အခန်း (၂၃၅)
Vol. 16 Ch. 235
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၃၅) {စာစဉ် ၁၆ - အပိုင်း(၁၀)}
ချန်းပင်အန်း ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ထိုလူက ဝါးခမောက်တစ်လုံး ဆောင်းထားခြင်း မရှိတော့ပေ။ ချန်းပင်အန်းက သူ့ကို မှင်သက်စွာ ငေးကြည့်နေမိခဲ့ပြီး ခဏတာ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့ရသည်။
ထိုအချိန်တွင် ချွန်းရွှေနှင့် ချိုးရှီတို့ကတော့ အတော်လေးကို ကြောက်လန့်သွားခဲ့ကြ၏။ တစ်ချိန်တည်းတွင် ထိုလူက စည်းမျဉ်းများကို လေးစားမှု မရှိသည့်အတွက် အတော်လေး ဒေါသထွက်နေကြသည်။ ထိုလူက လုံးဝကို တာဝန်ခံမှု မရှိချေ။
ခွန် လှေကြီးက ကမ္ဘာငယ်လေးတစ်ခုဟု သတ်မှတ်နိုင်ပြီး ကိုယ်ပိုင်စည်းမျဉ်းများ ရှိနေသော နေရာတစ်ခု ဖြစ်သည်။ ဥပမာအနေနှင့် ပြောရလျှင် တိုက်ခိုက်မှုများကို တားမြစ်ထား၏။ အကယ်၍ ပြဿနာများ၊ ပဋိပက္ခများ ဖြစ်လာလျှင် ခွန် လှေထဲ၌ ရှိနေသော အစောင့်များကို သတင်းပို့ရန် လိုအပ်သည်။
လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲ မှော်အစွမ်းများကို အသုံးပြု၍ မရနိုင်ပေ။ လှေပေါ်တွင် သာမန်လူများလည်း ရှိနေသေး၏။ ထို့ကြောင့် လူတစ်ယောက်က သူတို့ကို အရှက်ခွဲ စော်ကားခြင်းမျိုး ခွင့်မပြုနိုင်ပေ။ စည်းမျဉ်းစည်းကမ်းများ ရှိသော်လည်း တချို့ကတော့ အလွန်အကျွံ မလိုအပ်ဟု တွေ့မိကြသည်။ သို့သော် ကုန်းမြေအချင်းချင်း ဆက်သွယ်ရောင်းချသော ကုန်သွယ်မှုများအတွက် ခွန် လှေကြီးကို ဝယ်ယူနိုင်သည့် အင်အားနှင့် အစွမ်းရှိနေသည့် အင်အားစုများက တောင်တန်းထဲတွင် ထိပ်တန်းအင်အားစုများသာ ဖြစ်ကြသည်။
သူတို့က သူတို့၏ လှေကို စောင့်ကြည့်ရန်အတွက် ထိပ်တန်း ချီကျင့်ကြံသူများနှင့် သိုင်းပညာရှင်များကို ငှားရမ်းတတ်ကြသည်။ သူတို့က တိုက်ခိုက်ရာတွင် ကျွမ်းကျင်သော တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ခြေသလုံးအိမ်တိုင် ပညာရှင်များကိုလည်း ငှားရမ်းကြသည်။ ထို့ကြောင့်လည်း လူအများစုက စည်းမျဉ်းများကို လိုက်နာနေရခြင်း ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ စည်းမျဉ်းများက ပုံသေဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်သော်လည်း လက်သီးများကတော့ ပြောင်းလဲနိုင်စွမ်း ရှိသည်။
ထို့ပြင် အချိန်ပုစဉ်းများလည်း ရှိနေသေး၏။ ထိုအရာက စိတ်ဝိညာဉ် အရာတစ်ခုဖြစ်ပြီး စြင်္ကံလမ်းများပေါ်ရှိ အလှဆင်ထားသော သစ်ကိုင်းများပေါ်တွင် နားနေကြသည်။ ထိုပုစဉ်းငယ်လေးများက လုံးဝ အနားမယူဘဲ သူတို့ မြင်တွေ့ရသော မြင်ကွင်းများ အားလုံးကို မှတ်တမ်းတင်နိုင်သည့် စွမ်းရည်ရှိသည်။ အလွန်သေးငယ်သော အငွေ့အသက်လေးကပင် သူတို့၏အာရုံခံခြင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
ထို့ပြင် ထိုအချိန်ပုစဉ်းလေးများ အသတ်ခံလိုက်ရလျှင် သူတို့က နာနာကျင်ကျင်နှင့် အော်ဟစ်နိုင်ကြ၏။ ထို့ကြောင့် ခွန်လှေကြီးက ထိုပုစဉ်းငယ်လေးများကို အသုံးပြုပြီး လှေပေါ်သို့ တက်လာသော သူခိုးများကို စောင့်ကြည့်နိုင်သည်။
ချီကျင့်ကြံသူများထဲတွင်လည်း လူကောင်းနှင့် လူဆိုး ရောနှောနေသေး၏။ လူအများစုက ကျင့်ကြံနေသည့်အချိန်တွင် သူတို့၏ စိတ်ရေကန်က ကန့်သတ်ချက်မရှိဘဲ ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် အဆင့်မြင့်သော ကျင့်ကြံရေးနည်းလမ်း မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ခြေသလုံးအိမ်တိုင် ပညာရှင်များက သူတို့၏စိတ်ကို စုစည်းနိုင်ခြင်း မရှိသလို သူတို့၏နှလုံးသားက တည်ငြိမ်နိုင်ခြင်းလည်း မရှိချေ။ ထိုလူများက ကောင်းခြင်း၊ ဆိုးခြင်း နှစ်မျိုး ရောနှောနေတတ်သည်။ သူတို့၏ခံစားချက်အတိုင်းသာ ရိုးရှင်းစွာ လုပ်ဆောင်တတ်၏။
