← Chapters

ဝင်္ကပါခံနိုင်ရည်စွမ်း ရုပ်ခန္ဓာကိုယ်

Vol. 6 Ch. 59

ဝင်္ကပါခံနိုင်ရည်စွမ်း ရုပ်ခန္ဓာကိုယ်

Vol. 6 Ch. 59

ဟေးပိုင်၏အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး အချိန်တခဏအကြာတွင် မူဖူတောင်ရှိ ခြံဝင်းငယ်လေးသို့ ရောက်ရှိလာသည်။ မြင့်မြတ်အရှင်မ လုချင်ရှား ပို၍စိတ်ရှုပ်ထွေးလာသည်။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူဖြစ်ကာ ချောင်ရှားတောင်ကြား မြင့်မြတ်နယ်မြေ၏ ဘိုးဘေးများနှင့် ယှဉ်နိုင်သော တည်ရှိမှုကြီးတစ်ခုသည် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းသို့ ရောက်လာခြင်းမှာ မည်သည့် ရည်ရွယ်ချက်မျိုး ရှိနေသနည်း။

ဤသံသယကို ဆုပ်ကိုင်ထားရင်း မြင့်မြတ်အရှင်မ လုချင်ရှားသည် စုဝမ်ကျိုးကိုခေါ်ဆောင်ကာ ခြံဝန်းငယ်လေးထဲသို့ ပြန်လည်၍ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဟေးပိုင်သည် ခြံဝန်းထဲတွင် မတ်တတ်ရပ်နေသည်။ သူ၏ခန္ဓာကိုယ်သည် တောင်ထိပ်တစ်ခုကဲ့သို့ ဖြောင့်မတ်နေပြီး ရှေးဟောင်းထင်းရှူးပင်ကြီး တစ်ပင်အလားပင်။ သူသည် ဆင့်ခေါ်ခံရမည်ကို စောင့်ဆိုင်းနေပုံ ရပေ၏။

'ငါ့မှာ တစ်ခုခု မှားနေတာပဲ ဖြစ်မယ်... မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးက ဘယ်နေရာကိုသွားသွား အထူးဧည့်သည်တော်ပဲ... ဘယ်လိုလုပ်ပြီး ဆင့်ခေါ်ခံရတယ် ဆိုတဲ့ စကားလုံးကို သူ့အတွက် သုံးနိုင်မှာလဲ'

မြင့်မြတ်အရှင်မ လုချင်ရှားသည် သူမ၏ မျက်နှာကိုပုတ်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ဤကြောက်မက်ဖွယ် ထိပ်သီးကျင့်ကြံသူကို ဂရုတစိုက် လေ့လာကြည့်လိုက်သည်။ အတွေးများသည် သူမ၏စိတ်ထဲသို့ အဆုံးမရှိ ဝင်ရောက်လာပေ၏။ သူမ အသိချင်ဆုံး အရာကမူ သူ ဤနေရာသို့ ဘာလုပ်နေသနည်းဟူသော အချက်ပင်။ ကျုံးချင်နှင့် ဤလူအကြားတွင် တစ်စုံတစ်ခု ပတ်သက်ဆက်နွယ်မှု ရှိနေသလော။

ထိုအချိန်မှာပင် ကျုံးချင်က ခြံဝန်းထဲမှ ထွက်လာသည်။ ထို့နောက် ဟေးပိုင်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ပြောဆိုလိုက်၏။

"သခင်... တောင်ရတနာကို ကျွန်တော် ပြန်ယူလာပါပြီ"

ဤမြင်ကွင်း... ဤစကားလေးတစ်ခွန်းသည် မြင့်မြတ်အရှင်မ လုချင်ရှား၏စိတ်ထဲတွင် အကန့်အသတ်မဲ့ လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ သူမ၏စိတ်နှလုံးသားကို ကြီးမားသောဒီရေများ ရိုက်ခတ်သွားသည့်အလားပင်။ သူမ၏ဦးနှောက်များ ပူထူသွားပြီး ကောင်းကင်ဘုံမိုးကြိုးတစ်သောင်း ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်သွားပြီး သူမ၏မျက်လုံးများ ကျွတ်ထွက်လာတော့မည့်အလားပင်။ အချိန်အတော်ကြာပြီးနောက် သူမသည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်မိသည်။

"သ... သ... သခင်လား"

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် အမှန်တကယ်ကို အစေခံတစ်ယောက် ဖြစ်နေသလော...

