← Chapters

အခန်း (၂၃၃)

Vol. 16 Ch. 233

အခန်း (၂၃၃)

Vol. 16 Ch. 233

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၂၃၃) {စာစဉ် ၁၆- အပိုင်း(၈)}

သင်ကြားမှုအားလုံး၏ အထွဋ်အထိပ်စကားလုံးများကို စုစည်းထားသော အမိုးခုံး… ထိုအမိုးခုံးကတော့ ယင်းရင် ချန်းကလန်ကို ဖော်ပြထားသော အရာတစ်ခုသာ ဖြစ်သည်။ ထို့အတွက်ကြောင့် ဤလောကကြီးထဲတွင် ရှိနေသော ကွန်ဖြူးရှပ်ပညာရှင်များအားလုံးက "သန့်စင်ကွန်ဖြူးရှပ်" ဟူသော စကားလုံးနှစ်ခုကို ယင်းရင် ချန်းကလန်ဆီသို့သာ ပေးအပ်ထားကြခြင်း ဖြစ်သည်။

ချန်းကလန်၏ ထိုဂိုဏ်းခွဲက အလွန်ကြီးမားသော ပဋိပက္ခမှ ရှောင်ပြေးရန်အတွက် အလယ်မြေနတ်ဘုရားကုန်းမြေကြီးမှနေ၍ တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးဆီသို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။ ကြီးကျယ်ခမ်းနားသော ရွှေ့ပြောင်းမှုအတောအတွင်း ချန်းကလန်၏ ဂိုဏ်းခွဲကို မည်သူကမျှ အထူးတလည် အာရုံမစိုက်မိခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် သူတို့က အလယ်မြေနတ်ဘုရားကုန်းမြေကြီးထဲတွင် ရှိနေသော ချန်းကလန် (၈)ခုထဲမှ တစ်ခုသာ ဖြစ်ခဲ့သည်။ သူတို့က ဂိုဏ်းခွဲ(၈)ခုထဲတွင် အသေးဆုံးလည်း ဖြစ်ခဲ့၏။ သို့သော် တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲတွင် အခြေချခဲ့ပြီးနောက် ပုခုံးပေါ်တွင် နေ နှင့် လ နှစ်မျိုးလုံး သယ်ဆောင်ထားသော ဘိုးဘေး ထွက်ပေါ်လာခဲ့သည်။ သန့်စင်ပြီး အမှန်တရားဆန်သော ထိုဘိုးဘေး၏ အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ယင်းရင် ချန်းကလန်က အလွန်ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခုကို ကြုံတွေ့ခဲ့ရ၏။

ကွန်ဖြူးရှပ်ကျောင်းတော်တစ်ခုနှင့် ကွန်ဖြူးရှပ်စာသင်ဆောင် တစ်ခုကိုလည်း ယင်းရင် ချန်းကလန်၏ နယ်မြေပေါ်တွင် တည်ဆောက်ခဲ့သည်။ ကောင်းကျိုးများ သယ်ဆောင်လာပေးသော မျိုးဆက်များ၊ ထူးခြားသော စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည့် ထူးချွန်ထက်မြက်သော စာသင်သားများ ထွက်ပေါ်လာသည့်အတွက်ကြောင့် ယင်းရင် ချန်းကလန်ထဲတွင် အလွန်များပြားသော အမိုးခုံးများက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ကြသည်။

ထို့ကြောင့် ယင်းရင် ချန်းကလန်ကို သွားရောက်လည်ပတ်ကြသူများက ခရီးသွားလာနေသော စာသင်သားများဖြစ်စေ၊ ကွန်ဖြူးရှပ်စာသင်သားများ ဖြစ်စေ၊ ဧည့်သည်အဖြစ် နေထိုင်ကြသော ဘုရင်များ၊ အမှုထမ်းများ ဖြစ်စေ၊ သူတို့က အမိုးခုံးများ ပြည့်နှက်နေသော လမ်းပေါ်တွင် အရင်ဆုံး လမ်းလျှောက်တတ်ကြသည်။ အလွန်တောက်ပသော ထိုကလန်၏ သမိုင်းကြောင်းကို မြင်တွေ့လိုက်ရသူတိုင်းက အံ့သြမှင်တက်သွားမိကြပြီး နိမ့်ကျသွားသလို ခံစားချက်တစ်ခုပင် ပေါ်ပေါက်လာခဲ့ကြ၏။

ယင်းရင် ချန်းကလန်၏ မျိုးဆက်များအားလုံးက သူတို့ကလန်အတွက် အလွန်အမင်းကို ဂုဏ်ယူတတ်ကြသည်။ အမှန်အတိုင်းပြောရလျှင် သူတို့၏ မျိုးနွယ်ခေါင်းဆောင်က သူ့ပုခုံးပေါ်တွင် စာဖတ်ခြင်းဖြင့် ရလာခဲ့သော နေမင်းကြီးကို လူတစ်ယောက်ဆီသို့ နှစ်ပေါင်း(၁၀၀) ငှားလိုက်ကြောင်း ကိုယ်တိုင်ကြေညာခဲ့သည်ကိုပင် အရှက်ရသလို ခံစားခဲ့ရခြင်း မရှိချေ။

ယခုတော့ အလွန်ဝေးကွာသော အရှေ့ပိုင်းကုန်းမြေကြီး၏ ဒေသခံ တစ်ယောက်ဖြစ်သည့် အရပ်ရှည်ရှည် လူငယ်လေးတစ်ယောက်က ထိုကလန်ထဲတွင် စာပေသင်ကြား လေ့ကျင့်နေခဲ့သည်။ ချန်းကလန်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော ချန်းသွမ့်ကိုယ်တိုင် သူ့ကို ခေါ်လာခဲ့ခြင်း ဖြစ်၏။ ထိုလူငယ်၏ နိမ့်ကျသော နောက်ခံကြောင့် ကလန်ထဲတွင် မည်သူကမျှ အနိုင်ကျင့်ရဲခြင်း မရှိပေ။

အမှန်အတိုင်းပြောရလျှင် အလွန်ထူးခြားသော သူ၏ပါရမီကို သိလာကြရပြီးနောက် မည်သူကမျှ သူ့အနားကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ နီးကပ်အောင် လုပ်ဆောင်နေခြင်းလည်း မရှိကြပေ။ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် လူတိုင်းက သူ့ကို တည်ငြိမ်စွာ၊ ရိုသေလေးစားစွာ ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် အရပ်ရှည်ရှည် လူငယ်လေးက ပို၍ပင် စိတ်သက်သာသလို ခံစားခဲ့ရ၏။

ထိုလူငယ်လေးကတော့ လျှိုရှန်းယန် ဖြစ်ပြီး သူ၏အကောင်းဆုံးမိတ်ဆွေက မွေးရပ်မြေကဲ့သို့ နေရာငယ်လေးထဲတွင် သေချာပေါက် မသေရကြောင်း ကြေညာခဲ့သည့် ကောင်လေးလည်း ဖြစ်၏။

