← Chapters

အခန်း (၂၃၁)

Vol. 16 Ch. 231

အခန်း (၂၃၁)

Vol. 16 Ch. 231

ဌာနေပြန် ဓားတစ်လက်

အပိုင်း ၂၃၁ {စာစဉ် ၁၆ - အပိုင်း(၆)}

ထာဝရနွေဦးနန်းတော်ထဲတွင် ရှိနေသော တောင်တန်းပေါ်ရှိ အဆောက်အဦးမြင့်မြင့် တစ်ခုထဲတွင် ဖယောင်းတိုင်နီမြို့ထဲ၌ လှေသမလေးတစ်ယောက် ဖြစ်ခဲ့ဖူးသော အဆင့်နိမ့် မိန်းမပျိုလေးတစ်ယောက် ရှိနေသည်။ ယခု သူမက တာ့လီအင်ပါယာ၏ မြို့တော်ထဲတွင် ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲအကြောင်း သူမ၏ဆရာ ပြောပြနေသည်ကို နားထောင်နေ၏။

မိန်းမပျိုလေးက စားပွဲပေါ်တွင် လက်နှစ်ဖက်ကို တင်၍ မေးထောက်ထားပြီး သူမ၏ဆရာ ပြောသမျှ စကားလုံးတိုင်းကို သေချာအာရုံစိုက်နေခဲ့၏။ စားပွဲပေါ်တွင် ကြွေပန်းအိုးတစ်လုံး ရှိနေသည်။ ပန်းအိုးထဲတွင်တော့ မိန်းမပျိုလေး သစ်ပင်မှ ချိုးယူထားသော မက်မွန်သစ်ကိုင်း (၂)ကိုင်း၊ (၃)ကိုင်းခန့် ထိုးစိုက်ထားသည်။

သို့သော် အဆုံးတွင်တော့ ဘာကြောင့်မှန်း မသိသော်လည်း မိန်းမပျိုလေးက သူမ၏ မွေးရပ်မြေမြို့လေးထဲတွင် တွေ့ခဲ့ရသော စိမ်းပြာဝတ် စာသင်သားလေးကို ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူ၏ရုပ်ရည်က သေသေသပ်သပ်နှင့် ချောမောခန့်ညားပြီး သူ့ပုံစံက သီချင်းသံ၊ အရက်နှင့် လူမှုရေးကိစ္စများစွာ ရှိနေသော ဖယောင်းတိုင်နီမြို့၏ ရေလမ်းကြောင်းများထဲတွင် လွင့်မျောနေသော သစ်ရွက်လေးတစ်ခုပမာ ဖြစ်နေခဲ့သည်။

သူမက သွားစားပွဲတောင်၏ တောင်တက်လမ်းကြားငယ်လေးပေါ်တွင် သူမကို ဖြတ်ကျော်သွားခဲ့သော အဖြူဝတ် လူတစ်ယောက်ကိုလည်း မှတ်မိသွားသေးသည်။ ထိုလူက သူမကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူမဆီ၌ အလွန်နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခု ခံစားခဲ့ရသည်ကို အမှတ်ရနေသေး၏။

မိန်းမပျိုလေးက စိတ်လွတ်သွားသည့်အချိန်တွင် ထာဝရနွေဦးနန်းတော်မှ အဆင့်မြင့်အကြီးအကဲက သူမ အာရုံပြန်စိုက်လာစေရန် နှဖူးကို လက်နှင့် အသာအယာ ပုတ်လိုက်သည်။ အလှတရားကို ထိန်းသိမ်းထားရာတွင် အလွန်ကျွမ်းကျင်သော မိန်းမပျိုက အပြုံးနှင့် မေးလိုက်၏။

"အိမ်ကို လွမ်းနေတာလား…"

မိန်းမပျိုလေးက အနည်းငယ် အပြစ်ရှိသွားသလို ခံစားလိုက်ရပြီး မျက်နှာလေးက နီရဲလာခဲ့၏။ သူတို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေချိန်တွင် သူမ၏ပါးနှစ်ဖက်က နီရဲလာသည်မှာ နှင်းဆီပွင့်ဖတ်လေးတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေ၏။

…………

အရှေ့ပိုင်းကုန်းမြေကြီးနှင့် ပြည့်စုံကျူပင်ကုန်းမြေကြီး၏ ကြားထဲတွင် ရှိနေသော အလွန်ကျယ်ပြန့်သည့် ပင်လယ်ကြီးတစ်ခုထဲတွင် ရေထဲ၌ ဖြတ်သန်းသွားလာနေသော ဧရာမငါးကြီးတစ်ကောင် ရှိနေသည်။ သူတို့၏မြို့ငယ်လေးထဲတွင် မထင်မရှားဖြစ်သော မိသားစု(၃)ယောက်က တောင်တန်းပေါ်မှ အင်မော်တယ်များကို သယ်ဆောင်ထားသော ဧရာမငါးကြီးပေါ်တွင် စီးနင်း၍ ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာနေကြသည်။

