← Chapters

မတူညီသော အတွေးများ

Vol. 6 Ch. 51

မတူညီသော အတွေးများ

Vol. 6 Ch. 51

မကြာမီတွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ရှန်ကျန်းဂိုဏ်းသားများကို ဦးဆောင်၍ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ ဝမ်တာအိုတောင်ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားလူများ အလွန်အမင်း အံ့အားသင့်သွားကြသည်။ သူတို့လူစုသည် အလွန်ရိုသေလေးစားသော အမူအယာဖြင့် နှုတ်ဆက်ရန် ရှေ့တိုးသွားကြသည်။

"ဝမ်တာအိုတောင်က ဧည့်သည်တော်ကြီးတွေ ရောက်လာတာကို ကြိုမသိလိုက်လို့ စောစောစီးစီး ထွက်မကြိုမိတာ တကယ့်ကို တောင်းပန်ပါတယ်"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။

သို့သော် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်တို့လူစု မထင်မှတ်ထားသည်မှာ ဝမ်တာအိုတောင်မှ လူများသည် သူတို့ထက်ပင် ပို၍ယဉ်ကျေးနေခြင်း ဖြစ်သည်။

"ကိစ္စမရှိဘူး... ကိစ္စမရှိပါဘူး"

ကျူးကော်ချင်းက ဦးညွှတ်လိုက်ပြီး သူ၏ဟန်ပန်က အလွန်နှိမ့်ချပုံပေါက်သည်။

"ဖိတ်ကြားမထားဘဲ ရောက်လာတာက ငါတို့ပါ... ငါတို့ကသာ မင်းတို့ကို အနှောင့်အယှက် ပေးမိတာပါ"

"...."

ကျူးကော်ချင်း၏ဟန်ပန်ကြောင့် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်တို့လူစု၏ မျက်နှာများပေါ်တွင် နားမလည်နိုင်သော အမူအယာများ ထင်ဟပ်လာသည်။ သူတို့၏စိတ်နှလုံးသားများသည် မြှောက်ပင့်ခံရသကဲ့သို့ ခံစားချက်ကြောင့် တုန်လှုပ်နေသည်။

အကယ်၍ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သာ ယခင်က အခမ်းအနားတချို့တွင် ကျူးကော်ချင်းကို မမြင်ဖူးခဲ့လျှင် သူ၏ရှေ့မှ ကျူးကော်ချင်းသည် အယောင်ဆောင်ထားသူဟု သူ သံသယဝင်မိမည်မှာ သေချာပေါက်ပင်။ မည်သို့ပင်ဆိုစေကာမူ ဝမ်တာအိုတောင်ကဲ့သို့ အစွမ်းထက်သည့် ဂိုဏ်းကြီးသည် သူ၏ရှန်ကျန်းဂိုဏ်းအပေါ် မည်သည်ကြောင့် ဤမျှထိ ယဉ်ကျေးနေသနည်း။

သို့ရာတွင် ကျူးကော်ချင်းသည်လည်း ထပ်တူထပ်မျှပင် မြှောက်ပင့်ခံရသကဲ့သို့ခံစားနေရသည်။ ရှန်ကျန်းဂိုဏ်းသည် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းဆိုသည်ကို သူ မယုံကြည်ချေ။ ကျုံးချင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မျိုး ကြီးကြပ်နေသည့် ဂိုဏ်းဖြစ်သဖြင့် သူ၏စိတ်ထဲတွင် ရှန်ကျန်းဂိုဏ်းသည် အရှေ့ပိုင်းဒေသမှ မြင့်မြတ်နယ်မြေများထက်ပင် ပို၍အဆင့်မြင့်မားနေသည်။

သို့သော် ဤကဲ့သို့ ဂိုဏ်းမျိုးဖြစ်သည့် ရှန်ကျန်းဂိုဏ်းသည် ဤမျှထိ နှိမ့်ချပြီး ဖော်ရွေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် ဝမ်တာအိုတောင်ဂိုဏ်းချုပ်လေး ဖြစ်သည့် သူ့အပေါ်တွင်လည်း ဤမျှထိ ယဉ်ကျေးစွာ ဆက်ဆံနေပေ၏။

အချိန်တခဏကြာအထိ နှစ်ဖက်စလုံးမှ လူများသည် မြှောက်ပင့်ခံရသကဲ့သို့ ခံစားချက်အောက်တွင် ပို၍ယဉ်ကျေးလာကြပြီး သူတို့၏ ဟန်ပန်များကို ပို၍နှိမ့်ချလာကြသည်။

"ဂိုဏ်းချုပ်ကျူးကော်က ယဉ်ကျေးလွန်းနေပြီ"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က သူ၏ခန္ဓာကိုယ်ကို လက်မအနည်းငယ် နှိမ့်ချလိုက်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...လုံးဝ မဟုတ်ပါဘူး"

ကျူးကော်ချင်းက သူ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ပို၍နှိမ့်ချလိုက်၏။

"ဂိုဏ်းချုပ်ရွှမ်ယွမ်ကသာ ယဉ်ကျေးလွန်းတာပါ"

"မဟုတ်ဘူး မဟုတ်ပါဘူး... ဒါတွေက ဖြစ်သင့်တာပါ ဖြစ်သင့်တာတွေပါ...."