မြို့ငယ်လေးထဲမှ ထွက်လာပြီး သိပ်မကြာခင် သူက ကောင်းကင်ကြီးထက်ပင် ပို၍မြင့်မားသော ဧရာမတောင်မြင့်ကြီးတစ်လုံးကို မြင်ခဲ့ရသည်။ သူက အဆုံးမရှိသော ပင်လယ်ပြင်ကြီးတစ်ခုကိုလည်း မြင်တွေ့ခဲ့ရပြီး အတောင်ပံများနှင့် ပျံသန်းနေသော သက်တန့်ရောင်ငါးများ၊ အပြာရောင်ရေပြင်ကြီးပေါ်တွင် တဖျပ်ဖျပ် ကူးခတ်နေသော ငါးများကိုလည်း တွေ့ခဲ့ရသည်။ သူက မကြာခဏဆိုသလို မှော်သားရဲနှင့် ဝိညာဉ်မျိုးစုံ ပေါ်လာသော အဆုံးမဲ့ တိမ်တိုက်ပင်လယ်ကြီးတစ်ခုကိုလည်း မြင်တွေ့ခဲ့ရ၏။ အမှန်အတိုင်းပြောရလျှင် ကောင်းကင်ကြီးပေါ်၌ အပူအပင်ကင်းမဲ့စွာ ပျံသန်းသွားလာနေသော ဓားအင်မော်တယ်များကိုလည်း မြင်တွေ့ခဲ့ရသည်။

အစပိုင်းတွင်တော့ လျှိုရှန်းယန်က အနည်းငယ် စိုးရိမ်ခဲ့ရ၏။ သန့်စင်ကွန်ဖြူးရှပ် ချန်းကလန်က ချင်းဖုန်းမြို့ ရှုကလန်နှင့် ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးတို့ကဲ့သို့ ဖြစ်နေမှာကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ထိုလူများက သူ ပိုင်ဆိုင်ထားသော ဓားသိုင်းကျမ်းကို မက်မောနေမှာကို စိုးရိမ်နေခဲ့၏။ ထိုအရာက သူ အိပ်စက်နေချိန်နှင့် အိပ်မက်ထဲတွင်ပင် လေ့ကျင့်နိုင်သော အလွန်ထူးခြားသည့် ဓားကျင့်စဉ်တစ်ခု ဖြစ်သည်။

သို့သော် လျှိုရှန်းယန်၏ စိတ်က အလွန်လျင်မြန်စွာ အေးချမ်းသွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ကလန်ထဲတွင် ရတနာများကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ယူရပြီး အလွန်တည်ငြိမ်ခန့်ညားသော ဘိုးဘေးအိုကြီးက ယင်းရင် ချန်းကလန်ကို သူ ရောက်လာပြီး ချက်ချင်းဆိုသလိုပင် စိမ်းပြာနတ်ဘုရား တိမ်တိုက်ဝါးနှင့် ဖန်တီးထားသော ခေါက်ယပ်တောင်တစ်ချောင်း ရက်ရက်ရောရော ပေးခဲ့သည်။

နတ်ဘုရား တိမ်တိုက်ဝါးက အလွန်အမင်းကို ရှားပါးပြီး တစ္ဆေနှင် ကြာပွတ် ဖန်တီးရာတွင် အကောင်းဆုံးပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ဤလောကကြီးထဲတွင် ရှိနေသော အဆင့်နိမ့်သည့် တစ္ဆေများ၊ ဝိညာဉ်များအားလုံးက နတ်ဘုရားတိမ်တိုက်ဝါးနှင့် ဖန်တီးထားသော အင်မော်တယ်လက်နက်များကို ကြောက်လန့်ကြသည်။

ထို့ပြင် အလွန်အရည်အသွေး မြင့်မားသော "မှင်စားငါး" တစ်ကောင်လည်း ရှိသေးသည်။ ထိုငါးကို အစွမ်းထက်သော ကလန်များနှင့် အင်မော်တယ် အဖွဲ့အစည်းများ၏ မှင်အိုးထဲတွင် မွေးမြူကြခြင်း ဖြစ်သည်။ နှစ်ပေါင်း(၁၀၀) ကြာပြီးသွားလျှင် သူတို့၏ကျောပေါ်၌ ရွှေရောင်မျဉ်းကြောင်းတစ်ခု ပေါ်လာကြသည်။နှစ်ပေါင်း(၅၀၀) ကြာသွားပြီးနောက် သူတို့က "မှင်နဂါး" ဖြစ်လာရန်ပင် အရည်အချင်း ရှိကြ၏။

ပြောရမည်ဆိုလျှင် သူတို့က စာသင်သားတိုင်း လိုချင်တပ်မက်နေကြသည့် မှင်ရတနာတစ်ခု ဖြစ်လာနိုင်သည်။ စာသင်သားကလန်များ၊ အင်အားစု အားလုံးနီးပါးက ထိုကဲ့သို့သော မှင်စားငါးများကို မွေးမြူတတ်ကြသည်။ သို့သော် ထိုငါးများကို ထိန်းသိမ်းရန် အလွန်အမင်း ခက်ခဲ၏။ သူတို့က မှင်အမျိုးအစားကို အလွန်ရွေးချယ်တတ်ပြီး သူတို့မကြိုက်လျှင် မှင်များကို စားသုံးခြင်းမရှိဘဲ အစာငတ်ခံ၍ သေဆုံးသွားတတ်ကြသည်။

နောက်ဆုံးတွင်တော့ လျှိုရှန်းယန်ကို စာအုပ်လှန် လေလှိုင်းအမျှင်လေးတစ်ခု ပေးခဲ့သေးသည်။ လျှိုရှန်းယန်က ထိုအရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ ထိုသန့်စင် လေလှိုင်းအမျှင်လေးကို လက်ခံရရှိသည့်အချိန်တွင် အလွန်မောက်မာပြီး မာနကြီးသော ချန်းသွမ့်ကပင် အလွန်အံ့သြနေပုံရ၏။ အမှန်အတိုင်းပြောရလျှင် သူမ၏ မျက်နှာပေါ်၌ အားကျမှု အနည်းငယ်ပင် ရှိနေခဲ့သည်။

လျှိုရှန်းယန်က ထိုအရာများကို အလွန်သဘောကျ၏။ သို့သော် သူက အလွန်အမင်း ဝမ်းသာပျော်ရွှင်နေခြင်းတော့ မရှိခဲ့ပေ။ သူ့စွမ်းအား၏ အခြေခံက ထိုဓားသိုင်းကျမ်းသာ ဖြစ်နေသေးကြောင်း သူက နားလည်နေသေး၏။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ချန်းကလန်၏ သီးသန့်ကျောင်းလေးသို့ သွားပြီး စာပေသင်ကြားခြင်းအပြင် သူ အားလပ်သည့်အချိန်တိုင်း သူ၏နေအိမ်ထဲတွင် ဓားသိုင်းလေ့ကျင့်ခဲ့၏။

