← Chapters

ဝိညာဉ်လင်းနို့များ

Vol. 45 Ch. 624

ဝိညာဉ်လင်းနို့များ

Vol. 45 Ch. 624

သူသည် ကျန့်မျိုးနွယ်စုနှင့် ရှီးမျိုးနွယ်စု၏ လူများကို မြင်တွေ့သည့်အချိန်၌ ရှီးဖေးနှင့် ကျန့်ဝူယင်တို့၏ ရန်သူတစ်ဦး ဖြစ်ခဲ့ပြီးမှန်း ကျန်းရီသိလိုက်သည်။ သူက ရတနာကို အညံ့မခံသ၍ ရန်သူ ဖြစ်နေပြီးသားပင်။ သို့သော် ယင်းက ဖြစ်နိုင်မည်လား။

ယခုလက်ရှိ သူ့တွင် အရေးကြီးဆုံး ရတနာသုံးမျိုး ရလာခဲ့ပြီး သူ၏အထောက်အထားက ထုတ်ဖော်ခံရပေလိမ့်မည်။ ထို့ကြောင့် သိုင်းခန်းမနှင့် ထူမျိုးနွယ်စုက သူ့ကိုသတ်ရန် ပူးပေါင်းကြမှာ တစ်ရာရာခိုင်နှုန်း သေချာနေ၏။ လင်းမျိုးနွယ်စု ယဉ်မျိုးနွယ်စုနှင့် ရီမျိုးနွယ်စုကလည်း သူ့နောက်ကို လိုက်မလိုက်က နတ်ဘုရားသာ သိပေလိမ့်မည်။

ယင်းက ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုကို ပါဝင်လာစေသည်။ ယခုအချိန်တွင် သူမည်သည့်နေရာသို့ သွားသွား မျိုးနွယ်စုအားလုံးက သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ သူ့ကို လိုက်ကြမှာပဲဖြစ်သည်။ ထိုရတနာသုံးမျိုးက မခုခံနိုင်လောက်အောင် မက်မောဖွယ်ရာ ကောင်းလွန်းနေ၏။ သူက အပြစ်မရှိပေ။ သို့သော် ရတနာများက သူ့ကိုအပြစ်ရှိအောင် လုပ်လိုက်သည်။ ကျန်းရီ၌ နောက်ခံမရှိပေ။ သို့သော် သူ့ဟာမဟုတ်သင့်သည့် ရတနာသုံးမျိုးကို ရလာခဲ့၏။ ထို့ကြောင့် သူ၏ကံကြမ္မာက ရေထိုးပြီးသားဖြစ်သွား၏။ သူ့တစ်ဘဝလုံး အလိုက်ခံရပြီး သေသည်အထိ ခွေးလို တစ်လောကလုံး ပြေးလျှင်ပြေး မဟုတ်လျှင် သူကပြိုင်ဘက်ကင်းလာကာ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ကို အုပ်စိုးလျက် မျိုးနွယ်စုတိုင်း လိုက်ခြင်းကို တားရမှာပဲဖြစ်သည်။ သူက သူ့ကိုမည်သူမှ ရှာမတွေ့နိုင်သော နေရာကိုရှာပြီး လက်ကျန်ဘဝကို ထိုနေရာတွင် ကုန်ဆုံးနိုင်၏။

“မင်းကိုယ်မင်း တွန်းအားပေးရမယ်။ မင်းကိုယ်မင်း အတူတကွ တွန်းအားပေးရမယ်။ ကျန်းရီ မင်းသစ္စာတရားကို ဆုံးရှုံးလို့မရဘူး။ အလွယ်တကူသေဖို့ စဉ်းစားလို့ မရဘူးလေ။ မင်းကအခု တစ်ယောက်ထဲ မဟုတ်ဘူး။ မင်းလော့ရွှယ်ကို ကယ်ရအုံးမယ်။ မျှော်လင့်ချက် မရှိတာမဟုတ်ဘူး။ မင်းမှာ နဂါးညှိုးရော်မြက်ရှိတယ်”

