← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၂၃၄) {စာစဉ် ၁၆ - အပိုင်း(၉)}

ဝေ့ပို၏ကျေးဇူးကြောင့် ချန်းပင်အန်းက အလွန်အမင်းကို ကြီးကျယ်ခမ်းနားသော အခန်းတစ်ခုထဲတွင် နေထိုင်နိုင်ခဲ့သည်။ ထိုအခန်းကို ကွေးညွတ်နေသော အမိုးတန်းများ၊ ကျောက်စိမ်းတိုင်လုံးများနှင့် ဖန်တီးထားပြီး အလွန်ကြီးမားသော အခန်းကြီးတစ်ခန်းနှင့် အလွန်လှပသော အဆင်တန်ဆာများလည်း ရှိနေသည်။ ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် ချန်းပင်အန်းက စိတ်ထဲ၌ တွေးလိုက်မိ၏။ ‘ရှင်ဘုရင်၏ စံအိမ်ကပင် ထိုထက်ပို၍ ကောင်းနိုင်မည်လော…’

ထိုအရာကလွဲလျှင် ခွန်လှေကြီးက သူ့အတွက် ချွန်းရွှေ နှင့် ချိုးရှီ ဟုခေါ်သော အစေခံမလေး နှစ်ယောက်ကိုလည်း ပေးထားသေးသည်။ တစ်ယောက်က လုံးကြီးပေါက်လှ ခန္ဓာကိုယ်မျိုးဖြစ်ပြီး တစ်ယောက်ကတော့ ပိန်ပိန်သွယ်သွယ်လေး ဖြစ်သည်။ သူတို့က ရုပ်ရည်တူညီသော ညီအစ်မများ ဖြစ်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ် အချိုးအစားကတော့ လုံးဝကို ကွဲပြား၏။

သူတို့က အထူးဧည့်သည်တစ်ယောက်ဖြစ်သော ချန်းပင်အန်းကို ဂရုစိုက်ပေးရန် တာဝန်ရှိသည်။ ဟင်းချက်ပေးရန်ဖြစ်စေ၊ အဝတ်လျှော် သန့်ရှင်းရေးလုပ်ရန်ဖြစ်စေ သူတို့က လုပ်ဆောင်ပေးကြရ၏။

သူတို့က အလွန်အမင်းကို နူးညံ့သိမ်မွေ့ပြီး စကားပြောဆိုရာတွင်လည်း နွေးထွေးစွာ ပြောဆိုကြရသည်။ ချန်းပင်အန်းကတော့ ထိုအရာနှင့်ပတ်သက်ပြီး အလွန်အမင်းကို မသက်မသာ ခံစားခဲ့ရ၏။ ထို့ပြင် ထိုမိန်းမလှလေးများက သူ့အတွက် အရာအားလုံးကို မည်သို့ လုပ်ပေးနိုင်မည်နည်း။ ထို့ကြောင့် မိန်းမပျိုနှစ်ယောက်က မည်သို့ပင် ဖျောင်းဖျပြောဆိုနေစေကာမူ သူကတော့ အရာအားလုံးကို သူကိုယ်တိုင်သာ လုပ်ရန် ခေါင်းမာနေခဲ့သေးသည်။

ညအချိန်တွင် ချန်းပင်အန်းက ခြေထောက်ဆေးရန် ရေပုံးတစ်ခု တောင်းဆိုခဲ့၏။ သူက အသားမာ တက်နေသော ခြေထောက်ကို ရေပူထဲသို့ စိမ်လိုက်သည်။ ချွန်းရွှေနှင့် ချိုးရှီတို့က အနားတွင် ရပ်နေကြပြီး သူတို့၏မျက်နှာပေါ်တွင်တော့ မှုန်ကုပ်ကုပ် အမူအရာတစ်ခု ပေါ်နေကြ၏။ ချန်းပင်အန်းကလည်း အတော်လေး မသက်မသာ ခံစားခဲ့ရသည်။

ထိုမိန်းမပျိုနှစ်ယောက်က အပြင်ဘက်တွင် သွားရောက်အနားယူရန်အတွက် သူလည်း အတော်လေး ကြိုးစားပြီး ဖျောင်းဖျခဲ့ရ၏။ ထိုအရာကို လုပ်ဆောင်ပြီးမှသာ သူက စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့မိသည်။ သူက ရေပုံးထဲတွင် ခြေထောက်ကို လှုပ်ရှားနေပြီး ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့၏။

ချွန်းရွှေနှင့် ချိုးရှီတို့က အပြင်ဘက်အခန်းထဲတွင် ထိုင်နေကြသည်။ သူတို့က အချင်းချင်း မှီထားကြပြီး ပြည့်စုံကျူပင်ကုန်းမြေကြီး၏ မိခင်ဘာသာစကားကို အသုံးပြု၍ အသံတိုးတိုးနှင့် စကားပြောဆိုနေကြသည်။ စကားပြောဆိုသည့်အချိန်တွင် သူတို့၏အသံက အလွန်တိုးပြီး ထိုလူငယ်၏ နောက်ခံနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားနေကြပုံရ၏။ ဘာကြောင့် ခွန်လှေ၏ ကြီးကြပ်သူက ထိုလူငယ်ကို အလွန်အလေးထားနေရသနည်း။ သူက ထိုလူငယ်ကို ကောင်းကင်အဆင့် တံဆိပ်ပြားတစ်ခု ဘာကြောင့် ပေးခဲ့ရသနည်း။

သူတို့က တခြားသူများဆီမှ ကြားခဲ့ရသော တာ့လီအင်ပါယာ၏ ဓလေ့ထုံးစံများ အကြောင်းကို ပြောနေကြသည်။ သူတို့က နှစ်သစ်ကူးအချိန်တွင် အရှေ့ပိုင်း ကုန်းမြေကြီးထဲ၌ ဖြစ်ပျက်ခဲ့သော ထူးဆန်းဖွယ်ရာများ အကြောင်းကိုလည်း ပြောဆိုနေကြ၏။ သူတို့က အင်မော်တယ်စံအိမ်တချို့မှ ကောင်းကင်မိန်းမပျို တချို့အကြောင်းကိုလည်း ပြောဆိုနေကြပြီး သူမ၏ဝတ်စုံနှင့် ခန္ဓာကိုယ် ကောက်ကြောင်းများ၏ အလှတရားကို ချီးကျူးနေကြသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားနှင့် ရုပ်ရည်က ထိုအရာများနှင့် မည်မျှသင့်တော်ကြောင်း ဆုံးဖြတ်ပေးနေကြ၏။ သူတို့က နဂါးနန်းတော်တစ်ခုမှ ရောက်ရှိလာသော သူမ၏ ပုလဲဆံထိုးလေး၏ အလှတရားကိုလည်း ချီးကျူးနေကြသည်။

