← Chapters

မဟုတ်ဘူး...မင်း နားမလည်ဘူး

Vol. 6 Ch. 53

မဟုတ်ဘူး...မင်း နားမလည်ဘူး

Vol. 6 Ch. 53

တိတ်ဆိတ်နေသော ညဉ့်နက်သန်းခေါင်တွင် ရံဖန်ရံခါ သားရဲဟိန်းသံများ ထွက်ပေါ်လာတတ်သည်။ ထိုအသံများသည် ကျယ်ပြန့်သော ကောင်းကင်ယံကြီးသို့ သက်ဝင်လှုပ်ရှားမှုနှင့် အသက်စွမ်းအားအနည်းငယ်ကို ဖြည့်စွက်ပေးနေလေ၏။

မူဖူတောင်၌ မီးပုံတစ်ခု တောက်လောင်နေပြီး ကင်ထားသော အသားများက တရှဲရှဲမြည်ကာ အဆီများ ယိုစီးကျနေသည်။ မွှေးပျံ့သော ရနံ့သည် အလွန်ခံတွင်းမြိန်ဖွယ် ကောင်းပေ၏။

ကျုံးချင်သည် အသားစားပြီး ဝိုင်သောက်ရင်း လရောင်ကို အမှီပြုကာ အတိတ်ကို ပြန်ပြောင်းစဉ်းစားပြီး အနာဂတ်ကို မှန်းဆနေသည်။ ထိုကဲ့သို့ နေ့ရက်များသည် ထူးခြားသော အရသာရှိသည်ဟု သူ ခံစားရသည်။ ကျင့်ကြံခြင်းလောကတွင် အသက်ရှည်ရန် ကျင့်ကြံရင်း လွတ်လပ်မှုကို ရှာဖွေကာ သက်တောင့်သက်သာရှိစွာနေနိုင်ရန် လိုအပ်သည်။

ယခုလောလောဆယ်တွင် သူ အတော်လေး သက်တောင့်သက်သာ ခံစားနေရသည်။ သူသည် ကျင့်ကြံခြင်း၏ နက်နဲသော အမှန်တရား သုံးခုအနက် သက်တောင့်သက်သာဖြစ်ခြင်းဟူသည့် တစ်ခုကို ရရှိထားပြီးလေပြီ။

"ဆရာ... ကျွန်တော် ပြန်ရောက်ပြီ"

ထိုအချိန်မှာပင် လရောင်အောက်မှနေ၍ လင်းဖုန်း လျှောက်လှမ်းလာသည်။ သူသည် ဟင်းသီးဟင်းရွက် သစ်သီးနှင့် အသားများကို သယ်ဆောင်လာပြီး ဝက်တစ်ကောင်ကိုလည်း ဆွဲလာသည်။

"ဟေ့ကောင်လေး... ငါက အစားအသောက်နည်းနည်းပဲ ဝယ်ခိုင်းတာလေ... ဘာလို့ ဝက်တစ်ကောင်ပါ သယ်လာရတာလဲ"

ကျုံးချင်က ရယ်မောပြီး ဆူပူလိုက်၏။

"ဆရာက ဝက်သား ကြိုက်တယ်လေ"

လင်းဖုန်းက ပြောဆိုရင်း အနားသို့ လျှောက်လှမ်းလာကာ ဝယ်လာသော အစားအသောက်များကို မီးပုံဘေးရှိ သစ်သားစင်ပေါ်တွင် တစ်ခုပြီးတစ်ခု တင်လိုက်သည်။ သူသည် ဝက်ကို ချက်ချင်းသတ်ရန် ဟန်ပြင်လိုက်သည်။

ကျုံးချင်က လှမ်းအော်လိုက်သည်။

"တော်ပြီ....ဒီဝက်ကို လောလောဆယ် ထားလိုက်အုံး... ပိုဝလာမှ သတ်ကြတာပေါ့"

"လာ... ထိုင်"

မီးပုံငယ်လေး၏ ဘေးတွင် ကျုံးချင်သည် တစ်ဖက်တွင် ထိုင်နေပြီး လင်းဖုန်းနှင့်စုယဲ့တို့က သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြသည်။ ဧည့်သည်တစ်ဦးဖြစ်သော ပိုင်လင်းလည်း ရောက်ရှိနေသည်။ မူလက ဤနေရာသည် အင်မော်တယ် ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း ယခုအချိန်၌ လူသားဆန်သော နွေးထွေးမှု အရိပ်အယောင်များ ရှိနေလေပြီ။