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးသည် ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်း၏တောင်သခင်ကို "သခင်"ဟု ခေါ်ဆိုလိုက်သလော....

ဟေးပိုင် ဤနေရာသို့ ရောက်လာစဥ်က ကျုံးချင်နှင့်သူ့ကြားတွင် တစ်စုံတစ်ခု ပတ်သက်မှု ရှိမည်ဟု သူမ တွေးထင်ခဲ့သည်။ သို့ရာတွင် သူတို့၏ ဆက်ဆံရေးသည် သခင်နှင့်အစေခံ ဖြစ်နေလိမ့်မယ်လို့ သူမ မည်သို့မျှ မျှော်လင့်မထားခဲ့ပေ။ ထို့ပြင် ကျုံးချင်သည် သခင်ဖြစ်ပြီး မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူက အစေခံ ဖြစ်နေခြင်းပင်။

ထိုအခိုက်အတန့်တွင် မုန်တိုင်းများစွာကို မြင်တွေ့ခဲ့ဖူးပြီး ထိုက်တောင်ကြီး မျက်စိရှေ့တွင် ပြိုကျလျှင်ပင် မတုန်မလှုပ် ရှိနေမည့် ချောင်ရှားတောင်ကြားဂိုဏ်းချုပ် မြင့်မြတ်အရှင်မ လုချင်ရှားသည် စိတ်မထိန်းနိုင်တော့ပေ။ သူမနှင့် နှိုင်းယှဉ်လျှင် စုဝမ်ကျိုးသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းနေသည်။ စုဝမ်ကျိုးသည် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ နေရာတွင် ခုန်ပေါက်မိလုနီးပါးပ​င်။

"ဆရာ... ကျွန်မ ပြောသားပဲ... ဒီစီနီယာကျုံးချင်က ပုန်းအောင်းနေတဲ့ ပြိုင်ဘက်ကင်း ဆရာကြီးတစ်ယောက်ပါလို့... သူ့ရဲ့အဆင့်က ကျွန်မ စိတ်ကူးထားတာထက်တောင် ပိုပြီးကြောက်စရာ ကောင်းနေတယ်... မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို အစေခံအဖြစ် ခေါ်ထားနိုင်တဲ့ တည်ရှိမှုမျိုးဖြစ်နေမှတော့ သူ့ရဲ့စွမ်းအားက အဲ့ဒီနယ်ပယ်ရဲ့ အထက်မှာ ရှိနေရမယ်... ကျွန်မတို့သာ သူ့ကို အကူအညီတောင်းနိုင်ရင် တတိယဘိုးဘေး ကယ်တင်ခံရမှာ သေချာတယ်"

တစ်ချိန်တည်းမှာပင် ခြံဝင်းအပြင်ဘက် သစ်ပင်ထိပ်ဖျားပေါ်တွင် ချီစွမ်းအင်များကို စုပ်ယူနေသော လင်းဖုန်းသည် ထိုစကားများကို ကြားလိုက်ရသဖြင့် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

သူက လှောင်ပြောင်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဆရာက မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် အထက်မှာပဲ ရှိတာ ဘယ်ဟုတ်မလဲ... သူက အင်မော်တယ်ဧကရာဇ် ပြန်ဝင်စားသူလေ... သူက ရှေးခေတ်နဲ့ အခုခေတ်ကို တုန်လှုပ်သွားစေတဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ တည်ရှိမှုကြီးတစ်ခုပဲ... မြင့်မြတ်နယ်မြေကဆိုတဲ့ လူတွေက ဆရာ့ရဲ့စွမ်းအားက တစ်သောင်းပုံတစ်ပုံတောင် မမြင်နိုင်ကြဘူး... သူတို့က ဒီလောက်ပါပဲ"

မြင့်မြတ်နယ်မြေသည် ယခင်က သူ စိတ်ကူးပင် မယဉ်ရဲခဲ့သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ကာ သူ လေးစားအားကျခဲ့သော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ သူ၏စိတ်ထဲ၌ မြင့်မြတ်နယ်မြေ များ၏ အဆင့်အတန်းသည် ထိုးကျသွားခဲ့လေပြီ။ သူ၏လက်စွပ်ထဲရှိ အကြီးအကဲကျန်းကလည်း ထိုစကားကို ကြားချိန်၌ ထောက်ခံလိုက်၏။

"အမှန်ပဲ... အရှေ့ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေ ဆိုတာက လူအများစုရဲ့မျက်လုံးထဲမှာ ကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခု မလှုပ်ခတ်နိုင်တဲ့ တည်ရှိမှုကြီးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါပေမယ့် မင်းဆရာရဲ့ရှေ့မှာတော့ သူ အထွတ်အထိပ် ရောက်နေတဲ့အချိန်ဆိုရင် သူတို့က တွေ့ဆုံဖို့ အရည်အချင်းတောင် ရှိမှာ မဟုတ်ဘူး"

…..

