အန္တရာယ်
Vol. 6 Ch. 56
ချောင်ရှားတောင်ကြား....
ဤသည်မှာ အရှေ့ပိုင်းဒေသတွင် လူသိများကျော်ကြားသော မြင့်မြတ်နယ်မြေတစ်ခုပင်။ ထိုဂိုဏ်း၏အမွေအနှစ်များသည် ရေတွက်မရနိုင်အောင် ရှည်လျားသည့် နှစ်ကာလများတိုင်အောင် တည်ရှိခဲ့သည်။ ထိုကဲ့သို့ဂိုဏ်းမျိုးဖြစ်သည့် မြင့်မြတ်နယ်မြေတစ်ခုစီကို ရှေးဟောင်းသမိုင်းတစ်ခုဟု သတ်မှတ်နိုင်ပေ၏။
သူတို့သည် လောကဓံ အနိမ့်အမြင့်များကို ခံနိုင်ရည်ရှိခဲ့ကြပြီး လူ့လောက၏ အပြောင်းအလဲများကို စောင့်ကြည့်ခဲ့သည်။ နေနှင့်လတို့၏ နေရာရွှေ့ပြောင်းမှုကို သက်သေပြုခဲ့ကြသည်။
ဒီရေများ တက်သည်ဖြစ်စေ ကျသည်ဖြစ်စေ သူတို့သည် မတုန်မလှုပ် တည်ရှိနေပေမည်။ ဤသည်မှာ မြင့်မြတ်နယ်မြေအဆင့်တွင်ရှိသော ဂိုဏ်းတစ်ဂိုဏ်းပင်။
လူများအားလုံး မော့ကြည့်ရပြီး လေးစားရသော တည်ရှိမှုတစ်ခုဖြစ်ကာ လူပေါင်းများစွာမှ ဝင်ရောက်ရန် အလုအယက် ကြိုးစားကြသည့် နေရာတစ်နေရာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ချောင်ရှားတောင်ကြား တစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှု လေးလံထိုင်းမှိုင်းမှုတို့ဖြင့် ပြည့်နှက်နေသည်။
ပင်မခန်းမဆောင်ထဲတွင် ချောင်ရှားတောင်ကြား၏ အဆင့်မြင့်ပုဂ္ဂိုလ်ထက်ဝက်နီးပါး စုဝေးရောက်ရှိနေကြသည်။ ဂိုဏ်းချုပ်ဖြစ်သူ မြင့်မြတ်အရှင်မ လုချင်ရှားသည် ထိပ်ဆုံးတွင် ထိုင်နေသည်။ သူမ၏အောက်တွင် အကြီးအကဲများစွာ ရှိကြပြီး တစ်ဦးစီသည် သက်ဆိုင်ရာ နယ်ပယ်များတွင် ကျော်ကြားသော ကြောက်မက်ဖွယ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ တောင်အသီးသီးမှ တောင်သခင်များနှင့် ဂိုဏ်းမှ ပါရမီရှင်များလည်း ရှိနေပေ၏။
"ဂိုဏ်းတူတပည့်တို့... တတိယဘိုးဘေးက လျှို့ဝှက်နယ်မြေတစ်ခုမှာ ပိတ်မိနေပြီးတော့ ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံနေရတယ်...တတိယဘိုးဘေးကို ကယ်တင်ဖို့ နည်းလမ်းရှိတဲ့သူများ ရှိကြလား"
မြင့်မြတ်အရှင်မ လုချင်ရှား စကားပြောဆိုလိုက်သည်နှင့် အောက်ရှိလူများအားလုံး မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် စဉ်းစားတွေးတောလိုက်ကြသည်။
မြင့်မြတ်အရှင်မ လုချင်ရှား ပြောသော တတိယဘိုးဘေး၏အမည်မှာ ကျုံးချန်ဖုန်းဖြစ်ပြီး ချောင်ရှားတောင်ကြားကို တည်ထောင်ခဲ့သော ဘိုးဘေးအိုကြီး၏ညီဖြစ်သည်။ သူသည် မြင့်မြတ်နယ်မြေတစ်ခုလုံးတွင် အရေးပါသော ရာထူးကို ရယူထားသူပင်။ သူက အသက်ကြီးပြီ ဖြစ်သော်လည်း တက်ကြွသူတစ်ယောက်ဖြစ်သည်။ သူသည် လောကကြီးအတွင်း၌ လှည့်လည်၍ ခရီးသွားခြင်းနှင့် လျှို့ဝှက်နယ်မြေများအား စူးစမ်းရှာဖွေခြင်းတို့ကို သဘောကျနှစ်သက်သည်။