စားပွဲပေါ်တွင် စိမ်းပြာရောင် ကြွေပန်းကန်ပြားတစ်ချပ် ရှိသည်။ ထိုကြွေပန်းကန်ပြားပေါ်တွင်တော့ လတ်ဆတ်သော သစ်သီးဝလံများစွာကို သေချာအစီအရီ ထည့်ထားသည်။ ထိုအသီးများဆီမှ မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာနေ၏။ ထိုအရာများက ပြည့်စုံကျူပင်ကုန်းမြေကြီးထဲတွင် ရှိနေသော တောင်အသီးသီးမှ ဈေးကြီးသော ထုတ်ကုန်ပစ္စည်းများ ဖြစ်ကြသည်။ သူတို့က ရနံ့သင်းပျံ့သည့်အပြင် သဘာဝစွမ်းအင်အနည်းငယ်လည်း ပိုင်ဆိုင်ထားသေးသည်။

ခန္ဓာကိုယ်အချိုးအစား လုံးဝကွဲပြားနေသော ညီအစ်မနှစ်ယောက်ကတော့ ထိုအသီးများကို အနည်းငယ်သာ ခိုးကြည့်ရဲသည်။ သူတို့က ခွင့်ပြုချက်မရှိဘဲ မထိမကိုင်ရဲကြပေ။

ချန်းပင်အန်း၏ခြေသံ တဖြည်းဖြည်း နီးကပ်လာသည့်အချိန်တွင် ချွန်းရွှေနှင့် ချိုးရှီတို့က သူ့အမိန့်ကို နာခံရန် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး တလေးတစား စောင့်နေကြသည်။ ချန်းပင်အန်းက သူ၏မြက်ဖိနပ်ကို ဆက်၍ စီးထားပြီး အခန်းထဲ၌ ရှိနေသည်ကိုပင် သူ၏ဓားနှစ်လက်ကို ချမထားခဲ့ပေ။

ထိုညီအစ်မနှစ်ယောက်က အချင်းချင်း ကြည့်လိုက်မိကြပြီး နှုတ်ခမ်းလေးများက အနည်းငယ် ပြုံးမယောင်ယောင် ဖြစ်သွားခဲ့၏။ ထိုအရာက အတော်လေး ထူးဆန်းသည်ဟု သူတို့က တွေးမိကြသည်။ သို့သော် သူတို့က လူငယ်ကို မရယ်ရဲကြပေ။

မည်သို့ဖြစ်စေကာမူ အခမ်းအနားတောင်မှ ထိုခွန်လှေက နှစ်စဉ်နှစ်တိုင်း ကုန်းမြေကြီး(၃)ခုကို ဖြတ်သန်း၍ အပြန်ခရီးလမ်းတွင် ကုန်ပစ္စည်းနှင့် လူများကို သယ်ဆောင်ပြီး ပြန်လာတတ်သည်။ ထို့ကြောင့် ကောင်းကင်အဆင့် အခန်းထဲတွင် လုပ်ကိုင်ရသော အဆင့်မြင့် အစေခံမလေးနှစ်ယောက်က အပြုအမူ ထူးဆန်းသည့် ချီကျင့်ကြံသူများစွာကို တွေ့ခဲ့ဖူးသည်။

အမှန်အတိုင်းပြောရလျှင် တာ့လီအင်ပါယာမှ ထိုအထူးဧည့်သည်တော်က အသက် (၄၀)၊ (၅၀)အရွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဟုပင် သူတို့က တွေးမိခဲ့ကြသည်။ ထိုအရာက ကျင့်ကြံရေးကမ္ဘာကြီးထဲတွင်တော့ သာမန်သာ ဖြစ်၏။

အပြင်ဘက်၌ ခရီးသွားလာသည့်အချိန်တွင် ငယ်ရွယ်သောပုံစံ ရှိနေသည့် လူများကို အထူးဂရုစိုက်ရန် လိုအပ်သည်။ အသက် ပို၍ငယ်လေလေ ပို၍သတိထားရန် လိုအပ်လေလေ ဖြစ်သည်။ အမှန်တကယ်လည်း လူတစ်ယောက်က ထိုကဲ့သို့ လူမျိုးကို မဆင်မခြင် စိန်မခေါ်သင့်ပေ။

ချိုးရှီက ရေပုံးကိုယူပြီး အပြင်ဘက်တွင် သွားသွန်လိုက်သည်။ ထိုအချိန်တွင် ချွန်းရွှေကတော့ ချန်းပင်အန်းကို အပြုံးနှင့် မေးလိုက်၏။ သူက ယနေ့ည စောင်းဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုလိုခြင်း ရှိမရှိ မေးလိုက်ခြင်း ဖြစ်သည်။

အခမ်းအနားတောင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေသည့် အင်အားစုတစ်ခုဖြစ်သော အဝါရောင် စပါးနှံ စံအိမ်မှ ကောင်းကင်မိန်းမပျိုတစ်ယောက်က ယနေ့ညတွင် စောင်းတီး၍ ဖျော်ဖြေပေးရန် သဘောတူခဲ့သည်။ ကောင်းကင်အဆင့် အခန်းများမှ အထူးဧည့်သည်များ အားလုံးက မည်သည့်အခကြေးငွေမျှ ပေးရန် မလိုအပ်ဘဲ သူမ၏ ဖျော်ဖြေပွဲကို တက်ရောက်နိုင်ကြသည်။ ထို့ပြင် ထိုအထူးဧည့်သည်များ အားလုံးက သီးသန့်အခန်းများ ရကြဦးမည် ဖြစ်၏။

ချန်းပင်အန်းက ရွမ်ချုံ ထုလုပ်ပေးခဲ့သော 'နတ်ဆိုးသိမ်းသွင်း' ဟူသည့် ဓားကို ဆက်လက်သယ်ဆောင်ထားနေသေးသည်။ လက်ရှိအချိန်တွင် သူကတော့ လှည့်ပတ်သွားလာပြီး လူအများနှင့် ပတ်သက်လိုခြင်း မရှိချေ။ ထို့ကြောင့် သူက ထိုဖိတ်ခေါ်မှုကို တလေးတစား ငြင်းပယ်လိုက်သည်။

ထိုရလဒ်ကြောင့် ချွန်းရွှေက အနည်းငယ် စိတ်ပျက်သွားမိခဲ့၏။ မည်သို့ဖြစ်စေကာမူ အကယ်၍ သူတို့၏အထူးဧည့်သည် ချန်းပင်အန်းက တက်ရောက်လိုခြင်းမရှိလျှင် သူတို့လည်း တက်ရောက်နိုင်ခြင်း မရှိကြပေ။

သို့သော် ချွန်းရွှေနှင့် ချိုးရှီတို့ကတော့ ထိုကောင်းကင်မိန်းမပျို၏ စောင်းဖျော်ဖြေပွဲကို အလွန်သဘောကျကြသည်။ ထို့ပြင် သူမ၏ဖျော်ဖြေမှုကို နားထောင်ပေးခြင်းက သူတို့အတွက်တော့ နားကို ဆေးကြောခြင်းဖြစ်သည်။

