← Chapters

စာခြောက်ရုပ်၏ အခန်းကဏ္ဍ

Vol. 6 Ch. 54

စာခြောက်ရုပ်၏ အခန်းကဏ္ဍ

Vol. 6 Ch. 54

ရှည်လျားသော ညဉ့်အမှောင်ထုကြီးသည် မိုးကောင်းကင်ယံတွင် တွဲလွဲခိုနေလျက်ရှိ၏။

ချန်ယွီသည် လေဟာနယ်အတွင်း၌ လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး အောက်ဘက်ရှိ ကျုံးချင်ကို ငုံ့ကြည့်နေသည်။ ဤခံစားချက်ကား အလွန်ထူးဆန်းပေ၏။ မည်မျှထိ ထူးဆန်းသနည်းဆိုလျှင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော သွေးဆူပွက်မှုလှိုင်းလုံးကြီးတစ်ခုကို သူ ပြန်လည်ခံစားလိုက်ရသည့်အထိပင် ဖြစ်သည်။

'အင်မော်တယ်ဧကရာဇ်...'

ထိုအမည်နာမသည် မည်ကဲ့သို့ အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသနည်း။ အကယ်၍ ပြိုင်ဘက်သာ သူ၏ အထွတ်အထိပ်အချိန်၌ ရှိနေပါက လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေမှုန်းခံရမည်ဖြစ်ကြောင်း ချန်ယွီကိုယ်တိုင် ဝန်ခံရပေလိမ့်မည်။

သို့သော် ကောင်းကင်ဘုံက သူ့အပေါ် မျက်နှာသာပေးခဲ့သည်။ အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူနှင့် သူ့ကို တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ထိုလူသည် အထွတ်အထိပ် အခြေအနေတွင် ရှိမနေချေ။ သူ လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်လျှင် ယင်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံသူပင်လျှင် သူ၏လက်ချက်ဖြင့် သေဆုံးရပေလိမ့်မည်။ ဤနည်းစနစ်ကို အသုံးပြုခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ကြီးမားသော်လည်း အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လိုက်လျှင် ပေးဆပ်ရမှုအားလုံးသည် တန်ဖိုးရှိပေ၏။

ချန်ယွီ၏အမြင်အာရုံဖြင့် ကြည့်လျှင် ကျုံးချင်၏အရိုးသက်တမ်းသည် ၁၈နှစ်သာ ရှိသေးကြောင်း အလွယ်တကူ သိမြင်နိုင်သည်။ ၁၈ နှစ်ဆိုသည်မှာ မရင့်ကျက်မှုမှ လူငယ်ဘဝဆီသို့ ယကူးပြောင်းလာသည့်အရွယ်သာ ရှိသေးသည်။ ထောင်နှင့်ချီသော နှစ်များအထိ ရှည်လျားတတ်သော ကျင့်ကြံသူများ၏သက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် ၁၈နှစ်ဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာဖြစ်ပြီး တိုတောင်းလွန်းသည်။

ထိုသက်တမ်းသည် မည်မျှထိ တိုတောင်းသနည်းဆိုလျှင် အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူဖြစ်ပြီး ပြန်လည်ကျင့်ကြံလျှင်ပင် သူ၏လက်ရှိအဆင့်သို့ရောက်အောင် မည်သို့မျှ ကျင့်ကြံနိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားသည် အထိပင်။ ထို့ကြောင့် ဤလူသည် သူ့ကို ယှဉ်ပြိုင်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

လက်ရှိတွင် သူသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်၏ လေဟာနယ်ကို သူ၏ကိုယ်ပိုင်အရှိန်အဝါဖြင့် ချိတ်ပိတ်ထားပြီးဖြစ်သည်။ ဤအတားအဆီးအောက်တွင် ပြင်ပမှ အကူအညီ တောင်းခံရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ချန်ယွီ၏မျက်လုံးထဲတွင် ကျုံးချင်သည် သူ၏သားကောင် ဖြစ်နေလေပြီ။ ထို့ကြောင့် သူသည် တစ်ဖက်လူကို မောက်မာထောင်လွှားစွာဖြင့် ငုံ့ကြည့်ရင်း ပြောဆိုလိုက်သည်။