သူတို့က အဆင့်အနိမ့်ဆုံးအခန်းထဲတွင် နေထိုင်ကြနေသော်လည်း တခြားသူများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတို့၏ပုံစံက အတော်လေးကို နိမ့်ကျနေသလို ထင်မှတ်ရသည်။ ထိုအရာတွင်သာမက သူတို့ထဲမှ သားအမိနှစ်ယောက်ထဲတွင် အမေဖြစ်သူက ဆွဲမက်ဖွယ် ခန္ဓာကိုယ်နှင့် အလွန်လှပသော အမျိုးသမီး တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူကတော့ ကြည်လင်တောက်ပသော မျက်လုံးများနှင့် အလွန်ထက်မြက်သည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည်။

သူတို့၏ အဆင့်အတန်းက တရားဝင်ဇနီးမယားများ၊ အင်မော်တယ် လက်တွဲဖော်များအဖြစ် သတ်မှတ်ရန် မြင့်မားခြင်း မရှိသော်လည်း သူတို့က သာမန်ဂိုဏ်းများထဲတွင် ရှိနေသော အစေခံများထက် ပို၍လှပကြသည်။

ထို့ကြောင့် ထိုမိသားစုဝင်(၃)ယောက်က မြို့ငယ်လေးတစ်ခုပမာ ကြီးမားလွန်းလှသော ဧရာမငါးကြီး၏ နောက်ကျောပေါ်တွင် ပင်လယ်ရှုခင်းများကို ကြည့်ရှုခံစားရန် သူတို့၏အခန်းထဲမှ လုံးဝထွက်မလာကြသော်လည်း သူတို့သားအမိနှစ်ယောက်၏ အလှတရားများကို တပ်မက်နေသော တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ပညာရှင်များ ရှိနေသေးသည်။

ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာရသော ခရီးလမ်းက အတော်လေးကို ရှည်လျားလွန်းလှသည့်အတွက် စိတ်ဝင်စားစရာ ၊ ပျော်စရာကိစ္စရပ်များကို ဘာကြောင့် မရှာဖွေဘဲ နေရမည်နည်း။

ကံကောင်းသွားသည်မှာ ထိုဧရာမငါးကြီးပေါ်တွင် ကုန်ပစ္စည်း အမြောက်အမြားကို သယ်ဆောင်ထားပြီး အခြေအနေကို ကြည့်ရှုစစ်ဆေးရသည့် အဆင့် (၉) အင်မော်တယ်တစ်ယောက်နှင့် အဆင့် (၇) သိုင်းပညာရှင်တစ်ယောက်လည်း ရှိနေသည်။ ထို့ကြောင့် မကောင်းသော ရည်ရွယ်ချက်ရှိနေသော လူငယ် ချီကျင့်ကြံသူများက မဆင်မခြင် လှုပ်ရှားရဲခြင်း မရှိကြပေ။

အစတွင်တော့ လူတချို့က ငွေကြေးနှင့် သွေးဆောင်ဖြားယောင်းရန် ကြိုးစားခဲ့ကြသည်။ ထိုမိသားစု(၃)ယောက်ဆီတွင် အစွမ်းထက်သော နောက်ခံအင်အား ရှိသည့်ပုံစံမျိုး မရှိကြပေ။ အကယ်၍ သူတို့ဆီ၌ အင်မော်တယ် ဆွေမျိုးတချို့ ရှိနေမည်ဆိုလျှင်ပင် အများစုကတော့ အားနည်းပြီး သိသာထင်ရှားမှု မရှိသည့် အင်အားစုတစ်ခုမှ အင်မော်တယ်တစ်ယောက်သာ ဖြစ်နိုင်ချေများသည်။ မဟုတ်လျှင် သူတို့က ဈေးအနည်းဆုံးအခန်းကို ရွေးချယ်ကြလိမ့်မည် မဟုတ်ချေ။

တချို့လူများကတော့ ဧည့်သည်ယောင်ဆောင်၍ သူတို့၏ အခန်းတံခါးကို သွားခေါက်ကြသည်။ အခန်းထဲတွင် ဝင်ထိုင်ပြီး ရေနွေးသောက်ပြီးသွားသည့်အချိန်တွင် သူတို့၏ ရည်ရွယ်ချက်ကို ဖွင့်ထုတ်ပြောကြ၏။ အမျိုးသမီးဖြစ်သူက အတော်လေးကို ကြောက်လန့်သွားခဲ့သော်လည်း သမီးဖြစ်သူကတော့ အေးစက်စွာ ရယ်၍ သူတို့အဖေ ပြန်လာသည့်အချိန်ထိ စောင့်နေရန် ထိုကျင့်ကြံသူများကို ပြောခဲ့သည်။