အဝါရောင် စပါးနှံ စံအိမ်တွင် ရှိနေသော ကျင့်ကြံသူအများစုက မိန်းကလေးများ ဖြစ်ကြသည်။ သူတို့အားလုံးက ဂီတတူရိယာ တီးခတ်မှု၊ ကျားကစားခြင်း၊ လက်ရေးအလှ ရေးသားခြင်းနှင့် ရေနွေးတည်ခြင်း ပညာရပ်များတွင် အလွန်ကျွမ်းကျင်ကြသည်။

ကောင်းကင်မိန်းမပျိုတစ်ယောက်က ပညာရပ်တစ်ခုကို အထွဋ်အထိပ်အဆင့်ထိ လေ့ကျင့်ပြီးသွားလျှင် သူတို့က မျက်လုံးသန့်စင်ခြင်း၊ နှလုံးသန့်စင်ခြင်း၊ နားသန့်စင်ခြင်း ဟူသည့် အထူးဂုဏ်ပုဒ်များကို ပိုင်ဆိုင်နိုင်ကြသည်။ ခွန်လှေပေါ်မှ ကောင်းကင်မိန်းမပျိုကတော့ သူမ၏စောင်းသံနှင့်နားသန့်စင်ခြင်း စွမ်းရည်ကို ပြသနိုင်ပါလိမ့်မည်။ ထိုဂုဏ်ပုဒ်က သူမ၏စောင်းတီးစွမ်းရည် သာယာနာပျော်ဖွယ် ဂီတသံများကို ချီးကျူးထားခြင်းလည်းဖြစ်သည်။

ထို့ပြင် နားသန့်စင်ခြင်း ဟူသည်မှာ စာပေအမြင်အရ သတ်မှတ်နိုင်ပြီး ထိုကောင်းကင်မိန်းမပျို၏ ဂီတသံစဉ်များက လူတစ်ယောက်၏ နားနှင့် အနီးနားတွင် ရှိနေသော သွေးကြောမှတ်များထဲတွင် စုစည်းနေသည့် အညစ်အကြေးများကို ရှင်းထုတ်သန့်စင်ပေးနိုင်သည်။

ချွန်းရွှေနှင့် ချိုးရှီတို့က လေ့ကျင့်နေသည်မှာ (၇) နှစ် ရှိနေပြီဖြစ်သည်။ သို့သော် နိမ့်ကျသော သူတို့၏ အရည်အချင်းကြောင့် သူတို့က အဆင့် (၂) ချီကျင့်ကြံသူ အဆင့်သာ ရှိနေသေး၏။ အမှန်အတိုင်းပြောရလျှင် သူတို့က အခမ်းအနားတောင်၏ တရားမဝင် တပည့်များအဖြစ်ပင် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် နားသန့်စင်ခြင်း အခွင့်အရေးက အသေးအဖွဲသာ ဖြစ်သော်လည်း ထိုမိန်းမပျိုနှစ်ယောက်ကတော့ သူတို့၏ ကျင့်ကြံမှု တိုးတက်စေနိုင်သော အခွင့်အရေးကို လက်လွတ်လိုခြင်း မရှိကြသေးပေ။

ချန်းပင်အန်းကတော့ ထိုအရာများ အားလုံးကို သတိမထားမိခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင်တော့ အကယ်၍ သူက ထိုအရာများကို သတိထားမိမည်ဆိုလျှင်ပင် သူ၏ ဆုံးဖြတ်ချက်က အတူတူသာ ဖြစ်နိုင်သည်။ ထိုအရာကတော့ အလွန်သတိထားတတ်သော သူ၏အမူအကျင့်ကြောင့် ဖြစ်၏။

မည်သို့ဖြစ်စေကာမူ သူက စောင်းတစ်လက်ကို လုံးဝမမြင်ဖူးသော သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သည်။ လက်ရှိအချိန်တွင် သူ့ဆီ၌ အလွန်အမင်း တန်ဖိုးကြီးသော ရတနာများကိုလည်း သယ်ဆောင်ထားသေး၏။ သူက ထိုခွန်လှေကြီးပေါ်တွင် လှည့်ပတ်သွားလာရဲခြင်း မရှိချေ။

ချွန်းရွှေနှင့် ချိုးရှီတို့က မည်သည့်အရာမျှ မလုပ်ခဲ့ကြပေ။ သို့သော် သူတို့က ကောင်းကင်အဆင့် အခန်း၏ အပြင်ဘက် ဘေးအခန်းလေးထဲတွင် နေထိုင်ရန် လိုအပ်ကြသေးသည်။ ထို့ကြောင့် သူတို့(၃)ယောက်က အချင်းချင်း အိုးတိုးအမ်းတမ်း ကြည့်နေကြ၏။

ချန်းပင်အန်းကတော့ ဝေ့ပိုကို အလွန်အမင်း အားကျလာခဲ့သည်။ အကယ်၍ သူ့နေရာ၌ ဝေ့ပိုသာ ဆိုလျှင် သူတို့(၃)ယောက်က ပေါ့ပေါ့ပါးပါးနှင့် ရယ်ကာမောကာ စကားပြောနေကြမည်ဖြစ်သည်။ ထိုအခြေအနေက ယခုကဲ့သို့ အိုးတိုးအမ်းတမ်း ဖြစ်နေလိမ့်မည် မဟုတ်ချေ။

သို့သော် အမှန်အတိုင်းပြောရလျှင် ချွန်းရွှေနှင့် ချိုးရှီတို့ကတော့ အိုးတိုးအမ်းတမ်း ခံစားနေခဲ့ရခြင်း မရှိချေ။ ထိုအစား ဤအခြေအနေက အလွန်အဆင်ပြေပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု သူတို့က ခံစားမိကြသည်။ မည်သို့ဖြစ်စေကာမူ ဧည့်သည်အနည်းငယ်ကသာ ထိုလူငယ်ကဲ့သို့ ဖြစ်နိုင်သည်။

ထူးဆန်းသော ဧည့်သည်တချို့လည်း အမှန်တကယ် ရှိခဲ့၏။ သို့သော် အများစုကတော့ ခေါင်းမာပြီး တကိုယ်ကောင်းဆန်ကြသည်။ ဥပမာအနေနှင့် ပြောရလျှင် တချို့ဧည့်သည်များက ထိုအခန်း၏ နေရာလပ်မကျန် သန့်ရှင်းနေရန် လိုအပ်သည်။ အမိုးများနှင့် ကုတင်အောက်ဖက်ကိုပင် သန့်ရှင်းပေးရန် လိုအပ်၏။