မကြာသေးမီက ကျုံးချန်ဖုန်းထံမှ အကူအညီတောင်းခံသည့် အချက်ပြမှုကို ပေးပို့လာခဲ့ပြီး သူသည် ချောက်နက်လျှို့ဝှက်နယ်မြေတစ်ခုတွင် ပိတ်မိနေကြောင်း ပြောဆိုခဲ့သည်။
သတင်းရရချင်း မြင့်မြတ်အရှင်မ လုချင်ရှားသည် အချိန်မဆွဲရဲဘဲ ကယ်ဆယ်ရေးအဖွဲ့ကို သူမကိုယ်တိုင်ဦးဆောင်၍ သွားရောက်ခဲ့သည်။ သို့သော် ထိုချောက်နက်လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်တွင် ရှေးဟောင်းဝင်္ကပါကြီးတစ်ခု ရှိနေခဲ့သည်။ သူမတို့ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဝင်္ကပါကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။
ထို့ကြောင့် ဤကဲ့သို့ အစည်းအဝေး ဖြစ်ပေါ်လာခဲ့ခြင်းပင်။
"ဂိုဏ်းချုပ်... အဲ့ဒီဝင်္ကပါက တော်တော်လေး ထူးဆန်းတယ်"
"ဒီအဘိုးကြီး လေ့လာကြည့်ပြီးပြီ....ဒီရှေးဟောင်းဝင်္ကပါကြီးကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ဖျက်ဆီးမှ ရမယ်... ပြီးတော့ တစ်ချက်တည်းနဲ့ ဖျက်ဆီးရမယ်"
"ဒါမှမဟုတ်ရင် ဝင်္ကပါက တုန်ခါသွားပြီးတော့ အပြည့်အဝ အသက်ဝင်လာလိမ့်မယ်.... သတ်ဖြတ်ခြင်းဝင်္ကပါ လှုပ်ရှားလာပြီဆိုရင် ဝင်္ကပါအတွင်းမှာရှိတဲ့ သက်ရှိတွေအားလုံးကို အလိုအလျောက် သုတ်သင်ရှင်းလင်းပစ်လိမ့်မယ်"
ထိုစကားကို ပြောဆိုလာသူမှာ ဆဋ္ဌမအကြီးအကဲဖြစ်ပြီး ဝင်္ကပါတာအိုတွင် နှစ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့သော ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏စကားများသည် အတိုင်းအတာတစ်ခုအထိ အရာရောက်သည်ဟု ဆိုနိုင်ပေ၏။
ထိုစကားများက လူများအားလုံး၏ ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေသည်။ သူတို့သည် ကိုယ်ပိုင်စွမ်းအားများအပေါ် အထင်ကြီးကြသော်လည်း မည်သူမျှ ရှေးဟောင်းဝင်္ကပါကြီးကို တစ်ချက်တည်းနှင့် ဖျက်ဆီးနိုင်မည်ဟု ယုံကြည်ချက်မရှိကြပေ။
မြင့်မြတ်အရှင်မ လုချင်ရှားကိုယ်တိုင် ဤကိစ္စတွင် ဝင်မပါခဲ့ခြင်း မဟုတ်ပေ။ သူမ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့်သာ ရှေးဟောင်းဝင်္ကပါကြီး၏ ထောင့်တစ်နေရာသည် ပြန်လည်၍ အသက်ဝင်လာခဲ့ပြီး ဝင်္ကပါအတွင်းမှ သက်စောင့်စွမ်းအားများကို စဉ်ဆက်မပြတ် စုပ်ယူနေခြင်းပင်။
ဤအချက်က ကျုံးချန်ဖုန်း၏ ခက်ခဲနေသော အခြေအနေကို ပို၍အန္တရာယ်များစေခဲ့သည်။
အကယ်၍ သူတို့ နောက်ထပ် အမှားတစ်ခု ထပ်လုပ်မိပြီး တတိယဘိုးဘေးသာ သူမကြောင့် သေဆုံးသွားခဲ့လျှင်...