ကျန်းရီ၏ အသံတစ်သံ ပဲ့တင်သံ ထွက်လာလျက် သူ၏မျက်ဝန်းထဲရှိ ဇဝေဇဝါဖြစ်မှုများကို မှိန်ဖျော့သွားစေသည်။ နဂါးညှိုးရော်မြက်အကြောင်း စဉ်းစားလိုက်သည့်အချိန်တွင် နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာတော့သည်။ နဂါးညှိုးရော်မြက်သည် သူ့ကို မျှော်လင့်ချက်ပေး၏။ သူက ဆက်လက် သန်မာလာနိုင်ပြီး ကောင်းကင်ကြယ်တာရာ နယ်နိမိတ် တစ်ခုလုံးက သူ၏အသက်ကို မခြိမ်းခြောက်နိုင်တော့သည့် အချိန်အထိ သန်မာလာနိုင်၏။

သူ၏တည်ငြိမ်မှုကို မရခင် လှည့်ကြည့်လိုက်သည်။ ဇဝေဇဝါ ရေရွတ်ပြောချင်ယောင် ဆောင်လိုက်၏။

“အမ်း ပျံသန်းခြင်း အရိပ်ပင်လယ် ငါညာဘက်အခြမ်းမှာ ပန်းရဉ်အင်ပါယာက ရှေ့မှာရှိလောက်တယ်။ သွားကြမယ်”

သူ၏ရင်ဘက်ထဲရှိ နာကျင်မှုကို လျစ်လျူရှု့ထားလျက် ကျန်းရီသည် လူဝံ့တစ်ကောင်သဖွယ် ခုန်တက်သွားပြီး အရှေ့အရပ်ဆီသို့ ပျံသန်းသွား၏။ သူသည် မြို့ထဲကနေ ပြန်ထွက်သွားပြီး ခဏအကြာတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

“ဟူး ဟူး”

ဗာဂျရာနယ်ပယ် မြို့အရှင်နှင့် မြို့သူမြို့သားများ မြို့တွင်းရှိ သိုင်းပညာရှင်များ အားလုံးက သက်ပြင်းချလိုက်ကြသည်။ ကျန်းရီ၏ ပုံရိပ်က သိပ်ကိုကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူစတင် သတ်ဖြတ်လျှင် တစ်မြို့လုံး အသတ်ခံရနိုင်လောက်၏။

ဘီး

ကျန်းရီသည် မြို့ထဲမှ ထွက်သွားပြီးနောက် လူသူကင်းမဲ့သော ကွင်းပြင်ကို ရှာတွေ့သွားကာ အရှေ့ဘက်သို့ သွားနေတာ ရပ်တန့်လိုက်သည်။ ထိုအစား သူက တောင်ဘက်အရပ်ဆီသို့ နေရာ ဆက်ရွှေ့ပြောင်းလိုက်သည်။ ကီလိုမီတာ ရာကျော် နေရာရွှေ့ပြောင်းပြီးနောက် ဧရာမ တောင်တန်းဒေသတစ်ခုကို တွေ့လိုက်၏။ သူ၏လက်ထဲတွင် မီးဝိညာဉ်ပုလဲလုံးက ဖျတ်ခနဲ လင်းလာပြီး ဧကရီနန်းတော်က ပေါ်လာလေ၏။ သူကဖုန်းလန်နှင့် ချင်ယွီကို ထုတ်ပေးလိုက်တော့သည်။

“သခင်လေး”

ချစ်စဖွယ် အသံနှစ်သံက ပေါ်ထွက်လာသည်။ ကျန်းရီ၏ အားနည်းနေသော အငွေ့အသက်ကို အာရုံခံမိပြီး နှစ်ယောက်လုံးက ဖြူဖျော့သွားကြကာ ချက်ချင်းပင် အနားကပ်လာလျက် သူ့ကို တွဲပေးထားလိုက်သည်။