မည်သို့ဖြစ်စေကာမူ ကျင့်ကြံခြင်းက လူတစ်ယောက်၏ ကြွယ်ဝချမ်းသာမှုကို စားသုံးပြီး ရွှေတောင် ငွေတောင်ကြီးတစ်ခုကိုပင် အလွယ်တကူ ကုန်ခမ်းသွားစေနိုင်သော အဆုံးမဲ့တွင်းနက်ကြီးတစ်ခု ဖြစ်သည်။ လူအများစုက အပိုဝင်ငွေစီးကြောင်း မရှိဘဲ ကြွယ်ဝချမ်းသာလာနိုင်လိမ့်မည် မဟုတ်ချေ။ စွန့်စားမှုနှင့် ဆုလာဘ်ကလည်း လက်တစ်ကမ်းတွင်သာ ရှိနေ၏။ ထို့ကြောင့် လူပေါင်းများစွာက မကောင်းသော လမ်းစဉ်ကို လျှောက်လှမ်းသွားတတ်သည်။
ချန်းပင်အန်းက ပြုံးလိုက်ပြီး အားရပါးရ ရယ်လိုက်မိ၏။ သူ့ရှေ့တွင် ရပ်နေသူကတော့ အိုက်လျန် ဖြစ်သည်။ အိုက်လျန်က ခြေဗလာ ဖြစ်နေပြီး အင်္ကျီလက်ကို ပင့်တင်ထားသည်။ သူ့ပုံစံက ခရီးသွားလာရသည့်အတွက် ပင်ပန်းနေပုံရ၏။ သို့သော် သူ့မျက်လုံးများက အနည်းငယ် တောက်ပနေပြီး တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။
သူ့ပုံစံက မြည်းတစ်ကောင်ကို ဆွဲပြီး ခါးတွင် ဝါးဓားမောက်တစ်ချောင်းကို ချိတ်ဆွဲထားသော ပုံစံနှင့် လုံးဝကို ကွဲပြားနေ၏။ ထိုအချိန်တွင် အိုက်လျန်က ပြောင်ချော်ချော်နှင့် တာဝန်မဲ့သလို ထင်မှတ်ရသည်။ အမှန်တကယ်လည်း သူ ပြောနေသည့် စကားများက လေကြီးမိုးကြီး ပြောနေသလို ထင်မှတ်ရသည်။
သို့သော် ယခုတော့ သူက ဝါးခမောက်ဆောင်းထားခြင်း မရှိတော့သလို ငွေရောင် ဓားအားဖြည့်ဘူးသီးခြောက် တစ်ခုလည်း မရှိတော့ပေ။ အမှန်အတိုင်း ပြောရလျှင် သူ့ဆီ၌ ဝါးဓားမောက်တစ်ချောင်းပင် မရှိခဲ့ပေ။ ထိုအစား သူက ချန်းပင်အန်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ချန်းပင်အန်းက အဆင့်(၂)ကို ရောက်နေသည့်အချိန်တွင် အိုက်လျန်၏ အစွမ်းကို သုံးသပ်နိုင်စွမ်း မရှိခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် ကျူးဟယ်ကဲ့သို့ လူတစ်ယောက်ကပင် အိုက်လျန်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ခံစားမိခဲ့၏။ သို့သော် အဆင့်(၂)မှ အဆင့်(၃)ကို ရောက်လာပြီးနောက် အိုက်လျန်အပေါ် ချန်းပင်အန်း၏ မြင်နိုင်စွမ်းက လုံးဝကို ပြောင်းလဲသွားသည်။
အိုက်လျန်က ချွေးချန်း၏ အဘိုးထက်ပင် ပို၍အစွမ်းထက်နိုင်သည်ဟု ခံစားမိနေခဲ့၏။ သို့သော် အိုက်လျန်က အမှန်တကယ် မည်မျှ အစွမ်းထက်ကြောင်း ချန်းပင်အန်းလည်း ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။ သို့သော် ထိုအရာက ဘာအရေးပေနည်း။ တစ်ခုတည်းသော အရာကတော့ သူက အိုက်လျန်ကို အချိန်သိပ်မကြာခင် ပြန်တွေ့ခွင့် ရခဲ့ခြင်းဖြစ်သည်။
ချန်းပင်အန်းက အလွန်ဝမ်းသာနေပြီး အရက်သောက်ချင်စိတ်ပင် ခံစားမိခဲ့၏။ အိုက်လျန်က ရှုခင်းကြည့် စင်မြင့်ပေါ်တွင် ရပ်နေခဲ့သည်။ ညီအစ်မနှစ်ယောက် ဖြစ်သော ချွန်းရွှေနှင့် ချိုးရှီတို့ကို မြင်လိုက်ရသည့်အချိန်တွင် သူက မျက်ခုံးပင့်လိုက်မိ၏။ သူက စင်မြင့်လက်ရန်းကို ချက်ချင်း မှီလိုက်ပြီး လွတ်လပ်ပေါ့ပါးပြီး ခန့်ညားသည့် ပုံစံမျိုး ပြင်ဆင်လိုက်သည်။
ထို့နောက် သူက နဖူးပေါ်သို့ လက်တင်ပြီး ဆံပင်များကို သပ်လိုက်၏။
"တွေ့ရတာ ဝမ်းသာပါတယ် မိန်ကလေးတို့.. ငါ့နာမည်က အိုက်လျန်.. ငါက ဓားသမားတစ်ယောက်ပါ…"
ချွန်းရွှေက တည်ငြိမ်သော မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် အိုက်လျန်၏ နှုတ်ဆက်စကားကို တုံ့ပြန်ခဲ့ခြင်း မရှိချေ။ သို့သော် သူမ၏ ညီမဖြစ်သူကတော့ အနည်းငယ် ပို၍ ဒေါသထွက်လွယ်သည်။ သူတို့၏ရှေ့တွင် ရှိနေသူက စည်းမျဉ်းကို အရင်ဆုံး ချိုးဖောက်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ပိန်ပိန်ပါးပါးနှင့် ချိုးရှီက မျက်မှောင်ကြုတ်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ရှင်ဘယ်သူလဲ ဆိုတာ ကျွန်မ မသိဘူး။ ခွန် လှေကြီးက တိမ်တိုက်ပင်လယ်ကြီးထဲမှာ အရေးပေါ်အခြေအနေ မကြုံရမချင်း ဧည့်သည်တွေနဲ့ ခရီးသွားတွေ အားလုံးက မှော်အစွမ်းတွေ သုံးတာကို တားမြစ်ထားတယ်။ လူတိုင်းက ခွင့်ပြုချက်မရှိဘဲ တခြားသူရဲ့အခန်းကို ဝင်ရောက်တာမျိုးလည်း တားမြစ်ထားတယ်…."
