← Chapters

စီနီယာရဲ့ ထူးခြားဆန်းပြားမှု

Vol. 6 Ch. 58

စီနီယာရဲ့ ထူးခြားဆန်းပြားမှု

Vol. 6 Ch. 58

စုဝမ်ကျိုးနှင့် မြင့်မြတ်အရှင်မ လုချင်ရှားတို့ ရှန်ကျန်းဂိုဏ်းသို့ ရောက်ရှိချိန်တွင် နောက်တစ်နေ့သို့ ကူးပြောင်းရောက်ရှိနေလေပြီ။

သူမတို့နှစ်ယောက်သား လေထဲတွင် ပျံသန်းလာကြရာ တောင်တန်းရှုခင်းများကို အပြည့်အဝ မြင်တွေ့နေရသည်။

'ဒီနေရာက တောင်တွေ စိမ်းလန်းပြီး ရေတွေ ကြည်လင်နေတယ်... ရှုခင်းတွေက ထူးခြားပြီး လှပတယ်...'

'တတိယဘိုးဘေးသာ ကပ်ဘေးကြီးနဲ့ မရင်ဆိုင်နေရရင် ဒီမှာ ခဏလောက်နေပြီး တောင်တွေကို ကြည့်ရှုခံစားရတာက တော်တော်လေးကောင်းမှာပဲ'

မြင့်မြတ်အရှင်မ လုချင်ရှားက တွေးတောနေမိသည်။

"ဆရာ... ရှေ့မှာရှိတဲ့ တောင်က စီနီယာကျုံးချင်ရဲ့ မူဖူတောင်ပဲ"

စုဝမ်ကျိုးက လမ်းညွှန်ပြသရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

လမ်းတလျှောက်တွင် သူမဆရာ၏ သဘောထားကို သိရှိခဲ့ရသည်။ သိသာထင်ရှားသည်မှာ သူမ၏ဆရာသည် တတိယဘိုးဘေးကို ကယ်တင်နိုင်မည့် ကျုံးချင်၏စွမ်းရည်အပေါ် မျှော်လင့်ချက် သိပ်မထားချေ။ သို့သော် တခြားလူများ နားမလည်လျှင်ပင် သူမသည် မည်သည်ကြောင့် နားမလည်ဘဲ နေမည်နည်း။ ကျုံးချင်သည် လူ့လောကထဲသို့ နှင်ထုတ်ခံထားရသော အင်မော်တယ်တစ်ပါးအလား သီးသန့်နေထိုင်သည့် ဆရာသခင်တစ်ဦး၏ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ထိုစီနီယာ၏ ထူးခြားဆန်းပြားသော သဘာဝကို မြင်တွေ့ပြီးနောက် သူမ၏ဆရာ အမြင်ပြောင်းသွားမည်ဟု သူမ ယုံကြည်နေမိသည်။

နာရီဝက် ကြာပြီးနောက် ဆရာတပည့်နှစ်ယောက်သား မူဖူတောင်၏အထက်သို့ ရောက်ရှိလာကြ၏။

"စီနီယာ... စုဝမ်ကျိုးက လာရောက်လည်ပတ်ပါတယ်"

သူမသည် အလွန်နှိမ့်ချသော အမူအယာဖြင့် ပြောဆိုလိုက်ခြင်းက မြင့်မြတ်အရှင်မ လုချင်ရှားကို စူးစမ်းလိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။ သူမ၏တပည့်သည် အလွန်မောက်မာထောင်လွှားသူတစ်ယောက်ပင်။ ယခင်က မည်သူ့ကိုမျှ သူမ၏တပည့် ဤမျှထိ လေးစားသမှု ရှိသည်ကို သူမ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမ၏တပည့်ကို ရိုသေလေးစားစေသော လူတစ်ယောက်ထံ၌ မည်သည့်ထူးခြားချက်များ ရှိနေသည်ကို သူမ အမှန်တကယ် မြင်တွေ့လိုသည်။