လျှိုရှန်းယန်က အလွန်မြင့်မားသော တောင်မြင့်ကြီးများနှင့် အဆုံးမဲ့ ပင်လယ်ကြီးကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏နောက်ထပ်ပစ်မှတ်က သူ၏ ကိုယ်ပိုင်စွမ်းရည်ကို အားကိုးပြီး သူ့ဓားနှင့် ထိုတောင်မြင့်ကြီးများပေါ်သို့ ပျံသန်းသွားလာနိုင်သည့် စွမ်းရည်ရှိလာရန် ဖြစ်သည်။ သူက သူ့ဓားနှင့် အဆုံးမဲ့ပင်လယ်ကြီးများ၏ အဆုံးသတ်ထိအောင် ပျံသန်းသွားချင်ခဲ့၏။

သူက ချန်းပင်အန်းနှင့် နောက်တစ်ကြိမ် ပြန်ဆုံသည့်အချိန်တွင် ထိုကဲ့သို့ နေ့ရက်မျိုး တဖြည်းဖြည်း ရောက်လာပါလိမ့်မည်။ ထိုအချိန်တွင် သူက သူ့မိတ်ဆွေကို ပြင်ပကမ္ဘာကြီးထဲရှိ ကျယ်ပြန့်လှသော ကုန်းမြေကြီးများ၊ အဆုံးမဲ့ ကောင်းကင်ပြင်ကြီးထိအောင် ခေါ်ဆောင်သွားချင်ခဲ့သည်။

လျှိုရှန်းယန်က အနည်းငယ်တော့ စိုးရိမ်နေခဲ့၏။ သူက တစ်နေ့နေ့ မြို့ငယ်လေးဆီသို့ ပြန်သွားသည့်အချိန်တွင် ချန်းပင်အန်းက သက်လတ်ပိုင်းအရွယ် လယ်သမား တစ်ယောက် ဖြစ်နေမည်လော။ သူက လက်ထပ်ပြီး ကလေးများ ရှိနေမည်လော။ လျှိုရှန်းယန်ကတော့ ထိုအတွက်ကြောင့် သူ့မိတ်ဆွေကို လုံးဝ လျစ်လျူရှုလိမ့်မည် မဟုတ်ချေ။ သို့သော် ထိုအချိန်ရောက်လျှင် သူတို့နှစ်ယောက်က စိမ်းပြာကမ်းပါးပေါ်တွင် ထိုင်ပြီး သူတို့၏အတိတ်မှ ရယ်စရာကောင်းသော အောက်မေ့ဖွယ်ရာ ဇာတ်လမ်းများကို ပြန်လည်ပြောဆိုရန် အကြောင်းအရာ မရှိတော့မှာကို အလွန်ကြောက်လန့်နေမိခဲ့သည်။

မြို့ငယ်လေးထဲမှ အလျင်စလို ထွက်လာခဲ့သည့်အချိန်တွင် လျှိုရှန်းယန်က ချန်းပင်အန်းကို ပြောပြရန် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့သော အကြောင်းအရာတချို့ ရှိခဲ့သည်။ သူက ချန်းသွမ့်နှင့် အပြင်လူများ၏ ရှေ့တွင် မျက်နှာပျက်မှာ စိုးရိမ်ပြီး သူ့ကို အထင်သေး စနောက်ခံရမှာကို စိုးရိမ်နေခဲ့၏။ ထို့ပြင် ထိုအရာများက စကားနှင့် အရှုံးပေးလိုက်ခြင်း ဖြစ်သည့်အတွက် ထိုအချိန်တွင် လျှိုရှန်းယန်က ထိုစကားမျိုးပြောရန် သက်သောင့်သက်သာ ရှိသည်ဟု ခံစားခဲ့ရခြင်း မရှိပေ။ အဆုံးထိ သူက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သို့သော် ယခုတော့လျှိုရှန်းယန်က အနည်းငယ် နောင်တရနေသလို ခံစားနေခဲ့ရ၏။

ကြွေထည်မီးဖုတ်ခြင်းကလွဲလျှင် သူ့ဆရာဖြစ်သော လျှိုရှန်းယန်ထက် တခြားစွမ်းရည်များတွင် မသာလွန်သောအရာမရှိဟု ချန်းပင်အန်းကို ယုံကြည်ချက်ရှိရှိ ပြောခဲ့သင့်သည် မဟုတ်ပေလော။ ငါးမျှားခြင်းကစ၍ သစ်သားလေး ဖန်တီးခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ တောင်တန်းများပေါ်တွင် သွားလာခြင်း ၊ စသည့်အရာများစွာတွင် ချန်းပင်အန်းမကျွမ်းကျင်သည့်အရာ မည်သည့်အရာ ရှိနေသနည်း။

ယင်းရင် ချန်းကလန်၏ ပိုင်နက်က ကီလိုမီတာ (၅၀ဝ) ရှိသည်။ လျှိုရှန်းယန်ဆီတွင် အချိန်ရှိသည့်အချိန်တိုင်း သူက အမိုးခုံးများစွာကို ဖြတ်ကျော်ပြီး မြစ်ကမ်းဘေးကို သွားတတ်သည်။ ထိုနေရာတွင် သူက စိမ်းပြာကမ်းပါးနှင့် တူညီသော ကျောက်ကမ်းပါးတစ်ခုပေါ်၌ တစ်ယောက်တည်း ထိုင်နေတတ်၏။ တစ်ခါတလေ သူက နေ့တစ်ဝက်ခန့် ထိုင်နေတတ်သည်။ အလွန်ရည်မှန်းချက်ကြီးပြီး အလုပ်ကြိုးစားသော လူငယ်လေးအတွက်တော့ ထိုအရာက အမှန်တကယ်လည်း အချိန်ဖြုန်းသည့် အရာတစ်ခု ဖြစ်၏။

ထိုနေ့ညနေခင်းတွင်တော့ လျှိုရှန်းယန်က ကျောက်ကမ်းပါးပေါ်တွင် (၄)နာရီခန့် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သို့သော် သူက ရုတ်တရက် သတိပြန်ဝင်လာပြီး အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ သူက အိမ်သို့ပြန်ရန် (၅) ကီလိုမီတာခန့် လမ်းလျှောက်ရန် လိုအပ်နေသေး၏။

ပုံမှန်အခြေအနေမျိုးတွင်တော့ ကီလိုမီတာ (၅၀၀) အတောအတွင်း မည်သူ့ကိုမျှ ပျံသန်းခွင့် မပေးပေ။ အမှန်အတိုင်းပြောရလျှင် အရာရှိများကပင် သူတို့၏ မြင်းပေါ်မှဆင်းပြီး လမ်းလျှောက်ရန် လိုအပ်သည်။ ထိုအရာက ချန်းကလန်ထဲတွင် နှစ်ပေါင်းတစ်ထောင်ကျော် တည်ရှိနေသော သံမဏိစည်းမျဉ်းတစ်ခုလည်း ဖြစ်၏။