“ဖုန်းလန် စောင့်ကြပ်ထား ငါအရင် ကုသအုံးမယ်”

ကျန်းရီသည် မရှင်းပြတော့ဘဲ နှစ်ယောက်လုံးကို ပြုံးပြလိုက်၏။ သူက တင်ပြင်ခွေချိတ်ထိုင်ကာ ကုသရေး ဆေးလုံးကို ထုတ်ပြီးနောက် ပြန်လည်ကုစားရန်အတွက် စတင်ကျင့်ကြံလိုက်သည်။ ဖုန်းလန်နှင့် ချင်ယွီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မမေးရဲကြပေ။ သူတို့ ပတ်ဝန်းကျင်ကို စူးစမ်းရန်အတွက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ကြသည်။

တစ်နာရီကြာပြီးနောက် ကျန်းရီက မျက်လုံးဖွင့်လိုက်၏။ သူအဆင်ပြေနေကြောင်း ပြောသည့်အနေဖြင့် နှစ်ယောက်လုံးကို ပြုံးပြလိုက်တော့သည်။ သူက မျက်လုံးထပ်မှိတ်ပြီးနောက် ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်ကို ထုတ်ဖော်လိုက်တော့သည်။

သူ၏ခန္ဓာကိုယ်မှာ ပေါ့ပါးသော လေပြေက ပေါ်ထွက်လာပြီး အရှေ့မြောက် အရပ်ဆီသို့ ပျံသန်းသွား၏။ ငါးမိနစ်ကြာပြီးနောက် အမူအရာက ပြောင်းလဲသွားတော့သည်။ သူက မတ်တပ်ထရပ်ပြီး အော်လိုက်တော့သည်။

“သူတို့သိပ်မြန်တာပဲ။ ဧကရီနန်းတော်ထဲ ဝင်ကြ။ ငါတို့အခု ပြေးရမယ်”

နောက်ဆုံးစကား ပြောပြီးသည်နှင့် ဧကရီနန်းတော်က အဖြူရောင်အလင်းဖြင့် တောက်ပလာကာ သူသည် နောက်ထပ် မေးခွန်းများကို စောင့်မနေတော့ဘဲ သူတို့ကို ခေါ်သွင်းလိုက်၏။ ပြီးနောက် လက်ထဲတွင် သိမ်မွေ့သည့် အလင်းတစ်ခု ပေါ်လာကာ သူ့ဘေးရှိ လေဟာနယ်က အက်ကွဲကြောင်း ပေါ်လာလျက် ထိုကွဲရာထဲသို့ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

ဝှစ် ဝှစ်

သဲမုန်တိုင်းမြို့ အပြင်ဘက်တွင် ကောင်းကင်ဧကရာဇ် (၁၂)ယောက်ခန့်သည် အလင်းစီးကြောင်းများပမာ ဤနေရာသို့ ရောက်လာသည်။ တစ်ကောင်ချင်းစီ၏  ပုခုံးထက်တွင် အစိမ်းရောင်လင်းနို့ နတ်ဆိုးသားရဲတစ်ကောင် ရှိနေသည်။

ဝိညာဉ်လင်းနို့များသည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲ၌ အလွန်တော်ကြပြီး ရန်သူများနောက်လိုက်ရန် အသုံးပြုသည်။ လင်းနို့က ကျန်းရီ၏အနံ့ကို ယခင်က ရဖူးသ၍ သူတို့သည် သူ၏စိတ်ဝိညာဉ် အရှိန်အဝါကို ရှာနိုင်မည်ဖြစ်ကာ ကီလိုမီတာ တစ်သောင်းအကွာကနေ သူ့ကိုရှာဖွေနိုင်ပေမည်။ ကံဆိုးသည်မှာ ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ရှိ နတ်မြင်းပျံ အင်ပါယာ၏ ကင်းထောက်များစွာ၌ ဝိညာဉ်လင်းနို့များ ပါနေသည်။