သူတို့က အလွန်ထူးခြားသော အလုပ်တာဝန်များကို လုပ်ဆောင်နေတတ်ပြီး ထိုညီအစ်မနှစ်ယောက်ကိုလည်း အကူအညီ မတောင်းကြပေ။ သူတို့၏ အခန်းထဲတွင် ဖုန်မှုန့်လေးတစ်မှုန့် ရှိနေလျှင်ပင် သူတို့၏နှလုံးသားက ညစ်နွမ်းသွားသလို ခံစားရနိုင်၏။

အမှောင်ကို အလွန်အမင်း ကြောက်လန့်သော ဧည့်သည်များလည်း ရှိသည်။ သူတို့က သူတို့၏ အိတ်ဆောင်ရတနာထဲမှနေ၍ ဧရာမ ညလင်းပုလဲလုံးများကို ထုတ်ယူပြီး စားပွဲပေါ်၊ အိပ်ရာပေါ်နှင့် နေရာတိုင်းတွင် ချထားတတ်သည်။ ထို့ကြောင့် အခန်းတစ်ခန်းလုံးက လင်းထိန်တောက်ပနေကြ၏။

ထို့ပြင် ညှီစို့စို့ ရနံ့များ ထွက်ပေါ်လာနေသည့် ဖုတ်ကောင်အလောင်းများကို ယူဆောင်လာသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်လည်း ရှိခဲ့ဖူးသည်။ ထိုအလောင်းများ အားလုံးက မိန်းမပျိုများဖြစ်ကြပြီး သူတို့အားလုံးက အဝတ်အစား လှလှပပ ဝတ်ဆင်၍ မိတ်ကပ်များ လိမ်းခြယ်ထားကြသည်။ သူတို့က လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပြီး စကားမပြောနိုင်ခြင်းတစ်ခုသာ ရှိသည်။

ထိုအရာက အလွန်ကြောက်စရာကောင်းသော အတွေ့အကြုံတစ်ခုလည်း ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် ညီအစ်မနှစ်ယောက်လုံးက တစ်ညလုံး အိပ်စက်ရဲခြင်းပင် မရှိချေ။ အကယ်၍ သူတို့သာ ဂရုမစိုက်မိလျှင် မနက်မိုးလင်းသည့်အချိန်၌ ဖုတ်ကောင်အလောင်းများ ဖြစ်လာမှာကို ကြောက်လန့်နေခဲ့၏။

ချန်းပင်အန်းကတော့ ထိုကဲ့သို့ အိုးတိုးအမ်းတမ်း အခြေအနေမျိုးကို သဘောမကျပေ။ ထိုကဲ့သို့ အိုးတိုးအမ်းတမ်း အခြေအနေမျိုးက အဆင်မပြေတော့သလို ခံစားလိုက်ရ၏။ သူက အပြင်လူများ၏ ရှေ့တွင် မတ်တပ်ကျင့်စဉ်ကို လေ့ကျင့်ခြင်းကလည်း ဆိုးရွားသော အကြံတစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူက အားမွေးလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

သူက သူ မကျွမ်းကျင်သော ပြည့်စုံကျူပင်ကုန်းမြေကြီး၏ ဘာသာစကားကို သုံးပြီး မေးလိုက်သည်။

"ချွန်းရွှေ... ချိုးရှီ...

အခမ်းအနားတောင်က ပြည့်စုံကျူပင်ကုန်းမြေကြီးရဲ့ဘယ်နေရာမှာ ရှိနေတာလဲ…"

တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အခြေအနေက ယခင်တုန်းကထက် ပို၍သက်သောင့်သက်သာ ရှိလာကြောင်း ချန်းပင်အန်းက တွေ့လိုက်ရသည်။ ဘယ်ကြောင့်ဆိုသော် ထိုညီအစ်မနှစ်ယောက်က စကားပြောဆိုနိုင်သည့် စွမ်းရည်မျိုးနှင့် မွေးဖွားလာပုံရသည်။ ထို့နောက် သူတို့က ချန်းပင်အန်းကို စကားပြောရန် အခွင့်အရေးပင် မပေးတော့ပေ။ သူကတော့ အေးအေးဆေးဆေး နားထောင်နေရန်သာ လိုအပ်သည်။

အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းက သူတို့ကို ရေဓာတ်ဖြည့်ရန် သစ်သီးတချို့ ကျွေးလိုက်သည့်အချိန်တွင်ပင် ထိုမိန်းမပျိုလေးနှစ်ယောက်က အနည်းငယ် နီရဲနေသော မျက်နှာနှင့် လက်ခံလိုက်သည်။ တစ်ယောက်ကတော့ တစ်ဖက်လှည့်၍ စားလိုက်ပြီး တစ်ယောက်ကတော့ အခမ်းအနားတောင်အကြောင်း ချန်းပင်အန်းကို ဆက်၍ ပြောပြနေခဲ့သည်။ သူမ မောပန်းသွားသည့်အချိန်တွင် သူမ၏ ညီမက အခြေအနေကို ဆက်၍ ရှင်းပြ၏။ ချန်းပင်အန်းကတော့ စိတ်ဝင်တစား နားထောင်နေခဲ့သည်။

အခမ်းအနားတောင်က ပြည့်စုံကျူပင်ကုန်းမြေကြီးထဲတွင် အလွန်ကြီးမားသော နယ်မြေခံ အင်အားစုကြီးတစ်ခု ဖြစ်ခဲ့သည်။ ထိုအရာက အနောက်တောင်ဘက်တွင် တည်ရှိနေပြီး အင်အားစုထဲတွင် အထက်ဘုံ(၅)ဆင့်မှ အစွမ်းထက် ချီကျင့်ကြံသူတစ်ယောက် ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၁၂၀) ကြာခဲ့ပါပြီ။ ထိုအတွက်ကြောင့် အခမ်းအနားတောင်က ဂိုဏ်းဟူသော အဆင့်အတန်းမှ ဖယ်ရှားပေးခဲ့ရသည်။ တစ်ချိန်တုန်းက 'အခမ်းအနားဂိုဏ်း' ဟု ခေါ်ခဲ့သော အဖွဲ့က ယခုတော့ သူ၏မူလနာမည်ဖြစ်သော အခမ်းအနားတောင်ဟူသည့် နာမည်ကိုသာ အသုံးပြုနိုင်တော့သည်။

သို့သော် အခမ်းအနားတောင်တွင် အလွန်ကြီးကျယ်ခမ်းနားသော စွမ်းအားများနှင့် ကြွယ်ဝချမ်းသာမှုများ ရှိနေသေးသည်။ အထွဋ်အထိပ်အခြေအနေတွင် အခမ်းအနားတောင်၌ အထက်ဘုံ(၅)ဆင့်မှ အစွမ်းထက် အင်မော်တယ်(၂)ယောက် ရှိခဲ့၏။ ထိုအင်မော်တယ်နှစ်ယောက်က ထိပ်သီးစွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ နာမည်က ကုန်းမြေကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားသည်။