သူတို့ကလန်၏ ပိုင်နက်ထဲမှ ထွက်သွားပြီးနောက် တချို့သော ချန်းကလန်၏ မျိုးဆက်များက အလွန်မောက်မာသောပုံစံနှင့် နေထိုင်ကြပြီး ကိုယ်ကျင့်တရားများ၊ ကျင့်ဝတ်များနှင့် မကိုက်ညီသော အရာများကို လုပ်ဆောင်တတ်ကြသည်။ မည်သို့ဖြစ်စေကာမူ ယင်းရင် ချန်းကလန်က အလွန်အမင်းကို ကြီးမားလှ၏။ ထို့ကြောင့် သူတို့၏မျိုးဆက်များထဲတွင်လည်း လူပေါင်းစုံ ရှိနေသည်မှာ မလွဲမသွေ ဖြစ်သည်။ သို့သော် ကလန်၏ ပိုင်နက်ထဲတွင်တော့ မည်သူကမျှ စည်းမျဉ်းကို ချိုးဖောက်ရဲခြင်း မရှိချေ။

အထူးသဖြင့် ချန်းကလန်က နှစ်စဉ်နှစ်တိုင်း သူတို့၏ဘိုးဘေးများကို ပူဇော်ကန်တော့သည့်အချိန် ဖြစ်သည်။ မြောက်မြားလှစွာသော မျိုးဆက်များက နေရာအနှံ့မှနေ၍ ပြန်လာခဲ့ကြပြီး ချန်းကလန်၏ ပိုင်နက်သို့ သွားသော လမ်းပေါ်တွင် လူများ ပြည့်နှက်နေတတ်သည်။ အမှန်တကယ်လည်း ထိုလူများအားလုံးက လမ်းလျှောက်၍သာ ခရီးသွားလာကြ၏။

ထို့ပြင် အရွယ်ရောက်ပြီးသူ အများစုက ခါးတွင် ကျောက်စိမ်းပြားတစ်ခု ချိတ်ဆွဲထားသော ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသည့် စာသင်သားများသာ ဖြစ်ကြသည်။ သူတို့၏ဝတ်စုံများအားလုံးက အလွန်ရိုးရှင်း၏။

လျှိုရှန်းယန်က ထိုအရာကို အဝေးမှ မြင်ခဲ့ဖူးသည်။ သူက ထိုကျောက်စိမ်းပြားများ တချွင်ချွင်တိုက်သည့်အသံကိုလည်း ကြားခဲ့ဖူးသလို ကျမ်းစာများ ရွတ်ဖတ်သည့် အသံကိုလည်း ကြားခဲ့ဖူးသည်။ ထိုအရာက သူ့အတွက်တော့ မျက်စိပွင့် နားပွင့်စေနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာက မြင့်မားသော တောင်မြင့်ကြီးများနှင့် အဆုံးမဲ့ပင်လယ်ကြီးကို မြင်တွေ့ရခြင်းထက် ပို၍စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့၏။

လျှိုရှန်းယန် မတ်တပ်ရပ်ပြီး သိပ်မကြာခင် ဆံပင်ဖြူနှင့် ကွန်ဖြူးရှပ် စာသင်သားအိုကြီးတစ်ယောက်က ကျောက်ကမ်းပါးဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာကြောင်း တွေ့လိုက်ရသည်။

လျှိုရှန်းယန်က ဦးညွတ်ပြီး အရိုအသေ ပေးလိုက်၏။ ကွန်ဖြူးရှပ်စာသင်သားအိုကြီးက နေရာတွင် ရပ်လိုက်ပြီး သူ့ကို အပြုံးနှင့် အသိအမှတ် ပြုလိုက်သည်။ ထိုအဘိုးအိုက စံပြစာသင်သားတစ်ယောက် သို့မဟုတ် ကျင့်ဝတ်စာသင်သားတစ်ယောက် ဟုတ်မဟုတ် သူလည်း ရှင်းရှင်းလင်းလင်း နားမလည်ပေ။

အကယ်၍ ဤနေရာက တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီး၏ တခြားနေရာတွင် ဆိုလျှင်တော့ စံပြစာသင်သားနှင့် ကျင့်ဝတ်စာသင်သားများက ကြုံတွေ့ရန် အလွန်အမင်းကို ရှားပါးပြီး ခက်ခဲသည်။ သို့သော် ဤနေရာက မြောက်မြားလှစွာသော ပါရမီရှင်များကို မွေးထုတ်ပေးနေသည့် ယင်းရင် ချန်းကလန် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်က အနိမ့်ဆုံး ကျင့်ဝတ် စာသင်သားတစ်ယောက် မဟုတ်လျှင် သူတို့က အိမ်ပြန်လာပြီး တခြားလူများကို နှုတ်ဆက်ရန် မျက်နှာပြရဲခြင်းပင် မရှိကြပေ။

အဘိုးအိုက လျှိုရှန်းယန်၏ ဘေးတွင် မတ်တပ်ရပ်လိုက်ပြီး တသွင်သွင် စီးဆင်းနေသော မြစ်ရေပြင်ကို စိုက်ကြည့်နေခဲ့သည်။ သူက ကျောက်ကမ်းပါးပေါ်တွင် အသာအယာ ရပ်လိုက်ပြီး အပြုံးနှင့် မေးလိုက်၏။

"မင်းက ဒီကျောက်ကမ်းပါးရဲ့ နာမည်ကို သိလား…"

လျှိုရှန်းယန်က ရပ်လိုက်ပြီး ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

"ကျွန်တော် မသိဘူး…"

အဘိုးအိုက အပြုံးနှင့် ရှင်းပြလိုက်၏။

"စာအုပ်ထဲက မှတ်တမ်းတွေအရ ယင်းရင် ချန်းကလန်ထဲမှာ ရှိတဲ့ မြစ်ကမ်းဘေးမှာ ကျောက်တုံးတစ်တုံး ရှိတယ်။ အဲဒီကျောက်တုံးက တော်တော်လေး ထူးဆန်းတဲ့ ပုံစံတစ်ခုလည်း ရှိတယ်။ သူ့ရဲ့ နာမည်ကိုတော့ 'တောင်တန်းတစ္ဆေ' လို့ ခေါ်တယ်..”

“တစ်ချိန်တုန်းက နတ်ဘုရား ကဗျာဆရာတစ်ယောက်က ဒီကျောက်တုံးပေါ်မှာ ရပ်ပြီး ကဗျာတစ်ပုဒ် ရေးသားခဲ့တယ်။ ဒါပေမဲ့ အဲဒီကဗျာက နာမည်ကျော်ကြားပြီး လူသိမများခဲ့တာတော့ တော်တော်လေး နှမြောဖို့ကောင်းတာပေါ့…"

‘ ဒီအရက်ခွက်ကို ဘယ်သူမြှောက်လိုက်တာလဲ... သောက်လိုက်... ငါ အရက်ခွက်ကို မြှောက်ပြီး ကျောက်တုံးကို ခေါ်လိုက်မယ်... ဒီကျောက်တုံးကတော့ ရွေ့မှာ မဟုတ်ဘူး... ဒါပေမဲ့ ငှက်တွေက ငါ့ရဲ့အရက်ခွက်ကို တိုက်ချပြီး အရက်တွေ ဖိတ်ကျသွားအောင် လုပ်လိမ့်မယ်... ညနက်သန်းခေါင် ကျောက်တုံးက ရုတ်တရက် မြောက်လာပြီး တောင်ပေါ် တစ္ဆေသရဲတွေကို မောင်းထုတ်ဖို့ အလင်းတွေကို မောင်းထုတ်လိမ့်မယ်... လောကကြီးထဲမှာ ရှိတဲ့ အရာအားလုံးက ကြောက်စရာ ကောင်းတယ်..."

