အခန်း (၂၂၈)
Vol. 16 Ch. 228
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၂၈) {စာစဉ် ၁၆ - အပိုင်း(၃)}
စောစောထသော ငှက် အစာဝပြီး ညပိုင်း အစာကျွေးထားသော မြင်းများကသာ ဝဖြိုးလာနိုင်၏။ ထိုနိယာမက အတော်လေး ယုတ္တိရှိသလို ထိုစကားပုံကလည်း လူအများကြားထဲတွင် အသုံးများနေသည်။
သို့သော် သနားစရာကောင်းသော လူငယ်တာအိုသခင်လေးကတော့ မနက်စောစောထပြီး နောက်ကျမှ အိပ်စက်တတ်သည်။ သူက ကံကြမ္မာ ဟောပြောသည့်ဆိုင်ကို သူ့ဘေးမှဆိုင်ထက် ပို၍စောစောဖွင့်ပြီး သူ့ထက် ပို၍ နောက်ကျမှ ပိတ်နေခဲ့သော်လည်း မည်သည့်အရာမျှ အကျိုးအမြတ်မရှိသလိုတိုးတက်လာနိုင်ခြင်းလည်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် မြို့ငယ်လေးထဲတွင် ရှိနေသော မြို့သူမြို့သားများက ငါးမွှေးဆံထိုး ဝတ်ဆင်ထားသော တာအိုသခင်အိုကြီးကို အစစ်အမှန် အင်မော်တယ် တစ်ယောက်ဟု ယုံကြည်နေခြင်းကြောင့် ဖြစ်သည်။ သူက ကံကြမ္မာဟောပြောရာတွင် ပို၍ တိကျသည်ဟု ဆိုကြ၏။ ထို့ပြင် သူက စားစရာနှင့် သောက်စရာများကိုလည်း အခမဲ့ တောင်းဆိုတတ်ခြင်း မရှိပေ။
ထို့ပြင် သူက လာရောက်သည့် ဧည့်သည်များကို လုံးဝ သီးခြားဆီ ဆက်ဆံခဲ့ခြင်း မရှိပေ။ အလွန်လှပသော မိန်းကလေးများဖြစ်စေ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးများဖြစ်စေ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံခဲ့သည်။ သူ့ဆီတွင် အမှန်တရားဆန်သော အငွေ့အသက်တစ်ခု ရှိနေပြီး သူက ကလေးငယ်များ၏ မုန့်ကို လှည့်စားလုယူတတ်သည့် အကျင့်စရိုက်မျိုးလည်း လုံးဝ မရှိခဲ့ပေ။
စီးပွားရေး လုပ်ဆောင်ရာတွင် ကြောက်စရာအကောင်းဆုံးအရာကတော့ တခြားသူတစ်ယောက်၏ ပစ္စည်းနှင့် နှိုင်းယှဉ်ရသည့် အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတောအတွင်း လူငယ်တာအိုသခင်လေးက လူသားသဘာဝ၏ နွေးထွေးမှုနှင့် အေးစက်မှု နှစ်မျိုးလုံးကို ကြုံတွေ့ခဲ့၏။ သူကတော့ ကြွယ်ဝချမ်းသာရန် မပြောနှင့် ယခု စားပွဲပေါ်တွင် စားစရာစားရန် ငွေကြေးအနည်းငယ်လေးသာ ရှိနေခဲ့သည်။
ယခင်တုန်းက သူနှင့် စကားပြောဆိုခဲ့သော မိန်းကလေးများကလည်း သူ့ကို အသိအမှတ်မပြုကြတော့ပေ။ သူတို့က လက္ခဏာဖတ်ရန် သူ့ဆိုင်သို့ မလာကြတော့သည့်အပြင် သူ့ဆိုင်ကို ဖြတ်လျှောက်သွားသည့်အချိန်တွင်လည်း သူ့ကို မမှတ်မိချင်သလို ဟန်ဆောင်နေခဲ့ကြသည်။
လူငယ်တာအိုသခင်လေးကတော့ ငယ်ရွယ်ပြီး ချစ်စရာကောင်းသော မိန်းကလေးများအကြောင်းကို စဉ်းစားပြီး တစ်ယောက်တည်း သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့ရသည်။ သူတို့က အပေါ်ယံတွင် မရင်းနှီးချင်သလိုဟန်ဆောင်နေကြသော်လည်း သူတို့ဆီမှ သစ်ပင်များနှင့် သဘာဝတရားကြီး၏ အနံ့အသက်များ သယ်ဆောင်ထားသေးသည်။
သို့သော် စိတ်ထဲတွင်တော့ သူတို့က သူ့ကို နှုတ်ဆက်ရန် အလွန်ရှက်ရွံ့နေကြခြင်း ဖြစ်နိုင်သည်။ သူတို့က သူ့ကို အလွန်သဘောကျနေကြ၏။ မဟုတ်လျှင် သူ့ဆိုင်ကို ဖြတ်လျှောက်သွားသည့်အချိန်တိုင်း ဘာကြောင့် သူတို့အားလုံးက ထိုကဲ့သို့ လှပသော အဝတ်အစားများကို ဝတ်ဆင်ထားကြသနည်း။ ထိုအဝတ်အစားများက နေ့စဉ်နေ့တိုင်း ကွဲပြားနေသည်။
လူငယ်တာအိုသခင်လေးက ထိုမိန်းကလေးများကို စိတ်ပျက်ခြင်း မရှိဘဲ သူတို့၏ ခံစားချက်များကို သတိမထားဘဲ မနေခဲ့ပေ။ ထို့ကြောင့် သူ၏သိမ်းငှက်မျက်လုံးနှင့် စိုက်ကြည့်၍ သူတို့၏ နာမည်ကိုခေါ်ပြီး အမြဲလိုလို နှုတ်ဆက်ကြိုဆိုတတ်သည်။ ဥပမာအနေနှင့် ပြောရလျှင် သူတို့ဆီ၌ အလွန်လှပသော ဆံထိုးတစ်ခု ရှိသည်ဟု ချီးကျူးတတ်ပြီး တစ်ခါတစ်ရံ အလွန်လှပသော ဝတ်စုံ ဝတ်ဆင်ထားသည်ဟု ချီးကျူးတတ်သည်။
