သူအိမ်လို့ ခေါ်နိုင်တဲ့နေရာရှိလား
Vol. 45 Ch. 623
“ကောင်းကင်ရှောင်တိမ်းခြင်း ငါရသွားပြီ။ အဲ့ဒါ ကောင်းကင်ရှောင်တိမ်းခြင်းပဲ”
ပိတ်သွားသော လေဟာနယ် အက်ကွဲကြောင်းကိုကြည့်ပြီး လင်းရှီယာ့က အော်လိုက်၏။ ရီချန်းနှင့် ယဉ်ရို့ပင်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်သည်။ ကျန်းရီ ထွက်ပြေးမည်ဟု သူတို့ခိုင်မြဲစွာ ယုံကြည်ထားကြသည်။ ကောင်းကင်ဧကရာဇ် ဆန်းကြယ် သိုင်းစွမ်းရည်က မီးတိမ်လေနှင့် မီးတိမ်သံချပ်ကာ အထက်တွင် ရှိနေလေရာ သာမာန်ရှောင်တိမ်းခြင်း သိုင်းမဟုတ်တာ သေချာ၏။ သူ့နောက်ကို လိုက်နေသော သာမာန် ကောင်းကင်ဧကရာဇ် တစ်ဦးအတွက် ခက်ခဲပေလိမ့်မည်။
“လိုက်ကြ သူ့ကိုဖမ်း အဲ့ဒီကောင် အသတ်မခံရရင် ငါလူမဟုတ်တော့ဘူး”
ရှီးဖေး၏ ဒေါသတကြီး အော်သံက ပေါ်ထွက်နေပြီး ရှီးမျိုးနွယ်စု၏ ကောင်းကင်ဧကရာဇ် (၁၂)ယောက်ကလည်း အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြ၏။ ကျန်းရီကို ရှာဖွေရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြတော့သည်။
“မြန်မြန် သူ့ကိုရှာကြ။ နတ်မြင်းပျံ အင်ပါယာထဲက သိုင်းပညာရှင်တွေ အားလုံးကို စေလွှတ်”
ကျန့်ဝူယင်၏ ချောမောသော မျက်နှာလေးက ယခုအချိန်တွင် ရှုံ့မဲ့နေပြီဖြစ်သည်။ သူကအံ့ကြိတ်လျက် အော်ဟစ်လိုက်သည်။ ဖေးချီက လက်ယမ်းပြလိုက်ကာ နတ်မြင်းပျံ၏ အင်ပါယာအတွင်းရှိ သိုင်းပညာရှင်များ အားလုံးက အရပ်မျက်နှာအနှံ့ ချက်ချင်း ပြန်ထွက်သွားကြသည်။ သူတို့ရှာဖွေပြီးသည်နှင့် နတ်မြင်းပျံ နယ်မြေပေါ်ရှိ သိုင်းပညာရှင်များကို ဦးဆောင်ရှာဖွေရန် သတင်းစကား ပို့လိုက်၏။
“ဟမ့်”
ဝူနီက နှာမှုတ်ကာ ကောင်းကင်ကိုခွင်းလျက် လျှို့ဝှက် သက်တော်စောင့်တစ်ဦး အစေခံမလေး နှစ်ဦးတို့ဖြင့် ထွက်သွားလေသည်။ သူ့နောက်မှ ထူလုံက နီးကပ်စွာ လိုက်ပါပြီး ထွက်သွားတော့၏။ ရတနာ ရှာဖွေမှုထဲတွင် ပါဝင်ခဲ့သော မျိုးနွယ်စုများက လူစုကွဲသွားကြသည်။ ရှီးဖေးနှင့် ကျန့်ဝူယင်တို့က ယခုအချိန်တွင် စိတ်အခြေအနေ မကောင်းလေရာ သူတို့ပါဝင် ပတ်သတ်ချင်လိုစိတ် မရှိပေ။
လင်းချီကျန့်က သူတို့ကို ဂရုမစိုက်။ သူက လက်သီးဆုပ်လျက် ပြုံးကာပြောလိုက်တော့သည်။