ကျူးကော်ချင်းက သူ့ထက် ခေါင်းတစ်ဝက်ခန့် နှိမ့်ချလိုက်သည်ကို မြင်တွေ့ချိန်၌ ရွှမ်ယွမ်ဟုန်က မသိစိတ်မှနေ၍ သူ၏ခေါင်းကို နောက်ထပ် လက်မဝက်ခန့် ထပ်မံ၍ နှိမ့်ချလိုက်သည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်သား အပြန်အလှန် လုပ်ဆောင်နေကြသည်။ နောက်ဆုံးတွင် နှစ်ဖက်လုံး မြေကြီးပေါ် ဝပ်တွားလုနီးပါး ဖြစ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ဦးချတော့မည့် အခြေအနေ ဖြစ်သွားသည်။ ထို့ပြင် ထိုလူနှစ်ယောက်၏နောက်မှ လိုက်ပါလာကြသည့် အကြီးအကဲများကလည်း လိုက်လုပ်ကြရာ သူတို့တစ်ယောက်ချင်းစီသည် ကုန်းကွကွနေကြပြီး အလွန်ရယ်ရွှင်ဖွယ်ကောင်းသော မြင်ကွင်းပင်။

နှစ်ဖက်လုံးမှလူများ အလွန်အမင်း ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းမှ လူများသည် ရှန်ကျန်းပင်မတောင်ထိပ်သို့ အတူတကွ လျှောက်လှမ်းလာကြ၏။ ထို့နောက် သူတို့သည် ပင်မတောင်ထိပ်တွင်ထိုင်ကာ နေ့စဉ်ကိစ္စများကို ပျော်ရွှင်စွာ ဆွေးနွေးကြသည်။ သူတို့သည် အလွန်စိတ်အားထက်သန်မှု နွေးထွေးမှုတို့ဖြင့် စကားပြောဆိုနေကာ နှစ်ဖက်လုံးမှ လူများ၏ပါးစပ်များ နားရွက်တက်ချိတ်လုမတတ် ပြုံးရယ်နေကြသည်။

'ရှန်ကျန်းဂိုဏ်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ရည်ရွယ်ထားပြီးတော့ ကြိုးစားအားထုတ်မှုတချို့ လိုအပ်မယ်လို့ ငါ ထင်ထားခဲ့တယ်.... ဒီလောက်ထိ ချောမွေ့လိမ့်မယ်လို့ ငါ ထင်မထားဘူး"

ကျူးကော်ချင်းက တွေးတောလိုက်ပြီး ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်ကို အပြုံးနှင့် ကြည့်လိုက်သည်။

'ဝမ်တာအိုတောင်နဲ့ အဆက်အသွယ်ရဖို့ ခက်ခဲလိမ့်မယ်လို့ ပြောနေတုန်း ရှိသေးတယ်... ဒီလောက်ထိ လွယ်ကူလိမ့်မယ်လို့ ငါ ထင်မထားဘူး'

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်က တွေးတောလိုက်ပြီး ကျူးကော်ချင်းကို အပြုံးနှင့် ကြည့်လိုက်၏။

သူတို့၏ ရယ်ပြုံးနေသော အကြည့်များ ဆုံသွားကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် ယဉ်ကျေးစွာ ထပ်မံ၍ ပြုံးပြလိုက်ကြသည်။

"ဂိုဏ်းချုပ်ကျူးကော်....ငါ့မှာ မင်းကို အကူအညီ တောင်းစရာ ကိစ္စတစ်ခု ရှိပါတယ်"

"ဂိုဏ်းချုပ်ရွှမ်ယွမ် ငါ့မှာ အတင့်ရဲတဲ့ တောင်းဆိုမှုတစ်ခု ရှိနေတယ်"

ထိုအချိန်တွင် နှစ်ဖက်လုံး တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။ ထို့နောက် သူတို့သည် နောက်တစ်ကြိမ် ထပ်မံ၍ ပြုံးပြလိုက်ကြ၏။