သူမသည် ထာဝရအပြစ်သား ဖြစ်သွားပေလိမ့်မည်။
ဤတာဝန်ကို မည်သူမျှ မယူရဲကြချေ။
ချောင်ရှားတောင်ကြား၏ ဘိုးဘေးအိုကြီးဆိုလျှင်မူ ဤဝင်္ကပါကြီးကို ဖြိုခွင်းနိုင်လောက်သည်။ သို့ရာတွင် ထိုဘိုးဘေးအိုကြီးသည် နဂါးတစ်ကောင်လား ခေါင်းကိုသာ မြင်ရပြီး အမြီးကို မမြင်ရသကဲ့သို့ မည်သည့်နေရာကိုရောက်နေမှန်း ရှာမရချေ။ သူတို့သည် သူ့ကို လုံးဝဆက်သွယ်၍ မရပေ၏။
ဤအချိန်တွင် လူတစ်ယောက်က အကြံပြုလာသည်။
"ဂိုဏ်းချုပ်... ပြင်ပက အကူအညီ တောင်းရင်ရော မဖြစ်နိုင်ဘူးလား"
ဤစကားကို တခြားလူများက ချက်ချင်းပယ်ချလိုက်ကြသည်။
"ငါတို့ ချောင်ရှားတောင်ကြားက အရှေ့ပိုင်းဒေသမှာ ထိပ်တန်းအင်အားစု ဖြစ်နေပြီ....ဘယ်သူ့ဆီ အကူအညီ သွားတောင်းရမှာလဲ"
"အရှေ့ပိုင်းဒေသရဲ့ပြင်ပမှာ ငါတို့ထက် အားကောင်းတဲ့ ဂိုဏ်းတွေ ရှိတာတော့ ငြင်းမရဘူးပေါ့...ဒါပေမဲ့ အဲ့ဒီလို တည်ရှိမှုမျိုးတွေကို လှုပ်ရှားလာအောင် ဆွဲဆောင်နိုင်မလား ဆိုတာ ခဏထားအုံး... လုပ်နိုင်တယ် ထားအုံးတော့... တခြားဒေသကို သွားပြီး ပြန်လာဖို့ အချိန်ဘယ်လောက် ကြာမလဲ...တတိယဘိုးဘေးက အဲ့ဒီလောက် အကြာကြီး တောင့်ခံနိုင်ပါ့မလား"
ဤစကားများ ထွက်ပေါ်လာချိန်၌ အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ လူများအားလုံး လေးလံသော ဖိအားကို ခံစားနေရပေ၏။ တတိယဘိုးဘေး၏ ကျင့်ကြံဆင့်သည် မမြင့်မားသော်လည်း သူ့ကို ဘိုးဘေးအိုကြီးက အလွန်ချစ်မြတ်နိုးသည်။ အကယ်၍ သူသာ သေဆုံးသွားပါက ဘိုးဘေးအိုကြီး ဒေါသထွက်လာလျှင် လက်ရှိနေရာတွင် ရှိနေသည့်လူတိုင်း ဘိုးဘေးအိုကြီး၏ဒေါသကို ခံစားရပေလိမ့်မည်။
လူများအားလုံး မည်သို့လုပ်ရမှန်းမသိ ဖြစ်နေချိန်တွင် ထောင့်တစ်နေရာ၌ ထိုင်နေသော စုဝမ်ကျိုးက မတ်တတ်ထရပ်ပြီး ပြောဆိုသည်။
"တတိယဘိုးဘေးကို ကယ်တင်နိုင်လောက်မယ့် လူတစ်ယောက်ကို တပည့် သိပါတယ်"
ဤစကား ထွက်လာသည်နှင့် သူမသည် ချက်ချင်းဆိုသလိုပင် လူများအားလုံး၏အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားသည်။
"စုလေး... ဘယ်သူမလို့လဲ"
မြင့်မြတ်အရှင်မ လုချင်ရှားက အံ့အားတသင့် မေးမြန်းလိုက်၏။ သူမတို့အားလုံး ခေါင်းခဲနေရသည့် ပြဿနာကို စုဝမ်ကျိုးက ဖြေရှင်းနိုင်မည်ဟု ဆိုသလော။ သံသယများက လူများအားလုံး၏စိတ်နှလုံးသားထဲ၌ ပြည့်နှက်သွားသည်။
စုဝမ်ကျိုးက မြင့်မြတ်အရှင်မကို ဦးညွှတ်ကာ အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမက ပြောဆိုသည်။
"ဆရာ... အဲ့ဒီလူက ရှန်ကျန်းဂိုဏ်းရဲ့ မူဖူတောင်သခင် ကျုံးချင်ပါ"
"ဒါက ဘာစကားလဲ..."