“ပင်းမိန်းကလေး ချန်းမိန်းကလေး ပွဲက ပြီးသွားပြီ။ ဒီတော့ ဒါရတနာ ရှာဖွေမှုပဲ။ နတ်မြင်းပျံ အင်ပါယာကို လာပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေကို ဒါပြီးရင် ပြန်ရမှာပဲ။ အတူသွားချင်လား”
“ကောင်းပြီလေ”
ယဉ်ရို့ပင်းက ခေါင်းညိတ်ပြီးနောက် ရီချန်းကို ကျော့ရှင်းသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
“အစ်မကြီးချန်း ဒီရတနာသုံးမျိုး ရသွားတဲ့အတွက် ဂုဏ်မပြုရသေးဘူး”
“ဟုတ်တယ် အစ်မကြီးချန်းက အံ့သြစရာပဲ”
“ဟင်း... ငါကတော်ပါတယ် တစ်ယောက်ယောက်ကတော့ နံပါတ်တစ် ရတနာကို ရသွားသေးတာပဲ”
ရီချန်းက ခပ်ဖျော့ဖျော့ပြုံးလျက် မလှမ်းမကမ်းကိုကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်၏။ သူမက
“ကိစ္စတွေလည်း ပြီးသွားပြီ။ အရင်ဆုံး အရှေ့ပိုင်း တော်ဝင်နယ်မြေကို ပြန်ကြရအောင်။ ဒါပေမဲ့ ပိုစိတ်ဝင်စားစရာတွေ ရှိလာလိမ့်မယ်လို့ လောင်းရဲတယ်”
ဝှစ်
လေးယောက်သားက သူတို့၏ လျှို့ဝှက်သက်တော်စောင့် အသီးသီးကို ခေါ်ပြီး အလင်းစီးကြောင်း အသွင်ပြောင်းကာ တောင်ဘက်အရပ်ဆီသို့ ပျံသန်းသွားတော့သည်။ မကြာမီ၌ သူတို့သည် ကောင်းကင်ထဲ၌ ပျောက်ကွယ်သွားတော့၏။
ဝှစ်
ရှီးဖေး၊ ကျန့်ဝူယင်၊ ဖေးချီနှင့် သူတို့အဖွဲ့ကလည်း ကောင်းကင်ထဲသို့ တက်သွားကာ နတ်မြင်းပျံ အင်ပါယာဆီသို့ ပျံသန်းသွားတော့၏။ သူတို့ကို ကြည့်နေသည့် များစွာသော သိုင်းပညာရှင်များကလည်း အရပ်မျက်နှာအနှံ့ ပျံသွားသည်။ နေရာအနှံ့ လူများပြည့်နေပြီး ဆွေးနွေးမှုများက အတောမသတ်နိုင် ဖြစ်နေတော့သည်။
သူတို့ဆွေးနွေးသည့် ကိစ္စရပ်များတွင် ဆန်းကြယ်သော သခင်လေးကျန်း ကိစ္စက အများဆုံးဖြစ်၏။ ထိုအဖြစ်အပျက်ပြီးနောက် သခင်လေးကျန်းဟူသော အမည်သည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲရှိ နယ်မြေများစွာကို ပျံ့နှံ့သွားပေလိမ့်မည်။ ကျန်းရီက နာမည်ကျော်ကြားလာ၏။
ဆိုရလျှင်သူသည် ငရဲအဆင့်ကို ဖြတ်ကျော်ပြီး ရှင်သန်နိုင်ခဲ့ကာ ထိပ်တန်းရတနာ သုံးမျိုးကို ရယူနိုင်ခဲ့သည်။ အပြင်ထွက်လာပြီးနောက် ဧကရာဇ်ကိုးပါး၏ မျိုးဆက်များကိုလည်း ကျီစယ်ခဲ့၏။ ယင်းက အတော်ကြောက်မက်ဖွယ်ကောင်းသည့်အရာ ဖြစ်သည်။
ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုထဲမှ မျိုးနွယ်စုနှစ်ခု၏ မျိုးဆက်များသည် ရတနာများ ရသွားခဲ့သော်ငြား ရှေးမျိုးနွယ်စုများနှင့် လျှို့ဝှက်မဟာမျိုးနွယ်စုများမှ မျိုးဆက်များက ပေါ်မလာခဲ့ပေ။ ပြသခဲ့လျှင်တောင် မည်သည့်ကွာဟချက် ရှိလာမည်နည်း။ သူတို့သည် ရီချန်းနှင့် ရှီးဖေးထက် ပိုသန်မာမည်လော။ ကျန်းရီ၏ အရည်အချင်းသည် ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ အငယ်ဆုံး မျိုးဆက်ကို ကျော်လွန်ပြီးဖြစ်ကာ သူကိုယ်တိုင် ရတနာလေးမျိုး ရသွားခဲ့သည်။ သူ၏ခွန်အားကိုသာ အားကိုးသည်ဖြစ်စေ သို့တည်းမဟုတ် ကံကြောင့်ဖြစ်စေ ယင်းကသူ့ကို တစ်ကမ္ဘာလုံးအနှံ့ ကျော်ကြားအောင် လုပ်နိုင်သေးသည်။
သို့သော် အများစုကမူ ကျန်းရီကို အကောင်းမမြင်ကြပေ။ အနည်းဆုံးတော့ ကျန်းမျိုးနွယ်စု ရှီးမျိုးနွယ်စုနှင့် ဝူမျိုးနွယ်စုတို့က သူ့ကို အမဲလိုက်ရန် အကောင်းဆုံး ကြိုးစားပေလိမ့်မည်။ ရီမျိုးနွယ်စု၊ ယဉ်မျိုးနွယ်စု၊ လင်းမျိုးနွယ်စုတို့က မပါသေးပေ။ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို သိသည်က ကိစ္စမရှိပေ။ မည်သူကမှ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုထံမှ မလွတ်မြောက်နိုင်ပေ။
ဧကရာဇ်ကိုးပါးက ကိုယ်တိုင်လှုပ်ရှားစရာ မလိုဘဲ ကျန်းရီ၏ အသေးအမွှား ခွန်အားလေးကို မဆိုထားနှင့် အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်ကိုတောင် ရက်ရက်စက်စက် သေသွားအောင် လူတစ်ဦးနှစ်ဦး လွတ်လိုက်ရုံမျှသာဖြစ်သည်။
ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ စွမ်းဆောင်ရည်က ဒဏ္ဍာရီသာ မဟုတ်ပေ။ တစ်လောကလုံးက လက်ခံသဘောတူထားသည့် အရာဖြစ်ပြီး ကုန်လွန်ခဲ့သည့် နှစ်ပေါင်း (၇)သိန်းကျော်ကြာ တည်တံ့ခဲ့သည်။
“ဟူး”
နတ်မြင်းပျံ အင်ပါယာ၏ အရှေ့ဘက် ကမ်းရိုးတမ်းတောက်လျှောက် မြို့လေးတစ်မြို့တွင် လေဟာနယ်က ရုတ်တရက် အတက်အကျ ဖြစ်လာတော့သည်။ လေထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး အက်ကွဲကြောင်းထဲမှ လူတစ်ယောက် ပြုတ်ကျလာသည်က မြို့ထဲရှိ သိုင်းပညာရှင်များ အားလုံးကို သတိအနေအထား ဖြစ်သွားစေ၏။ ထိုလူသည် စစ်သည်တော် သံချပ်ကာကို ဝတ်ဆင်ထားလျက် သူ့နားတစ်ဝိုက်တွင် အနီရောင်အလင်းများ ဖြာနေသည်မှာ နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။ သို့သော် သူ့ကြည့်ရတာ အလွန်ဖြူဖျော့နေပြီး သူအပြင်ရောက်လာသည်နှင့် သွေးတစ်ပွက် အန်တော့၏။