"ဟား ဟား ဟား...တိုက်ဆိုင်လိုက်တာ....မင်း အရင်ပြောပါ...မင်း အရင်ပြောပါ"

ရွှမ်ယွမ်ဟုန်က ပြောဆိုသည်။

"ကောင်းပြီလေ.... ဒါဆိုရင် ငါ အရင်ပြောပါ့မယ်"

ကျူးကော်ချင်းက သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ပြောဆိုလိုက်သည်။

"ခု​ဏက ငါ ရှန်ကျန်းဂိုဏ်းထဲကို ဝင်လာတဲ့အချိန်က မင်းတို့ဂိုဏ်းမှာ ပြီးပြည့်စုံတဲ့ လက်ယာတောင်စောင့်ဝင်္ကပါ မရှိသေးတာကို သတိထားမိတယ်...ငါတို့အားလုံးက အားနေကြတာဆိုတော့ မင်းတို့ဂိုဏ်းအတွက် လက်ယာတောင်စောင့် ဝင်္ကပါတစ်ခုကို ကူညီပြီး ခင်းကျင်းပေးမယ်လို့ တွေးမိလို့ပါ"

ထိုစကားကို ကြားချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်တို့လူစု မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ ယနေ့တွင် ဝမ်တာအိုတောင်မှလူများ လာရောက်လည်ပတ်ခြင်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေခြင်းတို့မှာ အကူအညီတောင်းစရာရှိ​၍ ဖြစ်မည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြသည်။

ထို့ကြောင့် ကျူးကော်ချင်းက အတင့်ရဲသော တောင်းဆိုမှုတစ်ခု ရှိသည်ဟု ပြောချိန်တွင် ရွှမ်ယွမ်ဟုန်က သူ၏စိတ်ထဲတွင် ပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် ဤသည်က ယခုကဲ့သို့ အတင့်ရဲသော တောင်းဆိုမှုမျိုး ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန် နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။ ဤကဲ့သို့ မဖြစ်သင့်ပေ။ ဤမျှထိ ကောင်းမွန်သော ကိစ္စမျိုး အမှန်တကယ် ရှိနိုင်မည်လော။ ထို့ပြင် သူ ကျူးကော်ချင်းထံသို့ တောင်းဆိုချင်နေသည့် အကူအညီမှာလည်း ရှန်ကျန်းဂိုဏ်းအတွက် လက်ယာတောင်စောင့်ဝင်္ကပါတစ်ခုကို ဝမ်တာအိုတောင်မှ လူများက ကူညီ၍ ခင်းကျင်းပေးရန်ပင်။ ထိုသို့ဖြစ်သောကြောင့် ဤသည်မှာ သူ အလိုရှိသည်နှင့် အံ့ဝင်ခွင်ကျ ဖြစ်နေသည်။

"အမ်... ဂိုဏ်းချုပ်ကျူးကော်... တကယ်တော့ ငါ ခုဏက ပြောမလို့ လုပ်တာကလည်း ဝမ်တာအိုတောင်က အဖွဲ့ဝင်တွေကို ငါတို့အတွက် လက်ယာတောင်စောင့်ဝင်္ကပါတစ်ခုကို ကူညီ ခင်းကျင်းပေးဖို့ တောင်းဆိုမလို့ပဲ...ဒါပေမဲ့ မင်းက အရင်စပြောလာမယ်လို့ ငါ ထင်မထားမိဘူး"

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်က အံ့အားသင့်မှုမှ ပြန်လည်သတိဝင်လာပြီး ပြောဆိုလိုက်သည်။

"အော်..."

ထိုစကားကို ကြားချိန်၌ ကျူးကော်ချင်း၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ရှန်ကျန်းဂိုဏ်းနှင့် ဆက်ဆံရေး ပို၍ကောင်းမွန်အောင် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားနေစဥ်တွင် ရှန်ကျန်းဂိုဏ်း၏ အားနည်းသော လက်ယာတောင်စောင့်ဝင်္ကပါကို သတိရသွားသဖြင့် ပြောဆိုလိုက်ခြင်းဖြစ်ပေ၏။ သူ ထိုသို့ လုပ်ဆောင်လိုက်ခြင်းက စည်းကျော်ရာ ရောက်သွားမည်လောဟု သူ အလွန့်စိတ်ပူနေခဲ့မိသည်။ မည်သို့ပင်ဆိုစေကာမူ ကျုံးချင် ကြီးကြပ်နေသည့် ဂိုဏ်းတစ်ဂိုဏ်းသည် သူ၏ဝမ်တာအိုတောင်မှ လက်ယာတောင်စောင့်ဝင်္ကပါကို ခင်းကျင်းပေးရန် မည်သည်ကြောင့် လိုအပ်မည်နည်း။