ထိုစကားကို ပြောလိုက်ပြီးနောက် သူမက ခနဲ့သလို ဆက်ပြောလိုက်သည်။
"ရှင်က ကိုယ့်ကိုယ်ကိုယ် အိုက်လျန်လို့ ပြောတာလား။ ရှင်က ကောင်းကင်ကြီးပေါ်ကနေ ပြုတ်ကျလာတဲ့ အစွမ်းထက် အင်မော်တယ်လား။ တကယ်လို့ ရှင်သာ အဲဒီလိုလူတစ်ယောက် ဆိုရင် ကျွန်မကို တပည့်တစ်ယောက်အဖြစ် လက်ခံပါလား။ ကျွန်မ ရှင့်ကို တောင်းဆိုပါတယ်…"
အိုက်လျန်က အပြုံးနှင့် ပြောလိုက်သည်။
"ငါက နှစ်ပေါင်းများစွာ ခရီးသွားလာနေတာ.။ ဒါပေမဲ့ အခုချိန်ထိ တပည့်တစ်ယောက်မှ လက်မခံသေးဘူး။ ဒါပေမဲ့ ငါလည်း ဘာတတ်နိုင်မှာလဲလေ..။ ငါ့ရဲ့ ဓားပညာက အရမ်းကို ဆန်းကြယ်နေတာကိုး။ တခြားလူတွေက အဲဒီဓားပညာကို မြင်ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ်တောင် အရှက်ရသွားနိုင်တယ်။ သူတို့ကတော့ တပည့်အဖြစ် လက်ခံဖို့ မေးရဲတဲ့ သတ္တိမျိုးတောင် မရှိကြဘူး။ မိန်းကလေး.. မင်းက ပထမဆုံး ဒီလိုတောင်းဆိုတဲ့ လူတစ်ယောက်ပဲ.. ငါသဘောကျတယ်…"
ချိုးရှီက သူ့ကို ဆက်လက် လှောင်ပြောင်တော့မည့် အချိန်တွင် သူမ၏အစ်မဖြစ်သူက တံတောင်ဆစ်ကို လက်နှင့် ညှင်သာစွာ ပုတ်လိုက်သည်။ ချိုးရှီက ကောင်းကင်အဆင့် အခန်း၏ အစေခံတစ်ယောက် ဖြစ်၏။ မည်သို့ဖြစ်စေကာမူ သူမက ရှေ့တွင် ရပ်နေသော လူကြောင့် စိတ်ရှုပ်သွားမိသော်လည်း စကားလုံးများကို မြိုချလိုက်ရ၏။ ထိုလူက စည်းမျဉ်းများကို လေးစားမှု မရှိခဲ့သည့်အပြင် မကောင်းသော ခံစားချက်တစ်ခုလည်း ရှိနေသည်။
ချွန်းရွှေကတော့ ပို၍ပင် အသေးစိတ်ကျပြီး သူမ၏ညီမလေးထက် ပို၍ တွေးခေါ်တတ်သည်။ သူတို့၏ရှေ့တွင် ရပ်နေသူက သူတို့၏ အထူးဧည့်သည် ချန်းပင်အန်း၏ မိတ်ဆွေတစ်ယောက် ဖြစ်သည်။ ထို့ပြင် သူက အလွန်အကျွံ တစ်ခုမှ မလုပ်သေးပေ။ ထို့ကြောင့်
အခန်းအနားတောင်၏ ခွန် လှေကြီးထဲတွင် စည်းမျဉ်းစည်းကမ်း များစွာ ရှိနေသော်လည်း ထိုအရာများကို အကြွင်းမဲ့ လိုက်နာရမည့်အစား အဆင်ပြေသလို ပြောင်းလဲ၍ ရနိုင်သည်။ မဟုတ်လျှင် အကျိုးအမြတ်ရှိသော သူတို့၏ လုပ်ငန်းကို စိန်ခေါ်သူများက လုယူသွားသည်မှာ ကြာလောက်ပါပြီ။ ဤလောကကြီးထဲတွင် စီးပွားရေး လုပ်ဆောင်သည့်အချိန်တိုင်း ကြွယ်ဝချမ်းသာမှု ရရှိရန် သင့်မြတ်မှုကို ထိန်းသိမ်းခြင်းကလည်း လုံးဝမပြောင်းလဲသော စည်းမျဉ်းတစ်ခု ဖြစ်သည်။
ချွန်းရွှေက ချန်းပင်အန်းကို အရင်ဆုံး ကြည့်လိုက်ပြီး အပြုံးနှင့် မေးလိုက်သည်။
"သခင်လေး..
ဒီအိုက်လျန်က သခင်လေးရဲ့ မိတ်ဆွေလား။ သူကရော ခွန် လှေပေါ်က ဧည့်သည်တစ်ယောက်လား…"
ချွန်းရွှေက အိုက်လျန် ဟူသော နာမည်ကို ပြောသည့်အချိန်တွင် အနည်းငယ် အိုးတိုးအန်းတန်း ခံစားလိုက်ရပြီး မသက်မသာ ဖြစ်သွားခဲ့သည်။ ဤအိုက်လျန်က ထိုအိုက်လျန်နှင့် တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ချွန်းရွှေကတော့ ထိုအရာကို မယုံကြည်နိုင်ခဲ့ပေ။ မည်သို့ဖြစ်စေကာမူ ကုန်းမြေကြီးထဲတွင် အချမ်းသာဆုံး လူတစ်ယောက်က ကြက်ချေး၊ ခွေးချေးများ ပြည့်နေသော လမ်းကျဉ်းလေး တစ်ခုထဲကို လာရောက် လည်ပတ်နေသလို ပုံစံမျိုး ဖြစ်နေသည်။
သူတို့က သာမန်လူများ မရောက်နိုင်သည့် အထွဋ်အထိပ်ကို ရောက်နေသည်ဟု ခံစားနေရခြင်း မဟုတ်ပေလော။ သူတို့က ကုန်းမြေကြီးပေါ်တွင် အချမ်းသာဆုံး လူတစ်ယောက်ဟု ခံစားနေမည် မဟုတ်ပေလော။
"သူက ငါ့မိတ်ဆွေပါ…"
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
ထိုညီအစ်မနှစ်ယောက်က သူ့ဆီမှ အဖြေကို စောင့်နေကြောင်း နားလည်သွားသည့် အချိန်တွင် သူ့ဆီ၌ အလွန်ထူးခြားသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"သူကလည်း တာ့လီအင်ပါယာ မြောက်ပိုင်းတောင် တောင်တန်းနတ်ဘုရား ဝေ့ပိုရဲ့ မိတ်ဆွေတစ်ယောက်ပဲ…"