မျက်ဝန်းများက နက်မှောင်နေသည်။ မြို့ကို ကောင်းကင်စိတ်အာရုံဖြင့် သိမ်းကြုံးကြည့်ပြီးနောက် ဤနေရာရှိ အစွမ်းအထက်ဆုံး သိုင်းပညာရှင်သည် ဗာဂျရာ နယ်ပယ်မျှသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ သူကမြေပြင်ပေါ် ဆင်းသက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်ထွက်လာကာ မြို့ထဲရှိ သိုင်းပညာရှင်များ အားလုံးကို မလှုပ်နိုင် ဖြစ်သွားစေတော့သည်။
“သူက နတ်ဘုရားလား။ ဘာကြောင့်များ သူ့ရဲ့အရှိန်အဝါက ဒီလောက် ကြောက်မက်ဖွယ် ကောင်းနေတာလဲ။ သူကနတ်ဆိုးလား”
မြို့သူမြို့သား များစွာက သူ့ကို ကြောက်ကြောက်လန့်လန့် ကြည့်နေကြ၏။ မြို့ထဲရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ အတွက်လည်း တူညီပေသည်။ မြို့ထဲတွင် လူဦးရေတစ်သိန်းကျော် ရှိသော်ငြား မည်သူကမှ အသံတစ်သံ မထွက်ရဲချေ။ မရေမတွက်နိုင်သည့် လူများစွာက မြင့်မားသော အဆောက်အဦပေါ်၌ ရပ်နေသော လူငယ်ဆီသို့ ကြည့်နေ၏။ ထိုလူ၏ မျက်ဝန်းများက သွေးကဲ့သို့ ရဲတောက်နေကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ဟိန်းထွက်နေ၏။
ရွှီ ရွှီ
ထိုလူငယ်က ကျန်းရီဆိုတာ သိသာသည်။ သူက အသက်အနည်းငယ် ရှုလိုက်ပြီးနောက် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ ပြီးနောက် သူ၏သွေးနီရောင် မျက်ဝန်းများက အောက်ကို ငုံ့ကြည့်လိုက်ပြီးနောက် မေးလိုက်တော့၏။
“ဒါဘယ်နေရာလဲ”
ပြောပြီးသည်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ပေါ်ထွက်လာသည်။ သို့သော် မြို့ထဲရှိ သိုင်းပညာရှင်များကမူ မလှုပ်ရှားရဲသေးပေ။ ထိုစိတ်ဝိညာဉ် မျောလွင့် ခရီးသွားနယ်ပယ် တပ်မှူးတစ်ဦးက တံတွေးမြိုချလျက် သူ၏စိတ်ဝိညာဉ်သည် ကျန်းရီ၏ အကြည့်ကြောင့် အေးခဲလာတော့၏။ သူက တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောလိုက်တော့သည်။
“အရှင် အရှင် ဒီနေရာက သဲမုန်တိုင်းမြို့ပါ”
“သဲမုန်တိုင်းမြို့လား”
ကျန်းရီ၏ မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်သည့် အရိပ်အယောင် ပေါ်လာ၏။ သူ၏ အက်ရှရှအသံက ထပ်မံ ပေါ်လာပြန်၏
“ရှားထူမြို့နဲ့ ဘယ်လောက်ဝေးလဲ”
“အတော်ဝေးပါတယ်”
ထိုတပ်မှူးက အမြန်ပြန်ပြောသည်။