ဆရာနှင့်တပည့်များသည် စကားစမြည် ပြောဆိုပြီး ရယ်မောနေကြ၏။ ပတ်ဝန်းကျင်အခြေအနေသည် ပုံမှန်ထက်ပို၍ နွေးထွေးပြီး သဟဇာတ ဖြစ်နေသည်။ သို့သော် ပိုင်လင်းသည် အတွေးများနေပြီး သူမသည် ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ မဖြစ်သည့်အလားပင်။

"မိန်းကလေး ပိုင်လင်း... ဝိုင်အရက်နဲ့ စိတ်ညစ်စရာတွေကို မေ့လိုက်ကြရအောင်... ဘဝက ဘယ်လောက်ကြာမှာမလို့လဲ"

"ပျော်ရွှင်ရတာလည်း တစ်ရက်ပဲ... မပျော်ရွှင်ရတာလည်း တစ်ရက်ပဲ"

"မင်းရဲ့ အကောင်းဆုံး အချိန်တွေကို မဖြုန်းတီးမိအောင် ဘာလို့ လက်ရှိအချိန်ကို မခံစားရမှာလဲ"

ကျုံးချင် ဝိုင်အရက်တစ်ငုံ သောက်လိုက်ပြီး သူမကို အကြံပေးလိုက်သည်။

ပိုင်လင်းက ခါးသီးစွာ ပြုံးလိုက်၏။ သူမ၏ နှောင်ကြိုးများကို ချိုးဖျက်ပြီး လွတ်လပ်စွာ ပျံသန်းကာ ဘဝကို အပြုံးဖြင့် ရင်ဆိုင်ရန် သူမ မည်သို့ ဆန္ဒမရှိဘဲ နေမည်နည်း။ သို့သော် သူမ၏ဘဝတွင် နောင်တရစရာများ အမြဲတစေ များပြားလွန်းသည်။ ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးသည် အချိန်မရွေး ပေါ်လာနိုင်ပေ၏။

အထူးသဖြင့် မူဖူတောင်မှ လူများသည် အလွန် ကြင်နာတတ်ကြသည်။ သူတို့သည် ကျင့်ကြံခြင်း လောကတွင် အမှန်တကယ့်ကို ကြည်လင်သော စမ်းချောင်းလေးတစ်ခုပင်။ သူမကြောင့် သူတို့သည် ကြီးမားသော ကပ်ဘေးဆိုးကြီးကို ကြုံတွေ့ရနိုင်သည်ဟု တွေးမိချိန်၌ သူမ၏စိတ်နှလုံးသား လေးလံသွားသည်။

ထိုအချိန်တွင် ပါးစပ်တွင် အဆီများ ပေကျံနေသော လင်းဖုန်းက ပြောဆိုသည်။

"မိန်းကလေး ပိုင်လင်း... တကယ်တော့ မင်းက အဲ့ဒီ ရန်သူဆိုတဲ့ ကောင်တွေအတွက် စိုးရိမ်နေစရာ မလိုပါဘူး"

"ကျွန်တော့်ဆရာရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းကို ကာကွယ်ဖို့က လုံလောက်တာထက် ပိုနေသေးတယ်"

"ဟုတ်တယ် အစ်မပိုင်လင်း... ဆရာနဲ့ မတွေ့ခင်တုန်းက ကျွန်တော်လည်း လူဆိုးတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရဖူးတယ်"

စုယဲ့က နံဘေးတစ်ဖက်မှ ဝင်ပြောလိုက်သည်။

"အဲ့ဒီ သွေးနတ်ဆိုးလေ... သူက တကယ့်ကို အစွမ်းထက်တယ်"

"ဆေးဖော်စပ်ဖို့အတွက် သူက ကျွန်တော့်ရဲ့နှလုံးသားကို ထုတ်ပြီး သွေးကို ဖောက်ချင်ခဲ့တာ...."

