နှုတ်ဆက်ခွဲခွာခြင်းနှင့် ဓားလက်ဆောင်
Vol. 17 Ch. 233
အသူရာချောက်နက်သည် ထိုက်ချူကုန်းမြေကြီးပေါ်ရှိ ကြီးမားသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်လေသည်။
ယင်းသည် ကီလိုမီတာ ထောင်ချီ ရှည်လျားပြီး ဖော်ပြ၍ မရနိုင်အောင် နက်ရှိုင်းသည်။ အသူရာချောက်နက်သည် ကောင်းကင်ဘုံပိုင်နက်အား သဲဖြူနယ်မြေနှင့် ပိုင်းခြားထားသည်နှင့်ပင် တူလေသည်။
သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် အရာအားလုံး ရုတ်တရက် ပြောင်းလဲသွားသည်။
ရုတ်တရက်ဆိုသလို ချောက်အတွင်းမှ အနက်ရောင်မြူခိုးများ မြင့်တက်လာပြီးနောက် တံတားများ ပေါ်ပေါက်လာသည်။ ထိုတံတားများအား ဖျက်ဆီးလိုက်ပါက ထိုအနက်ရောင် မြူခိုးများသည် ချက်ချင်းဆိုသလို အသစ်တစ်ခု ဖန်တီးလိုက်ပြန်သည်။
ထိုမြူခိုးနက်တံတားသည် မျိုးစိတ်နှစ်ခုအား ပထမဦးဆုံးအကြိမ် ဆက်သွယ်ပေးလာခြင်း ဖြစ်သည်။ ပို၍ ဆိုးဝါးသည့်အချက်မှာ ပုရွက်ဆိတ် မျိုးနွယ်စုသည် ထိုအဖြစ်အပျက်အား လွန်ခဲ့သည့် အချိန်များကပင် ကြံစည်လာခဲ့သည်နှင့် တူလှသည်။ ပုရွက်ဆိတ်ကြီးများ တစ်သုတ်ပြီးတစ်သုတ်ဆိုသလို ကိုးပြည်ထောင်နိုင်ငံတော်အတွင်း ဝင်ရောက်လာခဲ့ကြသည်။
ထိုပုရွက်ဆိတ်များသည် မြေကြီးများမှအပ အရာအားလုံးကို ဝါးမျိုစားသောက်ပစ်ကြသည်။ ပုရွက်ဆိတ်များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြက်တစ်ပင်မျှပင် မကျန်ခဲ့ချေ။ အရာအားလုံးမှာ ကျတ်တီးလွင်ပြင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ရက်အနည်းငယ်အတွင်းမှာပင် ကောင်းကင်မြစ်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၈၀ ကျော်သည် ပုရွက်ဆိတ်များကြောင့် ကျဆုံးသွားခဲ့ရပြီး သေဆုံးသွားခဲ့သည့် လူအရေအတွက်မှာလည်း ကုဋေနှင့်ချီကာ ရှိနေပြီ ဖြစ်သည်။
ပုရွက်ဆိတ်ကပ်ဘေးအား ရင်ဆိုင်ရန်အတွက် ကိုးပြည်ထောင်နိုင်ငံတော်၏ တောင်ဘက်ပိုင်းအား အုပ်စိုးသည့် ကောင်းကင်ဧကရာဇ် ကျန်းချန်သည် ပုရွက်ဆိတ်မျိုးနွယ်စုအား ချေမှုန်းပစ်ရန် မဆိုင်းမတွ စီစဉ်ဆောင်ရွက်ခဲ့သည်။
သူ၏ ယုံကြည်စိတ်ချရသော ငယ်သားများဖြစ်ကြသည် လျှိုကျွင်း၊ ကုံးလဲ့ကျီး၊ ဖန်းယွီ၊ ပိကျုံးယွမ်၊ သန်းပေါ်ဝမ်၊ ရှင်းဟန်ချန်၊ ကျန်းယွမ်ပေါ် နှင့် ထောင်ယွမ်ရှင်းတို့လည်း လိုက်ပါသွားကြသည်။
သူတို့သည် သဲဖြူနယ်မြေ၏ အနက်ပိုင်းအထိ ချီတက်သွားကြသည်ကြောင့် သူတို့၏ တည်နေရာအား မည်သူကမျှ မသိကြချေ။