ဂိုဏ်းတည်ထောင်သော ဘိုးဘေးနှစ်ယောက်က 'ကျောက်ရိုင်းနယ်ပယ်' အဆင့်သာ ရှိနေသေးသော်လည်း ဂိုဏ်းတစ်ဂိုဏ်းတည်းတွင် ကျောက်ရိုင်းနယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက် တစ်ပြိုင်နက်တည်း ရှိနေသည်မှာ အတော်လေး ထူးခြားလွန်းလှသည်။

ထိုညီအစ်မနှစ်ယောက်က အခမ်းအနားတောင်၏ တပည့်ဟု သတ်မှတ်နိုင်ခြင်း မရှိသေးသော်လည်း သူတို့က ဘိုးဘေးများ၏ အတွေ့အကြုံ အောင်မြင်မှုများအကြောင်းကို ပြန်လည်ပြောပြနေသည့်အချိန်တွင် သူတို့ဆီ၌ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသေးသည်။

ကုန်းမြေကြီးအချင်းချင်း ဆက်သွယ်သွားလာနိုင်သော လှေတစ်စင်းပေါ်၌ လိုက်ပါလာရသည့်အချိန်တွင် ဘိုးဘေးတစ်ယောက်က အလွန်များပြားသော ပင်လယ်နက်မိစ္ဆာ အဖွဲ့ကြီးတစ်ဖွဲ့ကို တွေ့ကြုံခဲ့ရသည်။ သို့သော် သူက ထိုမိစ္ဆာများကို မောင်းထုတ်ခဲ့ပြီး သူ့ဓား၏ အလင်းတန်းက ပင်လယ်ပေါ်တွင် တောက်ပနေသော လမင်းကြီးထက်ပင် ပို၍လင်းထိန်နေခဲ့သည်။

တခြားသော ဘိုးဘေးကတော့ လျှပ်စီးကျင့်စဉ်များတွင် အလွန်အမင်း ကျွမ်းကျင်ပြီး သူက 'နတ်ဘုရား တိမ်တိုက် ကောင်းကင်သခင်' ဟူသော နာမည်ကိုပင် ပိုင်ဆိုင်ထားခဲ့သည်။ ပြည့်စုံကျူပင် ကုန်းမြေကြီး၏ အနောက်တောင်ဘက်မှနေ၍ အရှေ့မြောက်ဘက်ထိပင် သူ့နာမည်က ပျံ့နှံ့ကျော်ကြားခဲ့သည်။ ထိုအချိန်အတောအတွင်း သူက မရေမတွက်နိုင်သော နတ်ဆိုးများ၊ တစ္ဆေများကို သတ်ဖြတ်ခဲ့သည်။

ယနေ့ထိအောင် ပြည့်စုံကျူပင်ကုန်းမြေကြီးထဲ၌ ရှိနေသော လူပေါင်းများစွာက သူ့ကို အလွန်အမင်း ကျေးဇူးတင်နေကြသေးသည်။ အမှန်အတိုင်းပြောရလျှင် သူတို့၏ အခန်းထဲ၌ သူတို့ အကျိုးဆောင်ခဲ့သော လုပ်ရပ်များကို ရေးသားထားသည့် အောက်မေ့တမ်းတဖွယ် ကျောက်ပြားကြီးတစ်ချပ် ရှိနေပြီး သူတို့ကို မျိုးရိုးစဉ်ဆက် အမွှေးတိုင်များ ပူဇော်ထားကြသည်။

ချန်းပင်အန်းကတော့ သူတို့၏ အောင်မြင်ကျော်ကြားမှုများအကြောင်းကို အလွန်အကျွံ စဉ်းစားနေခဲ့ခြင်း မရှိချေ။ သူတို့၏ စကားကို ကြားလိုက်ရပြီးနောက် သူက အနည်းငယ် တွေးမိသွားရုံသာ ရှိသည်။ သို့သော် သူက ချီကျင့်ကြံသူများ၏ အဆင့် (၁၁) ဖြစ်သော ကျောက်ရိုင်းနယ်ပယ်အဆင့်ကိုတော့ အလွန်စိတ်ဝင်စားနေခဲ့၏။ ထို့ကြောင့် သူလည်း မနေနိုင်တော့ဘဲ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ညီအစ်မနှစ်ယောက်ကို မေးခဲ့သည်။

ချွန်းရွှေက အဆင့် (၂ ) ချီကျင့်ကြံသူတစ်ယောက်သာ ဖြစ်သေးသော်လည်း သူမက ထိုကိစ္စနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို သိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် အခမ်းအနားတောင်တွင် အထက်ဘုံ(၅)ဆင့် ကျင့်ကြံသူများ ပေါ်ပေါက်လာဖူးခြင်းကြောင့် ဖြစ်၏။ သူမက သိထားသည့်အရာများကို ချန်းပင်အန်းသိအောင် စတင်ပြောပြခဲ့သည်။

ဒဏ္ဍာရီထဲမှ ကျောက်ရိုင်းနယ်ပယ် ဟူသည်မှာ ချီကျင့်ကြံသူများအတွက်တော့ အလွန်ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတစ်ခုဟု သတ်မှတ်နိုင်ကြောင်း သူမက ပြောခဲ့သည်။ ထိုအဆင့်တွင် လူတစ်ယောက်က သဘာဝဆန်သော ရိုးရှင်းမှုအခြေအနေကို ပြန်ရောက်သွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ကလည်း ပြီးပြည့်စုံသည့် အခြေအနေထိ ရောက်လာနိုင်သည်။

သူတို့က ရွှေနှင့် ကျောက်စိမ်းများကဲ့သို့ ဖြစ်လာနိုင်ပြီး သူတို့က အင်မော်တယ် ရတနာများကို အားကိုးရန် မလိုတော့ပေ။ ထိုအစား သူတို့ကိုယ်တိုင်က ရေနှင့်မီးများကိုပင် ကြောက်စရာမလိုတော့အောင် ကြံ့ခိုင်သန်စွမ်းလာခဲ့၏။ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ ကျင့်ကြံသူများက နှစ်သက်တမ်း (၅၀၀) မှ (၁၀၀၀) ထိ ရှိနိုင်ကြသည်။

ထိုအတွက်ကြောင့် ကျောက်ရိုင်းနယ်ပယ်အဆင့်တွင် ရှိနေသော ချီကျင့်ကြံသူများက သာမန်လူသားကမ္ဘာကြီးထဲရှိ မင်းဆက်အပြောင်းအလဲကို စိတ်ဝင်စားရန် အလွန်အမင်း ခက်ခဲသည်။

ချွန်းရွှေက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ချိုးရှီကတော့ ကျောက်စိမ်းရောင် သစ်သီး စားသုံးနေခြင်းကို လက်စသတ်လိုက်သည်။ သူမက မတော်တဆ ကြို့ထိုးလိုက်မိသည့်အတွက် မျက်နှာလေးက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲသွားခဲ့သည်။ သူမ၏အစ်မ ချွန်းရွှေက သူမကို တစ်ချက် ငဲ့ကြည့်လိုက်ချိန်တွင် ချိုးရှီက သူမ၏အမှားကို အလျင်အမြန် ပြင်ဆင်ရန်အတွက် ချန်းပင်အန်းကို ရှင်းပြလိုက်သည်။

"သခင်လေးချန်း...