သို့ရာတွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်က ထိုသို့ ပြောလာလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။ ဤကိစ္စသည် ရိုးရှင်းလွန်းစွာ ပြီးဆုံးသွားသည်ဟု ဆိုရပေမည်။အတိုချုပ်ဆိုရလျှင် သူ၏ခံစားချက်တို့ကို နှုတ်ဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်နေတော့သည်။

ကြည့်ရသည်မှာ ရှန်ကျန်းဂိုဏ်းက ကျုံးချင်သည် ဝမ်တာအိုတောင်ကို ကယ်တင်ခဲ့သည်ကို သိရှိပြီး သူတို့၏ရည်ရွယ်ချက်ကို ခန့်မှန်းမိပုံရသည်။ ထို့ပြင် ဝမ်တာအိုတောင်က အလိုက်သိသောကြောင့် သို့မဟုတ် ကျုံးချင်၏ ခွင့်ပြုချက် ရထားသောကြောင့် ရှန်ကျန်းဂိုဏ်းက သူ့ကို ဤနည်းလမ်းဖြင့် ကျေးဇူးပြန်ဆပ်ခွင့် ပေးလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုအချက်ကို တွေးမိချိန်၌ ကျူးကော်ချင်း၏စိတ်ထဲတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားသည်။ မကြာမီ နှစ်ဖက်လုံးက လက်ယာတောင်စောင့်ဝင်္ကပါကိစ္စကို သဘောတူညီမှု ရယူလိုက်ကြ၏။

အချိန်တခဏကြာ ထိုင်ပြီးနောက် ကျူးကော်ချင်းသည် သူ၏လူများနှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

"ဂိုဏ်းချုပ်ရွှမ်ယွမ်... ငါတို့ အရင် ပြန်လိုက်အုံးမယ်....ဝင်္ကပါခင်းကျင်းဖို့အတွက် ပြင်ဆင်စရာတွေ အများကြီး လိုအပ်နေသေးတယ်...ငါတို့က ပြန်ပြီးပြင်ဆင်လိုက်ပါအုံးမယ်..ငါတို့အဆင်သင့် ဖြစ်တာနဲ့ ဝင်္ကပါကို ခင်းကျင်းဖို့ ချက်ချင်းပြန်လာခဲ့ပါ့မယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် ကျူးကော်ချင်းတို့လူစုသည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြ၏။ ဤကိစ္စကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ရန် သူတို့ စိတ်အားထက်သန်နေကြသည်။ သူတို့သည် နှုတ်ဆက်စကား ပြောဆိုပြီးနောက် ထွက်ခွာသွားကြတော့သည်။

"သူတို့... သူတို့က တကယ်ကြီး ဒီလိုမျိုး ထွက်သွားကြတာလား"

ထွက်ခွာသွားသော ကျူးကော်ချင်းတို့လူစူကို ကြည့်ရင်း ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့်တခြားလူများ နေရာမှာပင် ကြက်သေသေပြီး ကျန်ရစ်ခဲ့ကြသည်။

ဝမ်တာအိုတောင်က သူတို့၏ရှန်ကျန်းဂိုဏ်းအပေါ် အကြောင်းမဲ့သက်သက် ယဉ်ကျေးစွာ ဆက်ဆံခဲ့သည့်အပြင် ဝင်္ကပါပင် ခင်းကျင်းပေးမည်ကို သူ မယုံကြည်​နိုင်ချေ။ ထို့ကြောင့် ဝမ်တာအိုတောင်က သူတို့၏ရှန်ကျန်းဂိုဏ်းကို အကူအညီတောင်းစရာကိစ္စ သေချာပေါက် ရှိနေကာ ကိစ္စသေးသေးမွှားမွှားမဟုတ်ဟု သူ အခိုင်အမာ တွက်ဆထားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးအချိန်ထိ ဝမ်တာအိုတောင်မှ တောင်းဆိုလာမည့် မည်သည့်တောင်းဆိုချက်ကိုမဆိုလက်ခံရန် သူ ပြင်ဆင်ထားခဲ့သည်။

သို့ရာတွင် သူတို့သည် မည်သည့်အရာမျှ မတောင်းဆိုဘဲ ဤအတိုင်း ထွက်ခွာသွားကြ၏။ ဤသည်က ရှန်ကျန်းဂိုဏ်းမှလူများကို လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားစေသည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ"