မိန်းကလေးများကတော့ အနည်းငယ် လှုပ်ရှားသွားကြပြီး အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားတတ်ကြ၏။ သို့သော် တချို့ရဲတင်းသော မိန်းကလေးများကတော့ ပြန်လှည့်လာပြီး သူနှင့် မျက်လုံးချင်း စိုက်ကြည့်တတ်သည်။ တချို့ကတော့ သူ့ကို စူးစိုက်ကြည့်ပြီး တဏှာရူးဟုပင် ခေါ်တတ်ကြ၏။
သို့သော် သူတို့တစ်ယောက်မျှ သူနှင့် အလုပ်လုပ်ရန် သူ၏ကံကြမ္မာဟောပြောဆိုင်သို့ ချဉ်းကပ်လာခဲ့ကြခြင်း မရှိချေ။ ထို့ကြောင့် လူငယ်တာအိုသခင်လေးက အနည်းငယ်ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ သူက နေ့စဉ်နေ့တိုင်း စားပွဲခုံနောက်တွင် ပျင်းရိစွာ ထိုင်နေခဲ့ရပြီး အင်္ကျီလက်ကို အသုံးပြု၍ ဝါးဘူးများကို သန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် ဝါးပြားလေးများကို ကိုင်ထားခြင်းမျိုးသာ လုပ်ဆောင်နိုင်ခဲ့၏။
တစ်ခါတရံ သူက လက်နှစ်ဖက်ကို ခေါင်းနောက်တွင် တင်ထားပြီး ခြေထောက်ကို ရှေ့နောက် လှုပ်နေခဲ့၏။ တစ်ခါတရံ သူက စားပွဲခုံပေါ်သို့ မှောက်၍ အနားယူနေတတ်ပြီး တစ်ခါတစ်ရံ အနီးအနား ကံကြမ္မာဟောပြောဆိုင်တွင် လူသူစည်ကားနေသည်ကို ငေးမောကြည့်ရှုနေတတ်သည်။
ကိုယ့်ကိုယ်ကိုယ် တခြားလူတစ်ယောက်နှင့် နှိုင်းယှဉ်ခြင်းက လူတစ်ယောက်ကို ဒေါသထွက်ပြီး သေဆုံးသွားစေနိုင်သည်။ လူငယ်တာအိုသခင်ကတော့ နေ့ရောညပါ အလုပ်မရှိသော်လည်း ရှက်ရွံ့မှုက ဒေါသအဖြစ် ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ မကြာခဏဆိုသလို သူက တာအိုသခင်အိုကြီး၏ ဆိုင်သို့ သွားပြီး သူနှင့် စကားစမြည် ပြောဆိုတတ်သေးသည်။
ထို့ကြောင့် အဘိုးအိုကပင် နေရာအသစ်သို့ ပြောင်းရွှေ့သွားရန် စဉ်းစားနေရသည်။ ထိုသို့ဆိုလျှင် သူ့အတွက် အနည်းငယ်ပို၍ လွတ်လပ် ပေါ့ပါးသွားနိုင်၏။ အဆုံးတွင်တော့ သူက ငယ်ရွယ်ပြီး ရူးမိုက်သော တာအိုသခင်လေးအတွက် အနည်းငယ် သနားလာသလိုပင် ခံစားလာခဲ့ရသည်။
သူကတော့ မြို့ထဲတွင် ကံကြမ္မာဟောပြောဆိုင်လေးတစ်ခု ဖွင့်လှစ်ထားသည့်အတွက် နှစ်ဝက်ခန့် နေထိုင်ရန် လုံလောက်သည်။ သူက လူငယ်တာအိုသခင်ကို လမ်းညွှန်ချက် အနည်းငယ်ပေးရန် ဆုံးဖြတ်လိုက်၏။ ဧည့်သည်မရှိသည့်အချိန်တွင် သူက ကြာပန်းဆံထိုး ဝတ်ဆင်ထားသော လူငယ်တာအိုသခင်လေးကို လက်ယပ်ပြီး လှမ်းခေါ်လိုက်သည်။
လူငယ်တာအိုသခင်လေးက အလျင်အမြန် ပြေးလာပြီး ထိုင်ခုံတွင် ထိုင်လိုက်၏။ သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေသော ပုံစံတစ်ခု ရှိနေသည်။
“အင်မော်တယ် အကြီးအကဲ…
ကျွန်တော့်ကို တစ်ခုခု သင်ပေးမလို့လား။ ကျွန်တော့်ကို အရမ်းထူးခြားတဲ့ နည်းလမ်းတွေ သင်ပေးမလို့လား…”
တာအိုသခင်အိုကြီးက သူ့ဘေးတွင် ချထားသော ရေနွေးခွက်လေးကို ကောက်ယူလိုက်ပြီး အေးစက်နေသော ရေနွေးတစ်ငုံ သောက်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ထူးဆန်းသော အမူအရာနှင့် မေးလိုက်၏။
“မင်းက ဒီအလုပ်ကို လုပ်တာ သိပ်မကြာသေးဘူးလား…”
လူငယ်တာအိုသခင်လေး၏ မျက်နှာပေါ်တွင် အဆင်မပြေသော အမူအရာတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။
“အချိန်ခဏလေးလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့အလုပ်က တခြားသူတွေထက်တော့ အမြဲတမ်း ပိုပြီးတော့ ဆိုးရွားတယ်…”
တာအိုလမ်းစဉ်ကို ဂိုဏ်းခွဲ(၃)ခုအဖြစ် ခွဲခြားထားသည်။ တာအိုဘိုးဘေး၏ တပည့်များက ဂိုဏ်းခွဲတစ်ခုကို ဦးဆောင်ရန် တာဝန်ရှိသည်။ ထိုဂိုဏ်းခွဲများက တူညီသော ဇစ်မြစ် ရှိနေသော်လည်း မတူညီသော ဦးတည်ချက်များဆီသို့ စီးဆင်းနေကြခြင်း ဖြစ်၏။ ထိုဂိုဏ်းခွဲများက သီးခြားကမ္ဘာတစ်ခုတည်းတွင် ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး လူသားကမ္ဘာကြီးထဲတွင် ရှိနေသော ကွန်ဖြူးရှပ်ဂိုဏ်းများကဲ့သို့ အင်အားနှင့် လွှမ်းမိုးမှုများ ရှိလာနိုင်သည့်အပြင် သူတို့က တာ့လီအင်ပါယာ ပိုင်ဆိုင်ထားသော လူသားကမ္ဘာကြီးထဲတွင် ဂိုဏ်းကြီးပေါင်း မြောက်မြားစွာကိုပင် ပေါ်ထွက်လာစေနိုင်ခဲ့သည်။