ထိုအချိန်တွင် ခြံဝန်းထဲ၌ ကျုံးချင်သည် ဟေးပိုင် လက်ကမ်းပေးသော တောင်ရတနာကို ယူဆောင်ပြီး ချီးကျူးလိုက်သည်။

"ကောင်းတယ်... မင်း လောလောဆယ်တော့ ပြန်လို့ရပြီ"

ဟေးပိုင်က ထိုစကားကို ကြားချိန်၌ ရိုသေလေးစားသော အမူအယာဖြင့် ဆုတ်ခွာသွားသည်။

ဤကဲ့သို့ စိတ်ကြိုက် ခေါ်ယူနိုင်ပြီး ပြန်လွှတ်နိုင်သော အပြုအမူမျိုးသည် မြင့်မြတ်အရှင်မ လုချင်ရှားနှင့် သူမတပည့်တို့၏ စိတ်နှလုံးသားများကို အဆင့် ၁၂ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခတ်ဖျက်ဆီးလိုက်သည်။

သူမတို့အား လျစ်လျူရှုထားခြင်းခံလိုက်ရကြောင်းကိုပင် သူမတို့ လုံးဝမသိလိုက်ကြပေ။ သို့ရာတွင် သူမတို့ သိလျှင်ပင် ဂရုစိုက်ရန် အချိန်ရကြမည် မဟုတ်ချေ။ အကြောင်းအရင်းမှာ ယခုအချိန်တွင် သူမတို့၏ အာရုံစိုက်မှု အပြည့်အဝသည် ကျုံးချင်အပေါ်တွင် ရောက်ရှိနေသောကြောင့်ပင်။ သူမတို့၏စိတ်နှလုံးသားများသည် သူ့ကြောင့် ပြင်းထန်စွာ ခုန်ပေါက်နေကြသည်။ ဤသည်မှာ သူမတို့ အလွန်အမင်း ထိတ်လန့်နေသောကြောင့်ပင်။

ကျုံးချင်သည် ဟေးပိုင်ကို လက်ဝှေ့ယမ်းပြကာ ထွက်သွားခိုင်းလိုက်ပြီး စိတ်လှုပ်ရှားနေသော သို့မဟုတ် ထိတ်လန့်နေသော ဆရာတပည့်ကို မြင်တွေ့မိသည်။ သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ထင်ဟပ်လာပေ၏။ တောင်ရတနာသည် သူ၏လက်ထဲသို့ ရောက်ရှိနေပြီး ဆေးဖက်ဝင်ပစ္စည်းများ စုဆောင်းမိပြီဖြစ်၍ ဆေးဖော်စပ်ခြင်း စတင်တော့မည် ဖြစ်သဖြင့် ယခုအချိန်တွင် သူမတို့နှစ်ဦးအတွက် သူ အချိန်မပေးနိုင်တော့ပေ။

"ခင်ဗျားတို့နှစ်ယောက် ခွင့်လွှတ်ပေးပါ ... ကျွန်တော့်မှာ လုပ်စရာ အရေးကြီးကိစ္စတချို့ ရှိနေတယ်... ကျွန်တော့်ရဲ့တပည့်ကို ခင်ဗျားတို့နှစ်ယောက်ကို ဧည့်ခံခိုင်းလိုက်ပါ့မယ်..."

"စီနီယာ... ကျေးဇူးပြုပြီး လုပ်စရာရှိတာလုပ်ပါ... ကျွန်မတို့အတွက် စိတ်ပူဖို့ မလိုပါဘူး... စီနီယာမှာ အရေးကြီးကိစ္စ ရှိရင် သွားလုပ်ပါ... ကျွန်မတို့က ဒီနေရာမှာပဲ ထိုင်စောင့်နေပါ့မယ်"

မြင့်မြတ်အရှင်မ လုချင်ရှားက ပြုံးရွှင်နေသော မျက်နှာထားဖြင့် အလျင်အမြန် ပြောလိုက်သည်။ သူမသည် ကျုံးချင်အတွက် သူမ၏အခေါ်အဝေါ်ကိုပင် ပြောင်းလဲလိုက်လေပြီ။ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို အစေခံအဖြစ် ထားရှိနိုင်သူသည် သူမ၏ "စီနီယာ" ဟု ခေါ်ဆိုခြင်း ခံရရန် ထိုက်တန်ပေ၏။

