အခန်း (၂၂၉)
Vol. 16 Ch. 229
ဌာနေပြန်ဓားတစ်လက်
အပိုင်း (၂၂၉) {စာစဉ် ၁၆ - အပိုင်း(၄)}
တာအိုသခင်အိုကြီးက တစ်ကိုယ်လုံး လှုပ်ရှားနေပြီး နှုတ်ခမ်းထောင့်မှ စီးကျလာသော သွားရည်များကို သုတ်လိုက်သည်။ သူက အံ့ဩမှင်တက်နေသော အမူအရာဖြင့် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သော်လည်း သာမန်ထက် ထူးခြားနေသော အရာတစ်ခုမျှ သတိမထားမိခဲ့ပေ။ အဆုံးတွင်တော့ သူက သက်ပြင်းချလိုက်ပြီး အသက်ကြီးလာသည့်အတွက် ဖြစ်လာသည်ဟုသာ ကောက်ချက်ချမိခဲ့သည်။
သူက ထိုအရာကို လက်ခံခဲ့ပြီး နွေဦးရာသီနှင့် ဆောင်းရာသီ၏ အေးစက်သော အအေးဒဏ်ကို ခံနိုင်ရည် မရှိတော့ကြောင်း နားလည်လာခဲ့သည်။ ထို့နောက် လူငယ်တာအိုသခင်လေးက ဝမ်းသာနေသော အပြုံးမျိုးနှင့် သူ့ဆိုင်ရှေ့တွင် ထိုင်နေသည်ကို သတိထားမိခဲ့သည်။ သူ၏အမူအရာက သူ၏လမ်းညွှန်မှုကို နာခံလိုသော အမူအရာမျိုးဖြစ်နေခဲ့သည်။
ထိုကောင်စုတ်လေး ခိုးယူသွားခဲ့သော စီးပွားရေးလုပ်ငန်းကို စဉ်းစားမိသည့်အချိန်တွင် တာအိုသခင်အိုကြီးက သူ့အတွက် အကြံဉာဏ်တစ်ခုခုပေးလိုမည်လော။ မည်သို့ဖြစ်စေကာမူ သူ့အတွက် ကိုယ်သေတွင်း ကိုယ်တူးနေခြင်း မဟုတ်ပေလော။ အကယ်၍ နောက်ပိုင်းတွင် သူ့ဆီမှ စီးပွားရေးလုပ်ငန်းများကိုသာ ခိုးယူသွားမည်ဆိုလျှင် မည်သူက ငိုကြွေးနေရမည်နည်း။
ထို့ကြောင့် သူက စိတ်မရှည်နိုင်သော အမူအရာဖြင့် အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ကြုံးဝါးလိုက်သည်။
“ထွက်သွားစမ်း ကောင်စုတ်လေး။ မင်းဆီမှာ ဘာပါရမီ ၊ ဘာအရည်အချင်းမှမရှိဘူး။ ဒါကြောင့် ငါ မင်းကို မသင်ပေးနိုင်ဘူး။ မြန်မြန်သွားလိုက်တော့။ ငါ အလုပ်လုပ်နေတာကို လာပြီး မနှောင့်ယှက်နဲ့…”
လုချန်းက ကံကြမ္မာဟောပြောဆိုင်ပေါ်သို့ လက်နှစ်ဖက်တင်လိုက်ပြီး အရှက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့။ ကျေးဇူးပြုပြီး လမ်းညွှန်ချက်ပေးပါဦး.. အင်မော်တယ်အကြီးအကဲ။ ဒါဆိုရင် နောက်ပိုင်း ကျွန်တော် အိမ်ပြန်တဲ့အချိန်ကျရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်လို့ရပြီ…”
တာအိုသခင်အိုကြီးက မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်သက်သာရာရသွားသလို အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ငါ့လိုအသက်ကြီးပြီး အတွေ့အကြုံရှိတဲ့လူဆီက ဗဟုသုတတွေကို ရွှေစတစ်ထောင်နဲ့တောင် ဝယ်ဖို့ မလုံလောက်ဘူး။ မင်းက အဲဒါကိုနားလည်လား..”
