ကုစန့်၏ကိုယ်စား ယာယီစောင့်ရှောက်ပေးထားခြင်း ဖြစ်သည်။
အနားတွင်တော့ စာသင်သားသူတော်စင်ပေးထားသော ကွန်ဖြူးရှပ်စာအုပ်အနည်းငယ် ရှိနေ၏။ လီကျိရှန် သူ့ကိုပေးထားသော စာရေးစုတ်တံကလည်း အိတ်ဆောင်ရတနာထဲတွင် ရှိနေသည်။ "လေနှင်းစုတ်တံ" နှင့် "နတ်ဘုရားများ၏အကူအညီဖြင့် ရေးသားခြင်း "ဟူသော စကားလုံးများကို စုတ်တံ လက်ကိုင်ပေါ်တွင် ရေးထွင်းထားသည်။
ထိုစာရေးစုတ်တံအပြင် လီကျိရှန်က သူ့တပည့် ချွေးစစ်ကို လာပို့ခိုင်းခဲ့သော အနက်ရောင် အဆောင်စာရွက်များစွာလည်း ရှိနေသေးသည်။ သူ့ဆီတွင် အဆောင်စာရွက် (၃)မျိုးရှိနေပြီး အရေအတွက်အများဆုံးက အဝါရောင်အဆောင်စာရွက် ဖြစ်သည်။ ထို့နောက် တိမ်တိုက်ပုံစံနှင့် ရွှေရောင်အဆောင်စာရွက်ဖြစ်ပြီး နောက်ဆုံးကတော့ အဝါရောင်စာအုပ်ပုံစံ အဆောင်စာရွက်များ ဖြစ်သည်။ သို့သော် ထိုအဆောင်စာရွက်က အရေအတွက် အနည်းဆုံးဖြစ်၏။ ထို့အပြင် အဆောင်ရေးဆွဲနည်း လမ်းညွှန်စာအုပ်တစ်ခုလည်း ရှိသေးသည်။
သူ့ဆီတွင် လူငယ်တာအိုသခင် လုချန်း ချန်ထားပေးခဲ့သော ဆေးအညွှန်းစာရွက် အနည်းငယ်လည်း ရှိသေးသည်။ အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ တိုင်းပြည်အသီးသီး၏ မြေပုံများလည်း ရှိသေး၏။ ထိုအရာများကို ဝေ့ပို ရှာထားပေးခြင်း ဖြစ်သည်။ ထို့ပြင် ချွေးချန်း၏အဘိုးနှင့် လေ့ကျင့်နေစဉ် အတောအတွင်း ဆေးအမယ်များအတွက် ကျသင့်ငွေပေးရန် ချန်းပင်အန်းက မြွေကျောက်တုံးအနည်းငယ် သုံးခဲ့ရသည်။
သူ့ဆီတွင် ကြေးပြားတစ်သိန်းကျော်လည်း ရှိနေသေး၏။ ချန်းပင်အန်းက ထိုအရာများကို သာမန်မြွေကျောက်တုံးများနှင့် စိမ်းပြာဝတ်ကောင်လေးဆီတွင် လဲခဲ့ခြင်း ဖြစ်သည်။ တောင်တန်းများပေါ်တွင် အသုံးပြုရသော ကျောက်စိမ်းကြေးပြားများလည်း ရှိသည်။ ထိုအရာများကို သာမန်လူသားကမ္ဘာကြီးထဲတွင် လုံးဝ မမြင်နိုင်ချေ။ ထိုကျောက်စိမ်းကြေးပြားများက ရွှေအဆီအနှစ်ကြေးပြားကဲ့သို့ တန်ကြေးမရှိသော်လည်း သာမန် ရွှေငွေများထက် ပို၍ တန်ဖိုးရှိသည်။
ထို့ပြင် ယခုချိန်ထိ စာမရေးရသေးသော ဝါးပြားများနှင့် ထွင်းဓားတစ်ချောင်းလည်း ရှိသေးသည်။ ဆန်တစ်အိတ် ၊ ဆီ၊ ဆား တခြားလိုအပ်သောပစ္စည်းများ ထည့်ထားသော ဘူးခွက်အစုံလည်း ပါ၏။ ငါးမျှားချိတ်များ၊ တောတွင်းသုံးဓားအသစ်တစ်ချောင်း၊ အဝတ်အစားအနည်းငယ်၊ အသစ်ရက်လုပ်ထားသော မြက်ဖိနပ်အနည်းငယ်နှင့် တခြားပစ္စည်းအစုံ ပါသေးသည်။
ထို့ပြင် သာမန်ရွှေနှင့်ငွေလည်း ပါသေး၏။ တခြားနေရာများသို့ ခရီးသွားရာတွင် ကြေးပြားတစ်ပြားတည်းရှိခြင်းက အလွန်ကြီးမားသော အနှောင့်အယှက်တစ်ခု ဖြစ်နိုင်သည်။ ချန်းပင်အန်းက တာ့ဆွေတိုင်းပြည်သို့သွားသော ခရီးလမ်းတွင် ထိုအရာကို ကောင်းကောင်းနားလည်လာခဲ့၏။
လှေကားတစ်ဝက်ခန့် ရောက်သည့်အချိန်တွင် ချန်းပင်အန်းက မနေနိုင်တော့ဘဲ ပြန်လှည့်ကြည့်လိုက်မိသည်။
မူလနေရာတွင် ဆက်၍ ရပ်နေသေးသော အဖြူဝတ်တောင်တန်းနတ်ဘုရားက သူ့ကို အပြုံးနှင့် လက်ပြလိုက်၏။
ချန်းပင်အန်းကလည်း လက်ပြနှုတ်ဆက်လိုက်သည်။ သူက လှေကားပေါ်သို့ ဆက်၍ လျှောက်သွားခဲ့ပြီး သူ့ခါးမှ အရက်ဘူးကို ယူ၍ တစ်ငုံ မော့သောက်လိုက်သည်။
သူတို့နောက်တစ်ကြိမ် ပြန်ဆုံသည့်အချိန်၌ သူ၏မွေးရပ်မြေနှင့် မိတ်ဆွေများ ဘေးကင်းလုံခြုံနေရန် မြက်ဖိနပ်နှင့် လူငယ်လေးက မျှော်လင့်နေမိခဲ့၏။
သူ့နာမည်အတိုင်း အရာအားလုံးက ဘေးကင်းပြီး ငြိမ်းချမ်းနေရန် မျှော်လင့်နေမိခဲ့လေသည်။
Translated by Hein Htet.