အဘိုးအိုက တစ်စုံတစ်ခုကို သတိရတမ်းတနေသော အမူအရာမျိုးနှင့် ပြင်ပကမ္ဘာကြီးထဲတွင် နာမည်ကျော်ကြားမှု မရှိသော ကဗျာကို ဆက်လက်ရွတ်ဆိုနေခဲ့သည်။

‘ ငါ နည်းနည်းလေး လွင့်မျောသွားတယ်... ကျောက်တုံးကြီးက ငါ့ကို မေးတယ်... မင်းက လမ်းလျှောက်တုတ်နဲ့ ကုန်းကုန်းကွကွ လမ်းလျှောက်နေရတာ ပင်ပန်းနေပြီလားတဲ့... ငါတို့နှစ်ယောက်က မိတ်ဆွေတွေ ဖြစ်လာကြတယ်... ကျောက်တုံးကြီးက နဂါးတစ်ကောင်နဲ့ ဇာမဏီတစ်ကောင်စီးပြီး အတူတူခရီးသွားဖို့ အကြံပေးတယ်... ပြီးတော့ ငါတို့က ခရီးလမ်းဆောင်းပါးတစ်ပုဒ်ကို ရွတ်ဆိုနေကြမယ်...’

“အမှန်အတိုင်း ပြောရရင် ဒီကဗျာက အဲဒီကဗျာဆရာရဲ့ ကဗျာတွေထဲက တစ်ပုဒ်ပဲ။ ဒါက သူ့ရဲ့ အကောင်းဆုံးကဗျာတစ်ပုဒ်လို့ သတ်မှတ်လို့တော့ မရဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ငါလည်း မင်း နေရာမှာ ရပ်နေခဲ့တာ... ဒီနတ်ဘုရား ကဗျာဆရာကတော့ ငါ့နေရာမှာ ရပ်နေခဲ့တာပေါ့...။ အဲဒီအချိန်တုန်းကတော့ ငါက ငယ်ငယ်ပဲ ရှိသေးတယ်... ဒါကြောင့် အဲဒီကဗျာကို ကြားတဲ့အချိန်မှာ ဒီကဗျာက အရမ်းကောင်းတယ်လို့ ငါလည်း ခံစားမိခဲ့တယ်... နှစ်ပေါင်းများစွာ ကြာသွားတာတောင် ငါက တော်တော်လေး ကောင်းတယ်လို့ ခံစားမိနေတုန်းပဲ…"

ထိုကဗျာ ကောင်းခြင်း ဆိုးခြင်းကို လျှိုရှန်းယန်လည်း လုံးဝ နားမလည်ခဲ့ပေ။ သို့သော် သူက အဘိုးအို၏ ခံစားချက်ကို ဖျက်စီးလိုခြင်း မရှိသည့်အတွက် တိတ်တိတ်ဆိတ်ဆိတ်သာ နေရန် ရွေးချယ်ခဲ့သည်။

ထိုသို့ဆိုရာတွင် အဘိုးအိုက ပြန်လှည့်လာပြီး အပြုံးနှင့် မေးလိုက်သေး၏။

"မင်းရော ဘယ်လို သဘောရလဲ…"

လျှိုရှန်းယန်ဆီတွင် အဖြေမရှိသည့်အတွက် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "ကျွန်တော် မသိပါဘူး…"

အဘိုးအိုက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။

လျှိုရှန်းယန်က ဆက်လက် တိတ်ဆိတ်နေခဲ့သည်။

"မင်းက ဒီနေရာမှာ ဗဟုသုတရှာဖို့ ရောက်လာတာလား..။ ဒီက အခြေအနေကို မင်း ဘယ်လို သဘောရလဲ…"

အဘိုးအိုက မေးလိုက်၏။

လျှိုရှန်းယန်က ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"အရမ်းကောင်းပါတယ်…"

"ဘယ်နေရာမှာ ကောင်းတာလဲ…"

အဘိုးအိုက ပြန်မေးလိုက်၏။

လျှိုရှန်းယန်က အနည်းငယ် စိတ်လှုပ်ရှားသွားသလို ခံစားလိုက်ရပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"နေရာတိုင်းမှာ ကောင်းပါတယ်…"

အဘိုးအိုက အားရပါးရ ရယ်လိုက်၏။

လျှိုရှန်းယန်က ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။ သူ အမှန်တကယ် ပြန်ရမည့်အချိန်ကို ရောက်လာပြီ ဖြစ်၏။ သူက ဦးညွတ်ပြီး နှုတ်ဆက်ရန် ပြင်လိုက်သည်။ ဤလောကကြီးထဲတွင် မည်သူကမှ ထိုအဘိုးအိုထက် ပို၍ မေးခွန်းမေးရခြင်းကို သဘောကျပုံမရချေ..။

“ကြည့်ရတာ မင်းက ဓားသိုင်းလေ့ကျင့်တဲ့ လူတစ်ယောက်နဲ့ တူတယ်..။ မင်းရဲ့ ဓားသိုင်းကျင့်စဉ်နဲ့ ပတ်သက်ပြီး မသိတာတွေ၊ နားမလည်တဲ့ မေးခွန်းတွေ ရှိလား…"

ထိုအချိန်တွင်တော့ လျှိုရှန်းယန်က ကြောက်ရွံ့နေခြင်း မရှိသလို သံသယဝင်နေသလို ခံစားခဲ့ရခြင်းလည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာက ယင်းရင် ချန်းကလန်၏ ပိုင်နက်ထဲတွင် ဖြစ်၏။ သို့သော် လူစိမ်းများဆီသို့ အလွန်အကျွံ ပြောပြလိုက်ခြင်းက ဆိုးရွားသော အတွေးတစ်ခုလည်း ဖြစ်သည်။ ထိုအရာက ဤလောကကြီးထဲတွင် ရှိနေသော အမှန်တရားတစ်ခုလည်း ဖြစ်၏။ လျှိုရှန်းယန်ကလည်း ထိုအရာကို နားလည်ထားသည်။

ထို့ကြောင့် သူက အပြုံးနှင့် ခေါင်းခါပြီး ပြောလိုက်၏။

"ကျွန်တော့်မှာ မရှိပါဘူး...”