“ဟမ်…”
လုချန်းက အံ့ဩသွားခဲ့ပြီး ပြန်မေးလိုက်သည်။
“ကျွန်တော်က ဒါကို အရင်ဆုံး အကြွေးမှတ်ထားပြီး နောက်မှပြန်ပေးလို့ရမလား…”
အနားတွင် မည်သူမျှမရှိကြောင်း မြင်လိုက်ရသည့်အခါ တာအိုသခင်အိုကြီးက သူ၏ ကြီးကျယ်ခမ်းနားမှုနှင့် တည်ငြိမ်လေးနက်သော အပြုအမူကို ဂရုစိုက်နိုင်ခြင်း မရှိတော့ချေ။ သူက လူငယ်တာအိုသခင်လေးကို သေချာ ရှုတည်တည်ဖြင့်ကြည့်ပြီး ပြောလိုက်၏။
“ထွက်သွားစမ်း…”
လုချန်း၏ မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူ၏အင်္ကျီလက်ထဲမှနေ၍ ငွေစလေးတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာက အစစ်အမှန် ငွေစလေးတခုဖြစ်ပြီး သူက ထိုအရာကို စားပွဲပေါ်တွင် တင်၍ ပြောလိုက်သည်။
“အင်မော်တယ်အကြီးအကဲ…
အကြီးအကဲရဲ့စကားတွေက အရမ်းကို အခြေခံကျလွန်းတယ်။ ဘာလို့ ကြေးပြားတွေ ရှိနေရတာလဲ…”
တာအိုသခင်အိုကြီးက ငွေစကို ချက်ချင်း ကောက်ယူပြီး အင်္ကျီလက်ထဲသို့ သိမ်းလိုက်သည်။ ထို့နောက် သူက လည်ချောင်းရှင်းလိုက်ပြီး သူ၏အတွေ့အကြုံများ အကြောင်းကို မမောနိုင်မပန်းနိုင် စတင်ပြောပြနေခဲ့လေ၏။ သူက တွေ့ကြုံ၍ မရနိုင်သောအရာများအကြောင်းကိုသာ ပြောခဲ့ပြီး ထိုအရာများက ကြီးကျယ်ခမ်းနားသော်လည်း ဗလာဖြစ်နေသော အရာများသာ ဖြစ်သည်။ ထိုအရာများကို နားထောင်နေခြင်းက လုံးဝအသုံးမဝင်နိုင်ပေ။
ထိုအရာများက အမှန်တကယ် အကူအညီပေးနိုင်သည်ဟု တာအိုသခင်အိုကြီးကတော့ ခေါင်းမာစွာ လက်ခံထားသေးသည်။ အကယ်၍ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငယ်တာအိုသခင်လေးက နားမလည်နိုင်လျှင်လည်း ကိစ္စမရှိချေ။
သူကတော့ တာအိုသခင်အိုကြီး ချဲ့ကားပြောဆိုနေသော စကားလုံးများကြောင့် ရံဖန်ရံခါ အံ့ဩသွားခဲ့သေးသည်။ သူ၏မျက်နှာပေါ်တွင် အလွန်လေးစားသော အမူအရာတစ်ခုပေါ်လာပြီး ခေါင်းညိတ်ထောက်ခံနေခဲ့၏။ မကြာခဏဆိုသလို လူငယ်တာအိုသခင်လေးက ရုတ်တရက် နားလည်မှုရသွားသည့်အလား သူ့ပေါင်ကို လက်ဖြင့် ရိုက်တတ်သေးသည်။
ထိုအရာကြောင့် တာအိုသခင်အိုကြီးက အနည်းငယ် အံ့ဩသွားမိခဲ့၏။ တာအိုသခင်အိုကြီး မသိလိုက်သည်မှာ သူ၏လက်ဖဝါးပေါ်တွင် ရှိနေသော မျဉ်းကြောင်းများကတော့ မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ မူလတုန်းကအတိုင်း အတိအကျ ဖြစ်၏။ ဤကမ္ဘာကြီးထဲတွင် ဆုံးရှုံးမှုနှင့် အကျိုးအမြတ်များက မည်သူမျှသတိမထားမိဘဲ တိတ်တဆိတ် ဖြစ်ပေါ်လာတတ်သည်။