“ရှားထူမြို့က အလယ်မှာ အရှေ့မြောက် အရပ်ဆီမှာလေ။ ဒီဟာက အင်ပါယာရဲ့ အရှေ့ဘက်ခြမ်း ပြီးတော့ ပျံသန်းခြင်း အရိပ်ပင်လယ်နားလေ”
“ပျံသန်းခြင်း အရိပ်ပင်လယ် ဘေးထဲလား”
ကျန်းရီ၏ မျက်နှထက်၌ ထိတ်လန့်သည့် အရိပ်အယောင် ပေါ်လာသည်။ ကောင်းကင်ရှောင်တိမ်းခြင်း အစွမ်းထက်မှန်း သူသိသော်ငြား ဤမျှအထိ စွမ်းလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိပေ။ တစ်နာရီအတွင်း သူက နတ်မြင်းပျံ အင်ပါယာ၏ တစ်ဝက်ကိုတောင် ကျော်ခဲ့သည်လော။ ဖုန်းလန်တောင် ဤနေရာသို့ ပျံသန်းလာရန် လဝက်ခန့် အချိန်ယူရပေမည်။
“ဒီနတ်ဘုရား စွမ်းရည်က တကယ် အသက်ရှုမှားလောက်တာပဲ။ ငါအလွန် အားနည်းနေသေးတာ နှမြောစရာကောင်းတယ်။ ငါဒါကိုသုံးပြီးရင် ပြန်ကန်အားကလည်း ကြီးတာ။ ငါ့ရဲ့ခန္ဓာကိုယ်က ဒီစွမ်းရည်ကို ဆက်တိုက် ဖိအားပေးပြီး အသုံးပြုမယ်ဆိုရင် လေဟာနယ် ပုံပျက်မှု ဖိအားကြောင့် ငါ့ခန္ဓာကိုယ်က အစိတ်စိတ်အမြွှာမြွှာ ဖြစ်လောက်တယ်”
ကျန်းရီက ရင်ထဲ နက်ရှိုင်းသော ခံစားချက်များဖြင့် သက်ပြင်းချလိုက်၏။ သူသည် လေဟာနယ်ထဲ ဆက်လက် သွားနိုင်သည်။ ကံဆိုးသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးများစွန်းထင်နေလေသည်။ ရွေးချယ်စရာမရှိဘဲ ရှောင်တိမ်းခြင်းကို အသုံးပြုရန် ရပ်တန့်လိုက်ရကာ လေဟာနယ် အက်ကွဲကြောင်းထဲမှ ထွက်လာရ၏။ အတွင်းအင်္ဂါများကလည်း လေဟာနယ် ရှုံ့တွမှု၏ အစွမ်းထက်သော ဖိအားကြောင့် ထိခိုက်ကုန်၏။ သူက ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်သုံးနေခဲ့လျှင် အတွင်းအင်္ဂါများအားလုံး ရောနှောပြီး ပျက်စီးသွားကာ သူသေသွားပေလိမ့်မည်။
ဟူး ဟူး
မည်သူကမှ သူ့ကိုလိုက်မမှီကြပေ။ ကျန်းရီ၏ နှလုံးသားက တည်ငြိမ်သော အနေအထား ရောက်လာတော့သည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို စတင် ဆင်ခြင်ချိန်မှစပြီး သူအလွယ်တကူ ထွက်ပြေးနိုင်မည်ဆိုတာ သေချာနေ၏။ သူသည် ယခင်က စွမ်းရည်ကို တစ်ခါမှ အသုံးမပြုခဲ့သေးတာပဲ ဖြစ်သည်။ မည်သူကမှ ၎င်း၏စွမ်းအား အစစ်အမှန်ကို မတွေ့ဖူးကြပေ။ ကောင်းကင်ရှောင်တိမ်းခြင်းက နေရာရွေ့ပြောင်းမှု ကဲ့သို့ပင် တစ်ကြိမ်ကို ကီလိုမီတာ အနည်းငယ်သာ သွားနိုင်မည်ဆိုလျှင် သူသည် ရန်သူများ အညှာအတာမဲ့စွာ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