ထိုဂိုဏ်းများက လူသားကမ္ဘာကြီးထဲတွင် အရေးပါလာပြီး အတော်လေး နက်ရှိုင်းသော အင်အားစုများ ဖြစ်လာကြ၏။ သူတို့အပြင် ကိုးကွယ်ယုံကြည်သူများစွာနှင့် အမွှေးတိုင်ပူဇော်မှု များစွာရှိနေသော မရေမတွက်နိုင်သည့် တာအိုကျောင်းဆောင်များလည်း ရှိနေသေးသည်။
လူသားကမ္ဘာကြီးထဲတွင် ရှိနေသော ကုန်းမြေကြီးတစ်ခုဆီတွင် တာအိုသခင် တစ်ယောက်၊ ကောင်းကင်တာအိုသခင်တစ်ယောက်နှင့် သုခဘုံတစ်ခု ပိုင်ဆိုင်ထားသော ဝိညာဉ်တာအိုသခင် တစ်ယောက်ဆီ ရှိကြသည်။
အဘိုးအိုက သူ့ရှေ့တွင် ရှိနေသော ကံဆိုးသည့် လူငယ်လေးကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“မင်းက ဒီအလုပ်ကို လုပ်နေတာ တော်တော်လေး ကြာနေပြီလား။ ဒါဆိုရင်တော့ မင်းက အခုအချိန်ထိ အဖမ်းမခံရသေးဘဲ အချုပ်ထမင်း မစားရသေးတာတောင် တော်တော်လေး ကံကောင်းနေပြီ။ ငါ မင်းကို တစ်ခုလောက် မေးဦးမယ်။ မင်းက ဘာလို့ ဒီကြာပန်းဆံထိုးကို ဝတ်ထားရတာလဲ။ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ တာအိုကျောင်းဆောင်တွေနဲ့ အင်အားစု နည်းနည်းလောက်ကပဲ ဒီလိုပုံစံ တာအိုဆံထိုးကို ဝတ်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ သိလား…”
“သူတို့တွေထဲမှာ အစွမ်းထက်ဆုံးကတော့ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ရဲ့ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းပဲ။ သူတို့ရဲ့ခေါင်းဆောင်နဲ့ ဝိညာဉ်တာအိုသခင်ကတော့ ကုန်းမြေကြီးရဲ့ တာအိုသခင် အင်မော်တယ် ချီပဲ။ သူက အရင်နှစ်ကမှ ကောင်းကင်တာအိုသခင်အဖြစ်လည်း ရာထူးတိုးသွားသေးတယ်။ ကျန်တဲ့ တာအိုကျောင်းဆောင်တွေကတော့ ထိပ်တန်းအဖွဲ့အစည်းတွေထဲမှာတောင် မပါဘူး..”
“အဲဒီလိုအင်အားစုက တာအိုသခင်တွေက ဒီလိုတောင်တန်းတွေထဲကနေ ထွက်ပြီး ဒီလို ဈေးဆိုင်လေးတွေ ခင်းပြီး ကံကြမ္မာဟောပြောတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုအပ်မှာလား။ သူတို့က ဖုန်တွေ၊ အညစ်အကြေးတွေ ပြည့်နှက်နေတဲ့ မြို့သူမြို့သားတွေနဲ့ ဆက်ဆံဖို့ လိုအပ်မှာလား။ ဘာလဲ။ မင်းက နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းက အင်မော်တယ်တစ်ယောက်လား..။ ဒါမှမဟုတ် အဲဒီလို တာအိုကျောင်းဆောင်ကြီးတွေထဲက တာအိုသခင် တစ်ယောက်လား…”
လူငယ်တာအိုသခင်လေးက လက်ကာပြပြီး ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်တော်က အဲဒီအရာတွေတစ်ခုမှ မဟုတ်ပါဘူး…”
သူက လုချန်း ဖြစ်သည်။ ထိုအရာများ တစ်ခုမျှ မဟုတ်ချေ။
အဘိုးအိုက မျက်ခုံးပင့်လိုက်ပြီး အလျင်စလို လုပ်တတ်သော ထိုလူငယ်ကို မော့ကြည့်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူက အလွန်အံ့ဩသွားခဲ့၏။ အနားတွင် ရှိနေသော ကံကြမ္မာဟောပြောသည့် ဆိုင်ရှေ့တွင် လူနှစ်ယောက် ရပ်နေသည်။
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်၏။ သက်လတ်ပိုင်းအရွယ် လူကြီးဆီတွင် နားမလည်ဖြစ်နေသော အမူအရာတစ်ခု ရှိနေသော်လည်း သူ့ဆီမှနေ၍ အရာရှိတစ်ယောက်ကဲ့သို့ အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေသေးသည်။ သူက အရာရှိတစ်ယောက်၏ အစွမ်းနှင့် အခြေအနေမျိုး ပိုင်ဆိုင်ထားခဲ့၏။
ထိုအချိန်တွင် လူငယ်လေးကတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်တစ်ခု ရှိသည်။ သူ့မျက်နှာကလည်း ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး သူက ကြွယ်ဝချမ်းသာသော ကလန်တစ်ခုတွင် ကြီးပြင်းသည့် သခင်လေးတစ်ယောက် ဖြစ်ကြောင်း သိသာနေသည်။