…………
တာ့ဆွေတိုင်းပြည်ထဲတွင် မီးအိမ်ပွဲတော် ကျင်းပရန် အချိန်ကျရောက်လာပြီ ဖြစ်သည့်အတွက် မြို့၏နေရာတိုင်းတွင် မီးအိမ်များကို ချိတ်ဆွဲထားပြီး ညအချိန်ကပင် နေ့အလား လင်းထိန်နေခဲ့သည်။ ချောက်ကမ်းပါးကျောင်းတော်ထဲတွင် ရှိနေသော စာသင်သားများ ၊ တပည့်များ အားလုံးက တောင်ပေါ်မှ ဆင်းလာပြီး ထိုညတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြ၏။ ထို့ပြင် ကျောင်းတော်ထဲ၌ ရှိနေသော ဆရာများကလည်း ထိုအရာကို ဆန့်ကျင်ခဲ့ကြခြင်း မရှိချေ။
မည်သို့ဖြစ်စေကာမူ လူငယ်များက စာကြည့်တိုက်ထဲတွင် အချိန်ဖြုန်းပြီး စာတစ်ခုတည်းကိုသာ ဖတ်နေမည်ဆိုလျှင် သူတို့၏စိတ်ဝိညာဉ်နှင့် လန်းဆန်းတက်ကြွမှုကို ဆုံးရှုံးသွားနိုင်သည်။ ထိုအရာက သင်ကြားရန် အကောင်းဆုံး နည်းလမ်းတစ်ခု မဟုတ်ပေ။ မည်သို့ဖြစ်စေကာမူ အလွန်အကျွံ တင်းကျပ်ပြီး ရှေးရိုးဆန်ခြင်းက အပင်ပေါက်လေးများကို သစ်ပင်ကြီးများအဖြစ် ရင့်ကျက်လာခြင်းမှ တားဆီးထားသည်။
လီဟွိုင်က မြို့ထဲသို့သွားပြီး ဆော့ကစားချင်နေသော်လည်း နေရာတိုင်းကို လှည့်ပတ်သွားလာ၍ လူတိုင်းနှင့် စကားများလာခဲ့ပြီးနောက် ယုလု တစ်ယောက်တည်းကသာ သူ့ကို လက်ခံချင်ခဲ့သည်။ လီပေါင်ဖျင်ကတော့ တာ့ဆွေတိုင်းပြည် မြို့တော်၏ နေရာတိုင်းကို စူးစမ်းရှာဖွေပြီးသွားပြီဟု ပြောခဲ့၏။ ထို့ပြင် သူတို့က ထိုနေရာသို့ အမှန်တကယ်သွားပြီး မီးအိမ်များ၊ မီးပန်းများနှင့် ဆော့ကစားခွင့်ရကြမည်လော။
သူတို့က ထိုနေရာတွင် လူပင်လယ်ကြီးကိုသာ သွားကြည့်ရမည်ဖြစ်သည်။ ထိုအရာက အလွန်ပျင်းစရာကောင်းသည် မဟုတ်ပေလော။ မည်သို့ဖြစ်စေကာမူ သူမက အပြစ်ပေးမှုအဖြစ် ရေးသားရသော လက်ရေးမူ ကျမ်းစာများစွာ အကြွေးတင်နေသေးသည်။ ထို့ကြောင့် သူမက ညအချိန်တွင် နောက်ကျသည်အထိ အလုပ်ကြိုးစားရန် လိုအပ်နေသေး၏။
ထိုအချိန်တွင် လင်းရှို့ယီကတော့ စာကြည့်တိုက်ထဲတွင် စာဖတ်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။ ယခု ရှဲ့လင်းယွဲ့ဟု နာမည်ခေါ်သော ရှဲ့ရှဲ့ကတော့ ချွေးတုံရှန်း၏ တပည့်ဖြစ်လာပြီး အလွန်အမင်းကို ကံကောင်းသော လူတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သည်။ သူမဆီတွင် အင်မော်တယ်များသာ အသုံးပြုနိုင်သော ရတနာပုံကြီးတစ်ခု ရှိနေပြီး လီဟွိုင်က သူမ၏အနားသို့ အတင်းကပ်နေသည့်အတွက် နောက်ဆုံးတွင်တော့ သူမက သူ့ကို ထုတ်ပြီး ပြသခဲ့ရသည်။