ဤသို့ဖြင့် ကောင်းကင်ဘုံပိုင်နက်၏ ဒုတိယနှစ် ကျောင်းသားများအားလုံးတို့သည် နှစ်ဆုံးစာမေးပွဲအဖြစ် အသူရာချောက်နက်တွင် တပ်စွဲကာ စောင့်ကြပ်သည့်တာဝန်ကို ထမ်းဆောင်ကြရသည်။ ထို့ကြောင့် ဤနှစ်ဆုံးစာမေးပွဲတွင် အထူးတလည် ကန့်သန့်ချက်များ မရှိမနေပေ။ အပြင်းအထန် ထိခိုက်မှုများသာလျှင် ရှိသည်။ အတန်းတိုင်း၏ အတန်းပိုင်ဆရာများအား သူတို့နှင့် အတူရှိနေကြသော်လည်း ဒဏ်ရာရရှိသည့် ကျောင်းသားအနည်းငယ် ရှိနေဆဲပင် ဖြစ်သည်။
အန်လင်းတို့ကဲ့သို့သော တိုက်ခိုက်စွမ်းရည်မြင့်မားသည့် ကျောင်းသားများအတွက်မူ အထူးတာဝန်များ ထမ်းဆောင်ရလေသည်။
"ဒီနေရာမှာ လမ်းခွဲကြတာပေါ့။"
အုတ်ခဲနက်ပေါ်မှ ဆင်းသက်လိုက်ပြီးနောက် အန်လင်းသည် လျှိုဟူနှင့် လျှိုစုစုတို့အား နှုတ်ဆက်စကား ဆိုလိုက်သည်။
"ဆရာကြီးပြောတဲ့ အကြီးအကဲစီကို လိုက်မလည်တော့ဘူးလား။" လျှိုစုစု နားမလည်နိုင်စွာဖြင့် မေးသည်။
အန်လင်းသည် ရှေ့တွင်ရှိနေသည့် ခံစစ်ကြောင်းအား ကြည့်လိုက်ပြီးနောက် နယ်မြေနှစ်ခုအား ဆက်သွယ်ပေးထားသည့် မြူခိုးနက်တံတားများအား ကြည့်လိုက်သည်။ အသူရာချောက်နက်အတွင်း၌ ဤကဲ့သို့သော မြူခိုးနက်တံတားပေါင်း မရေမတွက်နိုင်အောင် ရှိလေသည်။
ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက် "လုပ်ဆောင်ရမှာတွေ ရှိနေသေးတာကြောင့် အားလုံးပြီးရင်တော့ လာလည်နိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်။"
"အဲဒါဆိုရင် ဆရာကြီးအန်လင်းနဲ့ ပြန်တွေ့ဖို့ အခွင့်အရေး ရှိလာမှာပေါ့နော်။" လျှိုစုစုသည် ခေါင်းငုံ့လိုက်ပြီးနောက် မလိုလားဟန်ဖြင့် မေးလိုက်သည်။
မိန်းမငယ်လေး၏ နှလုံးသားမှာ ထိခိုက်လွယ်သည့်အတွက် အန်လင်းနှင့် ခွဲခွာရမည်ကို လိုလားဟန်မရှိပေ။
"အာ.. သေချာပေါက် ပြန်တွေ့မှာပေါ့။ ရော့ ဒီဓားကို ယူလိုက်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသုံးချ။" အန်လင်းသည် သိုလှောင်လက်စွပ်အတွင်းမှ ရွှေရောင်ဓားရှည်တစ်လက်အား ထုတ်ယူကာဖြင့် လျှိုစုစုထံ ကမ်းလိုက်လေသည်။
လျှိုစုစုသည် အန်လင်းထံမှ လက်ဆောင်ရရှိလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့ကြောင့် အန်လင်းအား ကြောင်အစွာဖြင့် စိုက်ကြည့်နေမိပြီး အလွန်အမင်း အံ့ဩနေပုံပင်။
ဤအခိုက်အတံ့တွင် အရင်ဆုံး အသိပြန်ဝင်လာသူမှာ လျှိုဟူ ဖြစ်သည်။ အန်လင်းကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးမှ ပေးလာသည့် လက်နက်သည် မည်မျှလောက် အဖိုးတန်မည်ကို သူသိသည်။ ထို့ကြောင့် အလျင်စလိုပင် ထိုလက်ဆောင်အတွက် ကျေးဇူးတင်စွာ ဦးညွှတ်လိုက်သည်။