"အင်မော်တယ်ဧကရာဇ်... မင်းဘဝရဲ့ ဒီနောက်ဆုံး ထမင်းတစ်နပ်ကို အရသာရှိရှိ စားထားလိုက်ပါ... ဒီနေ့ပြီးရင် မင်းမှာ ဒီအခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး"

သူ့နှုတ်ခမ်းများသည် ကျီစယ်စနောက်လိုသော အပြုံးတစ်ခုဖြင့် ကွေးညွတ်သွားသည်။ 'သတင်းကောင်းက လူကို လန်းဆန်းစေသည်' ဟူသော ဆိုရိုးစကားအတိုင်း လေထုထဲတွင် ပျော်ရွှင်ဖွယ်ရနံ့များ ပြည့်နှက်နေသည်ဟု ချန်ယွီ ခံစားလိုက်ရသည်။ ကျုံးချင်သည် နောက်ဆုံးအချိန်အခိုက်အတန့်တွင် ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်သည်ကို မြင်တွေ့ရလျှင် ပို၍အရသာရှိမည်ဟု သူ တွေးတောမိလေ၏။

ဤအမူအယာသည် လူအများကို ဒေါသထွက်သွားစေကာ အထူးသဖြင့် လင်းဖုန်းပင်။ သူ၏ဆရာ အရှက်ခွဲခံရခြင်းကို သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သူ ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းက ဘယ်လို အဆင့်အတန်းမလို့ ငါ့ရဲ့ဆရာကို ဒီလိုစကားမျိုး ပြောရဲတာလဲ"

ချန်ယွီ၏အကြည့်က လင်းဖုန်းထံ ရွေ့လျားသွားသည်။ သူသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး အရေးမပါသော ကိစ္စရပ်များကို ဆွေးနွေးနေသည့်အလား ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။

"အင်မော်တယ်ဧကရာဇ်ရဲ့ တပည့်လား... မင်းရဲ့ ကျင့်ကြံမှုက မဆိုးပါဘူး...မင်းက အင်မော်တယ်ဧကရာဇ်ရဲ့ တပည့်တစ်ယောက်အနေနဲ့ တောက်ပတဲ့ ဘဝနဲ့ အနာဂတ် ရှိသင့်တာ... ကံဆိုးပြီးတော့ မင်းက ငါနဲ့ လာတွေ့တယ်... ပါရမီရှင်တွေကို သတ်ဖြတ်ရတာ ငါ အကြိုက်ဆုံးကိစ္စပဲ....အင်မော်တယ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ငါ လုယူပြီးတာနဲ့... သေချင်စိတ်ပေါက်တယ်ဆိုတာ ဘာလဲဆိုတာ မင်းသိအောင် ငါ ပြပေးမယ်"

ထိုစကားကိုပြောဆိုရင်း သူသည် ကျုံးချင်ကို ထပ်မံ၍ ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။

"အင်မော်တယ်ဧကရာဇ်... မင်းမှာ မှာကြားချင်တဲ့ နောက်ဆုံးစကား ရှိသေးလား...မင်းရဲ့ အထွတ်အထိပ် ရုပ်ခန္ဓာကိုယ်ကို ငါ့ဆီ ပေးအပ်ရမှာဆိုတော့ မင်း လက်မလွှတ်နိုင်တဲ့ ချစ်သူတွေ ရှိရင်... သူတို့ရဲ့ ဗလာကျင်းပြီး အထီးကျန်နေတဲ့ နှလုံးသားတွေကို ကုစားပေးဖို့ ငါ သေချာပေါက် ကူညီစောင့်ရှောက်ပေးပါ့မယ်"

ထိုစကားကို ကြားချိန်၌ ကျုံးချင်ထံတွင် ပြောစရာစကားပင် ပျောက်ရှသွားသည်။ ဤလူသည် ထွက်ပေါ်လာကတည်းက အဓိပ္ပာယ်မရှိသော စကားများကို မရပ်မနားပြောဆိုနေတော့သည်။ 'လူကြမ်းများသည် စကားများလျှင် သေရတတ်သည်' ဟူသော သဘောတရားကို ထိုလူ မသိသလော။ ထို့ပြင် ​ဤလူသည် သူ၏ခန္ဓာကိုယ်ကို လိုချင်ရုံသာမက သူ၏မိန်းမများကိုလည်း လိုချင်တပ်မက်နေပေ၏။ လက်ရှိတွင် သူ့ထံ၌ မိန်းမ မရှိသေးသော်လည်း ဤသည်မှာ လုံးလုံးလျားလျား သည်းမခံနိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။

"ကောင်းပြီလေ.."