သို့သော် ထိုအရာကို မြင်လိုက်ရပြီးနောက် လီဟွိုင်က သူတို့အကြောင်းကို တွေးနေမိခဲ့သည်။ ထိုအရာများက သူ၏ရောင်စုံသစ်သားရုပ်လေးကဲ့သို့ ချစ်စရာကောင်းနေခြင်း မရှိချေ။ သူက သူမအပေါ် မနာလိုအားကျနေသလိုလည်း ခံစားခဲ့ရခြင်း မရှိချေ။ သို့သော် ရှဲ့ရှဲ့က ညအချိန်တွင် လေ့ကျင့်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူမက သူနှင့်အတူ မီးအိမ်ပွဲတော်ကို ကြည့်ရှုရန် လိုက်ပါပေးနိုင်လိမ့်မည် မဟုတ်ချေ။
အဆုံးတွင်တော့ လွတ်လပ်ပေါ့ပါးပြီး အနှောင်အဖွဲ့ကင်းမဲ့သော ယုလု တစ်ယောက်တည်းကသာ လီဟွိုင်နှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သို့သော် သူတို့က တောင်ခြေသို့ ရောက်သည့်အချိန်တွင် တာ့ဆွေတိုင်းပြည်၏ မင်းသား ကောင်းရွှမ်နှင့် တွေ့ခဲ့ရသည်။ ထို့ကြောင့် သူတို့(၃)ယောက်က မြို့ထဲကို အတူသွားရန် ဆုံးဖြတ်ခဲ့ကြ၏။
ကောင်းရွှမ်က ချောက်ကမ်းပါးကျောင်းတော်သို့ မကြာခဏ ရောက်လာတတ်သည်။ လူတိုင်းနှင့် ခဏကြာ စကားပြောခဲ့ပြီးနောက် သူက လီပေါင်ဖျင်၏ ထူးခြားသော အတွေးအခေါ်ကို လိုက်ပါနိုင်ခြင်း မရှိချေ။
လင်းရှို့ယီကတော့ သီးခြား ဖြစ်နေသည်။ ရှဲ့ရှဲ့ကတော့ ချွေးကလန်မှ ဘိုးဘေး၏ အမိန့်အတိုင်းသာ နေရ၏။ သူမက ရေနွေးယူပေးခြင်း၊ အဝတ်လျှော်ခြင်းနှင့် တံမြက်စည်းလှဲခြင်း အလုပ်မျိုးကို လုပ်ဆောင်ပေးရသည်။ သူမ၏ပုံစံက ကျင့်ကြံရေး ပါရမီရှင်တစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရခြင်း မဟုတ်ချေ။ အမှန်အတိုင်းပြောရလျှင် သူမက အစစ်အမှန် အစေခံတစ်ယောက်ထက်ပင် ပို၍ဆိုးရွားစွာ ဆက်ဆံခံနေရသည်။
ထို့ကြောင့် ကောင်းရွှမ်က ယုလုနှင့် အရင်နှီးဆုံး ဖြစ်၏။ သူတို့က ရံဖန်ရံခါ ရေကန်ဘေးတွင် ထိုင်ပြီး အတူတကွ ငါးမျှားတတ်သည်။ တာ့ဆွေတိုင်းပြည်မှ ဘုရင်ကြီးနှင့် အရာရှိများကလည်း မီးအိမ်ပွဲတော်ကို ပါဝင်ဆင်နွှဲနေကြသည်။ ထိုအရာက တိုင်းပြည်ထဲတွင် ရှိနေသော လူတိုင်း အတူတကွ ပါဝင်ဆင်နွှဲနိုင်သော နေ့တစ်နေ့လည်း ဖြစ်သည်။ ထိုအရာက အလွန်ပျော်စရာကောင်းသော ပျော်ပွဲရွှင်ပွဲတစ်ခုလည်း ဖြစ်၏။
လီဟွိုင်က နာမည်စာလုံး ထိုးထားသော သူ၏အနက်ရောင် ကျောက်စိမ်းဆံထိုးလေးကိုပင် ဝတ်ဆင်ထားခဲ့သည်။ သူက နောက်ကျောကို မတ်မတ်ထား ရင်ဘတ်ကိုကော့၍ လမ်းလျှောက်နေပြီး သူ့ပုံစံက အလွန်မာနကြီးနေသလို ဖြစ်နေ၏။