သဲမုန်တိုင်းမြို့၏ မြို့အရှင်ကလည်း မြို့ထဲတွင် အမည်မသိ သိုင်းပညာရှင်ပေါ်လာကြောင်း ချက်ချင်း သတင်းပို့ခဲ့သည်။ နတ်မြင်းပျံ အင်ပါယာ၏ လူများကလည်း သဲမုန်တိုင်းမြို့ဆီသို့ လျှင်မြန်စွာ လိုက်လာကြ၏။ သူတို့မြန်ဆန်သည်ဟု ဝန်ခံရမှာပဲဖြစ်သည်။

ကံဆိုးသည်မှာ သူတို့သည် သဲမုန်တိုင်းမြို့မှ ထွက်သွားပြီးနောက် သူတို့ပုခုံးပေါ်ရှိ ဝိညာဉ်လင်းနို့များက အော်တော့သည်။ ကောင်းကင်ဧကရာဇ် (၁၂)ယောက်သည် ရွေးချယ်စရာမရှိဘဲ ကောင်းကင်ထဲ၌ ရပ်တန့်လိုက်ရသည်။ တစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်တော့၏။

“အဲဒီကောင်က ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ထပ်ပြေးသွားပြန်ပြီ။ သူက တစ်ချက်ထဲနဲ့ နတ်မြင်းပျံ နယ်မြေရဲ့ တစ်ဝက်ကို ကျော်ဖြတ်နိုင်တာ။ ကျုပ်တို့တွေသူ့ကို ဖမ်းနိုင်မှာ သေချာရဲ့လား။ နတ်ဘုရားပုံစံ သခင်တွေကို ပို့ပေးဖို့ သခင်လေးကျန်းကို ပြန်သွားမေးရင်ရော ဘယ်လိုလဲ”

“ငါတို့သူ့ကို မဖမ်းနိုင်ဘူးဆိုရင်တောင် ဆက်သွားရမယ်”

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်သည် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲစွာ လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်၏။

“ငါတို့သူ့ကို ရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ အကောင်းဆုံး ကြိုးစားရမှာပဲ။ မဟုတ်ရင် သခင်လေးဝူယင်က ငါတို့ကို အပြစ်တင်တဲ့အခါ ဘယ်သူမှ တာဝန်မယူနိုင်ဘူး”

လူအုပ်ကြီးက ရှေ့သို့ဆက်လက် ပျံသန်းနေသည်။ ခဏအကြာတွင် သူတို့က ကျန်းရီ ပြန်လည်ကုစားနေသော တောင်တန်းဒေသသို့ ရောက်သွား၏။ သူတို့က ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်သော်ငြား ကျန်းရီကို ရှာမတွေ့ခဲ့ပေ။ အဖွဲ့ကို ဦးဆောင်သည့် ကောင်းကင်ဧကရာဇ်က အော်လိုက်တော့၏။

“အားလုံးပဲ လူခွဲရှာကြ။ ကျန်းရီရဲ့ အရှိန်အဝါကို တွေ့ပြီဆိုတာနဲ့ ချက်ချင်းပြန်လာပြော”

ဝှစ်

လူတိုင်းက လူစုခွဲသွား၏။ သို့သော် သူတို့က မတွေ့ကြပုံပေါ်နေသည်။ လူများစွာက ပန်းရဉ်နယ်မြေဘက်ကိုကြည့်ပြီး ရင်ထဲ၌ တွေးနေလေသည်။ ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်း တစ်ခုဖြင့် ရှားထူမြို့မှ သဲမုန်တိုင်းမြို့သို့ သွားနိုင်လျှင် သူကယခုလောက်ဆို ပန်းရဉ်နယ်မြေသို့ ရောက်နေသင့်လောက်ပြီ။