ဤရတနာ ရှာဖွေမှု၌ သူအပြည့်အဝ အောင်ပွဲတစ်ခုကို ရရှိခဲ့သည်။ ယခုအချိန်ထိတိုင် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အစောင့်အရှောက်က သူ့ကိုလိမ်လည်ရန် ကူညီပေးရသည့် အကြောင်းအရင်းကို နားမလည်နိုင်သေးပေ။ မည်သူကမှ ထိုကဲ့သို့ မဟာအပေးအယူကြီးကို လဲနိုင်မှာမဟုတ်ပေ။ ရတနာသုံးမျိုးလုံးက အခြေခံအကျဆုံး ရတနာများဖြစ်သည်။ နဂါးညှိုးရော်မြက်ပင်၏ စွမ်းအားက ယှဉ်ပြိုင်ရန် မလိုပေ။ ကောင်းကင်ရှောင်တိမ်းခြင်းကမူ တစ်နာရီအတွင်း သူ့ကို နတ်မြင်းပျံ အင်ပါယာ၏ တစ်ဝက်ကို ကျော်ဖြတ်အောင် ကူညီပေးနိုင်သည်။ ယင်းက မည်မျှကြောက်မက်ဖွယ် ကောင်းသနည်း။
သူသည် မီးတိမ်သံချပ်ကာ၏ စွမ်းအားကြောင့်လည်း အပျော်လွန်နေ၏။ ကောင်းကင်ဧကရာဇ် နယ်ပယ် သိုင်းပညာရှင် များစွာ၏ မဟာဖိအားအောက်တွင် သူက လှုပ်ရှားတာမျိုး မဖြစ်သင့်ပေ။ သို့သော် မီးတိမ်သံချပ်ကာဖြင့် ဖိအားကို မခံစားရတော့ပေ။ အလွှာမြင့် ကောင်းကင်ဧကရာဇ်ထံမှ ထိုးနှက်ချက် တစ်ချက်ကို အနည်းဆုံး ခံနိုင်ရည်ရှိမည်ဟု ယုံကြည်ချက် ရှိသည်။
အတုအယောင် နတ်ဘုရားလက်နက်
ယင်းက လောကထဲတွင် အဆင့်အမြင့်ဆုံး ရတနာဖြစ်သည်။ ယင်းသည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်အတွင်းရှိ အရေးအကြီးဆုံး ထိပ်တန်းရတနာ ဆယ်မျိုးနှင့် မယှဉ်နိုင်သည့်တိုင် သူတို့အဆင့်နား ကပ်နေ၏။ ရီချန်း အနိုင်ရသွားခဲ့သော မီးတိမ်သံချပ်ကာကို မီးတိမ်လေးက ထောက်ပံ့ပေးတာ နှမြောစရာ ကောင်းလှသည်။ မဟုတ်လျှင် သူ့၌ နှစ်ခုလုံး ရှိနေခဲ့ပါက အစွမ်းပိုထက်သွားလိမ့်မည်။
“ရီချန်း”
ထိုအကြောင်းကို တွေးမိပြီး ကျန်းရီက ခါးသက်လာတော့၏။ သူ၏မျက်ဝန်းက မမြင်နိုင်တော့ပေ။ ရီဖျောင်ဖျောင်က ဗုဒ္ဓဧကရာဇ်၏ သမီးမဟုတ်။ ယွီဝန်ကို ရှာမတွေ့နိုင်။ သူမည်သည့်နေရာသို့ သွားသင့်သနည်း။
ကျန်းရီ၏ မျက်လုံးထဲ၌ ဇဝေဇဝါဖြစ်မှုက ပိုပြင်းထန်လာပြီး သိုင်းခန်းမဆောင် ထူမျိုးနွယ်စု ကျန်းမျိုးနွယ်စု ရှီးမျိုးနွယ်စုတို့က သူ့ကို သေချာပေါက် ချမ်းသာမပေးမှာကို တွေးမိသည့်အချိန်တွင် ကျန်းရီ၏ မျက်ဝန်းထဲရှိ စိတ်ရှုပ်ထွေးမှုက ပိုပြင်းထန်လာသည်။ ဤကျယ်ဝန်းသော လောကထဲတွင် သူ့အဖို့ အိမ်ဟုခေါ်နိုင်သည့်နေရာ ရှိသေးသည်လော။
***