ယုလုနှင့် ကောင်းရွှမ်တို့က သူ၏ဘယ်ဘက်နှင့် ညာဘက်တွင် လျှောက်နေပြီး သူ့ကို အလယ်တွင် ကာကွယ်ပေးထားကြသည်။ ထိုအရာကလည်း လူတိုင်းက အနိုင်ကျင့်မှာ ကြောက်လန့်နေခြင်းကြောင့် မဟုတ်ချေ။ ထိုအစား ထိုကောင်စုတ်လေးက အလွန်ထူးခြားပြီး ကံကောင်းသည့် အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။
ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ယခုသူ့ကို လုတိုင်းပြည်၏ ယခင်အိမ်ရှေ့မင်းသားနှင့် လက်ရှိတာ့ဆွေတိုင်းပြည်၏ အိမ်ရှေ့မင်းသားတို့က စောင့်ကြပ်နေကြရခြင်းမျိုး ဖြစ်၏။ ထိုအရာက လီဟွိုင်အတွက်တော့ အမှန်တကယ်ကို ထိုက်တန်သော ခရီးတစ်ခု ဖြစ်ခဲ့သည်။
လင်းရှို့ယီက ချောက်ကမ်းပါးကျောင်းတော်ထဲတွင် ရှိနေသော စာကြည့်တိုက်ထဲတွင် ထိုင်နေပြီး တစ်ညလုံး စာဖတ်နေခဲ့သည်။ သို့သော် သူက ရုတ်တရက်ဆိုသလို မသက်မသာ ခံစားမှုတစ်ခုကို ခံစားခဲ့ရ၏။ သူက သက်ပြင်းချပြီး စာအုပ်ကို သိမ်းလိုက်သည်။
သူက ပြတင်းပေါက်ဆီသို့ လမ်းလျှောက်သွားခဲ့ပြီး မိန်းမလှလေးတစ်ယောက် အကြောင်းကို စဉ်းစားနေမိခဲ့၏။ သူက စာပေကို ကြိုးကြိုးစားစား လေ့လာပြီး ကျင့်ကြံမှုကိုလည်း စိတ်ပါလက်ပါ လေ့ကျင့်ရန် လိုအပ်နေသည်ဟု သူ့ကိုယ်သူ တိတ်တဆိတ် ပြောနေခဲ့သည်။ ထိုသို့ဆိုလျှင် …
အလွန်လှပသော အနာဂတ် မြင်ကွင်းများကို စဉ်းစားကြည့်လိုက်မိသည့်အချိန်တွင် တစ်ယောက်တည်း နေတတ်သော လူငယ်လေး၏ မျက်နှာပေါ်၌ နွေးထွေးသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ ချောမောခန့်ညားသော လူငယ်လေးက တဖြည်းဖြည်း ပို၍ခန့်ညားလာပုံရ၏။
လီပေါင်ဖျင်၏ အခန်းထဲတွင် ရှိနေသော နေရာတိုင်းတွင် မီးအိမ်များက တောက်ပစွာ လောင်ကျွမ်းနေသည်။ ထို့ပြင် သူမက အပြစ်ပေးမှုအဖြစ် ကျမ်းစာများကို ကူးရေးရန်လည်း လိုအပ်နေ၏။
သူမ၏မျက်နှာပေါ်တွင် အလွန်လေးနက်သော အမူအရာတစ်ခု ရှိနေပြီး သူမက စုတ်တံကို အနက်ရောင်မှင်ထဲသို့ နှစ်လိုက်သည်။ သူမ၏ စာရေးသည့်လက်ကို လေထဲသို့ မြှောက်လိုက်ပြီးနောက် သူမက တိုးတိုးလေး အော်လိုက်ပြီး အရှိန်ဖြင့် စတင်ရေးသားလိုက်၏။
စာရွက်ပေါ်တွင် သူမ၏စုတ်တံလှုပ်ရှားသည့်အသံက အဆက်မပြတ် ဖြစ်နေပြီး သူမက ထိုကဲ့သို့ လျင်မြန်သော အရှိန်မျိုးဖြင့် သာမန်ကျမ်းစာတစ်ခုကိုပင် ရေးသားနိုင်စွမ်း ရှိသည်မှာ အတော်လေး အံ့ဩစရာကောင်းသည်။ သူမက ကျမ်းစာကူးရေးခြင်းနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေကြောင်း သိသာ၏။