ဘီး

မြောက်ပိုင်းသွေးည အကြောက်တရား ပင်လယ်အထက် ကောင်းကင်တွင် လေဟာနယ်က ရုတ်တရက် အက်ကွဲသွားပြီး ပုံရိပ်တစ်ခုက အက်ကွဲကြောင်းထဲမှ ပြုတ်ကျလာ၏။ ချက်ချင်းပင် အရပ်မျက်နှာအနှံ့ သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူ၏လက်ထဲတွင် အဖြူရောင်နန်းတော် တောက်ပလာကာ လူနှစ်ယောက် ပေါ်လာတော့၏။

“သခင်လေး”

ဖုန်းလန်သည် ကျန်းရီ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို မြင်တွေ့သည့်အချိန်တွင် ထိတ်လန့်သွားတော့သည်။ ချင်ယွီက ကျန်းရီ၏ လက်မောင်းကို အမြန်ဖမ်းဆုပ်လိုက်သည်။ ပြီးနောက် ကျန်းရီက ပါးစပ်ဟကာ ပြောလိုက်တော့၏။

“အရင်ဆုံး ကျွန်းသေးလေးတစ်ခု သွားရှာ။ မှောင်လာပြီး ဒီနေရာက သွေးညအကြောက်တရား ပင်လယ်ပဲ”

“သွေးညအကြောက်တရား ပင်လယ်လား”

ဖုန်းလန်နှင့် ချင်ယွီက အံ့သြသွားတော့၏။ ကျန်းရီက ခုနတုန်းက ရတနာတွေအတွက် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ သွားတာမဟုတ်ဘူးလား။ သူတို့ကအခု သွေးညအကြောက်တရား ပင်လယ်ထဲ ဘာကြောင့် ရောက်နေတာလဲ။

ဖုန်းလန်သည် တစ်ချက် လှည့်ပတ်ကြည့်လိုက်၏။ မေးမနေတော့ဘဲ ချင်ယွီကို ပြောလိုက်၏။

“သွားမယ်”

ဝှစ်

လူသုံးယောက်သည် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲပြီး အဝေးသို့ ပျံသန်းသွားတော့သည်။ ယင်းက ပန်းရဉ်နယ်မြေ၏ ပင်လယ်ဒေသ၏ တောင်ဘက်ခြမ်းဖြစ်သည်။ ပင်လယ်က သိပ်မနက်တာ သိသာပြီး ဤနေရာ၌ ကျွန်းစုများစွာရှိသည်။ ဖုန်းလန်က ကျွန်းများစွာကို ရှာတွေ့ခဲ့၏။ သူက ပုန်းကွယ်နိုင်သော ကျွန်းလေးတစ်ကျွန်းဆီ ပျံသန်းသွားပြီးနောက် အုန်းပင်များရှိသည့် တောအုပ်ရှေ့၌ ရပ်တန့်လိုက်သည်။ သူမက ချင်ယွီကို ရွက်ဖျင်တဲ ထိုးခိုင်းပြီး ကျန်းရီကို ထိုင်နိုင်အောင် ကူညီပေးလိုက်၏။ ပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်တော့သည်။

ကျန်းရီက မရှင်းပြဘဲ ပြန်လည်ကုစားနေတော့သည်။ ယခုအခေါက်တွင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို တစ်နာရီခန့် အသုံးပြုပြီး သွေးညအကြောက်တရား ပင်လယ်သို့ ရောက်သည့်အချိန်မှ ရပ်တန့်လိုက်၏။ ယင်းက နတ်မြင်းပျံ နယ်မြေ၏ တစ်ဝက်ကို ဖြတ်ကျော်လာပြီးနောက် ဖြစ်သည်။ သူ၏ အတွင်းအင်္ဂါများ ထိခိုက်နေမှာ မလွဲမသွေပင်ဖြစ်သည်။