အကြီးအကဲတစ်ယောက်သည် မျက်လုံးပြူးသွားပြီး စုဝမ်ကျိုးကို ကြည့်လိုက်သည့် အကြည့်များ ချက်ချင်းပြောင်းလဲသွားပေ၏။
ရှန်ကျန်းဂိုဏ်းဆိုသည်မှာ ဒေသတွင်း၌ နာမည်အနည်းငယ် ရှိချင်ရှိပေလိမ့်မည်။ သို့ရာတွင် သူတို့၏အမြင်တွင်မူ ဤသည်က ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းမျှသာ ဖြစ်သည်။ ချောင်ရှားတောင်ကြားနှင့် နှိုင်းယှဉ်လျှင် အဆင့်တူ မဟုတ်ပေ။ အကြီးအကဲအများစုဆိုလျှင် ထိုဂိုဏ်း၏နာမည်ကိုပင် မကြားဖူးကြပေ။
ယခုချိန်၌ သူတို့ ချောင်ရှားတောင်ကြားတစ်ခုလုံး ခေါင်းခဲနေရသည့် ပြဿနာကို ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းမှ တောင်သခင်တစ်ယောက်က ဖြေရှင်းနိုင်မည်ဟု စုဝမ်ကျိုးက ပြောနေသလော...
ဤသည်မှာ အမှန်တကယ့်ကို အလွန်ယုတ္တိမရှိသော ကိစ္စပင်။ ယုတ္တိမရှိမှုက နောက်ထပ် ယုတ္တိမရှိမှုတစ်ခုကို ထပ်ဆင့်ပေးလိုက်ပြီး အထွတ်အထိပ် ယုတ္တိမရှိမှုကြီး ဖြစ်သွားသည့်အလားပင်။
"ဝမ်ကျိုး..."
"နင်က ဂိုဏ်းအတွက် ကူညီပေးချင်တယ်ဆိုတာ ငါ သိတယ်....တတိယဘိုးဘေးကို ကယ်ချင်တဲ့ ဆန္ဒကိုလည်း ငါ နားလည်တယ်"
"ဒါပေမဲ့ အခုချိန်က မိုက်မဲရမယ့် အချိန်မဟုတ်ဘူး... လောလောဆယ်မှာ နင် နောက်ဆုတ်နေလိုက်ပါ"
မြင့်မြတ်အရှင်မ လုချင်ရှား၏ မျက်နှာ ချက်ချင်းမည်းမှောင်သွားပြီး မကျေမနပ်ဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။ သူတော်စင်မိန်းမပျိုတစ်ယောက်အနေဖြင့် ဂိုဏ်းထဲတွင် ကိုယ့်ကိုယ့်ကိုယ် ဂုဏ်သိက္ခာတက်အောင် ကြွားလုံးထုတ်ချင်သည်ကို သူမ နားလည်ပေး၍ရသည်။ သို့သော် တတိယဘိုးဘေး၏ အသက်နှင့်ရင်းပြီး နောက်ပြောင်ခြင်းမှာမူ အမှန်တကယ်ကို မသင့်တော်ချေ။
ဤသည်ကို မြင်ချိန်၌ စုဝမ်ကျိုးသည် စိတ်ပူလာပေ၏။
"ဆရာ... ကျွန်မက ပေါက်ကရစကားတွေ ပြောနေတာ မဟုတ်ပါဘူး....ကျုံးချင် ပေးနိုင်တဲ့ ခံစားချက်က အရမ်းအစွမ်းထက်တယ်"
သူမသည် မူဖူတောင်တွင် ကြုံတွေ့ခဲ့ရသည်များကို ချက်ချင်းပြန်ပြောပြလိုက်ပြီးနောက် သူမ နိဂုံးချုပ်လိုက်သည်။
"တပည့် သံသယရှိတာက... အဲ့ဒီရေကန်က ဒဏ္ဍာရီလာ ဒုက္ခပင်လယ် ဖြစ်နေမယ်လို့ပါ"