"ဒါဆိုရင် နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျုံးချင်က ပြုံးပြီး ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။ အချိန်များ မသိလိုက်မသိဘာသာဖြင့် နာရီပေါင်းများစွာ ကုန်ဆုံးသွားပေ၏။ သူမတို့နှစ်ယောက်သား နေဝင်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။ လမင်းကြီး သစ်ကိုင်းဖျားတွင် မြင့်မားစွာ ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်ကျမှသာ ဆေးဖော်စပ်ခြင်း ပြီးစီးသွားသော ကျုံးချင် ပြန်ရောက်လာသည်။

သူမတို့ ထင်ယောင်ထင်မှား ဖြစ်နေသလောဟု မသိရသော်လည်း မြင့်မြတ်အရှင်မ လုချင်ရှားနှင့် စုဝမ်ကျိုးတို့က ကျုံးချင်သည်ယခင်ကထက်ပို၍ ကျက်သရေရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင် သူသည် ပို၍ထူးခြားဆန်းပြားပြီး သိမ်မွေ့နေသည့်အလားပင်။ သူမတို့ သူ့ကို မချီးကျူးနိုင်မီမှာပင် ကျုံးချင်က ပြောဆိုလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် ခွင့်လွှတ်ပေးပါ... ကျွန်တော် ခင်ဗျားတို့ကို အကြာကြီး စောင့်ခိုင်းမိပြီ"

မြင့်မြတ်အရှင်မလုချင်ရှား​က ရယ်ပြုံးပြီး အလျင်အမြန် ပြောဆိုသည်။

"စီနီယာ... ဘာတွေ ပြောနေတာလဲ... ဒုက္ခမရောက်ပါဘူးရှင်"

"ဒါပေမယ့် ခင်ဗျားတို့ပုံစံကို ကြည့်ရတာ ကျွန်တော့်ရဲ့ မူဖူတောင်ကို ဒီအတိုင်း ဖြတ်သွားတာတော့ မဟုတ်လောက်ဘူး ထင်တယ်"

ဤအချိန်ရောက်မှသာ ကျုံးချင်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

"ခင်ဗျားတို့နှစ်ယောက် ဒီနေကို ဘာကိစ္စနဲ့ ရောက်လာတာလဲဆိုတာ သိခွင့်ရမလား"

ကျုံးချင်သည် သူမတို့၏ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မြင့်မြတ်အရှင်မ လုချင်ရှားသည် ဖုံးကွယ်မထားရဲတော့ဘဲ သူမ၏လက်နှစ်ဖက်ကို အမြန် ပူးဆုပ်ကာ အမှန်အတိုင်း ပြောဆိုလိုက်သည်။

"စီနီယာ....ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မနဲ့ ကျွန်မရဲ့တပည့်က စီနီယာကို ဖိတ်ခေါ်ဖို့ တမင်သက်သက် ရောက်လာကြတာပါ... ကျွန်မတို့ ချောင်ရှားတောင်ကြားရဲ့ တတိယဘိုးဘေးက နက်ရှိုင်းတဲ့ လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ ပိတ်မိနေတယ်... သူ့ရဲ့အသက်က ဓားသွားပေါ်က ပျားရည်စက်လို ဖြစ်နေပြီးတော့ ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံနေရတယ်... သူ့ကို ကယ်တင်ဖို့ အစွမ်းထက်တဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ကျွန်မတို့ အရေးတကြီး လိုအပ်နေတယ်... စီနီယာသာ ကူညီပေးမယ်ဆိုရင် ကျွန်မတို့ ချောင်ရှားတောင်ကြားက မပြည့်စုံတဲ့ ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်ဖြစ်တဲ့ လမ်းညွှန်စာအုပ်တစ်အုပ်ကို လက်ဆောင်အဖြစ် ပေးအပ်ချင်ပါတယ်"