“ဒါဆိုရင်တော့ အရမ်းကောင်းတယ်…"

အဘိုးအိုက အပြုံးနှင့် ပြောလိုက်၏။ ထိုစကားကို ပြောလိုက်ပြီးနောက် အဘိုးအိုက သက်ပြင်းချလိုက်မိသည်။

ဒုတိယသူတော်စင်၏ မြောက်မြားလှသော တပည့်များထဲမှ တစ်ယောက် ဖြစ်သည့်အတွက် သူက ထိုစကားလုံးနှစ်ခုကို ပြောရန် အမှန်တကယ်လည်း အရည်အချင်း ရှိသည်။ သို့သော် ယခု ထိုစကားလုံးများက ထိုလူ၏ အသုံးအများဆုံး စကားလုံးများ ဖြစ်လာကြ၏။ ထိုအရာက အမှန်တကယ်ကို ရယ်စရာ ကောင်းလွန်းလှသည်။ သို့သော် ထိုလူကတော့ သူ့ထက်ပင် ပို၍ ထိုစကားလုံးနှစ်ခုကို ပို၍ကျွမ်းကျွမ်းကျင်ကျင် သုံးနှုန်း ပြောနိုင်နေပုံရသည်။

လျှိုရှန်းယန်က နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့၏။

အဘိုးအိုက ထွက်ခွာသွားသော အရပ်ရှည်ရှည် လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ပြန်လှည့်လာပြီး စီးဆင်းနေသော မြစ်ကြီးကို လှည့်ကြည့်လိုက်၏။ သူ၏ အင်္ကျီလက်ထဲတွင် သန့်စင်ပြီး အမှန်တရားဆန်သော လေတိုင်းတစ်ခု ရှိသည်။ ထို့ကြောင့် သူ၏အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့၏။

တစ်ချိန်တုန်းက သူလည်း ချောမောခန့်ညားသော လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ပြီး နောက်ကျောတွင် ဓားတစ်လက်ကို လွယ်၍ အဝေးနယ်မြေများဆီသို့ ခရီးသွားလာခဲ့သည်။

ညအချိန် ကျရောက်လာပြီး လမင်းကြီးကလည်း သစ်ကိုင်းများပေါ်တွင် ချိတ်ဆွဲထားသလို ထင်မှတ်ရ၏။ အဘိုးအို၏ ပုခုံးပေါ်တွင်တော့ တောက်ပသော လမင်းငယ်လေးတစ်ခု ရှိသည်။ ထိုအဘိုးအိုကတော့ ချန်းချွန်အန်း ဖြစ်ပေသည်။

………………….

တိမ်တိုက်ထဲသို့ ထိုးတက်နေသော မြို့နံရံတစ်ခုပေါ်တွင် ဓားချီစွမ်းအင်တစ်ခုကို အသုံးပြု၍ ထွင်းထုထားသော ဧရာမစကားလုံးကြီးတစ်ခု ရှိသည်။ ထိုစကားလုံး၏ စုတ်ချက်တစ်ခုကပင်အလွန်ကျယ်ပြန့်ပြီး ရှည်လျားသော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့၏။

ထိုလမ်းကြောင်းပေါ်တွင်တော့ တငွေ့ငွေ့တောက်လောင်နေသော မီးပုံတစ်ခုနှင့် လူငယ်(၆)ယောက် ဝိုင်းထိုင်နေကြသည်။ အသက်အကြီးဆုံး တစ်ယောက်က အသက် (၂၀) ဝန်းကျင်သာ ရှိနေသေး၏။ တခြားသူများအားလုံးက လူငယ်များနှင့် မိန်းမပျိုများ ဖြစ်ကြသည်။ သူတို့အားလုံးက ဓားကျင့်ကြံသူများ ဖြစ်ကြပြီး ဓားများကို သူတို့၏ ခါးတွင် ချိတ်ဆွဲထား၍ ဖြစ်စေ၊ သူတို့၏ခြေထောက်ပေါ်တွင် ကန့်လန့်ဖြတ်တင်၍ ဖြစ်စေ၊ နောက်ကျောတွင် ချိတ်ဆွဲ၍ ဖြစ်စေ ရှိနေကြသည်။

တလက်လက် တောက်ပနေသော မီးတောက်များက သူတို့၏ မျက်နှာပေါ်တွင် အလင်းရောင် ထင်ဟပ်နေပြီး ထင်ဟပ်နေ၏။ သူတို့အားလုံးဆီတွင် တက်ကြွလန်းဆန်းမှုများ ပြည့်နှက်နေသည်။ သူတို့က ငယ်ရွယ်ကြသော်လည်း သူတို့ဆီမှ အလွန်ကြောက်စရာကောင်းပြီး ဖုံးကွယ်ထား၍ မရနိုင်သော သတ်ဖြတ်ချင်စိတ်များနှင့် ဓားချီစွမ်းအင်များ ထွက်ပေါ်လာနေခဲ့၏။

သူတို့ထဲတွင် အထင်ရှားဆုံးကတော့ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ဖြစ်သည်။ လူငယ်ကတော့ ထိုအဖွဲ့၏ သက်တမ်းအကြာဆုံး အဖွဲ့သားတစ်ယောက် ဖြစ်ပြီး သူက သွေးများ ပေပွနေသော ခပ်ပွပွ ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်ထားသည်။ ထိုသို့ဆိုရာတွင် သူ့ဆီမှ သန့်စင်သော ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်သေး၏။

သူက အလွန်ချောမောခန့်ညားနေခြင်း မရှိသော်လည်း သိမ်မွေ့နူးညံ့သည့် အငွေ့အသက်များနှင့် ထိတွေ့နိုင်သလို ဖြစ်နေသော ဓားချီစွမ်းအင်များကြောင့် သူ့အနား ပတ်လည်တွင် ရှိနေသူများက အံ့ဩလေးစားမှုကို ခံစားနေရသည်။

မိန်းမပျိုကတော့ သူရဲကောင်းတစ်ယောက်၏ အငွေ့အသက်မျိုး ပြည့်နှက်နေပြီး သူမ၏ မျက်ခုံးများက ဓားသွားတစ်လက်ကဲ့သို့ သေးသေးသွယ်သွယ် ဖြစ်နေသည်။ သူမ၏ အငွေ့အသက်များက အလွန်ပြင်းထန်ပြီး ကြောက်စရာ ကောင်း၏။ သူမက တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ဓားကတော့ ခြေထောက်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသည်။ သူမက ပါးကို လက်တစ်ဖက်နှင့် ထောက်ထားပြီး အလွန်မြင့်မားသော နံရံကြီး၏ တောင်ဘက်ပိုင်းကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့၏။

နှစ်ဖက်စလုံး၏ ကြားထဲတွင် ပြင်းထန်သော တိုက်ပွဲက အချိန်အတိုင်းအတာတစ်ခုထိ ရပ်တန့်သွားခဲ့ပါပြီ။ သို့သော် သူတို့၏ ကြားထဲတွင် နောက်ထပ်တိုက်ခိုက်ရမည့် တိုက်ပွဲကတော့ သေချာပေါက် ပို၍ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာ ကောင်းလာတော့မည်ဖြစ်၏။