"မဖြစ်နိုင်ဘူး"
"ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အကြီးအကဲတစ်ယောက်က စဉ်းစားခြင်းပင်မပြုဘဲ ခွန်းတုံ့ပြန်လိုက်သည်။
"ဒုက္ခပင်လယ် ဆိုတာ ဗုဒ္ဓဂိုဏ်းရဲ့ ရတနာပဲ...ကုန်းမြေတစ်ခုလုံးမှာ ဗုဒ္ဓဂိုဏ်းဆိုတာ ကျော်ကြားတဲ့ တည်ရှိမှုတစ်ခုဆိုတာ သိထားဖို့ လိုတယ်...ဗုဒ္ဓဂိုဏ်းအတွက် ဒုက္ခပင်လယ်ရဲ့ အရေးပါမှုက ပြောနေစရာတောင် မလိုဘူး... အပြင်ကို ရောက်လာစရာအကြောင်း လုံးဝမရှိဘူး"
"ဒါပေမဲ့ နင် ပြောသလိုဆိုရင်တော့ ဒီကျုံးချင် ဆိုတဲ့လူက သာမန်လူတွေနဲ့ မတူဘဲ ထူးခြားနေတာတော့ အမှန်ပဲ"
ဒုက္ခပင်လယ်ဟူသော အမည်နာမမှာ ကြီးကျယ်လွန်းနေသည် မဟုတ်လော။ သူတို့၏အမြင်တွင်မူ ကျုံးချင်လက်ထဲက ပစ္စည်းသည် ပုံတူတစ်ခုသာ ဖြစ်လိမ့်မည်။ သို့သော် ပုံတူဖြစ်လျှင်ပင် ဒုက္ခပင်လယ်၏ဝိသေသများကို တုပနိုင်သည်ဆိုခြင်း တစ်ချက်တည်းဖြင့် သူ့ကို အထင်ကြီးရန် လုံလောက်နေလေပြီ။
သို့သော် ဤသည်မှာ အထင်ကြီးရုံ သက်သက်သာ ဖြစ်သည်။ လူများအားလုံး၏စိတ်ထဲတွင်မူ ကျုံးချင်က သူတို့အားလုံး မဖြေရှင်းနိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု မယုံကြည်ကြသေးချေ။
"ဆရာ... တတိယဘိုးဘေးက အခု ကြီးမားတဲ့အန္တရာယ်နဲ့ ကြုံနေရပြီ...ကျွန်မတို့ဆီမှာလည်း ဘာဖြေရှင်းနည်းမှ မရှိဘူးလေ....စမ်းကြည့်တဲ့ သဘောထားနဲ့ ဘာလို့ မကြိုးစားကြည့်တာလဲ"
"ဒီနေရာကနေ ရှန်ကျန်းဂိုဏ်းအထိ မိုင်တစ်သောင်းလောက်ပဲ ဝေးတာပါ...ကျွန်မတို့ရဲ့ အမြန်နှုန်းနဲ့ဆို အသွားအပြန် နှစ်ရက် သုံးရက်လောက်ပဲ ကြာမှာ"
"သူ တကယ်ပဲ ကူညီနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ"
သူမ ဤမျှထိ လေးလေးနက်နက် ပြောနေသည်ကို မြင်တွေ့ချိန်၌ မြင့်မြတ်အရှင်မ လုချင်ရှားလည်း စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ အချိန်ကြာမြင့်စွာ စဉ်းစားတွေးတောပြီးနောက် မျှော်လင့်ချက်များ ပြည့်နေသည့် စုဝမ်ကျိုး၏ မျက်လုံးများကို ကြည့်ကာ နောက်ဆုံးတွင် သူမ ခေါင်းညိတ်လိုက်သည်။
"အခြေအနေက ဒီလိုဖြစ်နေမှတော့... ဆရာကိုယ်တိုင် နင်နဲ့အတူ လိုက်ခဲ့မယ်"