ထိုညီအစ်မနှစ်ယောက်၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းများက ချက်ချင်း ပျောက်ကွယ်သွားရသည်။ ကြည့်ရသည်မှာ ထိုလူကလည်း တာ့လီအင်ပါယာ မြောက်ပိုင်းတောင်၏ နတ်ဘုရားနှင့် ရင်းနှီးနေပုံ ရ၏။ ထို့ကြောင့်လည်း အခန်းအနားတောင်က သူ့အပေါ် သဘောကောင်းနေရခြင်း ဖြစ်သည်။
တာ့လီအင်ပါယာက အရှေ့ပိုင်း ကုန်းမြေကြီး၏ မြောက်ပိုင်းတစ်ခွင်လုံးကို သိမ်းပိုက်ထားပြီး ကြောက်စရာကောင်းသည့် အစွမ်းကို ပြသထားသည့်အတွက် ပြည့်စုံကျူပင် ကုန်းမြေကြီးထဲ၌ ရှိနေသော လူများကပင် ထိုတိုင်းပြည်အကြောင်းကို ကြားဖူးကြသည်။ ထို့ပြင် တာ့လီအင်ပါယာ၏ ထီးသစ်ပင် တောင်ထိပ်ပေါ်၌ လှေဆိပ်တစ်ခု မတည်ဆောက်ခင် အချိန်ကပင် အခန်းအနားတောင်၏ ခွန် လှေကြီးက တာ့လီအင်ပါယာ၏ ပိုင်နက်ကို ဖြတ်ကျော် ခရီးသွားလာရန် လိုအပ်ခဲ့သေးသည်။
ချွန်းရွှေနှင့် ချိုးရှီတို့ အစေခံမလေးနှစ်ယောက်ကို အခန်းအနားတောင်က ကျွေးမွေးထားကြခြင်းဖြစ်ပြီး အခန်းအနားတောင်ကို ကိုယ်စားပြုနိုင်သော သူတို့၏ စွမ်းရည်က လေကျင့်နိုင်သော စွမ်းရည်ထက် ပို၍အရေးပါသည်။ သူတို့၏ တာဝန်က ဧည့်သည်များကို လိုလေသေးမရှိ စောင့်ရှောက်ရန်ဖြစ်ပြီး သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဖြစ်သည်။
တောင်တန်းပေါ်မှ အင်မော်တယ်တစ်ယောက်က တစ်နေ့နေ့ သူတို့ကို စိတ်ဝင်စားလျှင်၊ အကယ်၍ ထိုအင်မော်တယ်က သူတို့ကို အစေခံအဖြစ် ရွေးချယ်သွားမည်ဆိုလျှင် ထိုအင်အားစုနှင့် အခန်းအနားတောင်၏ ကြားထဲတွင် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိလာနိုင်သည်။ ထိုအရာက အခန်းအနားတောင်၏ မူလရည်ရွယ်ချက်များထဲမှ တစ်ခုလည်း ဖြစ်၏။
ထို့အတွက်ကြောင့် ချွန်းရွှေက တာ့လီအင်ပါယာအပေါ် အလွန်နားလည်နေခဲ့သည်။ ချွန်းရွှေ တစ်ယောက်တည်းကသာ တာ့လီအင်ပါယာ မြောက်ပိုင်းတောင် နတ်ဘုရား၏ အဆင့်အတန်းနှင့် စွမ်းအားကို သိနေခြင်း မဟုတ်ဘဲ သူမ၏ ညီမဖြစ်သော ချိုးရှီကလည်း ထိုအရာကို သိနေခဲ့သည်။
ထိုသို့ ဖြစ်နေမှတော့ စည်းမျဉ်းစည်းကမ်း များစွာက ပို၍ပင် လျော့ကျသွားနိုင်သည်။ ချွန်းရွှေက ချိုးရှီကို အတင်းအကျပ် ဆွဲခေါ်လာခဲ့၏။ ထို့နောက် သူတို့က ထွက်လာပြီး ပင်မခန်းမကြီးထဲကို ဝင်သွားကြလေသည်။
ချန်းပင်အန်းနှင့် ဖိတ်ခေါ်မထားသော ဧည့်သည်တို့ကသာ ရှုခင်းကြည့် စင်မြင့်ပေါ်တွင် ကျန်နေခဲ့သည်။
စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် ချိုးရှီက တီးတိုးမေးလိုက်၏။
"အစ်မ..
ကျွန်မတို့က ဒီကိစ္စကို ကြီးကြပ်သူမာဆီ သတင်းပို့သင့်လား…"
ချွန်းရွှေက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
"မလိုပါဘူး..။ ငါတို့က ပြဿနာကို ထပ်ပြီး ရှုပ်ထွေးအောင် မလုပ်သင့်ဘူး။ တကယ်လို့ ဒါက တိုးတက်အောင် လုပ်သင့်တဲ့ ဆက်ဆံရေးတစ်ခုလို့ ကြီးကြပ်သူမာက ခံစားမိတယ်ဆိုရင် သူက အဲဒီအရာကို သေချာကြိုးစားလိမ့်မယ်။ တကယ်လို့ အဲဒီလူက တာ့လီအင်ပါယာ မြောက်ပိုင်းတောင် နတ်ဘုရားရဲ့ အစစ်အမှန် မိတ်ဆွေဆိုရင်တော့ သူက ကြီးကြပ်သူမာနဲ့ ဝမ်းသာအားရ စကားပြောမှာပဲ။ တကယ်လို့ ငါတို့ကသာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြီးကြပ်သူမာကို သတင်းပို့လိုက်မယ်ဆိုရင် သူက ငါတို့ကို သဘောကျမှာ မဟုတ်လောက်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူကရော သူတို့ရဲ့ နောက်ကွယ်မှာ သူတို့အကြောင်း ပြောတာကို ကြိုက်မှာလဲ…"
ချိုးရှီက သူ့အစ်မ ပြောလိုက်သောစကား၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူမက မေးလိုက်၏။
"အစ်မက အခမ်းအနားတောင်ကနေ ထွက်သွားချင်နေတာလား…"
ချွန်းရွှေ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမက ညီမဖြစ်သူ၏ နားကို သိမ်မွေ့ညင်သာစွာ လိမ်ဆွဲလိုက်ပြီး ပြန်ဖြေလိုက်၏။