မကြာမီ မူဖူတောင်ရှိ ခြံဝင်းတံခါး ပွင့်လာပြီး အတွင်းမှ လူတစ်ယောက် လျှောက်လှမ်းထွက်လာသည်။ ထိုလူသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပေ၏။ သူ၏ ဆံပင်ရှည်များသည် ခါးအထိ ဖြာကျနေသော်လည်း ရှုပ်ပွနေပုံ မရဘဲ လွတ်လပ်ကျော့ရှင်းကာ အနည်းငယ်ကျက်သရေ ရှိသည်။ သူ၏မျက်နှာသွင်ပြင်သည် နူးညံ့သိမ်မွေ့ပြီး မျက်နှာထား တည်ကြည်သည်။ သူ့ကိုကြည့်ရသည်မှာ ထူးခြားဆန်းပြားပြီး တည်ငြိမ်အေးဆေးနေသည်။ သူမအား ပထမဆုံး ပေးစွမ်းနိုင်သော အမြင်မှာ ထိုလူသည် ချောမောခန့်ညားသည် ဟူ၍ပင်။

သေချာသည်မှာ ကျင့်ကြံခြင်းလောကတွင် စိတ်နေသဘောထားနှင့် ရုပ်ဆင်းသွင်ပြင်သည် ဒုတိယအဆင့်သာ ဖြစ်သည်။ စွမ်းအားသည် လူတစ်ယောက်၏ရပ်တည်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ပေ၏။ မြင့်မြတ်အရှင်မ လုချင်ရှားသည် ကျုံးချင်ကို အကြိမ်ကြိမ် စေ့စေ့စပ်စပ် ကြည့်ရှုသော်လည်း သူ့ထံမှ စိတ်ဝိညာဉ်စွမ်းအား အတက်အကျကို အနည်းငယ်မျှပင် မခံစားရချေ။ သူမသည် 'ဒါက နင်ပြောတဲ့ ဖုံးကွယ်ထားတဲ့ ဆရာကြီးဆိုတာလား' ဟု မေးလိုသည့်အလား သူမ၏တပည့်ကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

စုဝမ်ကျိုးသည် သူမ၏ဆရာ ပြောလိုသော အဓိပ္ပာယ်ကို နားလည်သဖြင့် တိတ်တဆိတ် အသံပေးပို့လိုက်၏။

"ဆရာ... ကျေးဇူးပြုပြီး စိတ်ရှည်ပါ... ဆရာကြီးတစ်ယောက် ခုလိုဖြစ်နေရတဲ့ အကြောင်းရင်းက သူ မကြွားဝါလို့ သူ့ရဲ့အစွမ်းကို ထုတ်မပြလို့ပါပဲ... လူတစ်ယောက်ကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်ရင် သူက ဆရာကြီး ဟုတ်ပါ့မလား"

မြင့်မြတ်အရှင်မလုချင်ရှားသည် မငြင်းဆန်ဘဲ ဆက်လက်၍လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ကျုံးချင်သည် မိုးကောင်းကင်ပေါ်ရှိ စုဝမ်ကျိုးကိုကြည့်ပြီး မေးမြန်းသည်။

"မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"

သူ၏အမြင်အရ ဤမိန်းကလေးသည် မျက်နှာပြောင်တိုက်ပြီး အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုရသည်ကို ကြိုက်နှစ်သက်သူပင်။ သူမအပေါ် သူ၏အမြင်သည် သိပ်မကောင်းလှပေ။

စကားတစ်ခွန်းတည်းဖြင့် စုဝမ်ကျိုး မည်သို့ ပြန်ပြောရမည်ကို မသိတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် မိန်းကလေးတစ်ဦးဖြစ်သဖြင့် အရှက်သိက္ခာကို စောင့်ထိန်းရပေမည်။ ယခင်က သူမတို့ကြားတွင် မနှစ်မြို့ဖွယ်ရာ အထင်လွဲမှားမှုတချို့ ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် 'ကျွန်မ ရှင့်ဆီကနေ အကူအညီ တစ်ခု တောင်းချင်လို့ပါ' ဟု သူမ တိုက်ရိုက်ပြောဆို၍ မရနိုင်ပေ။

မြင့်မြတ်အရှင်မ လုချင်ရှားသည် သူမတပည့်၏ အကြပ်အတည်းကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းဝင်ရောက်ပြောဆိုလိုက်သည်။