ကျွန်မ ကြားဖူးတာ ရှိတယ်။ အထက်ဘုံ(၅)ဆင့်ကို တက်လှမ်းပြီးသွားရင် ချီကျင့်ကြံသူတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို တိုက်စားနေတဲ့ ကမ္ဘာမြေကြီးထဲက မသန့်စင်တဲ့ အငွေ့အသက်တွေကို စိုးရိမ်ဖို့ မလိုတော့ဘူးလို့ ကြားဖူးတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ စုစည်းနေတဲ့ စွမ်းအားတွေက တဖြည်းဖြည်းနဲ့ သတ်မှတ်ချက်ကို ရောက်လာလိမ့်မယ်…”

“အဲဒီလို ရောက်လာတဲ့ အချိန်ကျရင် တောင်တန်းတွေထဲမှာ လေ့ကျင့်တာမျိုး၊ ဒါမှမဟုတ် တောင်တန်းတွေရဲ့ အပြင်ဘက်မှာ လေ့ကျင့်တာမျိုးက ဘာမှထူးခြားမှာ မဟုတ်တော့ဘူး။ အထက်ဘုံ(၅)ဆင့်မှာ ရှိတဲ့သူတွေက အဆင့် (၁၀) 'အခြေတည်ဝိညာဉ်' အဆင့်ထက် ပိုပြီးတော့ လွတ်လပ်ခွင့် ရှိကြတယ်…"

ချိုးရှီ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု ရှိနေပြီး သူမက ဆက်ပြောလိုက်သည်။

"ဒီလောကကြီးထဲမှာရှိတဲ့ မိန်းကလေး ချီကျင့်ကြံသူတွေ အားလုံးက အထက်ဘုံ(၅)ဆင့်ကို ရောက်ဖို့ မျှော်မှန်း တမ်းတနေကြတာ။ ဘာလို့လဲဆိုတော့ အဆင့် (၁၁) ကို ရောက်ပြီးသွားရင် လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိလာနိုင်တယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့ ကံကြမ္မာကို မထိခိုက်စေဘဲ သူတို့ကိုသူတို့ လှအောင်လုပ်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်လေ။ ဒါကြောင့်လည်း နဂိုတုန်းက ဆံပင်ဖြူပြီး အသက်ကြီးနေတဲ့ မိန်းကလေး ကျင့်ကြံသူတွေက ငယ်ငယ်ရွယ်ရွယ် ပြန်ဖြစ်သွားကြတယ်။ သူတို့ရဲ့ ရုပ်ရည်က ထာဝရရှိသွားပြီး မသေမချင်း အဲဒီအတိုင်းပဲ ဖြစ်သွားတယ်…”

“ဘာလို့ သာမန်လူတွေကတော့ သူတို့ရဲ့ရုပ်ရည်ကို ပြောင်းလဲဖို့ ကြောက်ကြရတာလဲ။ ကျောက်ရိုင်းနယ်ပယ်အဆင့် ရှိနေတဲ့ ကျင့်ကြံသူတွေကတော့ သူတို့ရဲ့ ကံကြမ္မာအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလား…"

ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်သည်။

ချိုးရှီက ပြန်ပြောနိုင်ခြင်း မရှိပေ။ သူမက ထိုအကြောင်းတရားကို သိနေသော်လည်း ဘာကြောင့် ထိုသို့ဖြစ်ရကြောင်း မသိခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူမကဲ့သို့သော အဆင့် (၂) ချီကျင့်ကြံသူတစ်ယောက်က အထက်ဘုံ(၅)ဆင့်မှ အခြေအနေများကို မည်သို့ သိနိုင်မည်နည်း။

ချွန်းရွှေကတော့ သူမ၏ညီမလေးထက် ပို၍ ဗဟုသုတပြည့်စုံသည်။ သူမကတော့ ပြဿနာ၏ အကြောင်းကို ပို၍ စဉ်းစားလိုခဲ့၏။ သူမက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"သခင်လေးချန်း...

အမှန်တရားနဲ့ ပတ်သက်ပြီး ကျွန်မက တခြားထင်မြင်ချက်တော့ မပေးရဲဘူး။ ဒါပေမဲ့ သခင်လေး စဉ်းစားကြည့်နိုင်ဖို့ အတွေးတချို့တော့ ရှိတယ်။ သာမန်လူတွေနဲ့ ပတ်သက်လာရင် သူတို့ရဲ့ရုပ်ရည်က မိခင်ဝမ်းဗိုက်ထဲမှာ ပေါ်လာတဲ့အချိန်ကစပြီး ပုံသေပဲ ဖြစ်သွားပြီ။ ဒါက လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ တကယ်ပဲ သက်ဆိုင်တယ်။ ဒါကြောင့် တောင်တန်းအပြင်ဘက်မှာ ရှိတဲ့ သာမန်လူတွေအတွက် သူတို့ရဲ့ ရုပ်ရည်ပြောင်းလဲတာက အပြစ်ကြီးတစ်ခုလိုပဲ။ ဒါက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူး..”

“ဒါပေမဲ့ ချီကျင့်ကြံသူတစ်ယောက်က အလယ်ဘုံ(၅)ဆင့်ကို ရောက်ပြီးသွားရင်တော့ သူတို့ရဲ့ရုပ်ရည်ကို ပြောင်းလဲလိုက်တာက ဆိုးဆိုးဝါးဝါး သက်ရောက်မှုတစ်ခု ရှိဖို့ တော်တော်လေး ခက်သွားပြီ။ ကျောက်ရိုင်းနယ်ပယ်အဆင့်မှာ ရှိတဲ့ ချီကျင့်ကြံသူတွေကတော့ သူတို့ရဲ့ကံကြမ္မာကို မထိခိုက်စေဘဲ ရုပ်ရည်ကို ပြောင်းလဲနိုင်တယ်ဆိုတာကလည်း ….”