"ဒါပေမယ့် သူ ဘာဖြစ်သွားလဲ သိလား... ဆရာနဲ့ တွေ့တော့ သူက ခုခံနိုင်စွမ်းမရှိဘဲနဲ့ ဆရာ့ရဲ့လက်ညှိုးတစ်ချောင်းတည်းနဲ့ အသတ်ခံလိုက်ရတယ်လေ"

"အစ်မပိုင်လင်းက စိတ်ချလက်ချနေလို့ ရပါတယ်"

ပိုင်လင်းသည် သွေးနတ်ဆိုးအကြောင်း ကြားဖူးပေ၏။ ထိုလူသည် ချန်ရွှမ်နယ်ပယ်တွင်ရှိသော မိစ္ဆာကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ ထိုကဲ့သို့သောလူမျိုးသည် သာမန်လူများ၏မျက်လုံးထဲတွင် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးပင်။ သို့သော် သူမ၏ရန်သူများနှင့် ယှဉ်လိုက်လျှင် ထိုလူသည် ဘာမှ မဟုတ်ပေ။

"နင်တို့ နားမလည်ပါဘူး"

ပိုင်လင်း၏စကားသံသည် ပြန်ပြောနေသလိုလို တီးတိုးရေရွတ်နေသလိုလို ဖြစ်နေပေ၏။

"ငါ့ရဲ့ရန်သူတွေက ကြောက်စရာ ကောင်းတယ်... နင်တို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်"

"ဝမ်းနည်းစရာက ငါ ဘာပဲပြောပြော နင်တို့ ယုံမှာ မဟုတ်ဘူး"

စုယဲ့နှင့်လင်းဖုန်းတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် လင်းဖုန်းသည် 'မဟုတ်ဘူး... မင်းသာ နားမလည်တာပါ... ဆရာ့ရဲ့ အစွမ်းအစကို မင်း လုံးဝသဘောမပေါက်သေးတာပါ'ဟု ပြောချင်စိတ် ပေါက်နေသည်။

သို့သော် နောက်ဆုံးတွင် သူ ထိန်းထားလိုက်သည်။ ဆရာ၏စွမ်းအားသည် ရှင်းပြနေရန် မလိုအပ်ချေ။ တစ်ဖက်လူသည် မျက်မြင်ကိုယ်တွေ့ ကြုံရချိန်၌ သူ့အလိုလို နားလည်သွားပေလိမ့်မည်။

ပတ်ဝန်းကျင်အခြေအနေသည် အနည်းငယ် ထိုင်းမှိုင်းသွားပေ၏။

ပိုင်လင်းက အားတင်း၍ပြုံးလိုက်ပြီး ပြောဆိုသည်။

"တောင်းပန်ပါတယ်... ငါ့ကြောင့် နင်တို့ရဲ့ ပျော်ရွှင်မှုတွေ ပျက်စီးသွားပြီ"

"နောက်ကျနေပြီ... ငါ ပြန်တော့မယ်"

ထိုသို့ပြောဆိုရင်း သူမက သူတို့ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမသည် လေးလံသော ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာ ထွက်ခွာသွားတော့သည်။

လရောင်သည် ရေကဲ့သို့ ကြည်လင်နေပြီး ကြယ်များသည် မိုးကောင်းကင်ယံတွင် စီတန်းနေကြသည်။ ဆရာတပည့်သုံးဦးသည် စိတ်တိုင်းကျ စားသောက်နေကြပြီး သူမ ထွက်ခွာသွားခြင်းကြောင့် သူတို့၏စိတ်ဓာတ်များ ကျဆင်းမသွားပေ။

ထိုစဉ် ပုံရိပ်တစ်ခုက မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။ ထိုလူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော တောင့်တင်းခိုင်မာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ သူ၏ပုံရိပ်သည် ဝိုးတဝါး ဖြစ်နေပြီး ရုပ်ခန္ဓာကိုယ် မဟုတ်ဘဲ စိတ်ဝိညာဉ်အဖြစ်သာ တည်ရှိနေကြောင်း သိသာထင်ရှားသည်။ သူသည် ရုပ်ခန္ဓာကိုယ်အသစ်တစ်ခုကို ရရှိရန်အတွက် သူ၏ယခင်ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့ပုံ ရသည်။

သို့သော် သူ၏အရှိန်အဝါသည် အလွန် ကြောက်မက်ဖွယ် ကောင်းပေ၏။ လေနှင့် တိမ်တိုက်များကို အနှောင့်အယှက် ဖြစ်စေပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။ ထို့ပြင် သူ၏အရှိန်အဝါသည် ပတ်ဝန်းကျင်ရှိ ပေတစ်ရာပတ်လည်ကို လွှမ်းခြုံထားသည်။

ထိုကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်မှုသည် ကျုံးချင်နှင့် တပည့်နှစ်ဦးကို ချက်ချင်းထိတ်လန့်သွားစေသည်။ တစ်ဖက်လူ၏ ရန်လိုပြီး တိုက်ခိုက်လိုသော အမူအယာကို မြင်လိုက်ရသဖြင့် လင်းဖုန်းက မတ်တတ်ရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်းက ဘယ်သူလဲ"

"ငါ့တို့ရဲ့ မူဖူတောင်ကို ဘယ်လိုသတ္တိမျိုးနဲ့ ကျူးကျော်ဝင်ရောက်ရဲတာလဲ"

အနက်ရောင်ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် အော်ဟစ်ရယ်မောပြီး လင်းဖုန်းကို လျစ်လျူရှုလိုက်သည်။ ထိုအစားထိုး သူ၏မျက်လုံးများသည် ကျုံးချင်အပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။

ဤလူသည် ရှန်ကျန်းဂိုဏ်းတွင် ပုန်းအောင်းနေပြီး ဂိုဏ်းချုပ်ရွှမ်ယွမ်ဟုန်၏ ယုံကြည်စိတ်ချရသော လူယုံအဖြစ် ရုပ်ဖျက်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် ချန်ယွီမှလွဲ၍ တခြားသူ မဟုတ်ပေ။ သူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ထက် ကျော်လွန်သော အဆင့်တွင်ရှိသည့် ကြောက်မက်ဖွယ် ကျင့်ကြံသူတစ်ဦးပင်။

ဤကမ္ဘာရှိ ကျင့်ကြံဆင့်များသည် ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် ဟောက်ထျန်နယ်ပယ် ရှန်ထျန်းနယ်ပယ် ချန်ရွှမ်နယ်ပယ် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် လမင်းနက်နဲသိမ်မွေ့နယ်ပယ် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် နှင့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်တို့ ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ သို့သော် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် နောက်ပိုင်းတွင် ယင်သုံးပါးနယ်ပယ်နှင့် ယန်သုံးပါးနယ်ပယ်တို့ ရှိကြောင်း လူအများစုက မသိရှိကြချေ။ ကျင့်​ကြံဆင့်နယ်ပယ်တစ်ခုစီကို အဆင့်သုံးဆင့် ထပ်မံ၍ ခွဲခြားထားသည်။

ချန်ယွီသည် ရုပ်ခန္ဓာကိုယ် ပျောက်ဆုံးသွားပြီးအကြွင်းအကျန်စိတ်ဝိညာဉ်သာ ကျန်ရှိတော့သဖြင့် ရှန်ကျန်းဂိုဏ်းမှ တပည့်ငယ်တစ်ဦး၏ ခန္ဓာကိုယ်ကို ဝင်ရောက်ပူးကပ်ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ချေ။ ထိုသို့ဆိုသည့်တိုင် သူသည် ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ အစစ်အမှန်ပင်။ ထိုကဲ့သို့ တည်ရှိမှုမျိုးကို မြင့်မြတ်နယ်မြေများပင်လျှင် ရန်စရဲမည် မဟုတ်ဘဲ အရှေ့ပိုင်းဒေသတွင် ဤအဆင့်ရှိသော တည်ရှိမှုမျိုး မရှိဟုပင် ပြောဆိုနိုင်သည်။

ချန်ယွီ ထွက်ပေါ်လာခြင်းသည် လင်းဖုန်း၏ လက်စွပ်ထဲတွင် အိပ်ပျော်နေသော အကြီးအကဲကျန်းကိုပင် လန့်နိုးသွားစေသည်။

"လင်းဖုန်း... ဒီလူရဲ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်... လောလောဆယ်မှာ မင်း ရန်စနိုင်တဲ့လူ မဟုတ်ဘူး... မင်း သတိထားရမယ်"

လင်းဖုန်းသည် ထိုစကားကို လုံးဝဂရုမစိုက်ချေ။

"ဆရာရှိနေတာပဲ... ဘာကြောက်စရာ လိုလို့လဲ"

ဤစကားများသည် လင်းဖုန်းအား အကြံပေးနေသော အကြီးအကဲကျန်းကို လုံးလုံးလျားလျား ကြက်သေသေသွားစေသည်။

'ဘာတွေ ဖြစ်ကုန်တာလဲ'