ကျုံးချင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"မင်းမှာ ပြောစရာစကား မရှိမှတော့ သွားလိုက်တော့"

ကျုံးချင်၏မျက်နှာတွင် ထိတ်လန့်ခြင်းမရှိသည့်အပြင် တောင်းပန်ခြင်းလည်း မရှိဘဲ ခံစားချက် ကင်းမဲ့နေသည်ကို မြင်တွေ့ချိန်၌ ချန်ယွီ စိတ်ပျက်သွားပြီး ပျင်းရိခြင်းကို ခံစားလိုက်ရသည်။ ဤရုပ်ခန္ဓာကိုယ်ကို သူ၏အပိုင်အဖြစ် သိမ်းယူရန် သူ မအောင့်အည်းနိုင်တော့ချေ။

ထို့နောက် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများ တလိမ့်လိမ့်ထလာပြီး ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ယင်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ပိုင်ဆိုင်နိုင်သော အရှိန်အဝါတစ်ရပ်က ချက်ချင်းပွင့်အံ့ထွက်လာသည်။ ကြောက်မက်ဖွယ် ဖိအားအရှိန်အဝါသည် မိုးကောင်းကင်ယံကို တုန်ခါသွားစေပေ၏။ ထိုစွမ်းအားသည် ကောင်းကင်ဘုံ၏အရှိန်အဝါအလား နတ်ဘုရားတစ်ပါး၏ဒေါသအလား ပြင်းထန်လှသည်။

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ဝှက်ဖဲတချို့ကို ထုတ်သုံးမည်လော သို့မဟုတ် ဘေးကင်းစေရန် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားပြီး ကမ္ဘာငယ်လေးထဲသို့ ယာယီ ဆုတ်ခွာရမည်လောကို သူ စဉ်းစားလိုက်၏။ အကြောင်းအရင်းမှာ ဤလူထံတွင် အမှန်တကယ်ကို စွမ်းရည်တချို့ ရှိနေသောကြောင့် ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူ၏တပည့်နှစ်ဦး ဤနေရာ၌ ရှိနေခြင်းပင်။

ထိုအချိန်မှာပင်...

ရုတ်တရက် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

"ဟီး... ဟီး... ဟီး..."

တဟီးဟီးရယ်မောသံတစ်သံသည် အချိန်နှင့်လေဟာနယ်ကို ကျော်လွန်ကာ တစ်ဖက်ကမ်းသို့ ဖောက်ထွင်းဝင်ရောက်လာသည့်အလားပင်။ ထိုအသံသည် လေဟာနယ်အလွှာများမှတဆင့် ပဲ့တင်ထပ်နေပေ၏။

"ဘယ်သူ ရယ်နေတာလဲ"

ချန်ယွီ ဒေါသထွက်သွားသည်။ အသံလာရာ ရင်းမြစ်ကို ရှာဖွေရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏လည်ပင်း၌ အေးစက်မှုကို ခံစားလိုက်ရသည်။ ကောက်ရိတ်ဓားတစ်လက်သည် သူ၏လည်ချောင်းပေါ်တွင် တင်ထားလျက်သား ဖြစ်နေလေပြီ။ ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာအမူအယာ တောင့်တင်းအေးခဲသွားပြီး သူ၏နဖူးမှ ချွေးစေးများ ယိုစီးကျလာသည်။

သူ စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအား လက်ဝါးပုံရိပ်ယောင်ကြီးသည် ချက်ချင်း ပျောက်ကွယ်သွားပေ​၏။ ကောက်ရိတ်ဓားရှိရာဘက်သို့ ကြည့်လိုက်ရာ သူနှင့် သုံးပေအကွာတွင် အရုပ်ဆိုးသော မျက်နှာအမူအယာရှိသည့် စာခြောက်ရုပ်တစ်ရုပ် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ချန်ယွီသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကြောက်ရွံ့မှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ၏မျက်လုံးထဲရှိ စာခြောက်ရုပ်သည် ကြီးမားသော သတ်ဖြတ်လိုခြင်း အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ ဤသည်မှာ ရှေးဟောင်း နတ်ဆိုးကြီးတစ်ကောင်နှင့် တူညီနေပြီး ဖရိုဖရဲ မိစ္ဆာတစ်ကောင်အလားပင်။ ထိုစာခြောက်ရုပ်၏ ချီစွမ်းအားအနည်းငယ်ကပင် ကောင်းကင်နှင့်မြေပြင်ကို ပြိုလဲစေနိုင်ပုံရသည်။

'ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုက ကောင်းကင်နဲ့မြေပြင်ကြားမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ'

ရုတ်ချည်းဆိုသလိုပင် ချန်ယွီ အလွန်အမင်း ထိတ်လန့်သွားကာ တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်၏။

"အ... အရှင်က ဘယ်သူပါလဲ... ကျွန်တော်နဲ့ အရှင့်ကြားမှာ ရန်ငြိုးရန်စ ရှိပုံမရဘူး"

ကျုံးချင် အံ့အားသင့်သွားသည်။ စာခြောက်ရုပ် ထွက်​ပေါ်လာလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ပေ။ ဤစာခြောက်ရုပ်၏စွမ်းအား မည်သို့ရှိသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မသိခဲ့ဖူးချေ။ သာမန်အရာတစ်ခု မဟုတ်သည်ကိုသာ သူ သိရှိထားသည်။ ယခုချိန်၌မူ ထိုအရာသည် အမှန်တကယ်ကို သန်မာပုံရသည်။ စာခြောက်ရုပ် လှုပ်ရှားနိုင်စွမ်း ရှိသည်ကို ကျုံးချင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်ပေ၏။

ထိုအချိန်တွင် စာခြောက်ရုပ်သည် ယုတ်မာသော အသံဖြင့် ရယ်မောပြီး ချန်ယွီထံသို့ ချဉ်းကပ်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။

"ငါလား... ငါက ငရဲနတ်ဆိုးနတ်ဘုရားပဲ"

စူးရှသောရယ်သံသည် ငရဲမှ နတ်ဆိုးဝိညာဥ်တစ်ကောင်အလား ကြားလိုက်ရသူကို ကြက်သီးထသွားစေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် စာခြောက်ရုပ်သည် ကျုံးချင်ကို ကြည့်ကာ မေးမြန်းလိုက်၏။

"ဟီးဟီး...သခင်... ဒီကောင့်ကို ဘယ်လို ကိုင်တွယ်ရမလဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ယွီ၏ ဦးရေပြား ထုံကျင်သွားပြီး ကြောက်လန့်တကြား ဖြစ်သွားသည်။ ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှုသည် ကျုံးချင်၏အစေခံ ဖြစ်နေသလော။ ဤသည်မှာ အမှန်ဖြစ်နိုင်သည်။ အင်မော်တယ်ဧကရာဇ်တစ်ပါး ပြန်ဝင်စားပြီး ပြန်လည်၍ ကျင့်ကြံရာတွင် တာအိုအစောင့်အရှောက် တစ်ယောက်မပါဘဲ မည်သို့ ရှိနိုင်မည်နည်း။

'ပိန်လှီသော ကုလားအုတ်သည် မြင်းထက် ပိုကြီးသည်' ဟူသော ဆိုရိုးစကား ရှိပေ၏။ ဤကဲ့သို့သော တည်ရှိမှုမျိုးကို သားကောင်အဖြစ် သတ်မှတ်ရန် အကြံအစည်မျိုး သူ မည်သို့ ရခဲ့သနည်း။ နောင်တတရားများ သူ၏စိတ်နှလုံးသားထဲတွင် တလိမ့်လိမ့်ထလာသည်။ ရုတ်ချည်းဆိုသလိုပင် အသက်ရှင်လိုစိတ်က သူ၏မာန်မာနအားလုံးကို လွှမ်းမိုးသွားတော့သည်။

"အင်မော်တယ်ဧကရာဇ်... ကျွန်တော်က လောဘကြောင့် မျက်စိကန်းခဲ့မိတယ်"

"ခင်ဗျား... ခင်ဗျား... ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးနိုင်မလား"

"ကျွန်တော်က ခင်ဗျားရဲ့ နွားဖြစ်ဖြစ် မြင်းဖြစ်ဖြစ်... ဒါမှမဟုတ် ခင်ဗျားရဲ့ကျွန်အဖြစ် နေပါ့မယ်"