ကျယ်ဝန်းသော ရှန်ကျန်းခန်းမဆောင်ကြီးထဲတွင် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်မှအစ တောင်ထိပ်သီးသီးမှ တောင်သခင်များနှင့် အကြီးအကဲများအထိ သူတို့အားလုံး ယခုအချိန်တွင် ခေါင်းကုတ်နေကြသည်။

"ငါ့ကို မကြည့်ကြနဲ့... ငါလည်း စဉ်းစားလို့ မရဘူး"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ဝမ်းသာမှုနှင့် အံ့အားသင့်မှုကို ရောယှက်၍ ခံစားနေရသည်။ သူ စိတ်ပူနေရသည့် လက်ယာတောင်စောင့်ဝင်္ကပါ ကိစ္စ လွယ်လင့်တကူ ပြေလည်သွားသဖြင့် သူ ဝမ်းသာရသည်။ သို့သော် ဝမ်တာအိုတောင် မည်သည်ကြောင့် ဤသို့လုပ်ဆောင်သွားသည်ကို သူ ယခုထိ စဉ်းစားမရသေးသဖြင့် အံ့အားနေခြင်းဖြစ်သည်။

"ကျွန်တော် သိပြီ"

လူများအားလုံး အကြောင်းပြချက်ကို ခေါင်းကွဲထွက်လုမတတ် စဉ်းစားနေကြစဉ် လူအုပ်ကြားမှ တတိယအကြီးအကဲက အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဘာလဲ"

လူများအားလုံး သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

"ကျုံးချင်ပဲ... ကျုံးချင်ကြောင့် ဖြစ်ရမယ်"

တတိယအကြီးအကဲက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

"ကျုံးချင်ကြောင့်သာ ဝမ်တာအိုတောင်ရဲ့ အပြုအမူကို ရှင်းပြလို့ ရနိုင်မယ်"

တတိယအကြီးအကဲ၏ သတိပေးချက်ကြောင့် တခြားသူများလည်း ချက်ချင်း သဘောပေါက်သွားကြသည်။ ဤသည်မှာ အမှန်ပင်။ သူတို့သည် ရှန်ကျန်းဂိုဏ်း၏တန်ဖိုးကို မသိဘဲ နေမည်လော။ သူတို့၏ဘိုးဘေးသင်္ချိုင်းမှနေ၍ မီးခိုးများ အူထွက်နေလျှင်ပင် ဝမ်တာအိုတောင်သည် ဤသို့ ကူညီပေးမည် မဟုတ်ချေ။

လက်ရှိချိန်၌ ကျုံးချင် တစ်ယောက်တည်းသာလျှင် ဝမ်တာအိုတောင်ကို ဤကဲ့သို့ ပြုမူအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ ထို့ပြင် လူအုပ်ထဲမှတစ်ယောက်က ဖုန်းထျန်းမြို့မှ ထောက်လှမ်းရေးသတင်းကို ရုတ်တရက် သတိရသွားသည်။ ထိုသတင်းအရ ကျုံးချင် နတ်ဆိုးသားရဲကို သုတ်သင်ရှင်းလင်းစဉ်က ဝမ်တာအိုတောင်မှလူများ ထိုနေရာ၌ ရှိနေခဲ့ကြသည်။ ဤအချက်များကို ဆက်စပ်ကြည့်လိုက်လျှင် အမှန်တရားသည် သေချာသလောက် ရှိနေလေပြီ။

လူများအားလုံး အသက်ရှူမှားသွားကြသည်။ သူတို့မျက်လုံးထဲတွင် ကျုံးချင်သည် ပို၍လျှို့ဝှက်ဆန်းကြယ်လာပေ၏။

ဝမ်တာအိုတောင်သည် တခြားအင်အားစုများနှင့် မတူညီချေ။ သူတို့၏အင်အားသည် မကြီးမားလျှင်ပင် သူတို့၏ ထူးခြားသော တည်ရှိမှုကြောင့် ဝမ်တာအိုတောင်သည် မြင့်မြတ်နယ်မြေတစ်ခု၏ရှေ့၌ပင် ဤကဲ့သို့ ပြုမူမည် မဟုတ်လောက်ပေ။ သို့သော် ကျုံးချင်က ဝမ်တာအိုတောင်ကို ဤသို့ ပြုမူအောင် စွမ်းဆောင်နိုင်သဖြင့် သူသည် သူတို့ အပေါ်ယံ မြင်ထားသကဲ့သို့ ရိုးရှင်းသူ မဟုတ်ကြောင်း ပြသရန် လုံလောက်နေလေပြီ။

All Chapters