စာမျက်နှာတစ်ခုလုံး ရေးသားခဲ့ပြီးနောက် သူမက ထိုစာရွက်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး တိတ်တဆိတ် ရေရွတ်လိုက်သည်။
“နင်လည်း ပြီးသွားပြီ…”
ညပိုင်း ကင်းလှည့်ရန် တာဝန်ရှိသော ဆရာအိုကြီးတစ်ယောက်က ပြတင်းပေါက်၏ အပြင်ဘက်တွင်ရပ်ပြီး ထိုမြင်ကွင်းကို မြင်သည့်အချိန်တွင် ရယ်ရမလား ငိုရမလားပင် မသိခဲ့ပေ။ သူက ထိုကလေးမလေးအပေါ် အလွန်အံ့ဩပြီး ဂရုစိုက်သည့် ခံစားမှုနှစ်ခုလုံးကို ခံစားမိနေခဲ့၏။
အမှန်အတိုင်းပြောရလျှင် သူက သူမ၏ဆရာများထဲမှ တစ်ယောက်လည်း ဖြစ်သည်။ သူက တိတ်တဆိတ် ပြန်လှည့်ပြီး အဝေးသို့ လမ်းလျှောက်သွားခဲ့၏။ သူမက ကျမ်းစာကူးရေးနေခြင်းကို နှောင့်ယှက်ခဲ့ခြင်း မရှိပေ။ သို့သော် သူတစ်ယောက်တည်း စဉ်းစားမိခဲ့၏။ နောက်ပိုင်းတွင် လီပေါင်ဖျင်ကို ကျမ်းစာကူးရေးပြီး အပြစ်ပေးခြင်းမျိုး လျှော့ပေါ့ရန် စဉ်းစားသင့်နေပြီလော။
ချောက်ကမ်းပါးကျောင်းတော်၏ လက်ထောက်တောင်ထိပ်သခင် မောက်ရှောင်တုံက သူ့အခန်းထဲတွင်ထိုင်ပြီး ကျားကစားနည်း စာအုပ်တစ်အုပ်ကို တိတ်တဆိတ် ဖတ်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် နှစ်ပေါင်းများစွာ လှည့်ပတ်သွားလာနေခဲ့ပြီးနောက် ထိုအရာက သူ့ကိုယ်သူ အမုန်းဆုံးဖြစ်သော ခံစားချက်များထဲမှ တစ်ခုလည်း ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုဝါသနာကို လက်လွှတ်နိုင်ခြင်း မရှိချေ။
သူက ထိုစွဲလမ်းမှုကို အကြိမ်ပေါင်းများစွာ လက်လျှော့ရန် ကြိုးစားခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က ကျားကစားနေသည်ကို မြင်သည့်အချိန်တိုင်း သူလည်း အဝေးကို ထွက်မသွားနိုင်ခဲ့ပေ။ သူက ထိုနေရာတွင်ရပ်ပြီး သူတို့၏တိုက်ပွဲကို ကြည့်ရှုနေတတ်၏။
ရံဖန်ရံခါ သူက ကြည့်နေရင်း အတော်လေး မသက်မသာ ခံစားလာရပြန်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကျားကွက်မှားပြီး ရွှေ့လိုက်လျှင် သူက ထိုဆုံးဖြတ်ချက်အတွက် စိတ်ထဲတွင် ကျိတ်၍ အပြစ်တင်နေမိခဲ့၏။ သို့သော် အကယ်၍ လူတစ်ယောက်ကသာ အလွန်ကောင်းမွန်သော ရွှေ့ကွက်တစ်ခုကို ရွှေ့လိုက်သည်ဆိုလျှင်လည်း သူ့စိတ်ထဲ၌ တစစ်စစ်ဖြစ်လာသလို ခံစားနေရသည်။