"အရှင်က ကျွန်မတပည့်ရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ်လို့ ကြားပါတယ်... ဒီနေ့ ကျွန်မတို့နှစ်ယောက်က ဒီနေရာကို ဖြတ်သွားရင်း ကျေးဇူးတင်ကြောင်းပြောဖို့ လာလည်တာပါ"

ကျုံးချင်က သူ၏မေးကို ပွတ်သပ်လိုက်သည်။ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ပြောဆိုလိုက်၏။

"ငါ့ရဲ့တံခါးပေါက်ကို ဖြတ်ကျော်လာသူတိုင်းက ဧည့်သည်တွေပါပဲ... အောက်ဆင်းပြီး လက်ဖက်ရည် သောက်ပါအုံး"

"ကျေးဇူးတင်ပါတယ် စီနီယာ"

ကျုံးချင်၏ ဖိတ်ခေါ်မှုသည် စုဝမ်ကျိုးအတွက် ကြီးမားသော စိတ်သက်သာရာရမှုကို ဖြစ်စေသည်။ သူသည် သူမအား မကြိုဆိုမည်ကို စိုးရိမ်နေခဲ့မိသည်။ ဂုဏ်သရေရှိသော မြင့်မြတ်နယ်မြေဂိုဏ်းချုပ်နှင့် သူတော်စင်မိန်းမပျိုတို့သည် တံခါးဝတွင် ငြင်းပယ်ခံရပါက သူမသည် ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ဤအခြေအနေမျိုး ဖြစ်မလာခဲ့ချေ။

အမျိုးသမီးနှစ်ယောက်သည် ကောင်းကင်ယံမှနေ၍ မြေပြင်သို့ ဆင်းသက်လာကြပြီး ကျုံးချင်နောက်သို့ လိုက်ပါကာ ခြံဝန်းငယ်လေးထဲသို့ ဝင်ရောက်သွားကြသည်။ ဧည့်ခန်းထဲတွင် ကျုံးချင်သည် သူမတို့တစ်ဦးစီအတွက် လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးလိုက်၏။

စုဝမ်ကျိုးက နံဘေးမှနေ၍ အလေးအနက်ထားသောလေသံဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ဆရာ... ဒါက ဆရာ့ကို အကြိမ်ကြိမ် ပြောပြခဲ့ဖူးတဲ့ စီနီယာကျုံးချင်ပါ"

"စီနီယာ... ဒါက ကျွန်မရဲ့ ဆရာ... ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေရဲ့ လက်ရှိ ဂိုဏ်းချုပ်... မြင့်မြတ်အရှင်မ လုချင်ရှားပါ"

မိတ်ဆက်ပေးပြီးနောက် မြင့်မြတ်အရှင်မ လုချင်ရှားသည် မွှေးပျံ့သော လက်ဖက်ရည်ကို ဖြည်းညှင်းစွာသောက်ပြီး ပြောဆိုသည်။

"အရှင်... ဒီနေရာက တောင်တွေက လှပပြီး ရေတွေ ကြည်လင်တယ်... ရှုခင်းတွေက ကြည်နူးစရာ ကောင်းလိုက်တာ... လူတစ်ယောက်က တောင်တွေနဲ့ရေတွေကြားမှာနေဖို့ ရွေးချယ်တာက သူ့ရဲ့ စိတ်နေသဘောထားကို ဖော်ပြတယ်လို့ ဆိုကြတယ်... ကြည့်ရတာတော့ အရှင်က နူးညံသိမ်မွေ့တဲ့ လူတစ်ယောက် ဖြစ်ရမယ်"

ကျုံးချင်က အပြုံးနှင့် တုံ့ပြန်သည်။

"ကျွန်တော်က ကိုယ်ပိုင်လမ်းစဉ်အတိုင်း လျှောက်လှမ်းတယ်... သိမ်မွေ့တာ ရိုင်းစိုင်းတာတွေကို လုံးဝဂရုမစိုက်ဘူး... ဘဝမှာ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုကိုပဲ ရှာဖွေတာပါ"