"လူတိုင်းက ပိုကောင်းတဲ့အရာကို လိုချင်ကြတာပဲလေ.။ နောက်ပိုင်း အောင်မြင်လာမယ်ဆိုရင်တောင် ငါတို့ကို ကျွေးမွေးစောင့်ရှောက်ပြီး ပညာသင်ကြားပေးတဲ့အတွက် အခန်းအနားတောင်ကို ငါတို့က ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါတို့က နေ့စဉ်နေ့တိုင်း ထူးဆန်းတဲ့ ဧည့်သည်တွေအတွက် ရေနွေးတည်တာ၊ အဝတ်လျှော်တာ၊ စောင်ခေါက်ပေးတာတွေပဲ လုပ်နေရမှာလား။ နင်မေ့သွားပြီလား။ ငါတို့ကရော ချီကျင့်ကြံသူတွေပဲလေ…"
ချိုးရှီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူမက လက်နှစ်ဖက်ကို စားပွဲပေါ်သို့တင်၍ ခေါင်းအုံးလိုက်သည်။ သူမက သက်ပြင်းချလိုက်၏။
"အစ်မ.. ကျွန်မကတော့ အစ်မရဲ့ စကားကိုပဲ နားထောင်မယ်။ အဲဒီလို အရာတွေကို မစဉ်းစားချင်တော့ဘူး…"
ချွန်းရွှေက ပြုံးလိုက်ပြီး ညီမဖြစ်သူ၏ နားနားသို့ ကပ်၍ တီးတိုး ပြောလိုက်သည်။ သူမ မည်သည့်အရာပြောလိုက်ခြင်း ရှင်းရှင်းလင်းလင်း မသိသော်လည်း ချိုးရှီ၏ မျက်နှာလေးကတော့ ရှက်ရွံ့မှုကြောင့် ချက်ချင်း နီရဲသွားခဲ့၏။ ချိုးရှီက ချက်ချင်းပင် တည့်တည့်ထိုင်လိုက်ပြီး ချွန်းရွှေ၏ တံတောင်ဆစ်ကို လက်နှင့် ရိုက်လိုက်သည်။
ထိုညီအစ်မနှစ်ယောက်က အချင်းချင်း စနောက်ပြီး ရယ်မောနေကြ၏။ မကြာခဏ ဆိုသလို သူတို့က စာကြည့်ခန်းဆီသို့ လှည့်ကြည့်ပြီး သူတို့၏ အထူးဧည့်သည်နှင့် မိတ်ဆွေဖြစ်သူက သူတို့ဆီကို လာမလာ ကြည့်တတ်သည်။ သူတို့၏ အစစ်အမှန် သဘာဝကို ထုတ်ဖော်လိုက်သည့်အချိန်တွင်ပင် ထိုညီအစ်မ နှစ်ယောက်ကတော့ မူလတုန်းကကဲ့သို့ သိမ်မွေ့ညင်သာနေသေး၏။
ရှုခင်းကြည့် စင်မြင့်ပေါ်တွင် ….
အိုက်လျန်က တံခါးဆီသို့ လှည့်ကြည့်လိုက်ပြီး မိန်းမလှလေး နှစ်ယောက်ကို ရှာဖွေနေသလို ထင်ရသည်။ မည်သို့ဖြစ်စေကာမူ အနည်းငယ် မျက်လုံးအစာကျွေးလျှင်လည်း သူ့အတွက် ထိခိုက်မှု မရှိနိုင်ပေ။
ချန်းပင်အန်းက ပြုံးချင်စိတ်ကို ဖိနှိပ်ပြီး မေးလိုက်၏။
"ခင်ဗျားက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာလား…"
"ဟုတ်တယ်.. အဲဒါက တော်တော် အရှက်မရှိတဲ့ လူတစ်ယောက်ပဲ…"
အိုက်လျန်က ပြန်ဖြေလိုက်သည်။
"တာအိုဘိုးဘေးက လွဲရင် ဒီအဘိုးကြီးက တာအိုဂိုဏ်းထဲမှာ အကောင်းဆုံး တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ။ သူက မြေပြင်အသာစီးရတာကို အသုံးချပြီး သူ့ရဲ့ အင်မော်တယ် လက်နက်တွေကို သုံးနေတာ။ ဒါပေမဲ့ ကိစ္စမရှိဘူး..။ ငါက သူ့ဆီ ပြန်သွားပြီး သူ့ကို လက်သီးနဲ့ ပြန်တိုက်ခိုက်မယ်…"
ချန်းပင်အန်း ပြောချင်နေသော ကိစ္စရပ်ပေါင်းများစွာ ရှိနေသည်။ သို့သော် သူက အလွန်ကြောက်လန့်နေသည့်အတွက် စကားလုံးများ အားလုံးကို မြိုချလိုက်၏။
အိုက်လျန်က မသက်မသာ ပြန်လှည့်ကြည့်လိုက်ပြီး စင်မြင့်လက်ရန်းဆီသို့ လျှောက်သွားခဲ့သည်။ သူက ချန်းပင်အန်းကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး အံ့ဩနေသည့် အမူအရာနှင့် မှတ်ချက်ပေးလိုက်၏။
"ကောင်လေး..ခဏပဲ ရှိသေးတယ်.. မင်းက ငါ့ရဲ့ အပုံ(၁)ထောင်ပုံပုံ တစ်ပုံလောက်တော့ ရောက်လာပြီ။ တော်တော်လေး အံ့ဩဖို့ ကောင်းတာပဲ…"
ချန်းပင်အန်းက မည်သို့တုံ့ပြန်ရမှန်း မသိခဲ့ပေ။ အချိန်တော်တော်ကြာပြီး နောက်ဆုံးတွင်တော့ သူက တိုးတိုးလေး ပြောလိုက်၏။
"ခင်ဗျား အားတဲ့အချိန်ကျရင် ဆင်းလာလို့ ရလား…"
ထိုစကားကို ကြားသည့်အခါ အိုက်လျန်က ရှုံ့မဲ့သွား၏။ သူက စိတ်ထဲတွင် ပြန်ပြောလိုက်သည်။