ထိုလူနှစ်ယောက်က တစ်ဖက်ဆိုင်ရှေ့တွင် တိတ်တဆိတ် ရပ်နေကြ၏။ သူတို့က လူငယ်တာအိုသခင် ပြန်ရောက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေပုံရသည်။
တာအိုသခင်အိုကြီး၏ သနားစိတ်များက မီးခိုးငွေ့များသဖွယ် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ အလွန်ရူးမိုက်သော်လည်း ကံကောင်းသည့် ထိုတာအိုသခင်လေးကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည့်အချိန်တွင် သူ့ကို မျက်စိစပါးမွှေးစူးစရာအဖြစ် မြင်လာခဲ့ရသည်။
လုချန်းက တာအိုသခင်အိုကြီးကို အပြုံးနှင့် ကျေးဇူးတင်စကား ပြောလိုက်ပြီး သူ့ဆိုင်သို့ ပြန်သွားခဲ့၏။ ထိုင်ခုံတွင် ထိုင်လိုက်ပြီးနောက် သူက မေးလိုက်၏။
“မင်းတို့က ဝါးပြားတစ်ပြား ဆွဲဖို့ ရောက်လာတာလား။ ဒါမှမဟုတ် မျက်နှာပြင် ဖတ်ဖို့ ရောက်လာတာလား…”
သက်လတ်ပိုင်းအရွယ် လူကြီးက ထိုင်ပြီး ခေါင်းခါပြလိုက်သည်။
“ကျွန်တော်တို့က အဲဒီအရာတွေအတွက် ရောက်လာတာ မဟုတ်ပါဘူး…”
သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတွေက ဒီလောက်ထိ ရောက်လာမှတော့ ဝါးပြားဆွဲတာတွေ၊ မျက်နှာပြင် ဖတ်တာတွေက ဘာမှအရေးမပါတော့ဘူးလေ…”
သူက လူငယ်တာအိုသခင်လေးကို ကြည့်ပြီး ခဏကြာ တွေဝေနေခဲ့သည်။ အဆုံးတွင်တော့ သူက ပထမဆုံးအကြိမ်အဖြစ် လက်သီးဆုပ်၍ ရိုးရိုးသားသား ပြောလိုက်၏။
“ကျွန်တော်က လူသားကမ္ဘာကြီးရဲ့ ဘုရင်တစ်ယောက်ပါ။ ဒါကြောင့် လူသားကမ္ဘာကြီးရဲ့ ကျင့်ဝတ်ထုံးတမ်းတွေအရ ကျွန်တော်က တခြားအင်မော်တယ်တွေရဲ့ရှေ့မှာ ဒူးထောက်ဖို့ မလိုအပ်ဘူး။ ဂိုဏ်းခွဲသခင်လုက တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်ထဲကို ရောက်နေပြီဆိုပေမဲ့ ကျွန်တော်က ဒူးထောက် အရိုအသေပေးဖို့ မလိုအပ်သလို ကွန်ဖြူးရှပ်ကျင့်ဝတ်တွေအတိုင်း ဦးညွှတ်ဖို့လည်း မလိုအပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့က ဒါကို ကျင့်ကြံရေးကမ္ဘာကြီးထဲမှာ မတော်တဆ တွေ့ဆုံမှုတစ်ခုလို့ပဲ သတ်မှတ်လို့ရပါတယ်…။ အတင့်ရဲစွာနဲ့ပဲ ကျွန်တော်က ကျင့်ကြံရေးကမ္ဘာကြီးထဲက လူတွေရဲ့ နည်းလမ်းအတိုင်း ဂိုဏ်းခွဲသခင်လုကို ဖိတ်ခေါ်ချင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ဗွေမယူပါနဲ့…”
လုချန်းက အပြုံးနှင့် ပြောလိုက်သည်။
“တော်တော်ထူးဆန်းတာပဲ။ မင်းက ဘုရင်တစ်ယောက်လေ။ ဘာလို့ မင်းကိုယ်မင်း ‘ငါတို့’ ဒါမှမဟုတ် ‘ကုသိုလ်မရှိတဲ့ လူတစ်ယောက်’လို့ မသုံးရတာလဲ…”
“တာအိုသခင်လု ဒီနေရာမှာ ရှိနေမှတော့ ကျွန်တော်က အဲဒီလိုမျိုး မလုပ်ရဲပါဘူး..”
သက်လတ်ပိုင်းအရွယ် လူကြီးက မချိပြုံးပြုံးပြီး ပြန်ဖြေလိုက်သည်။
“ပြီးတော့ တာ့လီအင်ပါယာ စုန့်ကလန်ရဲ့ဘုရင်ကြီးက ကောင်းကင်နဲ့ မြေကြီးကိုတောင် မကြောက်တဲ့ သူရဲကောင်းတစ်ယောက်လို့ ငါက ထင်ထားတာ..”
လုချန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အိုက်လျန်က ကျောက်စိမ်းဖြူ မြို့တော်ကို လာခဲ့တဲ့ အချိန်မှာတောင် မင်းက တော်တော်လေး ရဲတင်းနေခဲ့တယ် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒူးထောက်ဖို့ ငြင်းဆန်ခဲ့တယ်။ အဲဒီအချိန်တုန်းက အဝေးမှာရှိတဲ့ တောင်ပိုင်းစမ်းမျောင်း တိုင်းပြည်ကနေငါ အဲဒီပွဲကို ကြည့်နေခဲ့တယ်။ ငါကိုယ်တိုင်တောင် မင်းကိုယ်စား ချွေးသီးချွေးပေါက်တွေ ကျလာခဲ့ရတာပဲ…”
“တကယ်လို့ ကျွန်တော်သာ ဒူးထောက်လိုက်မယ်ဆိုရင် တာ့လီအင်ပါယာ စုန့်ကလန်ရဲ့ ဘိုးဘေးအဆက်ဆက် စုစည်းထားခဲ့တဲ့ ဝိညာဉ်တွေ၊ အနှစ်သာရတွေအားလုံးက ပျက်စီးပြီး ပျောက်ကွယ်သွားရလိမ့်မယ်…”
တာ့လီအင်ပါယာရဲ့ ဘုရင်ကြီးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အမူအရာနှင့် ပြောလိုက်သည်။
“ဒါကြောင့် ကျွန်တော်က ဒူးထောက်ဖို့ ဖြစ်နိုင်ပါ့မလား။ တကယ်လို့ သူက ကျွန်တော့်ခေါင်းကို ဖြတ်သွားမယ်ဆိုရင်တောင် ကျွန်တော့်ခန္ဓာကိုယ်ကတော့ ဒူးထောက်ဦးမှာ မဟုတ်ဘူး…”