ချွန်းရွှေက ထိုစကားကို ပြောသည့်အချိန်တွင် ရပ်လိုက်ပြီး သူမ၏ လက်ကို မြှောက်၍ စားပွဲပေါ်တွင် အိမ်တစ်လုံး ဆောက်နေသည့် ပုံသဏ္ဍာန် ဟန်ပြလိုက်သည်။

"ချိုးရှီနဲ့ ကျွန်မက အောက်ဘုံ(၅)ဆင့်မှာပဲ ရှိနေသေးတယ်။ ဒါကြောင့် ကျွန်မတို့လို ချီကျင့်ကြံသူတွေရဲ့အိမ်ထဲမှာ တိုင်တစ်လုံး နှစ်လုံးလောက်ပဲ ရှိနိုင်တယ်။ အစပိုင်းမှာတော့ အရာအားလုံးက အခက်ခဲဆုံး ဖြစ်တာပဲ။ တကယ်လို့ ကျွန်မတို့ကသာ ကျွန်မတို့ရဲ့ ရုပ်ရည်ကို ပြောင်းလဲလိုက်မယ်ဆိုရင် တိုင်လုံးအနည်းငယ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ကျွန်မတို့ရဲ့ ခနော်ခနဲ့ အိမ်လေးကလည်း ပြိုကျတော့မယ့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်တယ်…"

ထို့နောက် ချွန်းရွှေက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆက်၍ပြောလိုက်သည်။

"ဒါပေမဲ့ အလယ်ဘုံ(၅)ဆင့်နဲ့ အထက်ဘုံ(၅)ဆင့်မှာ ရှိတဲ့ အင်မော်တယ်တွေကတော့ ခိုင်မာတဲ့ အိမ်တစ်လုံးကို ဆောက်ပြီးသွားပြီ။ သူတို့က နန်းတော်ကြီးလို အဆောက်အဦးတစ်ခု ဆောက်ထားတာတောင် ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့က သူတို့ရဲ့ ရုပ်ရည်ကို ပြောင်းလဲနေတဲ့အချိန် တိုင်တစ်လုံး နှစ်လုံးကို ချိုးလိုက်မိတယ်ဆိုရင်လည်း ဘာမှသက်ရောက်ခံရမှာ မဟုတ်ဘူး..”

“ကျောက်ရိုင်းနယ်ပယ်မှာ ရှိတဲ့ မိန်းကလေး ကျင့်ကြံသူတွေက သူတို့ရဲ့ ရုပ်ရည်နဲ့ အလှတရားကို ပြောင်းလဲနိုင်ကြတယ်။ အဲဒီလို ပြောင်းလဲတဲ့ ဖြစ်စဉ်က သူတို့ရဲ့ စံအိမ်ကို ပြောင်းလဲတာနဲ့ အတူတူတောင် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့က ပိုပြီးခိုင်မာတောင့်တင်းတဲ့ အမိုးတွေ ထပ်ထည့်လိုက်တာမျိုး၊ နဂိုတုန်းကထက် ပိုပြီးတော့ လှပအောင် ဖန်တီးလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်…"

"သခင်လေးချန်း...

ကျွန်မ ရှင်းပြတာက အဓိပ္ပာယ်ရှိတယ် မဟုတ်လား…"

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

"အဲဒါ အဓိပ္ပာယ်ရှိတယ်…"

ချွန်းရွှေက အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး ထပ်ပြောလိုက်၏။

"ဒါက ကျွန်မရဲ့ ရူးကြောင်ကြောင် အတွေးတချို့ပါပဲ။ သခင်လေးက အရမ်းကြီး အလေးအနက် မထားပါနဲ့…"

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။

"မိန်းကလေးရှင်းပြတာက တော်တော်လေး အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိပါတယ်…"

ချိုးရှီက မျက်တောင်လေးကို ခတ်လိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာနှင့် ပြောလိုက်သည်။

"သူတို့တွေက ကျောက်ရိုင်းနယ်ပယ်အဆင့် အင်မော်တယ်တွေလေ။ အစ်မနဲ့ ကျွန်မက အဲဒီလို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို လုံးဝမတွေ့ဖူးဘူး။ အဝေးကနေတောင် မမြင်ဖူးဘူး…"

ချွန်းရွှေ၏ အမူအရာက အနည်းငယ် တည်ငြိမ်သွားပြီး သူမက ပြောလိုက်သည်။

"သူတို့ကို မတွေ့တာလည်း ကောင်းပါတယ်။ တကယ်လို့ အထက်ဘုံ(၅)ဆင့်မှာရှိတဲ့ အင်မော်တယ်တွေသာ တိုက်ခိုက်ကြမယ်ဆိုရင် အလယ်ဘုံ(၅)ဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေကတောင် သာမန်လူတွေနဲ့ ခြားမှာ မဟုတ်ဘူး…"

ချိုးရှီက လေပူများကို မှုတ်ထုတ်ပြီး ပြောလိုက်၏။

"သူတို့ကို အဝေးကနေပဲဖြစ်ဖြစ် တစ်ကြိမ်လောက်တော့ တွေ့ဖူးချင်တယ်…"

ချွန်းရွှေက အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး ပြန်ဖြေလိုက်၏။

"အထက်ဘုံ(၅)ဆင့်က အင်မော်တယ်ရတနာတွေက အဝေးကနေတောင် တိုက်ခိုက်နိုင်တယ် မဟုတ်လား။ တကယ်လို့ ငါတို့သာ ဂရုမစိုက်မိရင် ငါတို့ကိုယ်တိုင်တောင် ဘာမှန်းမသိဘဲ သေသွားနိုင်တယ်…"

ချန်းပင်အန်းကတော့ ဝင်ပြောခဲ့ခြင်း မရှိချေ။ လူတိုင်းတွင် အိပ်မက်ကိုယ်စီ ရှိကြပြီး သူကတော့ ထိုညီအစ်မနှစ်ယောက်နှင့် ရင်းနှီးနေခြင်း မရှိချေ။ ထို့ကြောင့် ထိုအကြောင်းအရာအပေါ် မှတ်ချက်ပေးရန် မလိုအပ်ပေ။

ထိုအချိန် ခွန်လှေ၏ လှေဦးပိုင်းတွင် ရပ်နေသော လူတစ်ယောက်က အနောက်ဘက် တစ်နေရာကို လက်ညှိုးထိုးပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ သူ သတိပြန်ဝင်လာသည့်အချိန်တွင် သူ့အဖော်များကို အလျင်အမြန် လှမ်းအော်လိုက်သည်။

"မြန်မြန်... မြန်မြန် လှမ်းကြည့်လိုက်ဦး…”

အရွယ်အစား တိတိကျကျ မရှိသော အပေါက်ကြီးတစ်ပေါက်က လူသားကမ္ဘာကြီး၏ ကောင်းကင်ထဲတွင် ပေါ်လာခဲ့သည်။ တစ်စုံတစ်ခုက အောက်ဘက်သို့ ကျဆင်းလာပြီး ကောင်းကင်ကြီးပေါ်မှ လက်သီးထိုးချလိုက်သလို ထင်မှတ်ရသည်။ ထိုအရာက အဆင့်မြင့် အင်မော်တယ်ရတနာများထက်ပင် ပို၍ လျင်မြန်သော အရှိန်နှင့် ကျဆင်းလာနေသော်လည်း ကောင်းကင်အမိုးက အောက်ဘက်တွင် ရှိနေသော မြေပြင်ထက် အဆပေါင်းများစွာ ပို၍ မြင့်မားနေသည်။