ထိုအချိန်တွင် အလားတူရည်ရွယ်ချက်မျိုး ရှိနေသော တခြားကျင့်ကြံသူများကတော့ အခန်းအပြင်ဘက် စြင်္ကံလမ်းပေါ်တွင် မတ်တပ်ရပ်၍ စောင့်နေကြ၏။ သူတို့ထဲတွင် အတွေ့အကြုံရှိသော အလယ်ဘုံ (၅) ဆင့်မှ ချီကျင့်ကြံသူတစ်ယောက်လည်း ပါဝင်နေသည်။ ထို့ပြင် သူက ခါးတွင် ဓားတစ်လက် ချိတ်ထားသော ဓားကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေသေး၏။

သူကတော့ အခန်းထဲတွင် အဆင့်နိမ့်သည့်လူများနှင့် ရောနှော၍ ပြဿနာများ ဖန်တီးလိုခြင်း မရှိပေ။ ထိုအရာက သူ့အဆင့်အတန်းကို ပို၍ နိမ့်ကျသွားစေနိုင်သည်။ သို့သော် သူက ထိုအရာနှစ်ခုကို အရင်ဆုံး စမ်းသပ်ကြည့်ရမည့် ပထမဆုံး လူတစ်ယောက်တော့ ဖြစ်လာနိုင်သည်။

နောက်ပိုင်း ဖြစ်လာသည့်အရာများကတော့ သူ၏ ခံစားမှုအပေါ်သာ မူတည်လာနိုင်သည်။ သူက ထိုမိန်းမပျိုနှစ်ယောက်ကို သူ၏အစေအပါးများ သို့မဟုတ် အကူများအဖြစ် လုပ်ဆောင်ခိုင်း၍လည်း ရနိုင်သည်။

ရိုးရှင်းပြီး ပွင့်လင်းသော သက်လတ်ပိုင်းအရွယ်လူကြီးက ဝယ်ထားသော အစားအသောက်များနှင့်အတူ ပြန်လာသည့်အချိန်တွင် ထိုသတင်းကြောင့် ထိတ်လန့်သွားခြင်း မရှိသလို စားပွဲခုံကို ဒေါသတကြီး ထုရိုက်ခဲ့ခြင်းလည်း မရှိချေ။ ထိုအစား သူက အလွန်ဈေးပေါပြီး ရိုးရှင်းသော နေ့လယ်စာကို စားပွဲပေါ်တွင်တင်၍ ထိုကျင့်ကြံသူများနှင့် စကားပြောရန် အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ဇနီးဖြစ်သူကတော့ မျက်ရည်များ ပြည့်နေပြီး သမီးဖြစ်သူကတော့ သူ့အမေ၏လက်ကိုကိုင်၍ အရာအားလုံး အဆင်ပြေသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဤနေရာတွင် သူမ၏အဖေက သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်သည်။

သို့သော် ထိုစကားကို ကြားသည့်အခါ အမျိုးသမီးက မျက်ရည်လည်ရွှဲနှင့် ချက်ချင်း ငိုကြွေးခဲ့၏။ သူမက သူမ၏သမီးကို တစ်စုံတစ်ခုဖြစ်တော့မလို ပြောဆိုနေခဲ့သည်။

"သမီးအဖေကို အဲဒီလူတွေ ရိုက်နှက်နေမှာကိုပဲ အမေ စိုးရိမ်နေတာ…"

သက်လတ်ပိုင်းအရွယ် လူကြီးက တံခါးပေါက်မှ ဖြည်းညင်းစွာ ထွက်သွားပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ ထို့နောက် သူက ကြက်ကလေးတစ်ကောင် ဖမ်းဆီးသည့်အလား လူတစ်ယောက်၏လည်ပင်းကို ဆုပ်ကိုင်၍ ထိုလူကို လေထဲသို့ မြှောက်လိုက်၏။ ထို့နောက် သူက ပြည့်စုံကျူပင် ကုန်းမြေကြီးဆီမှ ချီကျင့်ကြံသူအဖွဲ့ဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားခဲ့သည်။

ထိုလူများ၏ မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး ဦးဆောင်လာသည့် အဆင့်(၆) ဓားကျင့်ကြံသူက သက်လတ်ပိုင်းအရွယ် လူကြီးကို ခြိမ်းခြောက်သည့် စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူ၏ လည်ချောင်းထဲတွင် လောင်ကျွမ်းနေသည့် ခံစားမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။ တစ်စုံတယောက်က သူ၏ပါးစပ်ထဲသို့ အရှိန်ညီးညီး လောင်ကျွမ်းနေသော မီးကျည်ခဲတစ်ခု ပစ်ထည့်လိုက်သလို ခံစားလိုက်ရသည်။