သူ့အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် သူ၏ကျားကွက်ခုံပေါ်၌ ကျားပွဲတစ်ခု ပြန်လည်ကစားနေခြင်းကို ခုခံနိုင်ခြင်း မရှိချေ။ သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်သည့်အတွက် အပြစ်တင်မိပြီး ထိုကျားစေ့များအတိုင်း စနစ်တကျနေရာချ၍ ထိုကစားပွဲကို ပြန်လည်ကစားတတ်သည်။
သူ၏ကျားကစားဖော် မိတ်ဆွေဟောင်းများကလည်း ထိုအရာနှင့်ပတ်သက်ပြီး သူ့ကို စနောက်တတ်ကြသည်။ သူတို့က ကျားထိုးနေသည့် သူ၏လုပ်ရပ်ကို ဂူအောင်းကျင့်ကြံခြင်းဟုပင် စနောက်၍ ခေါ်ဆိုကြသည်။ လက်ရှိအချိန်တွင် သူ ကျားပြန်ကစားနေသည်မှာ ဂူအောင်းလေ့ကျင့်ရာမှ ထွက်လာသည့် လုပ်ရပ်မျိုးပင် ဖြစ်သည်။
ယနေ့တွင် မောက်ရှောင်တုံက ဘုရင်ကြီး၏ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။ သူက အလွန်လှပသော မီးရှူးမီးပန်းများကို ကြည့်ရှုရန် နန်းတော်ထဲသို့ မသွားခဲ့ပေ။ ထိုအစား သူ၏အခန်းထဲတွင် ကျားထိုးနည်းစာအုပ်ကိုသာ တိတ်တဆိတ် လေ့လာနေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူ့ကို ကျားထိုးနည်း သင်ကြားပေးခဲ့သူမှာ ချွေးမျိုးရိုး လူရမ်းကားတစ်ယောက် ဖြစ်သည်။ ထိုအရာထက် သူ ပို၍ဒေါသထွက်ရသည်မှာ သူက မည်မျှပင်ကြိုးစားအားထုတ်စေကာမူ ချွေးချန်းကို အနိုင်မရသည့်အချက်ဖြစ်သည်။ သူက ထိပ်တန်းကျားထိုးနည်းပေါင်းစုံကို မည်မျှလေ့လာစေကာမူ၊ ထိပ်တန်းလက်ရွေးစင် ကျားကစားသမားများနှင့် မည်မျှလေ့ကျင့်စေကာမူ မတူညီသည့်လမ်းစဉ်များမှ နည်းလမ်းများကို မည်မျှလေ့လာခဲ့စေကာမူ လုံးဝအနိုင်ယူနိုင်ခြင်းမရှိချေ။
သူက တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သော်လည်း သူ၏ကျားထိုးစွမ်းရည်က လျင်မြန်စွာ တိုးတက်လာနိုင်ခြင်းမရှိသေးပေ။ အဘိုးအိုကကျားထိုးနည်းစာအုပ်နှင့် သူ၏ကျားကွက်ခုံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ့ခါးမှပေတံကို ထုတ်ယူပြီး လက်ဖဝါးပေါ်တွင် ညင်သာစွာ ပွတ်လိုက်၏။
ကျောင်းတော်ထဲတွင် ရှိနေသော လူငယ်လေးချွေးချန်းက သူ့ဆီကို တစ်ကြိမ်ရောက်လာပြီး ဆွေးနွေးခဲ့ဖူးသည်။ ထို့နောက် သူက တာ့လီအင်ပါယာ၏ ဘုရင်ကြီးဆီသို့ သွားရောက်ခဲ့ပြန်၏။ နောက်ဆုံးတွင်တော့ သူက ပုံပြောသူတစ်ယောက် ဖြစ်နေသော အဆင့် (၁၁) ချီကျင့်ကြံသူတစ်ယောက်ကို သွားရောက်ရှာဖွေခဲ့သည်။