ပါးဖောင်းဖောင်းနှင့် ခပ်ဝဝ လူငယ်ဓားသမားတစ်ယောက်လည်း ရှိသည်။ သူ၏ မျက်လုံးများက မှေးနေပြီး သူ ပြုံးလိုက်သည့်အချိန်တွင် မျက်လုံးကို မမြင်ရသလောက် ဖြစ်သွားသည်။ သူ့ပုံစံက နူးညံ့သိမ်မွေ့ပြီး အန္တရာယ်မရှိသလို ထင်မှတ်ရသော်လည်း ထိုလူငယ်(၆)ယောက်ထဲတွင် သူ့ဆီ၌ သတ်ဖြတ်ချင်စိတ် အများဆုံး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

သူက အလွန်ပြင်းသော အရက်ကို သောက်နေပြီး အရက်ဘူးကို သူ့ဘေးတွင် ရှိနေသော လက်တစ်ဖက်နှင့် မိန်းမပျိုဆီသို့ ပေးလိုက်သည်။ သူက ပါးစပ်ကို လက်နှင့်သုတ်ပြီး ရယ်လိုက်၏။

"တကယ်လို့ အိုက်လျန် ပစ်ပေးလိုက်တဲ့ ဓား(၆)ချောင်းကြောင့်သာ မဟုတ်ရင် ငါတို့က ဒီတစ်ကြိမ် အသက်ရှင်မှာ မဟုတ်လောက်ဘူး... တကယ်လို့ အိုက်လျန်က နောက်တစ်ကြိမ် သူနဲ့အတူ အိပ်ပေးဖို့ ငါ့ကို တောင်းဆိုမယ်ဆိုရင်တောင် ငါက စဉ်းစားမနေဘဲ သဘောတူလိုက်မှာပဲ…"

ဝတုတ်တုတ် လူငယ်လေးက ခါးတွင် ချိတ်ထားသော သူ့ဓားကို အားနှင့် ပုတ်လိုက်သည်။ ဓားပေါ်တွင် "ခရမ်းမိုးကြိုး"ဟူသော စကားလုံးနှစ်ခုကို ရေးသားထား၏။ သူ ထိုဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် အလွန်ထက်မြက်သော ဓားသွား၏ ပတ်ပတ်လည်၌ ခရမ်းရောင် လျှပ်စီးကြောင်းလေးများ လှုပ်ရှားကခုန်နေသည်။ ထိုအရာက အလွန်ထူးခြားသော ဓားတစ်လက် ဖြစ်၏။

ကျန်ရှိနေသော ဓား(၅)ချောင်းကတော့ "ကျမ်းစာ"၊ "တောင်ဖိနှိပ်"၊ "အမှန်တရားအငွေ့အသက်"၊ "တိမ်တိုက်ပုံစံ" နှင့် "ကျင်းရှီ" တို့ ဖြစ်ကြသည်။

ဝတုတ်လူငယ်လေး၏ ဘေးတွင်တော့ ခံစားချက်ကင်းမဲ့ပြီး လက်တစ်ဖက်သာရှိသော မိန်းကလေးတစ်ယောက် ထိုင်နေသည်။ သူမက အရက်ဘူးကို တိတ်တဆိတ် ယူလိုက်၏။ သူမ၏ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ် ဖြစ်သော်လည်း သူမ၏ နောက်ကျောတွင်တော့ ဓားကြီးတစ်လက်ကို ချိတ်ဆွဲထားသည်။ သူမက "ကျင်းရှီ" ဟု နာမည်လှလှပေးထားသော ဓားကို ရွေးချယ်ခဲ့ခြင်း မရှိချေ။ ထိုအစား "တောင်ဖိနှိပ်" ဟု နာမည်ပေးထားသော အကြီးဆုံး၊ အကျယ်ဆုံးဓားကို ရွေးချယ်ခဲ့သည်။

သူတို့အဖွဲ့ထဲတွင် အသက်အကြီးဆုံး လူငယ်လေးကတော့ ဓားသမားတစ်ယောက်နှင့် တူညီနေခြင်း မရှိပေ။ ထိုအစား သူ့ပုံစံက လူငယ်စာသင်သားတစ်ယောက်နှင့် ပို၍တူညီနေ၏။ သူကတော့ "အမှန်တရားအငွေ့အသက်" ဟု ခေါ်သော ဓားကိုသာ ချက်ချင်း သဘောကျခဲ့သည်။

လက်တစ်ဖက်နှင့် မိန်းမပျိုက အရက်ဘူးကို သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူငယ်ဆီသို့ ပစ်ပေးလိုက်၏။

သူ၏ မျက်နှာက အနည်းငယ် နီကျင့်ကျင့်ဖြစ်နေပြီး အမုန်းရိပ်များ ပြည့်နှက်နေ၏။ "ကျင်းရှီ" ဟု ခေါ်သော ဓားကိုတော့ သူ့ခါးတွင် ချိတ်ဆွဲထားသည်။ ကြောက်စရာကောင်းပြီး ရုပ်ဆိုးသော မျက်နှာရှိနေသည့် လူငယ်လေးက အရက်ဘူးကို ဖမ်းပြီး တစ်ငုံ သောက်လိုက်၏။ ထို့နောက် နောက်တစ်ငုံ သောက်လိုက်သည်။

ထိုအရာကို မြင်သည့်အခါ ခပ်ချောချောလူငယ်က ချက်ချင်းပင် အော်ဟစ်ကြိမ်းမောင်းလိုက်၏။

"တုန်မျိုးရိုး...

မင်း ဘာလုပ်တာလဲ... မင်းဖေဖေတွေ အတွက်လည်း ချန်ထားဦးလေ... ငါပြောတာ ကြားလား…"

ရုပ်ဆိုးဆိုး လူငယ်က နောက်ထပ် အရက်တစ်ငုံ ထပ်သောက်လိုက်ပြီး ခေါင်းမာမာနှင့် တုံ့ပြန်လိုက်သည်။ ထိုအခါ သူ့ဘေးတွင် ထိုင်နေသော ခပ်ချောချောလူငယ်က ဒေါသထွက်သွားပြီး ထိုလူငယ်ကို လက်သီးနှင့်ထိုးရန် ပြင်လိုက်၏။ သူ့ဆီတွင်တော့ တစ်ယောက်တည်းနှင့် "ကျမ်းစာ" နှင့် "တိမ်တိုက်ပုံစံ" ဟူသော ဓားနှစ်လက် ရှိနေသည်။ သူက ထိုနှစ်ချောင်းလုံးကို ပေါင်ပေါ်တွင် ထပ်ထားခြင်း ဖြစ်၏။ သို့သော် တိမ်တိုက်ပုံစံ၏ ဓားအိမ်ကတော့ ပျောက်ဆုံးနေပုံ ရသည်။

ရုပ်ဆိုးဆိုး လူငယ်က လက်တစ်ဖက်ကို မြှောက်ပြီး လက်သီးကို တံတောင်ဆစ်နှင့် ကာလိုက်၏။ သို့သော် သူကတော့ တိုက်ခိုက်ခံလိုက်ရသည့်အတွက် လှုပ်ရှားသွားခဲ့သေးသည်။ မျက်နှာပေါ်တွင် အရက်များလည်း ဖိတ်စင်သွားခဲ့၏။ သူက ဒေါသထွက်သွားပြီး ခပ်ချောချော လူငယ်ကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