လုချန်းက ခေါင်းညိတ်လိုက်မိသည်။
“ကျွန်တော် ဒီကိုလာနေတဲ့ လမ်းတစ်ဝက်မှာ ရှုယောင်က သူ့ရဲ့အသက်ဓားပျံကိုသုံးပြီး သတင်းတစ်ခု ပို့ခဲ့တယ်။ ဂိုဏ်းခွဲသခင်လုရဲ့ရှေ့ကို မသွားဖို့ သူက ကျွန်တော့်ကို ပြောထားခဲ့တာ။ တော်ဝင်နန်းဆရာဆီမှာလည်း အဲဒီလို အလားတူထင်မြင်ချက်မျိုး ရှိတယ်။ သူတို့နှစ်ယောက်လုံးက ပွင့်လင်းတဲ့လူတွေ ၊ ဘာကိုမှ သိပ်အလေးအနက် မထားတတ်ဘူး။ အထူးသဖြင့် တော်ဝင်နန်းဆရာချွေးပဲ။ သူက ကျွန်တော့်ရဲ့ဒေါသနှင့် စိတ်နေစိတ်ထားကို အရမ်းရင်းနှီးတယ်။ ဒါကြောင့် ကျွန်တော်က မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ပြီး အစွမ်းကုန်ကြိုးစားလိုက်မယ်ဆိုရင်တောင် ဂိုဏ်းခွဲသခင်လုကို အပြစ်ပြုမိသလိုဖြစ်သွားမှာ သူက စိုးရိမ်နေတယ်…”
လုချန်းက အတော်လေးနေမကောင်းဖြစ်နေပုံရသော ဘုရင်ကြီးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူက အံ့ဩနေသော အမူအရာနှင့် မှတ်ချက်ပေးလိုက်၏။
“ငါက ကိစ္စတစ်ခုကိုတော့ တော်တော်လေး စိတ်ဝင်စားတယ်။ အိုက်လျန်ရဲ့ လက်သီးချက်က မင်းရဲ့သက်ရှည်တံတားကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါကြောင့် အဲဒီအရာက မင်းကို ရုပ်သေးတစ်ရုပ်အဖြစ် လုပ်ဆောင်နေရတဲ့ ကံကြမ္မာကနေ လွတ်မြောက်စေနိုင်ခဲ့တဲ့အပြင် မင်းရဲ့အသက်ကိုလည်း တိုသွားစေတယ်။ မင်းက သူ့အပေါ် ကျေးဇူးတင်တာလား ဒါမှမဟုတ် သူ့အပေါ် တော်တော်လေး မကျေမနပ်ဖြစ်နေတာလား…”
“နှစ်ခုလုံးပါပဲ…”
တာ့လီအင်ပါယာ၏ ဘုရင်ကြီးက ပြန်ဖြေလိုက်သည်။
“အမှန်အတိုင်းပြောရရင် ကျွန်တော်က အဲဒီအပေါ် ဘာခံစားချက်မှ သိပ်မရှိဘူးလို့ ပြောလို့ရတယ်။ ရှေးအချိန်ကတည်းက လူသားကမ္ဘာကြီးထဲမှာ အုပ်ချုပ်သူတွေကို ထိန်းချုပ်ထားတဲ့ စည်းမျဉ်းတွေ သတ်မှတ်ချက်တွေ ရှိနေတာပဲ။ အလယ်ဘုံ(၅)ဆင့်မှာရှိတဲ့ ချီကျင့်ကြံသူတွေကိုဘုရင်ဖြစ်ဖို့ တားမြစ်ထားတယ်။ အောက်ဘုံ(၅)ဆင့်မှာရှိတဲ့ ချီကျင့်ကြံသူတွေက တိုင်းပြည်တစ်ခုကို နှစ်ပေါင်း (၆၀)ကျော် အုပ်ချုပ်ဖို့ တားမြစ်ထားတယ်။ အဲဒီအပြင် ဘုရင်တွေက ကျင့်ကြံဖို့အတွက်လည်း မသင့်တော်ဘူး…”
“ဒါပေမဲ့ ကျွန်တော်ကတော့ ကျောက်စိမ်းဖြူမြို့တော် တည်ဆောက်ဖို့ ကူညီပေးထားတဲ့ ဆရာကြီးလုရဲ့ ဆွဲဆောင်မှုကို မခံနိုင်ခဲ့ဘူး။ ကျွန်တော်က လမ်းမှားကို လျှောက်လှမ်းမိခဲ့ပြီး အဆင့်(၁၀)ထိ တိတ်တဆိတ် လေ့ကျင့်မိခဲ့တယ်။ ဒါက အရမ်းကိုကြီးမားတဲ့ အမှားတစ်ခုပဲ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ဆန္ဒတွေကို လက်လျှော့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တာ့လီအင်ပါယာရဲ့ စစ်မြင်းခွာသံက နဂါးအိုမြို့ အပြင်ဘက်မှာရှိတဲ့ တောင်ပိုင်းကမ်းရိုးတန်းအထိ ပျံ့နှံ့သွားတာကို မြင်ချင်ခဲ့ ကြားချင်ခဲ့တယ်…”
တာ့လီအင်ပါယာ၏ ဘုရင်ကြီးက ထိုစကားကို ပြောသည့်အချိန်တွင် သူ့ဆီ၌ ဝိညာဉ်စွမ်းအားနှင့် စိတ်ဆန္ဒများ ပြည့်နှက်နေပုံရသည်။ နေမကောင်းဖြစ်နေသော အဘိုးကို တစ်ယောက်က အထွဋ်အထိပ် အခြေအနေတစ်ခုကို ကြုံတွေ့နေရသလို ဖြစ်နေခဲ့၏။
“တကယ်လို့ အဲဒီလိုနေ့ရက်သာ ရောက်လာခဲ့မယ်ဆိုရင် အဲဒီအရာက ကြောက်စရာကောင်းတဲ့ မိုးကြိုးမုန်တိုင်းတွေထက်တောင် ပိုပြီးတော့ ပြောစမှတ်တွင်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်…”
လုချန်းက ထိုစကားကို တုံ့ပြန်ခဲ့ခြင်းမရှိချေ။ ထိုအစား သူက ပြောလိုက်၏။