ကျုံးချင်က လှောင်ပြောင်လိုက်သည်။

"မင်း ဘယ်လို ထင်လဲ... မင်းက ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို သိမ်းယူချင်တယ်...ငါ့ရဲ့တပည့်ကို နှိပ်စက်ချင်တယ်... ပြီးတော့ ငါ့မိန်းမတွေကိုတောင် သိမ်းပိုက်ချင်သေးတယ် မဟုတ်လား"

သူ၏စကားများသည် ပေါ့ပါးသော်လည်း ချန်ယွီ၏ နားထဲတွင် တန်ချိန်တစ်ထောင် လေးလံနေသည့်အလားပင်။ ဤအရာတစ်ခုချင်းစီသည် သေလမ်းသာ ဖြစ်ပေ၏။ သို့သော် ကံဆိုးစွာဖြင့် သူသည် ထိုအပြစ်သုံးခုလုံးကို ကျူးလွန်ခဲ့မိသည်။ 'ကောင်းကင်ဘုံ မောက်မာလျှင် မိုးရွာပြီး လူမောက်မာလျှင် ကပ်ဘေးဆိုက်သည်'ဟူသော ဆိုရိုးစကားမှာ အမှန်တကယ်ကို မှန်ကန်လှသည်။

"သတ်လိုက်..."

ကျုံးချင်က စာခြောက်ရုပ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူ၏ပေါ့ပါးသော လေသံသည် ချန်ယွီကို တိုက်ရိုက်သေဒဏ်ချမှတ်လိုက်ခြင်းပင်။

"ဟီး ဟီး... ငါ့ရဲ့မီးအိမ်က နောက်ထပ် စိတ်ဝိညာဉ်တစ်ခုကို ထိန်းသိမ်းနိုင်တော့မယ်"

စာခြောက်ရုပ်သည် သူ၏ ရှည်လျားသော လျှာနီကြီးဖြင့် နှုတ်ခမ်းကိုသပ်ကာ ကောက်ရိတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ချန်ယွီသည် သေခြင်းတရားကို အလွန် ကြောက်ရွံ့စွာဖြင့် "မလုပ်ပါနဲ့" ဟု အော်ဟစ်နေစဉ်မှာပင် သူ၏ခေါင်း ပြတ်သွားတော့သည်။

ထို့နောက် စာခြောက်ရုပ်သည် သူ၏မီးအိမ်ကိုဖွင့်ကာ အကြွင်းအကျန်စိတ်ဝိညာဉ်ကို မီးအိမ်ထဲသို့ တိုက်ရိုက်သိမ်းယူလိုက်၏။ ထိုသို့ လုပ်ဆောင်ပြီးနောက် စာခြောက်ရုပ်သည် တဟီးဟီးရယ်မောကာ တွန့်လိမ်ပြီး ထူးဆန်းသော ခြေလှမ်းများဖြင့် လမ်းလျှောက်၍ မူလနေရာသို့ ပြန်သွားသည်။ သူသည် မလှုပ်မယှက် မတ်တတ်ရပ်နေသော စာခြောက်ရုပ်တစ်ရုပ်အဖြစ်သို့ ပြန်လည်၍ ရောက်ရှိသွားပေ၏။

ဤကိစ္စက လင်းဖုန်းကို ဆွံ့အသွားစေသည်။ စာခြောက်ရုပ်တစ်ရုပ်သည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ တွေးထင်မထားခဲ့မိပေ။ သူ၏ဆရာသည် အမှန်တကယ်ကို အင်မော်တယ်ဧကရာဇ်တစ်ပါး ပြန်ဝင်စားသူ ဖြစ်နေပေ၏။ သူ၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းကမူ အံ့အားသင့်သွားသော်လည်း တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ ဤသည်မှာ အင်မော်တယ်ဧကရာဇ်တစ်ပါး ပိုင်ဆိုင်သင့်သော ခံ့ညားထည်ဝါမှုပင်။

အင်မော်တယ်ဧကရာဇ်ကို စော်ကား၍ မရကြောင်းနှင့် စော်ကားမိသူတိုင်း သေချာပေါက် သေလမ်းသာ ရှိကြောင်း သူ နားလည်သွားခဲ့သည်။ ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်အပေါ် သူ၏လေးစားမှုသည် နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့သည်။

All Chapters