ကျုံးချင်ကို စည်းရုံးရန်အတွက် သူမ အစွမ်းကုန် ကြိုးစားလိုသည်။ ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်သည် မပြည့်စုံသော လမ်းညွှန်စာအုပ် ဖြစ်နေသည့်တိုင် ချောင်ရှားတောင်ကြားတစ်ခုလုံးအတွက် အလွန်အဖိုးတန်သော တည်ရှိမှုတစ်ခုပင်။ ထိုအရာသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်သော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။ အပြင်လောကတွင် ထိုကျင့်ကြံနည်းစနစ်သည် သွေးထွက်သံယို မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေရန် လုံလောက်သည်။ မရေမတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများက ထိုအရာကို လုယူကြပေလိမ့်မည်။ ကျုံးချင်သည် ထူးခြားဆန်းပြားသူ ဖြစ်သော်လည်း ပို၍အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လေလေ ထိုကဲ့သို့ အဆင့်မြင့်ကျင့်ကြံနည်းစနစ်များကို ပို၍တောင့်တပြီး စွဲလမ်းလေလေ ဖြစ်မည်ဟု သူမ ယုံကြည်သည်။

သို့ရာတွင် ထိုစကားများကို နားထောင်ပြီးနောက် ကျုံးချင်က ငြင်းပယ်ရန် ချက်ချင်းကြံရွယ်လိုက်သည်။ သူ၏စိတ်ထဲတွင် အတော်လေး ပြောစရာစကားမဲ့နေသည်။ သူသည် ဧကရာဇ်အဆင့် ကျင့်ကြံနည်းစနစ်များ လိုအပ်နေခြင်းမရှိဘဲ အထူးသဖြင့် မပြည့်စုံသော လမ်းညွှန်စာအုပ် ဖြစ်နေခြင်းပင်။ သေချာသည်မှာ အရေးကြီးဆုံးအချက်က သူသည် ချောင်ရှားတောင်ကြားနှင့် မည်သည့်ဆက်ဆံရေးမျှ မရှိခြင်းဖြစ်သည်။ အများဆုံးအနေဖြင့် သူ စုဝမ်ကျိုးကို သိသော်လည်း သူတို့အကြားတွင် ခင်မင်ရင်းနှီးမှု သိပ်မရှိလှပေ။ သူသည် လူကယ်ရမည့် ပြဿနာတက်စရာ ကိစ္စရပ်များကိုလည်း စိတ်ဝင်စားမှု လုံးဝမရှိပေ။

ထိုအချိန်မှာပင် စနစ်၏အသံက သူ၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"စနစ်က တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ"

"ချောင်ရှားတောင်ကြား တတိယဘိုးဘေး ကျုံးချန်ဖုန်းသည် သေခါနီး ဖြစ်နေကြောင်း တွေ့ရှိရသည်... သူ၏အသက်ကို ကယ်တင်ပါက ပိုင်ရှင်သည် ဝင်္ကပါခံနိုင်ရည်စွမ်း အကျိုးသက်ရောက်မှုကို ရရှိပေမည်"

ကျုံးချင် အံ့အားသင့်သွားသည်။ တာဝန်တစ်ခု အမှန်တကယ် အသက်ဝင်လာခဲ့လေပြီ။ ထို့ပြင်ဆုလာဘ်သည် ဝင်္ကပါခံနိုင်ရည်စွမ်း အကျိုးသက်ရောက်မှု ဖြစ်နေပေ၏။ ဤလုပ်ဆောင်ချက်သည် အမှန်တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်သောအရာပင်။ ဤကျင့်ကြံခြင်းလောကတွင် နေရာတိုင်း၌ ဝင်္ကပါများ ရှိနေပြီး ထိုအရာများထဲသို့ ဝင်ရောက်သွားသော ထိပ်သီးကျင့်ကြံသူ အမြောက်အများသည် နောင်တရစရာ အဆုံးသတ်များနှင့်သာ ကြုံတွေ့ခဲ့ရကြောင်း သိထားရပေမည်။ အကယ်၍ သူသာ ဝင်္ကပါခံနိုင်ရည်စွမ်းကို ရရှိခဲ့ပါက အနာဂတ်တွင် ဝင်္ကပါများကို ဘာမှမဟုတ်သကဲ့သို့ သဘောထားနိုင်မည် မဟုတ်လော။

ထိုသို့ တွေးတောပြီးနောက် ငြင်းပယ်တော့မည့် ကျုံးချင်သည် စိတ်ပြောင်းသွားပေ၏။ ထို့နောက် သူက မြင့်မြတ်အရှင်မ လုချင်ရှားနှင့် စုဝမ်ကျိုးကို ပြောလိုက်သည်။

"ကျွန်တော်တို့က ရေစက်ပါတာပဲ... ဒါကြောင့် ဒီတစ်ခေါက်မှာ ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်"

"ဆုလာဘ်အတွက်ကတော့ ထားလိုက်ပါတော့"

All Chapters