"သေစမ်း.. ကောင်စုတ်လေး..။ မင်းက ငါ့ကို ဒီလိုမျိုး အထင်သေးတာလား။ မင်း ခေါင်းထဲမှာ ငါက အမြဲတမ်း တိုက်ခိုက်ခံရပြီး လက်သီးနဲ့ အထိုးခံရမှာလား။ အရင်တုန်းက အဲဒီတာအိုသခင်ကလည်း ငါ့ရဲ့လက်သီးတစ်ချက်ကြောင့် နောက်ကို လွင့်သွားဖူးတာကို မင်းမှ မသိတာ။ အမှန်အတိုင်း ပြောရရင် သူ နောက်ကို လွင့်သွားတဲ့အချိန် မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေကိုတောင် ဖျက်ဆီးပစ်ခဲ့သေးတယ်…"
သို့သော် အိုက်လျန်ကတော့ ထိုအရာများကို ပြောရန် အလွန်ရှက်ရွံ့သည်ဟု ခံစားမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ သူက ယခင်တိုက်ပွဲအတွင်း အမှန်တကယ်ကို ရှုံးနိမ့်ခဲ့၏။ သူက စာသင်သား သူတော်စင် မဟုတ်သလို ထိုစာသင်သားအိုကြီးကဲ့သို့ ပေါက်ကရ စကားများကို ပြောနိုင်သည့် အရှက်တရားမျိုးလည်း မရှိပေ။ သူက ပြိုင်ဘက်ကို အနိုင်ရပြီးမှသာ ထိုအရာများ အားလုံးကို ပြောပါလိမ့်မည်။
ထိုအချိန်တွင်တော့ တာအိုဂိုဏ်းမှ ဂိုဏ်းခွဲသခင်အိုကြီးက ဘောင်းဘီထဲ သေးထွက်ကျသည်အထိ မည်သို့ အရိုက်ခံရကြောင်း ချန်းပင်အန်းကို ပြောပြနိုင်ပါလိမ့်မည်။
သူက လိမ်ညာနေခြင်း မဟုတ်သလို လုံးဝ ကြွားလုံးထုတ်နေခြင်း မဟုတ်ကြောင်း ချန်းပင်အန်းက ပြောနိုင်၏။ မည်သို့ဖြစ်စေကာမူ အရှက်မရှိသော တာအိုသခင်အိုကြီးက တာအိုဘိုးဘေး၏ ဒုတိယတပည့်ဖြစ်ပြီး အစစ်အမှန် ပြိုင်ဘက်ကင်း ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသည်။ အိုက်လျန်က ထိုအရာကို လက်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်က တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။
အိုက်လျန်ဆီတွင် ဓားတစ်ချောင်း မရှိကြောင်း မြင်လိုက်ရသည့်အခါ တာအိုသခင်အိုကြီးကလည်း သူ့လက်နက်ဖြစ်သော အင်မော်တယ်ဓား (၄)လက်ထဲမှ တစ်လက်ကို အသုံးပြုရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။ ထို့နောက် သူတို့နှစ်ယောက်က လက်သီးနှင့် တာအိုစွမ်းအားများကို သုံးပြီး အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။
သူတို့က ကောင်းကင်နတ်ဆိုးများကိုလည်း ဆက်လက် သတ်ဖြတ်နေခဲ့၏။ ထိုအရာက အမှန်တကယ်ကို အံ့ဩစရာကောင်းသော ခံစားမှုတစ်ခု ဖြစ်သည်။ သူက ထိုတာအိုသခင်အိုကြီးကို အနိုင်ရပြီး သူက ပြိုင်ဘက်ကင်း မဟုတ်ကြောင်း အရှုံးပေးမည့် နေ့ရက်မျိုး တဖြည်းဖြည်း ရောက်လာပါလိမ့်မည်။
အိုက်လျန်က ချန်းပင်အန်း၏ ခါးတွင် အနီရောင် အရက်ဘူးတစ်ခု ချိတ်ထားသည်ကို သတိထားမိခဲ့သည်။ သူက အားရပါးရ ရယ်ပြီး ကျေနပ်စွာ ပြောလိုက်၏။
"ေဩာ်.. အခု မင်းက အရက်သောက်တတ်နေပြီလား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်.. ဒါပေမဲ့ ကျွန်တော့်ရဲ့ အရက်ခံနိုင်ရည်ကတော့ သိပ်မကောင်းသေးဘူး။ ကျွန်တော်က တစ်ကြိမ်ကို နည်းနည်းပဲ သောက်နိုင်သေးတယ်…"
အိုက်လျန်က ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြောလိုက်သည်။
"ချန်းပင်အန်း..ငါတို့က ခဏလောက် ဆက်ပြီး စကားပြောလို့ ရသေးတယ်။ မင်းက အရေးကြီးတဲ့ ခေါင်းစဉ်တချို့ကိုပဲ ရွေးပြီး ပြောလို့ရတယ်…."
ချန်းပင်အန်းက မကြာခင် အဖြစ်အပျက်များအကြောင်း အိုက်လျန်ကို အကြမ်းဖျင်း ပြောပြလိုက်သည်။
အိုက်လျန်က လက်မထောင်ပြီး ပြောလိုက်၏။
"ဒီလိုဆိုမှတော့ စိတ်အေးအေးထားပြီး တောင်ဘက်ကို ဆက်သွားပါ။ ပြီးတော့ မြန်မြန် ပိုပြီး အစွမ်းထက်လာအောင် ကြိုးစားပါ။ ဒါဆိုရင် နောက်ပိုင်း မင်းက ကောင်းကင်ပေါ်ကို တက်လာပြီး ငါ့ဆီကို လာလည်လို့ ရလိမ့်မယ်။ လူသားကမ္ဘာကြီးက အရမ်းကောင်းတယ်။ ဒါပေမဲ့ ကောင်းကင်ရဲ့တစ်ဖက်မှာရှိတဲ့ လောကကြီးကတော့ အစွမ်းထက်ပညာရှင်တွေ ပြည့်နေပြီး တော်တော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းတယ်…"
ချန်းပင်အန်းက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ဝန်ခံလိုက်၏။
"အိုက်လျန်..