“ဒီလောက်အချိန်တိုလေးအတွင်း မင်းက မင်းရဲ့ကလန်နဲ့ အင်အားစုတွေကို ရှင်းထုတ်နိုင်တာ တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ မင်းက အလယ်မြေနတ်ဘုရားကုန်းမြေကြီးက လုကလန်ရဲ့ ကမ်းလှမ်းမှုကိုတောင် ပယ်ချရဲတဲ့ သတ္တိရှိတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ မိုကလန်ရဲ့ ပင်မဂိုဏ်းခွဲက တာ့လီအင်ပါယာကို အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်တစ်ယောက်ဖြစ်တဲ့ မင်းရဲ့သက်တမ်းမှာတော့ အနိမ့်အမြင့် အတက်အကျတွေ ပြည့်နေတာပဲ…”
ဘုရင်ကြီးက အံ့ဩနေခဲ့ခြင်းမရှိချေ။ အင်မော်တယ်များက ကျင့်ဝတ်သူတော်စင် ချမှတ်ထားခဲ့သော ရှုပ်ထွေးသည့် စည်းမျဉ်းများ ၊ နိယာမများကို လိုက်နာရန် လိုအပ်သော်လည်း သူ့ရှေ့တွင် ထိုင်နေသည့် ချောမောခန့်ညားသော တာအိုသခင်လေးကတော့ သာမန်အမြင်ရ အင်မော်တယ်တစ်ယောက် မဟုတ်ပေ။
ဘာကြောင့် တာ့လီအင်ပါယာ၏ ဘုရင်ကြီးက မြို့ငယ်လေးဆီသို့ ရောက်လာပြီး ထိုလူငယ်တာအိုသခင်လေးနှင့် ကိုယ်တိုင်လာရောက်တွေ့ဆုံခဲ့ရသနည်း။ သူက ထိုဂိုဏ်းခွဲသခင်လုအပေါ် ရိုသေလေးစားမှုများ ရှိနေခြင်းကြောင့် မဟုတ်ပေလော။ ထိုအရာက အရိုးရှင်းဆုံးနှင့် အသန့်စင်ဆုံး ခံစားချက်တစ်ခုဖြစ်သည်။
လူတိုင်းမော့ကြည့်ရသော တောင်မြင့်ကြီးတစ်ခုကဲ့သို့ ၊ လူတိုင်းလိုက်နာနေရသော အမှန်တရားလမ်းစဉ်တစ်ခုကဲ့သို့ ရောက်ရှိရန် မဖြစ်နိုင်သော်လည်း လူတစ်ယောက်က ထိုပန်းတိုင်သို့ ရောက်ရှိနိုင်ရန် တောင့်တနေဆဲသာ ဖြစ်သည်။ အကယ်၍ လူတစ်ယောက်ကသာ ထိုပန်းတိုင်ကို အမှန်တကယ်ရောက်နိုင်ပြီး မြင့်မားသော တောင်မြင့်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရမည်ဆိုလျှင် လူတစ်ယောက်၏ ဘဝက အလွန်ကံကောင်းသည်ဟု ဆိုနိုင်ပါလိမ့်မည်။
ဘုရင်ကြီး၏ မျက်နှာပေါ်တွင် မသက်မသာ ခံစားမှုတစ်ခုနှင့် မျှော်လင့်ချက်တစ်ခု ပေါ်လာခဲ့၏။ သူက မေးလိုက်သည်။
“ဂိုဏ်းခွဲသခင်လုက ဒီနေရာမှာ ရှိနေမှတော့ ကျွန်တော်က ဒီကပ်ဘေးကို ကျော်လွှားလို့ ရနိုင်မလား…”
လုချန်းက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
“တလက်လက် တောက်ပနေတဲ့ သာမန်ကြယ်တစ်ပွင့်နဲ့အတူ စီးဆင်းသွားတယ်။ မင်းက အတောက်ပဆုံးနှင့် အထူးခြားဆုံး ကြယ်တစ်ပွင့်ထက်တော့ အမြဲတမ်း ပိုနေခဲ့တာပဲ။ ငါက မင်းရဲ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ်။ (၁၀) နှစ် ၊ နှစ် (၁၀၀) မပြောနဲ့ ။ ငါ့အတွက် အခက်အခဲမရှိဘဲ နှစ်ပေါင်း (၁၀၀၀) လောက်ထိ ဆွဲဆန့်ပေးနိုင်တယ်…”
“ဒါပေမဲ့ ငါက မင်းရဲ့သက်တမ်းကို ဆွဲဆန့်ပေးပြီး မင်းရဲ့ကံကြမ္မာကို ပြောင်းလဲလိုက်တာနဲ့ မင်းက မင်းရဲ့နေရာကို လက်လွှတ်ပြီး ငါနဲ့အတူ တခြားကမ္ဘာကြီးကို လိုက်ခဲ့ရမယ်။ အဲဒီလိုလုပ်မှပဲ မင်းက အသက်ရှင်နိုင်လိမ့်မယ်။ မဟုတ်ရင်တော့ ကျင့်ဝတ်သူတော်စင် တည်ထောင်ထားတဲ့ စည်းမျဉ်းတွေ ၊ နိယာမတွေက အပေါ်ယံသက်သက်ပဲလို့ မင်းက ထင်နေတာလား။ ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲမှာရှိတဲ့ ရုပ်ထုကြီးတွေက အသက်မဲ့ပြီး ဘာမှ မလှုပ်ရှားနိုင်တဲ့ ပစ္စည်းတွေလို့ပဲ မင်းက ထင်နေတာလား…”
တာ့လီအင်ပါယာ၏ ဘုရင်က သက်ပြင်းချပြီး အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့သည်။
လုချန်းက ခံစားချက် ကင်းမဲ့သော လူငယ်လေးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြုံးလိုက်၏။
“စုန့်ကျိရှင်း ဒါမှမဟုတ် ငါက မင်းကို စုန့်မူလို့ ခေါ်သင့်တာလား။ တော်တော်တိုက်ဆိုင်တာပဲ။ ငါတို့နှစ်ယောက် ထပ်ပြီးတော့ တွေ့ပြန်ပြီ။ ချီကျင့်ချွန်က မင်းကို အရမ်းအလေးထားခဲ့တယ်ဆိုတာ မင်းသိလား။ ပထမတော့ မင်းက သူ့ရဲ့ မျိုးဆက်ကို အမွေဆက်ခံနိုင်တဲ့ အရေးပါတဲ့လူတွေထဲက တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ မင်းသိလား…”