တစ်ဖက်လူကလည်း နောက်ပြန်ဆုတ်ခဲ့ခြင်း မရှိချေ။ သူက ရုပ်ဆိုးဆိုး လူငယ်ကို အော်ဟစ်လိုက်၏။

"ဘာလဲ... မင်းက တိုက်ခိုက်ချင်တာလား.။ တကယ်လို့ မင်းသာ အသုံးကျမယ်ဆိုရင် ချူးချူးက မင်းကြောင့် တောင်ပိုင်းမှာ သေရမှာ မဟုတ်ဘူး…"

ရုပ်ဆိုးဆိုးလူငယ်၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာခဲ့၏။ သူက အလွန်ဒေါသထွက်နေသည့်အတွက် နှုတ်ခမ်းများပင် ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့သည်။

"နင်တို့နှစ်ယောက်လုံး ပါးစပ်ပိတ်ကြစမ်း…"

မျက်ခုံးချွန်ချွန်နှင့် မိန်းမပျိုက အော်ဟစ်လိုက်၏။

ရုပ်ဆိုးဆိုးလူငယ်နှင့် ခပ်ချောချောလူငယ်တို့ နှစ်ယောက်လုံးက တိတ်ဆိတ်သွားကြသည်။ အမှန်အတိုင်းပြောရလျှင် ရုပ်ဆိုးဆိုး လူငယ်က အရက်ဘူးကို ခပ်ချောချောလူငယ်ဆီသို့ ပေးလိုက်သေး၏။

မိန်းမပျိုက မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"တိမ်တိုက်ပုံစံဓားနဲ့ အရက်ဘူးကို ငါ့ဆီပေး…"

ခပ်ချောချောလူငယ်က ဓားနှင့် အရက်ဘူးကို သူမဆီသို့ ပေးလိုက်ရသည်။

မိန်းမပျိုက ထိုလမ်းကြောင်း၏ အစွန်းသို့ လျှောက်သွားခဲ့၏။ သူမ၏ ရှေ့တွင်တော့ အလွန်ပြင်းထန်သည့် လေတိုင်းများ တိုက်ခတ်နေသော အဆုံးမဲ့ ချောက်ကမ်းပါးကြီးတစ်ခု ရှိနေသည်။

အလွန်ပြင်းထန်ပြီး ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များနှင့် ရက်စက်ကြမ်းကြုတ်သည့် ဓားဆန္ဒများအားလုံးက နေရာတိုင်းတွင် ကျူးကျော်ဝင်ရောက်နေခဲ့၏။ ထို့ပြင် ကိုယ်ကျင့်တရား၊ အမှန်တရားနှင့် စေတနာဟူသည့်အရာ လုံးဝမရှိသော နတ်ဆိုးကမ္ဘာကြီး၏ အပေါ်ဘက်တွင်တော့ လမင်းကြီး (၃)ခု ရှိနေသည်။ တစ်ခုက အပြည့်ဖြစ်နေပြီး တစ်ခုက တစ်ဝက်ဖြစ်သည်။ တစ်ခုကတော့ လခြမ်းကွေးသဏ္ဍာန် ဖြစ်၏။

ထို့ကြောင့် ဤကမ္ဘာကြီးထဲတွင် မည်သည့်အကြောင်းပြချက်ကမျှ အသုံးမဝင်ခဲ့ပေ။ သူတို့၏ လက်ထဲတွင် ရှိနေသော ဓားတစ်ချောင်းတည်းကိုသာ အားကိုးနိုင်သည်။

မိန်းမပျိုက လက်တစ်ဖက်ထဲတွင် ဓားအိမ်မရှိသော ဓားကို ကိုင်ထားသည်။ သူမက တခြားလက်တစ်ဖက်နှင့် အရက်ဘူးကို မြှောက်လိုက်၏။ အရက်များက ဓားသွားပေါ်သို့ စီးကျသွားချိန်တွင် သူမက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ချူးချူးလေး... အရက်သောက်ပါဦး…"

"ချူးချူးလေး... အရက်သောက်ပါဦး…"

သူမ၏ နောက်တွင် ရှိနေသော လူ(၅)ယောက်ကလည်း စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်ကြသည်။

ခပ်ချောချောလူငယ်က ခဏကြာ ဝမ်းနည်းသွားသလို ခံစားလိုက်ရပြီး သူ၏ ဝမ်းနည်းမှုများကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ ဤနေရာတွင် တိုက်ပွဲစတင်သည့်အချိန်တိုင်း လူ မသေသည့်နေ့ မည်မျှရှိခဲ့သနည်း။

"နင်ယောင်...

ငါတို့တစ်ယောက်ချင်းဆီက ဓားတစ်ချောင်းဆီ ယူထားတယ်... ဒီတော့ ဓား(၆)ချောင်းကို ငါတို့ တစ်ယောက်တစ်ချောင်ဆီ ယူတယ်.။ အခု ချူးချူးလေးက သေသွားပြီဆိုတော့ နင်က တိမ်တိုက်ပုံစံကို ယူချင်လို့လား…"

သူက မသေမချာ အသံနှင့် မေးလိုက်သည်။

"မယူပါဘူး…"

မိန်းမပျိုက ပြန်ဖြေလိုက်၏။

သူမ၏ နှုတ်ခမ်းများက ခြောက်ကပ်ပြီး အက်ကွဲနေသည်။ သို့သော် ထိုအရာက သူမ၏ အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ထိုဓားပေါ်ကို အရက်အနည်းငယ် လောင်းချလိုက်ပြီးနောက် သူမက ခပ်ချောချောလူငယ်ဆီသို့ ပြန်ပစ်ပေးလိုက်သည်။

သူမက တောင်ဘက်သို့ ငေးကြည့်နေမိခဲ့၏။ ထိုနေရာတွင် ကျိုင်းကောင်များကဲ့သို့ အလွန်ကြီးမားသော နတ်ဆိုးမျိုးနွယ်စု၏ တပ်ဖွဲ့ကြီး ရှိနေသည်။ သူတို့က နတ်ဆိုးကမ္ဘာကြီး၏ နေရာအနှံ့မှနေ၍ ဆက်လက်ရောက်လာနေကြသည်။ လူသူစုရုံးပြီးသွားလျှင် သူတို့က ဤမြင့်မားသော နံရံကြီးဆီသို့ နောက်တစ်ကြိမ် တိုက်ခိုက်ကြပါလိမ့်မည်။

နင်ယောင်က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

‘တွေ့ရတာ ဝမ်းသာပါတယ်...။ ငါ့အဖေရဲ့ မျိုးရိုးနာမည်က ချန်း... ငါ့အမေရဲ့ မျိုးရိုးနာမည်ကလည်း ချန်းပဲ... ဒါကြောင့် ငါ့နာမည်က ချန်းပင်အန်း…’

"အဲဒီအရူးလေးကတော့..."

Translated by Hein Htet.

All Chapters