ကျွန်တော်က နောက်ကျောမှာ ဓားတွေ လွယ်ထားပေမဲ့ အခုချိန်ထိ တရားဝင် ဓားသိုင်းကို မလေ့ကျင့်ရသေးဘူး…"
အိုက်လျန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"အထွဋ်အထိပ်ကို ရောက်သွားရင် လက်သီးသိုင်း လေ့ကျင့်တာက ဓားသိုင်း လေ့ကျင့်တာနဲ့ အတူတူပဲ။ ဘာမှစိုးရိမ်နေဖို့ မလိုဘူး…"
ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်နေသော်လည်း မပြောဘဲ တွေဝေနေမိခဲ့သည်။ အိုက်လျန်က ချန်းပင်အန်း၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်၏။
"ဘာမှမစဉ်းစားနဲ့..။ ကျောက်တုံးတံတားရဲ့ အောက်မှာရှိတဲ့ ဓားအိုကြီးနဲ့ ပတ်သက်ပြီး ချီကျင့်ချွန်က ငါ့ကို အရင်ဆုံး ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့စကားကို ရုပ်သိမ်းခဲ့တယ်။ သူက ငါ့ထက်ပိုပြီး သင့်တော်တဲ့ လူတစ်ယောက်ကို တွေ့သွားပြီလို့ ပြောတယ်။ ငါ ဒေါသမထွက်ပါဘူး။ ဘာလို့လဲဆိုတော့ ငါက ချီကျင့်ချွန်ရဲ့ စိတ်နေသဘောထားကို အကောင်းဆုံး နားလည်တဲ့ လူတစ်ယောက် ဖြစ်နေလို့ပဲ။ ဒါပေမဲ့ ငါ ကိုယ်တိုင်တောင် တော်တော်လေး စိတ်ဝင်စားသလို ခံစားခဲ့ရတယ်။ ဘယ်လို အံ့ဩစရာကောင်းတဲ့ လူမျိုးကများ ဒီလို ခေါင်းမာတဲ့ ချီကျင့်ချွန်ကို အသိတရား ဝင်အောင် လုပ်လိုက်လဲ ဆိုတာ သိချင်နေတာ။ ဒါကြောင့် ငါတို့က နောက်ပိုင်းမှာ ဆုံတွေ့ခဲ့ရတာပဲ…”
“အဲဒီနောက်မှာတော့ ငါ့ရဲ့သံသယတွေ မေးခွန်းတွေက ပျောက်ကွယ်သွားတယ်။ ဘာလို့လဲဆိုတော့ ငါက ကိစ္စတစ်ခုကို နားလည်သွားလို့ပဲ။ တကယ်လို့ ငါက မင်းရဲ့ မွေးရပ်မြေမှာရှိတဲ့ ကျောက်တုံးတံတားကို သွားမယ်ဆိုရင်တောင် ဓားဝိညာဉ်က ငါ့ကို သူ့ရဲ့ သခင်အဖြစ် ရွေးချယ်မှာ မဟုတ်ဘူး။ အရင်တုန်းက ငါ့ဆီကနေ အရမ်းကောင်းတဲ့ အရာတစ်ခု ယူသွားတယ်လို့ ငါ မင်းကို ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒါက ကြွားလုံးထုတ်တာ သက်သက်ပါပဲ…"
ချန်းပင်အန်းက အံ့ဩသွားခဲ့သည်။ အိုက်လျန်ကလည်း ကြွားလုံးထုတ်တတ်ခြင်းပေလော။ အိုက်လျန်က ပြုံးလိုက်၏။ သူ့အပြုံးက မျက်နှာနှင့် ပါးစပ်တက်ချိတ်တော့မလို ဖြစ်နေခဲ့သည်။
သူက အားရပါးရ ပြုံးပြီး မေးလိုက်၏။
"ဘာလဲ.. ငါရော ကြွားလုံးထုတ်လို့ မရဘူးလား။ ပြောစမ်းပါဦး.။ ငါက လက်သီးနဲ့ အထိုးခံရလို့ လူသားကမ္ဘာကြီးထဲကို ပြုတ်ကျလာတာ ရှက်စရာလား။ သေချာပေါက် ရှက်စရာပဲပေါ့.. ဒါပေမဲ့ ငါက မင်းဆီကို လာလည်နိုင်တယ် မဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လဲ…"
ချန်းပင်အန်းက အံ့ဩသွားပြီး မေးလိုက်သည်။
"ဘာကြောင့်လဲ…"
အိုက်လျန်က ကောင်းကင်ကြီးကို လက်ညှိုးထိုးပြပြီး ပြန်ဖြေလိုက်သည်။
"အမှန်တကယ် အစွမ်းထက်တဲ့ လူတွေက ပြိုင်ဘက်ကင်းတာ မကင်းတာကို ဂရုမစိုက်ဘူး။ သူတို့က အသက်ရှင်နေနိုင်ဖို့ပဲ ဂရုစိုက်ကြတယ်။ သူတို့က ဘယ်လောက်ပဲရှုံးရှုံး သူတို့က အသက်ရှင်နေနိုင်ဖို့ပဲ ဂရုစိုက်ကြတယ်။ ဒါဆိုရင် သူတို့က နောက်တစ်ကြိမ် ပြန်ထပြီး ကြောက်စရာကောင်းအောင် တိုက်ခိုက်နိုင်သေးတယ်လေ…”
အိုက်လျန်က တောင်ဘက်ကို လက်ညှိုးထိုးပြပြီး ပြုံးလိုက်သည်။
“တာအိုသခင်အိုကြီးရဲ့ ကျောက်စက်ပန်းဆွဲတောင်ကို ဖြတ်လာပြီးသွားရင် မင်းက ဓားချီ မဟာတံတိုင်းကို ရောက်သွားလိမ့်မယ်။ ငါက အဲဒီနေရာမှာ နှစ်ပေါင်းများစွာ ငါ့ရဲ့ ဓားတာအိုကို ထက်မြက်အောင် လုပ်ခဲ့တာပဲ။ ငါက အမြဲတမ်း ပြိုင်ဘက်ကင်းပြီး အစွမ်းထက်တယ်လို့ ထင်နေတာလား။ မဟုတ်ဘူး.. သေချာပေါက် မဟုတ်ဘူး။ ငါလည်း ခွေးလွင့်တစ်ကောင်လို လိုက်ပြီး တိုက်ခိုက်ခံရတဲ့ အကြိမ်တွေ အများကြီး ရှိခဲ့တယ်…”
“ဒါပေမဲ့ ငါက တစ်ယောက်ချင်း တိုက်ခိုက်ရမယ် ဆိုရင်တော့ ဘယ်သူ့ကိုမှ မကြောက်ဘူး။ အရှက်မရှိတဲ့ နတ်ဆိုးတွေက ပူးပေါင်းပြီး ငါ့ကို တိုက်ခိုက်မယ်ဆိုရင် ငါက ဘာလုပ်နိုင်မှာလဲ။ ငါလည်း ဘာမှရွေးချယ်စရာ မရှိဘဲ ထွက်ပြေးပြီး ကျိန်ဆဲရတာပေါ့။ ငါက ခက်ခက်ခဲခဲ ထွက်ပြေးပြီးတော့မှ ပြန်ခိုးဝင်ပြီး သူတို့တွေထဲက တစ်ယောက်ကို လုပ်ကြံခဲ့တယ်။ ပြီးတော့ ခေါင်းကို မော့ထားနိုင်ခဲ့တယ်…”
“ဓားချီ မဟာတံတိုင်းကို ပြန်ရောက်လာပြီး အဲဒီမဟာနတ်ဆိုးရဲ့ ခေါင်းကို ပစ်ပေးလိုက်တဲ့အချိန်မှာ လူငယ်တွေက ငါဘာမှတောင် ပြောစရာမလိုဘဲ အားရဝမ်းသာ အော်ဟစ်နေကြတာ။ အဲဒီမှာရှိတဲ့ မိန်းမလှလေးတွေရဲ့ မျက်လုံးအကြည့်က ဘယ်လောက်တောင် ဆာလောင်နေလဲ ဆိုတာ မင်းသိမှာတောင် မဟုတ်ဘူး။ သူတို့က ငါ့ကို အရှင်လတ်လတ် ဝါးစားချင်နေသလိုမျိုးပဲ။ အဲဒီအချိန်မှာ ငါက တော်တော်လေး ရှက်ခဲ့ရတယ်…."
