← Chapters

အင်မော်တယ်ဧကရာဇ် ဝင်စားသူ

Vol. 6 Ch. 52

အင်မော်တယ်ဧကရာဇ် ဝင်စားသူ

Vol. 6 Ch. 52

'ဘုရင်အဆင့် သိုင်းကျမ်းရှစ်အုပ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်ခြင်း...'

'အဖြူရောင်အဆင့် ပါရမီသာ ရှိသူတစ်ယောက်ကို ချန်ရွှမ်နယ်ပယ်သို့ တစ်လအတွင်း ရောက်ရှိအောင် ကူညီပေးနိုင်ခြင်း...'

'ဝမ်တာအိုတောင်ကို ယခုကဲ့သို့ အနေအထားမျိုးဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း...'

'ဆံနီမိစ္ဆာအိုကြီးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်ခြင်း...'

'လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်ရှိ ခေါင်းသုံးလုံးဝံပုလွေနတ်ဆိုးကို သစ်ရွက်တစ်ရွက်တည်းဖြင့် ချက်ချင်းသတ်ဖြတ်နိုင်ခြင်း...'

'ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ထျန်းယွင်ဂိုဏ်းတွင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာမရဘဲ ပြန်လည်ထွက်ခွာလာနိုင်ခြင်း...'

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် မကြာသေးမီက ကျုံးချင်နှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားရင်း လက်နောက်ပစ်ကာ တွေးတောနေမိသည်။

တခြားလူများ မသိနိုင်သော်လည်း ကျုံးချင်၏ အရိုးသက်တမ်းသည် ဆယ့်ရှစ်နှစ်သာ ရှိသေးကြောင်း သူ ကောင်းစွာ သိရှိထားပေ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က တောင်ပေါ်သို့ ရောက်လာချိန်တွင် ကျုံးချင်သည် လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် သူ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူပင်။

မကြာသေးမီက ကျုံးချင် လုပ်ဆောင်ခဲ့သော ကိစ္စရပ်များသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော ဘိုးဘေးအိုကြီးတစ်ဦး၌ ဖြစ်ပျက်ခဲ့ပါက သူ ဤမျှထိ အံ့အားသင့်မိမည် မဟုတ်ပေ။ သို့သော် အရိုးသက်တမ်း ၁၇ နှစ် ၁၈ နှစ်သာ ရှိသေးသူတစ်ဦးတွင် ဤအရာများ ဖြစ်ပျက်နေခြင်းသည် အလွန်ထူးဆန်းနေသည်။

ပါရမီ မည်မျှထိ မြင့်မားပါစေ ထိုအသက်အရွယ်၌ ဤအဆင့်မျိုးသို့ ရောက်ရှိရန် မဖြစ်နိုင်ချေ။ သို့သော် လက်တွေ့တွင်မူ ထိုမဖြစ်နိုင်သော အရာသည် သူတို့၏မျက်စိရှေ့မှောက်တွင် အမှန်တကယ် ဖြစ်ပျက်နေခဲ့လေပြီ။

ကျုံးချင်သည် အမှန်စင်စစ် မည်သူဖြစ်သနည်း...

သူသည် မည်သို့သော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသနည်း....

ဤမေးခွန်းသည် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်တစ်ဦးတည်း၏မေးခွန်းမဟုတ်ဘဲ ဤနေရာတွင် ရှိနေကြသူများအားလုံး၏ မေးခွန်းလည်း ဖြစ်ပေ၏။

"အမ်... ငါ သတိရပြီ"

ထိုအချိန်မှာပင် လူအုပ်ကြားထဲမှ တတိယအကြီးအကဲသည် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်ပြီး အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူသည် အံ့အားသင့်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား သူ၏မျက်လုံးများ ပြူးကျယ်ကာ တုန်ရီနေသည်။

တတိယအကြီးအကဲ၏အမူအယာကြောင့် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားသူများ ချက်ချင်း အာရုံစိုက်လာကြသည်။

"တတိယအကြီးအကဲ... မြန်မြန်ပြောပြပါ... ဘာကို သတိရသွားတာလဲ"

လူများအားလုံးက တတိယအကြီးအကဲကို ကြည့်လိုက်ကြသည်။

"ရှေးဟောင်းမှတ်တမ်းတွေထဲမှာပါတဲ့ ကိစ္စတစ်ခုကို ခင်ဗျားတို့ သိကြလား...."

တတိယအကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်၍ ပြောပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းလောက်က ကုန်းမြေရဲ့ တောင်ပိုင်းဒေသမှာ ပါရမီရှင်တစ်ယောက် ထွက်ပေါ်ခဲ့ဖူးတယ်... သူက ချန်ရွှမ်နယ်ပယ်ကို လဝက်အတွင်း လမင်းနက်နဲသိမ်မွေ့နယ်ပယ်ကို သုံးလအတွင်း ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ကို တစ်နှစ်အတွင်း ရောက်ရှိခဲ့တယ်လို့ ဆိုတယ်... ပြီးတော့ ဆယ်ကျော်သက်အရွယ်မှာပဲ သူက ဝင်္ကပါတွေ ဆေးဖော်စပ်နည်းတွေနဲ့ အဆင့်မြင့် ထူးဆန်းတဲ့ စွမ်းရည်မျိုးစုံကို ထိန်းချုပ်နိုင်ခဲ့တယ်"

တတိယအကြီးအကဲ၏စကားကို ကြားချိန်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည်လည်း ချက်ချင်း ပြန်လည်အမှတ်ရသွားပြီး အံ့အားတသင့် ပြောဆိုလိုက်သည်။

"နောက်ပိုင်းမှာ တောင်ပိုင်းဒေသကို စုစည်းပြီးတော့ အင်မော်တယ်ဧကရာဇ်အဆင့် ထိပ်သီးကျင့်ကြံသူ ဖြစ်လာခဲ့တဲ့ တောင်ပိုင်းစွန့်ပစ်နယ်မြေသခင်အကြောင်း ပြောနေတာလား"

"ဟုတ်တယ်... သူ့အကြောင်းကို ပြောနေတာပဲ"

တတိယအကြီးအကဲက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ဖြည်းညှင်းစွာ ဆက်လက်၍ ပြောဆိုသည်။

"သူ ဘာလို့ အဲ့ဒီလောက်ထိ ပါရမီထူးချွန်ခဲ့လဲဆိုတာ ဂိုဏ်းချုပ် သိလား"

"အဲ့ဒါက တောင်ပိုင်းစွန့်ပစ်နယ်မြေသခင်က ပုံမှန်ကျင့်ကြံခဲ့တာ မဟုတ်လို့လေ... သူကအစကတည်းက အင်မော်တယ်ဧကရာဇ် ဖြစ်ပြီးသားလူလေ... သူက အင်မော်တယ်ဧကရာဇ်တစ်ယောက် ပြန်ဝင်စားတဲ့သူ ဖြစ်နေလို့ပဲ"

ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်သည် ရှေးဟောင်းမှတ်တမ်းများကို ပြန်လည်တွေးတောရင်း အသေးစိတ် တုံ့ပြန်အဖြေပေးလိုက်သည်။ သို့သော် သူသည် စကားဆုံးသည်နှင့် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်မိလေ၏။ သူသည် သူ၏ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထခုန်လိုက်မိသည်။

"သောက်ကျိုးနည်း... ကျုံးချင်ကလည်း အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားတဲ့သူလို့ ခင်ဗျား ပြောချင်တာလား"

"အတိအကျပဲ"

တတိယအကြီးအကဲက လေးလေးနက်နက် ပြန်ဖြေလိုက်၏။

ဤသတင်း ထွက်ပေါ်လာသည်နှင့် လူများအားလုံး၏စိတ်နှလုံးသားကို ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည့်အလားပင်။

အင်မော်တယ်ဧကရာဇ်...

အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူ...

ဤသည်က အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားသူများသည် အသက်ရှူ မြန်ဆန်လာပြီး အသက်ရှူမဝသကဲ့သို့ ခံစားလိုက်ကြရ၏။ အထူးသဖြင့် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် ဤအချိန်အခိုက်အတန့်တွင် တခြားအရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ပြန်လည်သတိရလိုက်သည်။

ဤသည်မှာ ကျုံးချင်က သူ ကျင့်ကြံသော နည်းစနစ်သည် ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်ဖြစ်ကြောင်း တစ်ကြိမ်ပြောခဲ့ဖူးခြင်းပင်။ ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်ကို မည်သူက ပိုင်ဆိုင်နိုင်မည်နည်း။ အင်မော်တယ်ဧကရာဇ်တစ်ပါးသာလျှင် ပိုင်ဆိုင်နိုင်ပေမည်။