သူ၏မျက်နှာက နီရဲလာပြီး သူက နာနာကျင်ကျင် အော်ဟစ်၍ လည်ပင်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ရသည်။ သူက စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

သက်လတ်ပိုင်းအရွယ်လူကြီးက သူ့လက်ထဲတွင် မသေမရှင် ဖြစ်နေသော ချီကျင့်ကြံသူကို ဘေးသို့ ပစ်ထုတ်လိုက်ပြီး ဓားကျင့်ကြံသူကို မေးလိုက်သည်။

"မင်းရဲ့ ဘိုးဘေးနာမည်က ဘာလဲ၊ မင်းက ဘယ်ဂိုဏ်းကလဲ…"

ဓားကျင့်ကြံသူက အေးစက်စွာ ရယ်ပြီး ပြန်ဖြေလိုက်၏။

"ငါတို့ ဘာမှ အမှားမလုပ်ခဲ့ဘူး။ ဒါကြောင့် ဒီသင်္ဘောရဲ့ စည်းမျဉ်းအရ တကယ်လို့ မင်းသာ ငါတို့ကို ရန်စပြီး တိုက်ခိုက်မယ်ဆိုရင် မင်းပဲ ပင်လယ်ထဲကို ပစ်ချခံရလိမ့်မယ်…"

သက်လတ်ပိုင်းအရွယ် လူကြီးက အပိုစကားများကို ပြောဆိုနေရန် အချိန်မရှိခဲ့ပေ။ သူက လက်သီးတစ်ချက်တည်းနှင့် ဓားကျင့်ကြံသူ၏ သက်ရှည်တံတားကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏အသက်ဓားပျံကို အတင်းအကြပ် ထုတ်ယူလိုက်သည်။ သူက ဓားကျင့်ကြံသူကို ဓားထုတ်ရန် အခွင့်အရေး အနည်းငယ်ပင် မပေးခဲ့ပေ။ သူက ထိုအသက်ဓားပျံကို လက်ထဲတွင် ညင်သာစွာ ဖျစ်ညှစ်လိုက်သည့်အခါ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့၏။

ဓားကျင့်ကြံသူက မျက်နှာပေါ်တွင် ရှိနေသော ကိုယ်တွင်းပေါက်များဆီမှ သွေးများ စီးကျလာပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။ ကျန်ရှိနေသော ကျင့်ကြံသူများအားလုံးက ဒူးထောက်လိုက်ကြပြီး ခွင့်လွှတ်ပေးရန် တောင်းပန်နေကြ၏။ သို့သော် သက်လတ်ပိုင်းအရွယ် လူကြီးကတော့ စကားလုံးများကို အဆင့်အနိမ့်ဆုံး အခန်းလေးဆီမှ မကြားရစေရန် သိုင်းပညာရှင်တစ်ယောက်၏ စွမ်းရည်ကို အသုံးပြုပြီး အရာအားလုံးကို တားမြစ်ထားခဲ့သည်။

"အဲဒီဓားကျင့်ကြံသူရဲ့ နာမည်နဲ့ နောက်ကြောင်းကို ပြောစမ်း…"

"အဲဒါ ပြီးသွားရင် မင်းတို့တစ်ယောက်ချင်းဆီက မင်းတို့ရဲ့ နာမည်နဲ့ ဂိုဏ်းကို ပြောရမယ်။ မင်းတို့အားလုံး ငါ့ဆီက လက်သီးတစ်ချက် အထိုးခံပြီးသွားရင် ငါက မင်းတို့ရဲ့ ဘိုးဘေးတွေကို ပြဿနာသွားရှာမယ်…"

ကျင့်ကြံသူတစ်ယောက်က လျင်မြန်စွာ စဉ်းစားနေခဲ့သည်။ သူတို့က ထိုသက်လတ်ပိုင်းအရွယ် လူကြီးကို အတုအယောင် နာမည်နှင့် အတုအယောင် ဂိုဏ်းနာမည် တမင်ရည်ရွယ်ချက်ရှိရှိ ပြောခဲ့၏။

သို့သော် သက်လတ်ပိုင်းအရွယ် လူကြီး၏ သိုင်းပညာကျင့်ကြံမှုက နတ်ဘုရားသဖွယ် ဖြစ်နေပြီး သူက ထိုချီကျင့်ကြံသူများ၏ စိတ်ထဲတွင် တွေးနေသော လှုပ်ရှားမှုများကို အလွယ်တကူ စောင့်ကြည့်နိုင်သည်။ သက်လတ်ပိုင်းအရွယ် လူကြီးက ထိုချီကျင့်ကြံသူ၏ တာအိုအုတ်မြစ်နှင့် သက်ရှည်တံတားကို လက်သီးတစ်ချက်တည်းနှင့် ချက်ချင်း ဖျက်ဆီးပစ်ခဲ့၏။

သူက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

"ငါက မင်းတို့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။ ဒါပေမယ့် ဒီမှာ ရပ်ပြီး မင်းတို့နဲ့ အေးအေးဆေးဆေး စကားပြောနေတာ။ ဒါကြောင့် မင်းတို့တွေက ငါ့စကားကို သေချာနားထောင်ပြီး ငါ့ရဲ့မေးခွန်းတွေကို ရိုးရိုးသားသား ပြန်ဖြေသင့်တယ်…."