ချန်းပင်အန်းက မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ကျွန်တော်က အစပိုင်းမှာ ပြောတဲ့အရာ အားလုံးကိုတော့ ယုံပါတယ်။ ဒါပေမဲ့ နောက်ဆုံးစာကြောင်း (၂)ခု (၃)ခုကိုတော့ မယုံနိုင်ဘူး…”
“မင်းက ငါ့အတွေးကို သိတယ်ဆိုရင်လည်း ဒီလိုတော့ ထုတ်မပြောသင့်ဘူးလေ"
အိုက်လျန်က အိုးတိုးအန်းတန်း ပြောလိုက်သည်။
သူတို့က ခဏကြာ တိတ်ဆိတ်သွားခဲ့၏။ အိုက်လျန်က ကောင်းကင်ပေါ်တွင် ဖြည်းညင်းစွာ ပြန်ပိတ်လာနေသော ဧရာမ အက်ကွဲကြောင်းကြီးကို မော့ကြည့်လိုက်သည်။
"အိုက်လျန်.. ခင်ဗျား အရက်သောက်ဦးမလား"
ချန်းပင်အန်းက ကျယ်လောင်စွာ မေးလိုက်သည်။
အိုက်လျန်က ခဏကြာ စဉ်းစားပြီး ရယ်ကာမောကာနှင့် ပြောလိုက်၏။
"နောက်မှပဲ သောက်တော့မယ်။ ဟုတ်ပြီလေ.. ဒါဆိုရင်လည်း ဒီမှာပဲ အဆုံးသတ်လိုက်တာပေါ့။ မင်းက ဓားချီ မဟာတံတိုင်းကို ရောက်တဲ့အချိန် တစ်ယောက်ယောက်က ဒီကိစ္စကို ပြောပြီး ငါ့အကြောင်း လှောင်နေတယ်ဆိုရင် သိပ်မကြာခင် အိုက်လျန်က ကောင်းကင်ကမ္ဘာကြီးထဲမှာ ရှိတဲ့ တာအိုသခင်ရဲ့ ဒုတိယတပည့်ကို လက်သီးတစ်ချက်တည်းနဲ့ တိုက်ခိုက်လိမ့်မယ်လို့ ပြောပေးဖို့ မမေ့နဲ့…"
ထိုစကားကို ပြောလိုက်ပြီးနောက် အိုက်လျန်က တိုးတိုးလေး ပြောလိုက်သည်။
"ငါ သွားတော့မယ်…"
ခွန် လှေကြီးက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး မီတာပေါင်းများစွာ နိမ့်ဆင်းသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ခက်ခက်ခဲခဲနှင့် အောက်သို့ကျသည့် အရှိန်ကို ထိန်းချုပ်ထားနိုင်ခဲ့၏။
ကောင်းကင်ပေါ်တွင် ပျံသန်းသွားလာနေသော အလင်းတန်းတစ်ခုကိုတော့ ခွန် လှေပေါ်၌ ရှိနေသည့် ချီကျင့်ကြံသူများကပင် မမြင်နိုင်ကြပေ။ ပို၍ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တိမ်တိုက်ပင်လယ်ကြီးက လုံးဝကို ပျောက်ကွယ်သွားခဲ့ရ၏။ အိုက်လျန်က ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
တခဏအတွင်း သူက အရှေ့ပိုင်း ကုန်းမြေကြီးနှင့် အလယ်မြေနတ်ဘုရား ကုန်းမြေကြီး၏ ကြားထဲတွင် ရှိနေသော ပင်လယ်အပေါ်ဘက် ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်လာပြီး အိုက်လျန်က အလယ်မြေနတ်ဘုရား ကုန်းမြေကြီး၏ အရှေ့ဘက် ကမ်းစပ်နှင့် အလွန်ကြီးကျယ်ခမ်းနားသော ပန်းပွားတောင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ကောင်းကင်ပေါ်၌ ရွှေရောင် ချပ်ဝတ်အင်္ကျီ ဝတ်ထားသော နတ်ဘုရားတစ်ယောက်က မျက်လုံးဖွင့်ကြည့်လိုက်၏။ ထို့နောက် အိုက်လျန်က မြစ်ဝါကမ္ဘာငယ်လေး၏ အပြင်ဘက် အနီရောင်တိမ်တိုက်များထဲတွင် ရှိနေသော အင်ပါယာဖြူမြို့ကို ဖြတ်ကျော် ပျံသန်းသွားခဲ့သည်။ မြို့နံရံပေါ်တွင် ရပ်နေသော နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ကတော့ ပျောက်ကွယ်သွားသော သူ၏ပုံရိပ်ကို လျင်မြန်စွာ ငေးကြည့်နေခဲ့၏။
ထိုကဲ့သို့ ပုံစံနှင့် အိုက်လျန်က ကောင်းကင်ကြီးပေါ်တွင် ရှိနေသော အက်ကွဲကြောင်းဆီသို့ လျှင်မြန်စွာ တက်လှမ်းသွားခဲ့သည်။ အက်ကွဲကြောင်း မပိတ်ခင် အိုက်လျန်က ထိုအက်ကွဲကြောင်းထဲမှ ထွက်ပြီး ဤလောကကြီးကို နှုတ်ဆက်သွားခဲ့၏။
ချန်းပင်အန်းကတော့ ရှုခင်းကြည့် စင်မြင့်ပေါ်တွင် အချိန်တော်တော်ကြာ ရပ်နေမိခဲ့ပြီး ထွက်သွားလိုစိတ် မရှိသေးပေ။ အိုက်လျန်က အမှန်တကယ် ပြိုင်ဘက်ကင်းခြင်း ရှိမရှိကို ပြောပြရန် ခက်ခဲသည်။ သို့သော် သူက အမှန်တကယ်ကို ထူးခြားပြီး လွတ်လပ်ပေါ့ပါးသည်ကိုတော့ သံသယဝင်စရာ မရှိချေ။
Translated by Hein Htet.