ဤစကားများသည် မြင့်မြတ်အရှင်မ လုချင်ရှားကို ချက်ချင်းအထင်ကြီးသွားစေသည်။ တခြားအရာများကို ဘေးဖယ်ထားလိုက်လျှင် ဤကဲ့သို့ ပွင့်လင်းမြင်သာသော စိတ်ထားမျိုးသည် လူတိုင်း ပိုင်ဆိုင်နိုင်သော အရာမဟုတ်ပေ။ သူတို့သည် အနည်းငယ် စကားစမြည်ပြောပြီး ရယ်မောကြရာ အခြေအနေသည် အတော်လေး သဟဇာတ ဖြစ်နေပေ၏။

နေ့လည်ခင်းကို ကျော်လွန်လာချိန်၌ မြင့်မြတ်အရှင်မ လုချင်ရှားက အကြံပြုလိုက်သည်။

"အရှင်... မူဖူတောင်ပေါ်က ရှုခင်းတွေက အရမ်းလှတာကို ကျွန်မ သတိထားမိတယ်... ကျွန်မတို့ တောင်ပေါ်မှာ လမ်းလျှောက်လို့ ရမလား မသိဘူး"

ဤတစ်ကြိမ်တွင် သူမ လာရခြင်းမှာ သီးခြားကျင့်ကြံနေသော ဆရာကြီးတစ်ယောက်ကို ဖိတ်ခေါ်ရန်ပင်။ ကျုံးချင်သည် ထိုကဲ့သို့ ဆရာကြီးမျိုး အမှန်တကယ် ဟုတ်မဟုတ် ဆိုသည်အား လက်ရှိအမြင်အရ သူမ အနည်းငယ် မသေချာမရေရာ ဖြစ်နေသည်။ အကယ်၍ သူမသည် ဆရာကြီးအတု တစ်ယောက်ကို ပြန်ခေါ်သွားမိပါက ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမသည် ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာပေလိမ့်မည်။ ကျုံးချင်၏အထောက်အထားကို စစ်ဆေးရန်လည်း အလွန် လွယ်ကူသည်။ စုဝမ်ကျိုးပြောဆိုသော ဒုက္ခပင်လယ်ဟူသည့်အရာကို သွားကြည့်ပြီး သူမ ပြောဆိုသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှု ရှိမရှိ ကြည့်လိုက်ရုံဖြင့် ဤကိစ္စ ပြီးဆုံးသွားပေလိမ့်မည်။

"ရပါတယ်... ကြွပါ"

မူဖူတောင်တွင် အမှန်တကယ်ကို သာယာလှပသော ရှုခင်းများ ရှိပြီး ဖုံးကွယ်ထားသော သို့မဟုတ် တားမြစ်ထားသော နေရာများ မရှိသဖြင့် ကျုံးချင်သည် ဂရုမစိုက်ချေ။

မကြာမီမှာပင် သူမတို့နှစ်ယောက်သား ခြံဝန်းငယ်လေးထဲမှ ထွက်ခွာသွားကြသည်။

"ဆရာ ဘယ်လိုလဲ"

စုဝမ်ကျိုးက စိတ်မရှည်တော့ဘဲ မေးမြန်းလိုက်၏။

"စီနီယာရဲ့ ထူးခြားဆန်းပြားတဲ့ စွမ်းရည်ကို မြင်ပြီလား"

"နင် ပြောတဲ့ ဒုက္ခပင်လယ်ဆိုတာ ငါ့ကို လိုက်ပြအုံး... ဒါဆိုရင် ငါ ဆုံးဖြတ်ချက်ချနိုင်လောက်ပြီ"

​မြင့်မြတ်အရှင်မလုချင်ရှားက ပြောဆိုသည်။

ဤစကားများသည် စုဝမ်ကျိုး အလိုချင်ဆုံး အရာပင်။ သူမ၏အမြင်အရ ထိုနေရာသည် လောကကြီးအတွင်း၌ ကြီးမားသော ကြောက်မက်ဖွယ်ရာ တစ်ခုဖြစ်သည်။ ထိုအရာသည် ကျုံးချင်၏ ထူးခြားဆန်းပြားသောစွမ်းရည်ကို သက်သေပြနိုင်သည့် တိုက်ရိုက်အကျဆုံးနှင့် အစွမ်းထက်ဆုံး သက်သေအထောက်အထားလည်း ဖြစ်ပေ၏။