'ကျုံးချင်က အင်မော်တယ်ဧကရာဇ်တစ်ပါးများ ဖြစ်နေတာလား'

'ဟုတ်သားပဲ'

'ငါ ဒါကို စောစောကတည်းက တွေးမိသင့်တယ်'

မည်သည့်ကျင့်ကြံဆင့်မျိုး၌ ရှိနေသူမျိုးသည်ဧကရာဇ်အဆင့် နည်းစနစ်များကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်မည်နည်း။ မည်သည့်ကျင့်ကြံဆင့်မျိုး၌ ရှိနေသူမျိုးသည် သူတော်စင်အဆင့်နှင့် ဧကရာဇ်အဆင့် နတ်ဘုရားလက်နက်များကို ဂရုမစိုက်ဘဲ ပစ်ထားနိုင်မည်နည်း။ ဤလောကကြီးထဲတွင် အင်မော်တယ်ဧကရာဇ်တစ်ပါးကလွဲရင် မည်သူက ထိုသို့ စွမ်းဆောင်နိုင်မည်နည်း။

အချိန်တခဏအတွင်းတွင် အကြီးအကဲကျန်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် သတိလစ်မေ့မြောနီးပါး ဖြစ်သွားသည်။ ဤှသည်မှာ အမာခံပရိသတ်တစ်ယောက်က သူ၏စံပြပုဂ္ဂိုလ်နှင့် တွေ့လိုက်ရချိန်တွင် စိတ်မထိန်းချုပ်နိုင်သည့် ခံစားချက်မျိုးပင်။ အင်မော်တယ်ဧကရာဇ်ဆိုသည်မှာ မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း။ ခေတ်ကာလတစ်ခုကို လွှမ်းမိုးချုပ်ကိုင်ထားပြီး အထွတ်အထိပ် ဒဏ္ဍာရီများကို ဖန်တီးခဲ့သော ပုဂ္ဂိုလ်ပင်။ သူ၏အထွတ်အထိပ် အချိန်ကပင်လျှင် အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် တွေ့ဆုံရန် အရည်အချင်း မပြည့်မီခဲ့ဟု ပြောနိုင်ပေ၏။

ယခုချိန်၌ သက်ရှိထင်ရှား အင်မော်တယ်ဧကရာဇ်တစ်ပါးက သူ၏ရှေ့၌ မတ်တတ်ရပ်နေသည်။ သူ မည်သည်ကြောင့် စိတ်မလှုပ်ရှားဘဲ အတိုင်းထက်အလွန် မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။

လင်းဖုန်းသည် လက်စွပ်ထဲတွင် ရူးသွပ်သွားသကဲ့သို့ တုန်ရီနေသော အကြီးအကဲကျန်းကို ကြည့်လိုက်သည်။

ထို့နောက် သူက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

"အကြီးအကဲကျန်း... အဆင်ပြေရဲ့လား"

"ငါအဆင်ပြေပါတယ်... ဒီအဘိုးကြီးက ဘယ်တုန်းကမှ ဒီလောက်ထိ နေလို့ကောင်းတာမျိုး မရှိခဲ့ဖူးဘူး"

"လင်းလေး... ငါပြောမယ်... မင်းရဲ့ ကံတရားက ဒီအဘိုးကြီးကို မနာလိုဖြစ်ပြီး ရူးသွပ်သွားတဲ့အထိ ဖြစ်စေတယ်"

"အင်မော်တယ်ဧကရာဇ်တစ်ပါးကို ဆရာအဖြစ် အသိအမှတ်ပြုခွင့်ရတာက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့ တစ်သက်တာ အိပ်မက်နဲ့ ရည်မှန်းချက်ပဲ"

စိတ်လှုပ်ရှားလွန်းသဖြင့် အကြီးအကဲကျန်း၏ မျက်လုံးများ နီမြန်းလာသည်။ ဤစကားများသည် လင်းဖုန်း၏နှလုံးသားကို လှုပ်ခတ်သွားစေသည်။ ​ဤဘဝတွင် ကျုံးချင်ကို ဆရာအဖြစ် အသိအမှတ်ပြုခွင့်ရခြင်းသည် သူ့အတွက် ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်ပြီး သူ၏ဘဝတသက်တာ ကံကောင်းမှုများအားလုံးကို အသုံးပြုလိုက်ရသကဲ့သို့ ခံစားနေရသည်။

All Chapters