“ချီကျင့်ချွန်က ငါ့ကို ဆန့်ကျင်ဖို့အတွက် ပုံရိပ်ယောင်ကျင့်စဉ်တစ်ခုကို ရိုးရိုးရှင်းရှင်းလေး သုံးခဲ့တာ မဟုတ်ဘူး။ မဟုတ်ရင် ငါ့ရဲ့စာဝါလေးက မင်း ပစ်ထုတ်လိုက်တဲ့ ကြေးပြားလေးကို သေချာပေါက် ယူလာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ကံကြမ္မာက တော်တော်လေး ကောင်းနေသေးတဲ့အချိန်မှာ မင်းကတော့ နည်းနည်းလေး ကံဆိုးသွားတာ နှမြောစရာပဲ။ တကယ့်ကို နည်းနည်းလေးပဲ…”
လုချန်းက သူ့လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်မကို ထိရန် အနည်းငယ်လေးသာ ခွာထားလိုက်သည်။
သူက ခနဲ့သလို ပြုံးပြီး ဆက်ပြောလိုက်၏။
“ချီကျင့်ချွန် မင်းကို ပေးခဲ့တဲ့ စာအုပ်တွေထဲမှာ သူ့စာသင်သား မျိုးဆက်ရဲ့ အစစ်အမှန်ကံကြမ္မာတွေ ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ မင်းကတော့ မင်းနဲ့အတူ စာအုပ်တစ်အုပ်မှတောင် ယူမသွားချင်ခဲ့ဘူး။ လောကကြီးထဲမှာ အမှန်တရား အငွေ့အသက်တစ်ခု ရှိတယ်ဆိုတာကို မင်းက နားလည်ရလိမ့်မယ်။ ဒါပေမဲ့ ထိတွေ့လို့မရနိုင်တဲ့ အမှန်တရားအငွေ့အသက်တွေက သူ့ရဲ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်။ လူတစ်ယောက်က မင်းကို ပစ္စည်းတစ်ခု ပေးလိုက်ပေမဲ့ မင်းက သူတို့ရဲ့လက်ဆောင်ကို လက်နှစ်ဖက်နဲ့ မယူနိုင်ဘူးဆိုရင်တော့ မင်းက ဘယ်သူ့ကိုမှ အပြစ်တင်ရမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရလိမ့်မယ်…”
စုန့်ကျိရှင်း၏ စိတ်ထဲတွင် အတော်လေးကို ရှုပ်ထွေးနေပြီး သူ၏နောက်ကျောမှနေ၍ ချွေးသီးချွေးပေါက်များ စီးကျလာခဲ့သည်။
“စုန့်မူ …”
ဘုရင်ကြီးက တိုးတိုးလေး ခေါ်လိုက်၏။
နောက်ဆုံးတွင်တော့ စုန့်ကျိရှင်းက အနည်းငယ် တည်ငြိမ်သွားခဲ့သော်လည်း သူက ပြိုလဲသွားတော့မည့် လူတစ်ယောက်ကဲ့သို့ ထိန်းချုပ်၍ မရနိုင်စွာ အနည်းငယ် တုန်ယင်နေသေးသည်။
လုချန်းက သူ့ကိုကြည့်၍ ဆက်ပြောလိုက်၏။
“တော်တော်လေး လှုပ်ရှားသွားပြီလား ကောင်လေး။ မင်းက တော်တော်လေး နောင်တရသွားပြီလား။ စုန့်ကျိရှင်း .. ဒါဆိုရင် မင်းက ဒီကိစ္စကိုရော စဉ်းစားခဲ့ဖူးလား။ တကယ်လို့ မင်းက အဲဒီလို ကံကြမ္မာအခွင့်အရေးကို လက်နှစ်ဖက်နဲ့ အမှန်တကယ် ဆုပ်ကိုင်နိုင်မယ်ဆိုရင်တောင် မင်းက အဲဒီအကျိုးဆက်ကိုရော တကယ်ပဲ ခံနိုင်ရည်ရှိမှာလား…”
“ဘာလို့ ချီကျင့်ချွန်က လီကျူးသုခဘုံလေးကြောင့် သေသွားခဲ့ရတာလဲ။ သေချင်နေတဲ့ သူ့ရဲ့လုပ်ရပ်က လျစ်လျူရှုသလို ဖြစ်နေပြီး စာသင်သားသူတော်စင် သူ့ကို ပေးခဲ့တဲ့ ကမ္ဘာငယ်လေးထဲကို ဝင်ဖို့တောင် ငြင်းဆန်ခဲ့တယ်။ အကြီးမားဆုံးအချက်ကတော့ ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုပဲ…”
“တကယ်လို့ မင်းသာ အဲဒီတန်ပြန်သက်ရောက်မှု နည်းနည်းလေးကို ခံလိုက်ရမယ်ဆိုရင် မင်းက အချိန်တော်တော်ကြာတဲ့အထိ ပြဿနာတွေနဲ့ ဒုက္ခရောက်နေလိမ့်မယ်။ ဒီလိုဆိုရင် မင်းက တာ့လီအင်ပါယာရဲ့ ဘုရင်ဖြစ်လာတော့ရော ဘာဖြစ်မှာလဲ။ တာ့လီအင်ပါယာ သံချပ်ဝတ်မြင်းတပ်ဖွဲ့ရဲ့ သံခွာတွေက တာ့လီအင်ပါယာရဲ့ တောင်ပိုင်းကမ်းရိုးတန်းအထိ ဖျက်ဆီးနိုင်မယ်ဆိုရင်ရော ဘာတွေဖြစ်လာမှာလဲ…”
ဘုရင်ကြီးက လူငယ်လေး၏ ပုခုံးပေါ်သို့ လက်တစ်ဖက်တင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒီအရာတွေကို အလွန်အကျွန် စဉ်းစားမနေနဲ့…”
လုချန်းက နောက်ထပ်တွန်းအားပေးခဲ့ခြင်းမရှိဘဲ ပျင်းရိနေသော အသံနှင့် ပြောလိုက်သည်။
“လူတွေက သူတို့ဆီ ရောက်မလာနိုင်တဲ့ အခွင့်အရေးတွေအပေါ် တော်တော်လေး နောင်တရတတ်ကြတယ်။ လူတွေက တခြားသူတွေရဲ့ ကံကြမ္မာ အခွင့်အရေးတွေအပေါ် အားကျဖို့ပဲ အလုပ်ရှုပ်နေကြတာ။ ဟား..ဟား..ဟား..ဟား တော်တော်လေး ရယ်စရာကောင်းတာပဲ…”
ဘုရင်ကြီးက လက်ကို ရုတ်သိမ်းလိုက်ပြီး သူ၏လက်ဖဝါးထဲတွင် ချွေးများ ပြည့်နှံ့နေသည်။ သူက ဖြူဖပ်ဖြူရော်ဖြစ်နေသော အမူအရာနှင့် မေးလိုက်၏။
“ဂိုဏ်းခွဲသခင်လု …
တာ့လီအင်ပါယာကို အလွတ်ပေးလို့ ရနိုင်မလား…”