ကျန်ရှိနေသော ကျင့်ကြံသူများအားလုံးက အတော်လေးကို မသက်မသာ ခံစားလိုက်ကြရသည်။ သူတို့က မိဘများ ဆုံးရှုံးသွားသည့် ကလေးငယ်များသဖွယ် ဖြစ်သွားကြ၏။

ထိုအချိန်တွင် ဤသင်္ဘောကို ကြီးကြပ်ရန် တာဝန်ရှိသော အဆင့် (၉) ကျင့်ကြံသူနှင့် အဆင့် (၇) သိုင်းပညာရှင်က အလျင်အမြန် ရောက်လာခဲ့ကြသည်။ ကျင့်ကြံသူက ကြီးမြတ်သော အငွေ့အသက်တစ်ခု ရှိနေသည့် အကြီးအကဲတစ်ယောက် ဖြစ်သည်။

သူက အဆင့် (၉) ချီကျင့်ကြံသူတစ်ယောက်၊ ရွှေဆေးလုံးအဆင့် အင်မော်တယ်တစ်ယောက် ဖြစ်သည်။ တောင်တန်းထဲတွင် ကြားဖူးသော စကားပုံများအရ ‘ရွှေဆေးလုံးတစ်ခု ဖြစ်ပေါ်နိုင်တဲ့သူတွေက ငါးတို့တွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်’ဟု ဆိုသည်။ အမှန်တကယ်လည်း ရွှေဆေးလုံးအဆင့်ကို ရောက်ရှိနိုင်သူများအားလုံးက နဂါးတံခါးအဆင့်ကို အောင်မြင်မြင် ဖြတ်ကျော်နိုင်သော အထွဋ်အထိပ် ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် ရွှေဆေးလုံးအဆင့်ကို တက်လှမ်းသွားနိုင်ခြင်းက နဂါးတံခါးကို ကျော်ဖြတ်နိုင်သော ငါးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ငါးတစ်ကောင်အဖြစ်မှနေ၍ နဂါးတစ်ကောင်အဖြစ်ကို ပြောင်းလဲသွားသကဲ့သို့ သာမန်အဖြစ်မှ လျှို့ဝှက်ဆန်းကြယ်သော အဆင့်ကို ရောက်သွားနိုင်သည်။

ရွှေဆေးလုံးအဆင့်ကို ရောက်သွားပြီးနောက် လူတစ်ယောက်၏ ချီစွမ်းအင်ပင်လယ်ကြီးက သိပ်သည်းလာပြီး မတူညီသော သွေးကြောမှတ်များ အားလုံးထဲတွင် လှည့်ပတ်သွားလာနိုင်သည့် ရွှေဆေးလုံးတစ်ခုအဖြစ် ကြုံ့သွားနိုင်သည်။

သို့သော် ထိုအခြေအနေက ကျင့်ကြံသူများ ကြားထဲတွင် မတူကြပေ။ တချို့သော ပါရမီရှင်များကတော့ သူတို့၏ ရွှေဆေးလုံး ဖန်တီးသည့်အချိန်တွင် ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များ ထွက်ပေါ်လာနိုင်သည်။ တချို့ကတော့ ကမ္ဘာမြေကြီးဆီမှ ထူးခြားသော ဖြစ်စဉ်များကိုပင် ပုံဖော်နိုင်ကြသည်။ ထိုအရာက ရွှေဆေးလုံးအဆင့်တွင် ရှိနေသော ချီကျင့်ကြံသူများ၏ ပင်မဆေးလုံး အရွယ်အစားအပေါ် မူတည်နိုင်သည်။ သူတို့၏ အရည်အသွေးပေါ် မူတည်၍လည်း ကွာခြားချက်များ ရှိနိုင်သေးသည်။

သို့သော် လူတစ်ယောက်၏ ရွှေဆေးလုံး အရွယ်အစားက ကြီးသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထူးခြားသည့်အရာများလည်း ရှိနေသေးသည်။ ကောင်းကင်၏ ဆန္ဒကို ခန့်မှန်းတွက်ချက်ကြည့်ရန် ခက်ခဲ၏။ ထိုအရာက ဥပမာတစ်ခုသာ ဖြစ်သည်။