သူမက ချက်ချင်း ပြောဆိုလိုက်သည်။

"ဆရာ... ကျွန်မရဲ့နောက်ကို လိုက်ခဲ့ပါ"

ထိုသို့ပြောဆိုရင်း သူမသည် မြင့်မြတ်အရှင်မ လုချင်ရှားကို တောင်အနောက်ဘက်သို့ တိုက်ရိုက်ဦးဆောင်၍ ခေါ်သွားသည်။ သို့သော် ထိုဒုက္ခပင်လယ်ကို ကျုံးချင်သည် သူ၏ ကမ္ဘာငယ်လေးထဲသို့ ယခင်ကတည်းက သိမ်းဆည်းပြီးဖြစ်သည်။ သူမ ရည်မှန်းထားသောနေရာသို့ ရောက်ရှိချိန်၌ သူမ၏ရှေ့တွင် ထွက်ပေါ်လာသည်မှာ သာမန်ရေကန်ငယ်လေး တစ်ခုသာ ဖြစ်နေသည်။

"ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ"

စုဝမ်ကျိုး စိုးရိမ်ပူပန်စပြုလာသည်။

"ဒီနားမှာ ရှိတာကို ကျွန်မ သေသေချာချာ မှတ်မိပါတယ်"

သူမသည် တောင်တစ်တောင်လုံး လိုက်လံရှာဖွေသော်လည်း ဒုက္ခပင်လယ်၏ အရိပ်အယောင်တစ်ခုကိုမျှ မတွေ့ရချေ။

"တော်လိုက်တော့ ဝမ်ကျိုး... ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင်"

မြင့်မြတ်အရှင်မလုချင်ရှား၏ မျက်နှာထားသည် သိပ်မကောင်းလှပေ။ သူမသည် ဤကိစ္စအတွက် မျှော်လင့်ချက် မထားခဲ့သင့်ချေ။

မည်သို့ပင်ဆိုစေကာမူ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းက မြင့်မြတ်နယ်မြေတစ်ခုထက် ပို၍အစွမ်းထက်သော ဆရာကြီးတစ်ယောက်ကို မည်သို့ မွေးထုတ်ပေးနိုင်မည်နည်း။ ဤသည်က စိတ်ကူးယဉ် သက်သက်ပင်။

"ပြန်ကြရအောင်... တတိယဘိုးဘေးကို ကယ်တင်ဖို့အတွက် သေချာစဉ်းစားဖို့ လိုတယ်"

သူမက ကျုံးချင်သည် အစွမ်းထက်သော ဆရာကြီးတစ်ဦး ဖြစ်နိုင်ချေမရှိဟု ယူဆလိုက်သည်။ ထို့နောက် သူမသည် ခြံဝန်းငယ်လေးသို့ ပြန်သွားပြီး နှုတ်ဆက်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် သူမတို့နှစ်ဦး ခြံဝန်းငယ်လေးသို့ ပြန်ရောက်သည်နှင့် တပြိုင်နက်...

ပုံရိပ်တစ်ခု မိုးကောင်းကင်ကို ဖြတ်၍ပျံသန်းလာသည်။ သူသည် တောင့်တင်းသန်မာပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပေ၏။ သူ၏ အရှိန်အဝါသည် တွင်းနက်ကြီး တစ်ခုကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး နက်ရှိုင်းသည်။

'ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာလဲ....'

မြင့်မြတ်အရှင်မ လုချင်ရှား၏ စိတ်နှလုံးသား တင်းကြပ်သွားသည်။ ဤလူသည် ဟေးပိုင်မှလွဲ၍ တခြားသူ မဟုတ်ပေ။ မြင့်မြတ်အရှင်မ လုချင်ရှားသည် ဟေးပိုင်၏အစွမ်းအစကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ ထိုလူ၏ရှေ့တွင် ဂုဏ်သရေရှိသော မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သည့် သူမပင်လျှင် ပြိုင်ဘက် မဟုတ်နိုင်ချေ။

သို့ရာတွင် ထိုလူသည် မည်သည်ကြောင့် ဤနေရာသို့ ရောက်နေသနည်း....

All Chapters