သူက ပန်းရဉ်နယ်မြေသို့ မသွားခဲ့ပေ။ သူက အလွယ်တကူ ကြားဖြတ်ခံရနိုင်ပြီး သူရှိနေသည့်နေရာက သေချာပေါက် ပေါ်သွားနိုင်သည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စု၌ အစွမ်းထက်သော သိုင်းပညာရှင် များစွာရှိနေ၏။ မရေမတွက်နိုင်သော လူပေါင်းများစွာက အထူးနတ်ဘုရား စွမ်းရည်များ ပိုင်ဆိုင်ထားကြသည်။ နတ်မြင်းပျံအင်ပါယာ၏ ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များစွာ လျှင်မြန်စွာ ရောက်လာရသည့် အချက်က ၎င်းကိုသက်သေပြပြီးသား ဖြစ်သွားသည်။ ထို့ကြောင့်သူသည် သွေးညအကြောက်တရား ပင်လယ်ဆီသို့ ရောက်လာတာပဲဖြစ်သည်။ ယင်းက အလွန်အန္တရာယ်များသော ပင်လယ်ဒေသဖြစ်၏။ သူဤနေရာတွင် ရှိလိမ့်မည်ဟု မည်သူမှ မထင်ပေ။ နတ်မြင်းပျံ အင်ပါယာနှင့် အတော်လေး ဝေးနေရာ သူတို့နောက်ကို လိုက်နေသည့် လူများက ရှာတွေ့ခဲ့လျှင်တောင် အချိန်တိုအတွင်း ဖမ်းမိမှာမဟုတ်ပေ။

နှစ်နာရီကြာပြီးနောက် ကောင်းကင်က အပြည့်အဝ နက်မှောင်သွားတော့သည်။ တိမ်စိုင်တိမ်မည်းများက ကောင်းကင်ထဲတွင် တစ်လိပ်လိပ် တက်လာပြီး မိုးကြိုးများ ပစ်ချတော့သည်။ သွေးညအကြောက်တရား ပင်လယ်သည် ညအချိန်တွင် ကြောက်မက်ဖွယ်ကောင်း၏။ ကျန်းရီသည် ပြန်လည်ကုစားပြီးနောက် ကောင်းကင်သိမြင်နားလည်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် သူ့ကိုလိုက်နေသည့်သူ မရှိကြောင်း အတည်ပြုပြီးနောက် စိတ်သက်သာရာ ရသွားတော့၏။

ချင်ယွီက ပင်လယ်ထဲမှ ဖမ်းလာသော ပင်လယ်သားရဲအချို့ကို ချက်ပြုတ်နေ၏။ သူတို့က တစ်လကျော်ကြာ သင့်တော်စွာ မစားခဲ့ရပေ။ ထို့ကြောင့် ကျန်းရီက ဘာမှမပြောဘဲ တဝတပြဲ စားနေလေသည်။ ဖုန်းလန်နှင့် ချင်ယွီတို့က သူ့စိတ်အခြေအနေ မကောင်းတာကို မြင်သောအခါ ဘာမှမမေးတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ် စားနေသည်။

ဘန်း

ကျန်းရီသည် တဲ၏အပြင်ဘက်သို့ ဧရာမ သားရဲအရိုးကိုပစ်လျက် မော့ကြည့်လိုက်ရာ ချစ်စဖွယ် မျက်နှာလေးက ဖယောင်းတိုင် အလင်းရောင်အောက်တွင် တွေ့လိုက်ရ၏။ သူက ခါးသက်စွာပြုံးပြီး ပြောလိုက်တော့၏။

“ဖုန်းအာ ချင်ယွီလေး မနက်ဖြန်ကျရင် မင်းတို့ကို ဖီးနစ်အော်သံ နယ်မြေဆီ ပြန်ပို့ပေးမယ်။ ငါ့နောက်လိုက်မယ်ဆိုရင် မင်းတို့သေနိုင်တယ်”

***

All Chapters