ထိုအချိန်တွင် အဆင့် (၇) သိုင်းပညာရှင်ကတော့ အရပ် (၈) ပေခန့်ရှိသော သန်သန်မာမာ အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ခါးတွင် ကြီးမားသော ဓားမောက်တစ်ချောင်းကို ချိတ်ဆွဲထားခဲ့၏။

စြင်္ကံလမ်းပေါ်ရှိ ဖရိုဖရဲအခြေအနေကို မြင်လိုက်ရသည့်အခါ ရွှေဆေးလုံးအဆင့် ကျင့်ကြံသူအကြီးအကဲက အတော်လေး ဒေါသထွက်သွားခဲ့သည်။ သူက သင်္ဘော၏ စည်းမျဉ်းကို သုံးပြီး တရားခံကို အပြစ်ပေးရန် ပြင်ဆင်လိုက်သည်။

သို့သော် အဆင့် (၇) သိုင်းပညာရှင်က သူ့ကို တိတ်တဆိတ် သတိပေးလိုက်၏။

"အကြီးအကဲဟုန်...

ဒီလူက အနိမ့်ဆုံး အဆင့် (၈) သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်…"

သန်သန်မာမာ အဘိုးအိုက ထိုအရာကို အလေးထား၍ ပြောဆိုခဲ့သည်။ သူက နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။

"အနည်းဆုံးလို့ ပြောတာနော်…"

အကြီးအကဲ ချီကျင့်ကြံသူက သူနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ အကွာအဝေးကို လျင်မြန်စွာ သုံးသပ်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ ကြားထဲတွင် မီတာ (၃၀)ပင် မကွာတော့ပေ။ ထိုအရာကြောင့် သူက အနည်းငယ် ပြဿနာများသလို ခံစားလိုက်ရ၏။ အကယ်၍ သူသာ အနိမ့်ဆုံး အဆင့် (၈) ရှိနေသော သိုင်းပညာရှင်တစ်ယောက်နှင့် အနီးကပ်တိုက်ပွဲတစ်ခု တိုက်ခိုက်ရမည်ဆိုလျှင် အသာစီးရနိုင်လိမ့်မည် မဟုတ်ချေ။

ကံကောင်းသွားသည်မှာ သက်လတ်ပိုင်းလူကြီးက ရန်လိုနေခြင်း မရှိသလို အလွန်အကျွံ လုပ်ဆောင်နေခြင်းလည်း မရှိချေ။ ထိုအစား သူက အခြေအနေကို တည်ငြိမ်စွာ ရှင်းပြခဲ့သည်။

သို့သော် ရူးသွပ်နေသော ချီကျင့်ကြံသူတစ်ယောက်က သူတို့၏ဘက်တွင် အကူအညီ ရောက်လာနေသကဲ့သို့ ဝမ်းနည်းစွာ အော်ဟစ်ပြောဆိုလိုက်သည်။

"အင်မော်တယ်ဟုန်...

ဟိုမှာရှိတဲ့ ဓားပညာရှင်က ဝါးစိမ်းသစ်တောက ထန်ရှို့ဖုန်းလို့ ခေါ်တယ်။ အဲဒီလူက သူ့ရဲ့ အသက်ဓားပျံကိုတောင် အတင်းအကြပ် ဆွဲထုတ်ပြီးတော့ ဖျက်ဆီးပစ်လိုက်တာ။ ဒါက သူသေကိုယ်သေ ရန်ကြွေးတစ်ခုပဲ။ ဝါးစိမ်းသစ်တောက သူ့ကို သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး…"

ထိုစကားကို မကြားခင်အချိန်ထိ ရွှေဆေးလုံးအဆင့် ချီကျင့်ကြံသူ အကြီးအကဲက မည်သည့်အရာကို လုပ်ရမည်ဖြစ်ကြောင်း တွေဝေနေသေးသည်။ ထိုချီကျင့်ကြံသူ၏ ဝမ်းနည်းပက်လက် အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ သူက ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဓားသမား၏ အငွေ့အသက်ကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။

သူက တိတ်တဆိတ် တံတွေးမြိုချလိုက်မိပြီး နောက်ဆုံးတွင်တော့ ကောက်ချက်ချမိခဲ့၏။ ရက်စက်ကြမ်းကြုတ်သည့် သက်လတ်ပိုင်းအရွယ် လူကြီးက အဆင့် (၈) လေလွင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည့်အပြင် အနိမ့်ဆုံးတော့ သူက အဆင့် (၈) တွင် ကြီးကြီးမားမား အောင်မြင်မှုရထားနိုင်သည်။ သူက တောင်ထိပ်သခင်အဆင့်ဖြစ်သော အဆင့် (၉) တံခါးဝကိုပင် ရောက်နေခြင်း ဖြစ်နေနိုင်သည်။ မဟုတ်လျှင် သူက အဆင့် (၆) ဓားပညာရှင်တစ်ယောက်၏ အသက်ဓားပျံကို ထိုမျှ အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။