ထိုစကားကို ကြားသည့်အခါ လုချန်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူက စားပွဲခုံကို လက်နှင့်ရိုက်ပြီး အားရပါးရ ရယ်လိုက်၏။
“ကံဆိုးတဲ့ ရှေ့ဖြစ်ဟောစာတမ်းတစ်ခုက တကယ်မှန်လာပြီပဲ…”
ထို့နောက် သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်၍ အမြင့်တစ်နေရာကို မော့ကြည့်လိုက်သည်။ သူက အပြုံးနှင့် မေးလိုက်၏။
“မင်းက ဘာပြောမှာလဲ။ ငါက ကိစ္စတွေကို အခက်အခဲဖြစ်အောင် တွန်းအားပေးနေတာ မဟုတ်ဘူး။ စိတ်မပူပါနဲ့။ နောက်ပိုင်း ဘာတွေပဲဖြစ်ဖြစ် ငါက သူ့အတိုင်းပဲ လွှတ်ထားလိုက်မှာပါ။ ငါက ဒီနေရာမှာ အချိန်ဖြုန်းနေလို့မရဘူး။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ချီကျင့်ချွန်ကြောင့်သာ မဟုတ်ရင် ငါက တခြားသူတွေရဲ့ စည်းမျဉ်းတွေကို စိတ်မဝင်စားဘူး…”
အနားတွင် ရှိနေသော တာအိုသခင်အိုကြီးကတော့ ခေါင်းထဲတွင် ရှုပ်ထွေးပြီး ပင်ပန်းနေသလို ခံစားနေခဲ့ရသည်။ လူငယ်တာအိုသခင်လေးက သူ့ဆိုင်သို့ ပြန်ရောက်သွားပြီးနောက် တာအိုသခင်အိုကြီးက အိပ်ငိုက်လာသလို ခံစားနေရပြီး ခေါင်းငိုက်စိုက် ကျနေခဲ့၏။ ထို့ပြင် သူ့ဆိုင်အနားသို့ ဧည့်သည်တစ်ယောက်မျှ ရောက်မလာခဲ့ပေ။ ထို့ကြောင့် သူတစ်ယောက်တည်း ထိုနေရာတွင် ထိုင်နေခဲ့သည်။
သို့သော် တာအိုသခင်အိုကြီးက သူ၏လက်ဖဝါးပေါ်တွင် တရိပ်ရိပ် ဖြစ်ပေါ်လာနေသော ပြောင်းလဲမှုများကို သတိမထားမိခဲ့ပေ။ သူ၏လက်ဖဝါးပေါ်တွင် ရှိနေသော မျဉ်းကြောင်းများထဲမှ တစ်ခုက ပို၍ရှည်လျားလာပြီး သူ၏သက်တမ်းကလည်း ထိုအရာနှင့်အတူ ပို၍ ရှည်လျားလာခဲ့သည်။ ထိုအရာက လူတိုင်းသတိမပြုမိနိုင်သော ကံကောင်းမှုတစ်ခုလည်း ဖြစ်၏။
နောက်ဆုံးတွင်တော့ လူငယ်တာအိုသခင်လေး၏ ခံစားချက်များက လုကလန်၏ လုပ်ရပ်ကြောင့် အတော်လေး စိုးရွံ့နေရာမှာ ကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် သူက တာအိုသခင်အိုကြီးကို ကံကောင်းမှုတချို့ ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
တာ့လီအင်ပါယာ၏ ဘုရင်ကြီးက နှုတ်ဆက်ခွဲခွာခဲ့ပြီး စုန့်ကျိရှင်းနှင့်အတူ ထွက်သွားခဲ့သည်။ သူ၏ ခံစားချက်များက ရှုပ်ထွေးနေပြီး သူက နောက်ပြန်လှည့်ကြည့်ရဲခြင်း မရှိပေ။
ရုတ်တရက် လုချန်းက သက်ပြင်းချလိုက်ပြီး အကြောင်းပြချက်မရှိဘဲ မှတ်ချက်ပေးလိုက်၏။
“ကမ္ဘာကြီးက လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြောပြလို့မရနိုင်တဲ့ အံ့ဩမှုတွေ ပြည့်နေတာပဲ…”
အမှန်အတိုင်းပြောရလျှင် လမ်းစဉ်(၃)သွယ်နှင့် အတွေးအခေါ် (၁၀၀) ကျောင်းမှ သူတော်စင်များ ၊ ရှေးဟောင်းကလန်များနှင့် အင်အားစုများမှ အစွမ်းထက်ပညာရှင်များ ၊ ခေါင်းဆောင်များအားလုံးက အလွန်အမင်း အလုပ်များသူများ ဖြစ်ကြသည်။ သူတို့အားလုံးက မလွှဲမသွေ ရင်ဆိုင်ရမည့် ပြဿနာများ၊ သိပ်မကြာခင် လောကတစ်ခွင်လုံး ကြုံရတော့မည့် တိုက်ပွဲများအတွက် ပြင်ဆင်နေကြ၏။
နွေဦးလေပြေလေညှင်းလေးက မိုးရေစက်များအဖြစ် ပြောင်းလဲသွားပြီး သာမန်လူသားကမ္ဘာကြီးထဲတွင် ရှိနေသော လူများက ထိုအရာကို ရှူရှိုက်ရတော့မည် ဖြစ်သည်။ ကောင်းခြင်းနှင့်ဆိုးခြင်းအတွက် အပြစ်ပေးခြင်း သို့မဟုတ် ဒဏ်ပေးခြင်း ပြုလုပ်သင့်ပြီး ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကိုတော့ လူတစ်ယောက်၏ လုပ်ရပ်နှင့် ဆုံးဖြတ်နိုင်သည်။
လူငယ်တာအိုသခင်လေးက လက်ဖျောက်တီးလိုက်ရာ ကမ္ဘာကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ သူက အနောက်ဘက်တွင် ရှိနေသော တောင်မြင့်ကြီးဆီကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ဆက်လုပ်တော့။ အခု မင်းက ထွက်သွားလို့ရပြီ။ ဒါပြီးရင် ဖြစ်လာမယ့် အရာတွေကတော့ မင်းနဲ့ ဘာမှမဆိုင်တော့ဘူး…”
Translated by Hein Htet.