ထို့ကြောင့် လူတိုင်းက အနောက်ဘက်ကို ကြည့်နေသည့်အချိန်တွင် အံ့ဩမှင်တက်မိဖွယ်ရာ မြင်ကွင်းကို မြင်တွေ့နိုင်ကြ၏။ ကြယ်တံခွန်တစ်ခုက နောက်တွင် အဖြူရောင် အလင်းတန်းများနှင့်အတူ မြေပြင်ကြီးဆီသို့ လျင်မြန်စွာ ကျဆင်းလာနေသလိုမျိုး ဖြစ်သည်။

ခွန်လှေကြီး တစ်ခုလုံး လှုပ်ရှားမှုများ ထွက်ပေါ်လာနေပြီး အခြေအနေကို စစ်ဆေးရန် ပြင်ဆင်ထွက်လာကြသည်။ ချိုးရှီကလည်း အလျင်အမြန် ပြန်လာပြီး ထိုအကြောင်းကို ချန်းပင်အန်း သိအောင် ပြောပြလိုက်၏။ ထို့နောက် သူမက သူ့ကို ကောင်းကင်အဆင့် အခန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရှုခင်းကြည့် စင်မြင့်ပေါ်သို့ အလျင်အမြန် သွားရန် ပြောလိုက်သည်။ ထိုအရာက သေချာပေါက် လွဲချော်၍ မရနိုင်သော အခွင့်အရေးတစ်ခုလည်း ဖြစ်၏။

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းကလည်း ချွန်းရွှေနှင့် ချိုးရှီတို့ကို ခေါ်ပြီး စာကြည့်ခန်းထဲမှ ထွက်လာကြသည်။ သူက ရှုခင်းကြည့် စင်မြင့်တံခါးကို ဖွင့်လိုက်၏။ ထိုအချိန်တွင် သူက အနောက်ဘက် ကောင်းကင်ကြီးပေါ်မှ နေ၍ မြေပြင်ဆီသို့ ကျဆင်းလာနေသော တောက်ပသည့် ကြယ်တံခွန်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ကောင်းကင်၏ တစ်ဖက်တွင်တော့ အလွန်ကျယ်လောင်သောအသံကြီးတစ်ခုကို ကြားလိုက်ရပြီး ထိုအသံက ဤလောကကြီးထဲတွင် ရှိနေသော ချီကျင့်ကြံသူအားလုံး၏ စိတ်ထဲသို့ ဖြည်းညင်းစွာ ရောက်လာခဲ့၏။

"အိုက်လျန်...

ဘယ်လိုလဲ... ဒီတာအိုသခင်ရဲ့ လက်သီးက ဘယ်လိုနေလဲ…"

လူသားကမ္ဘာကြီးထဲတွင် ရှိနေသော ချီကျင့်ကြံသူတိုင်းက ထိုစကားကို ကြားလိုက်ကြရသည်။ သူတို့က ကြားချင်သည်ဖြစ်စေ၊ မကြားချင်သည်ဖြစ်စေ ကြားခဲ့ကြရ၏။ ထိုအရာက အမှန်တကယ်ကို လွှမ်းမိုးနိုင်လွန်းသည်။

လက်ရှိအချိန်တွင် မရေမတွက်နိုင်သော ချီကျင့်ကြံသူများ၊ ဝိညာဉ်များ၊ နတ်ဆိုးများ၊ တစ္ဆေများနှင့် နတ်ဘုရားများ အားလုံးက အနောက်ဘက်ကို မော့ကြည့်နေကြ၏။ သူတို့က အလွန်ထူးခြားသော တာအိုစွမ်းအားနှင့် တာအိုသခင်၏ အစွမ်းထက်သော လက်သီးချက်ကြောင့် မှင်တက်မိနေကြ၏။

ချန်းပင်အန်းက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

"ဘယ်လို... အိုက်လျန်... ခင်ဗျားကို တစ်ယောက်ယောက်က ကောင်းကင်ပေါ်ကနေ ပစ်ချလိုက်တာလား…"

အောက်သို့ ကျဆင်းလာသော ကြယ်တံခွန်က လူသားကမ္ဘာကြီး၏ အနောက်ဘက် နယ်မြေထဲတွင် ရှိနေသော ကုန်းမြေတချို့ပေါ်သို့ ကျဆင်းသွားခဲ့သည်။ ထိုအရာက မြေပြင်ပေါ်တွင် ဧရာမတွင်းကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့၏။ ထို့နောက် ထိုလူက လေထဲသို့ မြောက်တက်လာခဲ့သည်။ ခန့်မှန်း၍မရနိုင်သော လက်သီးချက်၏ အစွမ်းကြောင့် သူက အလယ်မြေနတ်ဘုရား ကုန်းမြေကြီး၏ ပန်းပွားတောင်ကဲ့သို့ အမြင့်မျိုးထိ မြောက်တက်လာခဲ့၏။

အပေါ်သို့ ရောက်လာပြီးနောက် ထိုလူက ဦးတည်ချက်ကို ရှာဖွေနေသည့်အလား ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ ဤလောကကြီးထဲတွင် မည်သူကမျှ သူ၏လှုပ်ရှားမှုကို သိနိုင်ခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် သူ၏လှုပ်ရှားမှုကို သိရန် အစွမ်းထက်သောလူက လက်နှစ်ဖက်နှင့် ရေတွက်၍ပင် ရနိုင်သည်။

ချွင်းချက်မရှိ သူတို့အားလုံးကလည်း ထိုအရာနှင့် ရင်းနှီးနေကြပြီးသား ဖြစ်၏။ သူတို့ကတော့ ထိုကဲ့သို့ အရာမျိုးကို အလေးထားရန် အချိန်မရှိကြပေ။ အများဆုံး သူတို့က ဤကမ္ဘာကြီးထဲရှိ ပြောင်းလဲမှုများကို သုံးသပ်တွက်ချက်ကြည့်ခြင်းသာ လုပ်ဆောင်ကြသည်။

“ဒီလက်သီးချက်က တော်တော်လေး ပြိုင်ဘက်ကင်းတာလား…”

နောက်ကျောတွင် ဓားနှစ်လက် လွယ်ထားသော လူငယ်လေးက တီးတိုးရေရွတ်လိုက်သည်။

သို့သော် တစ်စုံတစ်ယောက်က ထိုလူငယ်လေး၏ ခေါင်းကို ရုတ်တရက် ခေါက်လိုက်ပြီး စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်၏။

"ချီးကို ပြိုင်ဘက်ကင်းပါလား…."

Translated by Hein Htet.

All Chapters