အကြီးအကဲဟုန်က လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။

"ဘာမှစိတ်မပူပါနဲ့။ ငါတို့က ဒီအခြေအနေကို ဘက်မလိုက်ဘဲ သေချာပေါက် ဖြေရှင်းပေးမယ်။ မင်းတို့က သေချာပေါက် တရားမျှတမှု ရမှာပါ…"

သက်လတ်ပိုင်းအရွယ် လူကြီးက အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။ ခဏကြာစဉ်းစားပြီးနောက် သူက မှင်တက်နေသည့် ချီကျင့်ကြံသူကို ပြန်လှည့်ပြီး ပြောလိုက်သည်။

"ငါ မင်းကို လက်သီးတစ်ချက် အကြွေးတင်နေသေးတယ်။ ဒါကြောင့် နောက်ပိုင်း ငါက အဲဒီလက်သီးနဲ့ တိုက်ခိုက်ဖို့ မင်းရဲ့ဘိုးဘေးကို သွားရှာမယ်…"

ထို့နောက် သူက ချီကျင့်ကြံသူ အကြီးအကဲနှင့် သိုင်းပညာရှင်ကို ပြန်လှည့်ပြီး မျက်မှောင်ကြုတ်၍ သတိပေးလိုက်သည်။

"နှုတ်ပိတ်ဖို့အတွက် အဲဒီလူတွေကို သတ်ဖို့ မကြိုးစားနဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိတယ်…”

“ငါတို့ အဲဒီလိုမျိုး မလုပ်ပါဘူး... "

ချီကျင့်ကြံသူ အကြီးအကဲက မသက်မသာ အပြုံးနှင့် ပြန်ဖြေလိုက်ရသည်။

သက်လတ်ပိုင်းအရွယ် လူကြီးကတော့ တခြားမည်သည့်စကားမျှ မပြောခဲ့ပေ။ သူက ပြန်လှည့်ပြီး သူ့အခန်းဆီသို့ လျှောက်သွားခဲ့၏။ သူက အခန်းတံခါးကို ခေါက်လိုက်ပြီး သူ့အမေကို နှစ်သိမ့်ပေးနေသော သမီးသိအောင် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

"လီလျှို... အဖေပါ…"

မိန်းမပျိုက ပေါ့ပေါ့ပါးပါး အမူအရာနှင့် လမ်းလျှောက်လာပြီး တံခါးဖွင့်ပေးလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးက အခန်းထဲသို့ ဝင်လာပြီး တံခါးပြန်ပိတ်လိုက်ပြီးနောက် သူ့ဇနီးက မျက်ရည်များ ပြည့်နှက်နေသော အမူအရာနှင့် အလျင်အမြန် ပြေးလာခဲ့သည်။

"လီအာ့... အဆင်ပြေရဲ့လား။ သူတို့က နင့်ကို အရှက်မခွဲကြဘူးလား။ တစ်နေရာရာကိုများ ရိုက်လိုက်သေးလား။ ငါဆေးလူးပေးဖို့ လိုသေးလား…"

လီအာ့က ခေါင်းကုတ်ပြီး အပြစ်ကင်းစင်သော အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ငါ အဆင်ပြေတယ်။ ဒီသင်္ဘောကို ကြီးကြပ်နေရတဲ့ တာဝန်ရှိသူက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတယ်လေ။ ငါက သူ့ဆီပြေးသွားပြီးတော့ အခြေအနေကို ရှင်းပြလိုက်တာ။ ဘာတွေဖြစ်လာလဲ ခန့်မှန်းကြည့်လိုက်စမ်း..."

“သူက တော်တော်လေး ပြောလို့ဆိုလို့ ကောင်းပါတယ်။ သူက အဲဒီလူတွေကို မောင်းထုတ်လိုက်ပြီး နောက်ပိုင်း ငါတို့(၃)ယောက်အနားကို ကပ်မသွားဖို့ သူတို့တွေကို သတိပေးလိုက်တယ်။ ဒါကြောင့် အခု အကုန်အဆင်ပြေသွားပြီ။ ဒါနဲ့ ဒီကမ္ဘာကြီးထဲမှာ လူဆိုးတွေထက် လူကောင်းတွေလည်း ရှိပါသေးတယ်ဟ…"

သူ့သမီး လီလျှိုကတော့ ရယ်ချင်စိတ်ကို အတင်းအကြပ် ဖိနှိပ်ထားလိုက်ရသည်။ သူမ၏အဖေက ဤခရီးစဉ်အတောအတွင်း အချည်းနှီး မဖြစ်ခဲ့ပေ။ သူက ရုပ်တည်တည်နှင့် မည်သို့လိမ်ရမည်ဟူသည့်အရာကိုပင် သေချာနားလည်သွားခဲ့၏။