ဤသို့ တွေးကြည့်လိုက်လျှင် ထိုကိစ္စကို အတည်ပြုပြီးသား ဖြစ်သွားလေပြီ။ ကျုံးချင်သည် အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူသာ ဖြစ်ပေမည်။ ကျုံးချင်သည် အင်မော်တယ်ဧကရာဇ် ဝင်စားသူ ဖြစ်နေပါက ယခု သူ ပြသနေသော မယုံကြည်နိုင်စရာ လုပ်ရပ်များအားလုံးသည် ကျိုးကြောင်းဆီလျော်သွားခဲ့လေပြီ။

အချိန်တခဏကြာသည်အထိ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားလူများသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင် ဖြစ်နေကြ၏။ သူ၏ သေးငယ်သော ရှန်ကျန်းဂိုဏ်းတွင် အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူတစ်ဦး ရှိနေခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်သည် အချိန်တစ်ခုကြာလျှင် သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။

ထိုအချိန်၌ အင်မော်တယ်ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးလိုက်သော ဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် သူ၏ရှန်ကျန်းဂိုဏ်းသည် မည်သည့်အဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာမည်နည်း။ အရှေ့ပိုင်းဒေသမှ မြင့်မြတ်နယ်မြေတစ်ခုလော။ ဤသည်က အသေးအမွှား ဖြစ်သွားလေပြီ။ အနာဂတ်တွင် ရှန်ကျန်းဂိုဏ်းသည် ဤကုန်းမြေ၏ ထိပ်သီးအင်အားစု ဖြစ်လာမည်မှာ သေချာပေါက်ပင်။

"ဟား ဟား ဟား...."

"ဆရာ... ဆရာရဲ့တပည့် ခေါ်လာတဲ့ ကလေးက အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူမှန်း ကွယ်လွန်သွားတဲ့ ဆရာသာ သိရင် ဘယ်လို မျက်နှာထားမျိုး ဖြစ်နေမလဲ မသိဘူး"

ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်သည် မသိစိတ်မှ ခါးကို မတ်လိုက်ပြီး ပါးစပ်မစေ့နိုင်အောင် ရယ်မောလိုက်မိသည်။ တခြားအကြီးအကဲများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကြ၏။

သူတို့ ဤသို့ဖြစ်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူ တစ်ဦး ရှိနေခြင်းက သူတို့ကို ဤသို့ဖြစ်စေရန် လုံလောက်သည်။

သို့သော် ရှန်ကျန်းဂိုဏ်းမှ လူများ အလွန်အမင်း စိတ်လှုပ်ရှားနေကြချိန်တွင် ပင်မခန်းမ၏ ဝင်ပေါက်၌ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ ယုံကြည်စိတ်ချရသော လူယုံတစ်ဦးသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ကျဉ်းမြောင်းလိုက်၏။

'အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူ... ဟုတ်လား'

'ငါ့ရဲ့ဝိညာဉ်က ဒီကို လွင့်မျောလာပြီးတော့ အရေးကြီးတဲ့ အချိန်မှာ ယာယီ ခိုလှုံဖို့ အမှိုက်ကောင်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ပူးခဲ့ရတယ်... ဒါပေမယ့် ဒီအမှိုက်ခန္ဓာကိုယ်က ငါ့ရဲ့စိတ်ဝိညာဉ်ကို ဘယ်လိုမှ ထိန်းမထားနိုင်ဘူး... ရုပ်ခန္ဓာကိုယ်မရှိဘဲနဲ့ ငါ့ရဲ့စိတ်ဝိညာဉ်က ကြာကြာ အသက်မရှင်နိုင်ဘူး... ဒါကြောင့် ပူးကပ်ဖို့ ပစ်မှတ်အသစ်ကို ငါ အသည်းအသန် ရှာနေခဲ့တာ'

'ဒါပေမယ့် ပူးကပ်မှုတိုင်းက ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေတယ်... ဒါကြောင့် နောက်ဆုံး ပူးကပ်မယ့် ပစ်မှတ်က ငါ့ရဲ့ အနာဂတ် ရုပ်ခန္ဓာကိုယ် ဖြစ်လာလိမ့်မယ်'

'ဝမ်းနည်းစရာက နှစ်လကြာပြီးတဲ့နောက် နေရာတိုင်းမှာ အမှိုက်တွေချည်းပဲ ရှိနေတာကို တွေ့ရတာပဲ.... ငါ့ရဲ့လိုအပ်ချက် တစ်ဝက်လောက်နဲ့ ကိုက်ညီတဲ့ ရုပ်ခန္ဓာကိုယ်ကိုတောင် ရှာမတွေ့ခဲ့ဘူး'