မောက်ရှောင်တုံနှင့် ပြန်တွေ့သည့်အချိန်တွင် ထိုအဘိုးအိုက သူ့အပေါ် တခြားအတွေးများ တွေးရဲခြင်း မရှိချေ။ သူက သိပ်မကြာခင် သူ၏အဆင့်အတန်းကို ထုတ်ဖော်ပြောပြခဲ့၏။ ထို့ကြောင့် သူက တာ့ဆွေတိုင်းပြည်ထဲတွင် အသတ်ခံရမှုမရှိစေရန် ဂရုစိုက်ရပြီး ကျောင်းတော်သက်ရောက်ခံရမှု မရှိစေရန် အတော်လေး ဂရုစိုက်ခဲ့သည်။
မောက်ရှောင်တုံက အလွန်အမင်းကို ထူးဆန်း၏။ အကယ်၍ ချောက်ကမ်းပါးကျောင်းတော်က တရားခံဟု တာ့ဆွေတိုင်းပြည်က မှားယွင်းတွေးတောမိမည်ဆိုလျှင် သူက ထိုတော်ဝင်နန်းဆရာငယ်လေးကို အရင်ဆုံး သတ်ပစ်မည်ဟု ပြောခဲ့၏။ အကယ်၍ နှစ်ဖက်စလုံးက ဆွေးနွေးရာမှ ငြိမ်းချမ်းမှု မရနိုင်လျှင်လည်း သူ့ကိုသတ်ပစ်မည်ဟု ပြောခဲ့သည်။
မောက်ရှောင်တုံက သက်ပြင်းချပြီး ရေရွတ်လိုက်၏။
“ဘာလို့စာသင်သားတွေက စီးပွားရေးသမားတွေ ဖြစ်လာကြရတာလဲ…”
……………
အလွန်တည်ငြိမ်အေးချမ်းသော ခြံဝန်းတစ်ခုထဲတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးချွေးတုံရှန်းက တံစက်မြိတ်အောက်တွင် ထိုင်နေသည်။ သူ၏တံစက်မြိတ်တွင် ခေါင်းလောင်းအသစ်များ ချိတ်ဆွဲထားခဲ့ပြီး သူက ညအချိန် လေလှိုင်းများ တိုက်ခတ်ရာမှ ထွက်ပေါ်လာသော အသံကို နားဆင်နေခဲ့သည်။
သူက ရုတ်တရက် ပြန်လှည့်လိုက်ပြီး အနားတွင် ဒူးထောက် ထိုင်နေသော ရှဲ့ရှဲ့ကို လှည့်ကြည့်လိုက်၏။
“မင်းမှာ အဘိုးတစ်ယောက်ရှိလား…”
ထိုမိန်းကလေးက သူ့မေးခွန်းကြောင့်အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုအရာက မည်ကဲ့သို့သော မေးခွန်းများ ဖြစ်နေသနည်း။ နောက်ကွယ်တွင် ပို၍လေးနက်သော အဓိပ္ပာယ်တစ်ခုခု ရှိနေခြင်းပေလော။ မဟုတ်လျှင် ဤကမ္ဘာကြီးထဲ၌ မည်သူ့ဆီတွင် အဘိုးတစ်ယောက်မရှိဘဲ နေမည်နည်း။ ထိုမေးခွန်းက သူမ၏စိတ်ကို စမ်းသပ်ရန်စီစဉ်ထားသော အရာတစ်ခုဟု သူမက တွေးနေမိခဲ့သည်။
သူမက ဂရုတစိုက် ဖြေကြားတော့မည်အချိန်တွင်ချွေးတုံရှန်းက အားရပါးရရယ်ပြီး ပြောလိုက်သည်။
“ဪ ဒါဆိုရင် မင်းမှာ တစ်ယောက်ရှိတာလား…”
ရှဲ့ရှဲ့က ဘာပြန်ပြောရမှန်း မသိတော့ပေ။ ထိုဟာသက ပြောသလောက်လည်း ရယ်စရာမကောင်းပေ။ အဆုံးတွင်တော့ သူတို့နှစ်ယောက်လုံးက ညကောင်းကင်ကြီးကို မော့ကြည့်လိုက်မိကြ၏။ ယနေ့ဆောင်းရာသီအလယ်ပိုင်း၏ လပြည့်ဝန်းကြီးက လုံးဝိုင်းနေပြီး ထိုလမင်းကြီးကို ချမ်းသာသူတိုင်းက မြင်နိုင်သလို ဆင်းရဲနွမ်းပါးသူတိုင်းကလည်း မြင်နိုင်လေသည်။
ထိုအရာက အလွန်သက်တောင့်သက်သာ ရှိလွန်းလှသော ခံစားချက်ဖြစ်သည်။
Translated by Hein Htet.