ထိုစကားကို ကြားလိုက်ရသည့်အချိန်မှသာ လီအာ့၏ဇနီးက အနည်းငယ် ပို၍ စိတ်အေးသွားခဲ့သည်။ သူမက ဆွဲဆောင်မှုရှိသော ရင်ဘတ်ကိုပုတ်ပြီး အားနှင့် ပြောလိုက်၏။

"ကျေးဇူးတင်လိုက်တာ…"

လီအာ့ကတော့ ပြုံးရုံလေးပြုံးပြီး သူ့ဇနီးကို တိတ်တဆိတ် ငေးကြည့်နေမိခဲ့သည်။ သို့သော် သူ့ဇနီးက ထိုအရာကို နားလည်မှုလွဲသွားပြီး သူ့ကို ဗိုက်ခေါက်လိမ်ဆွဲ၍ ပြောလိုက်၏။

"သမီး ရှိသေးတယ်လေ... နင့်ရဲ့ တဏှာမျက်လုံးတွေကို သေချာသိမ်းထားလိုက်စမ်း…"

သူမက အသံတိုးတိုးနှင့် ကြိမ်းဝါးပြောဆိုလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးက အနည်းငယ် ရှက်ရွံ့သွားပြီး ခေါင်းကုတ်၍သာ နေနေခဲ့၏။

ညအချိန်ကျရောက်လာပြီး ပင်လယ်ပြင်ပေါ်တွင် တောက်ပသော လမင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ မိန်းကလေး လီလျှိုကတော့ သင်္ဘောလက်ရန်း၏ နောက်ကွယ်တွင် မတ်တပ်ရပ်ပြီး ကောင်းကင်ပေါ်ရှိ လမင်းကြီးကို ငေးကြည့်နေမိခဲ့၏။

အဘိုးကြီးယန်က ပြောခဲ့ဖူးသည်။ သူမက ပါရမီရှိပြီး လီဟွိုင်ကတော့ အလွန်ကံကောင်းသည်။ သူမ၏ပါရမီက မည်သည့်အရာပေနည်း။ လီလျှိုကတော့ အသိပညာ ဗဟုသုတများနှင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

သူမက ချောက်ကမ်းပါးကျောင်းတော်ထဲ၌ ရှိနေစဉ်တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာဆီမှ ရန်လိုသော အပြုအမူတစ်ခုကို ရရှိခဲ့သည်။ ထိုအရာက မသိနားမလည်သော လုပ်ရပ်မျိုး မဟုတ်ဘဲ သေချာတွက်ချက်ထားသော လုပ်ရပ်တစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လီလျှိုက အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နေသည်။

ထိုမိန်းမပျို၏ တစ်ဖက်ခန်းတွင်...

လီအာ့၏ ဇနီးကတော့ အလွန်ရိုးရှင်းသော လူတစ်ယောက် ဖြစ်သည်။ ပြဿနာ ပြေလည်သွားပြီးနောက် သူမက ပုံမှန်အခြေအနေကို ချက်ချင်း ပြန်ရောက်သွားခဲ့၏။ သူမက ကြောက်လန့်နေခြင်း မရှိသလို ဝမ်းနည်းနေခြင်းလည်း မရှိပေ။ သူမက အိပ်လိုက် စားလိုက်နှင့် သာမန်သာဖြစ်ပြီး ယခုအချိန်တွင်တော့ လျင်မြန်စွာ အိပ်ပျော်သွားခဲ့၏။

လီအာ့ကတော့ သူမ၏ဘေးတွင် ရှိနေသော အိပ်ရာပေါ်တွင် လှဲနေခဲ့သည်။ သူက သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး သူမ၏ ဟောက်သံကို နားထောင်နေခဲ့၏။ သက်လတ်ပိုင်းလူကြီးက သူ၏မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

သူက ချိုသာသော စကားလုံးများကို လုံးဝပြောဆိုခြင်း မရှိသလို ထိုကဲ့သို့ စကားလုံးများကို ပြောဆိုရဲသည့် သတ္တိလည်း မရှိချေ။ သူ့ဇနီးကလည်း ထိုကဲ့သို့ စကားများ နားထောင်ရသည်ကို နှစ်သက်သည့်လူတစ်ယောက် မဟုတ်သည်မှာ ကံကောင်းသွားသည်။

သူ့ဇနီးက ကောင်းမွန်၏။ သူ့သားကလည်း ကောင်းပြီး သူ့သမီးကလည်း အလွန်တော်သည်။ သို့သော် သူကတော့ …..

လီအာ့က မျက်လုံးမှိတ်လိုက်ပြီး တစ်ယောက်တည်း တိုးတိုးလေး ရယ်လိုက်မိလေ၏။

Translated by Hein Htet.

All Chapters