'ဒါပေမယ့် သူတို့ပြောနေတဲ့ ဒီမူဖူတောင်သခင်က တကယ့်ကို အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး'

'ဒါက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်ပဲ'

ဤလူယုံသည် သူ၏လျှာဖြင့် နှုတ်ခမ်းကို မသပ်ဘဲ မနေနိုင်တော့ပေ။ သူ၏အဆင့်အတန်းအရ ကျုံးချင်သည် ဆံနီမိစ္ဆာအိုကြီးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်လိုက်စဉ်ကပင် သူ အထင်ကြီးခြင်း မရှိခဲ့သည့်အပြင် ကျုံးချင်၏ခန္ဓာကိုယ်ကို ရယူရန်လည်း ရည်ရွယ်ချက် မရှိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ် ပူးကပ်ပြီးသည်နှင့် စိတ်ဝိညာဉ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် သူသည် ထိုခန္ဓာကိုယ်ကိုသာ ထာဝရအသုံးပြုရပေမည်။ ထိုရုပ်ခန္ဓာကိုယ်၏ အရိုးဖွဲ့စည်းပုံနှင့် မူရင်းဇာစ်မြစ်သည် သူ၏အနာဂတ်နှင့် ပြန်လည်ကောင်းမွန်လာမှုအပေါ် များစွာသက်ရောက်မှု ရှိပေလိမ့်မည်။

ထို့ကြောင့် ကျုံးချင်အနေဖြင့် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ပြီး ဘုရင်အဆင့် သိုင်းကျမ်းတချို့ ထုတ်ယူပြခြင်းသည် ဤအမှိုက်ပုံကဲ့သို့ နေရာမျိုးတွင် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း သူ၏မျက်လုံးထဲတွင်မူ ဘာမှမဟုတ်ချေ။ သို့သော် ယခုခကျုံးချင်အကြောင်း သတင်းအသစ်ကို ကြားသိရပြီးနောက် ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန်နှင့်တခြားသူများက ကျုံးချင်သည် အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူ ဖြစ်ကြောင်း ကောက်ချက်ချလိုက်ချိန်တွင် သူ ချက်ချင်းပင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားခဲ့သည်။

အကြောင်းအရင်းမှာ ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားသူများ၏ကောက်ချက်သည် အလွန် ဖြစ်နိုင်ချေရှိကြောင်း သူလည်း ဝန်ခံရမည်ဖြစ်သောကြောင့်ပင်။

'ငါ့ရဲ့ အထွတ်အထိပ် အခြေအနေနဲ့ အင်မော်တယ်ဧကရာဇ်ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိပေမယ့် ပြန်ဝင်စားခြင်းဆိုတာ ဝင်စားခြင်းပါပဲ... မင်း ဘယ်လောက်ပဲ သန်မာပါစေ ဘယ်လောက်ပဲ နည်းလမ်းတွေ ရှိပါစေ... လက်ရှိအချိန်မှာ မင်းက ပြန်ပြီးထူထောင်နေတဲ့ ကာလမှာပဲ ရှိသေးတယ်'

'ငါက စိတ်ဝိညာဉ်အခြေအနေမှာ ရှိနေပေမယ့် ဒီအဆင့်မှာ မင်းကို ကိုင်တွယ်ဖို့ အစွမ်းကုန် ကြိုးစားရင် သေချာပေါက် လုံလောက်နိုင်တယ်'

'အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူရဲ့ ခန္ဓာကိုယ်ကို ငါသာ ပိုင်ဆိုင်ခွင့်ရရင် သူ့ရဲ့မှတ်ဉာဏ်တွေ ရမယ်... သူ့ရဲ့ နည်းလမ်းအမျိုးမျိုးကို ရမယ်... ဒါဆိုရင် အနာဂတ်မှာ ငါလည်း အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို ရောက်နိုင်မှာ မဟုတ်လား'

'စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ'

သူ ထိုသို့ တွေးမိချိန်၌ သူ၏စိတ်ထဲရှိ စိတ်လှုပ်ရှားမှုသည် ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်နှင့် တခြားသူများထက် ပို၍ပြင်းထန်နေသည်။ သူ့အတွက်မူ ဤသည်မှာ သူ၏ရှေ့မှောက်သို့ ရောက်လာသော ကြီးမားသည့် အခွင့်အရေးကြီး တစ်ရပ်ပင်။

ဤအခွင့်အရေးသည် သူ့ကို ရူးသွပ်သွားစေရန် လုံလောက်ပေ၏။

All Chapters