ထိုရွှေရောင်ဓားသည် ယခင်က အန်လင်းအသုံးပြုခဲ့သူ ဖြစ်သည်။ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်မှာပင် ယင်းသည် အတော်လေးကောင်းမွန်သော လက်နက်တစ်ခု ဖြစ်သည်။
သို့သော်လည်း ယခုအခါ အန်လင်းထံတွင် မိစ္ဆာရှင်းဓား ရှိနေပြီ ဖြစ်သည်ကြောင့် ထိုဓားအား လျှိုစုစုထံ နှုတ်က်လက်ဆောင်အဖြစ် ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ရပါတယ်။ ကြိုးစားပြီး ကျင့်ကြံရမယ်နော်။ တစ်နေ့ကျ ပြန်တွေ့ကြတာပေါ့။" အန်လင်းသည် သူမ၏ခေါင်းအား အသာဖွလိုက်သည်။
လျှိုစုစုမှာ ခုခံနိုင်စွမ်း မရှိတော့ချေ။ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ဆရာကြီး" ဟု ခေါ်ဆိုရည်ညွှန်းခံရသည့်အတွက် ပျော်ရွှင်မှုကို ရင်ဝယ်ပိုက်ကာဖြင့် အန်လင်းသည် သူ၏ အုတ်ခဲပေါ်သို့ ခုန်တက်ကာ များမကြာမီတွင် တိမ်တိုက်များအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
မကြာမီတွင် အန်လင်းသည် တပိုင်၏ကျောပေါ်သို့ ပြန်ရောက်သွားသည်။ နူးညံ့နွေးထွေးအိစက်သည့် အမွေးဖွားဖွားလေးများသည် လုံခြုံစိတ်ချမှုအား ပေးစွမ်းသည်။
ခွေးပျံစီးတာက အကောင်းဆုံးပဲ။ ဓားတွေ အုတ်ခဲတွေ ဝေးဝေးကို ဒိုး။
အသူရာချောက်နက်တစ်လျှောက် ပျံသန်းရင်းဖြင့် ပုရွက်ဆိတ်များ၏ ရုတ်တရက်ကျူးကျော်မှုမှ ကာကွယ်ရန် မြူခိုးနက်တံတားတိုင်းတွင် အင်မော်တယ်ဂိုဏ်းများ စောင့်ကြပ်နေသည်ကို တွေ့မြင်ရသည်။
ခေတ္တမျှပျံသန်းပြီးသည့်နောက်တွင် အလွန်ကျယ်ပြန့်ခိုင်ခံ့သည့် မြူခိုးနက်တံတားတစ်စင်းအား မြင်တွေ့လိုက်ရသည်။
ကောင်းကင်ဘုံပိုင်နက်မှ အင်အားစုများသည် ယင်းတံတားတွင် စခန်းချထားပြီး အသူရာချောက်နက် တစ်ခုလုံးတွင် အကြီးဆုံးတံတားလည်း ဖြစ်သည်။ ပေထောင်နှင့်ချီကာ ကျယ်ဝန်းပြီး ပုရွက်ဆိတ်မျိုးနွယ်စုသည် ကိုးပြည်ထောင်နိုင်ငံတော်အတွင်းသို့ ဝင်ရောက်ရန် ဤတံတားအား အဓိကအသုံးပြုလေသည်။
မဟူရာကျောက်မင်စိမ်းဝတ်စုံအား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ကောင်းကင်အား မော့ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာတွင် လှပသည့်အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။ "ဟဟ မဆိုးပါဘူး အန်လင်းရေ။ နင်တစ်ယော်တည်းနဲ့ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်နိုင်ခဲ့တယ်ဆိုတော့လည်း တစ်ယောက်တည်းပါတဲ့တပ်စုပေါ့နော်။"
"နိုး နိုး.. ငါ့ရဲ့ သားရဲလေးတွေကြောင့်ပါပဲ။ ငါက ကောင်းကင်တိမ်တိုက်နန်းတော်ရဲ့ နန်းတာ်သခင်ရဲ့ မဟာအကြီးအကဲကိုပဲ သတ်ပစ်နိုင်ခဲ့တာ။" အန်လင်းသည် ဝံ့ကြွားမှုမရှိ ပြောလေသည်။
ရှောင်ချိုး : “…”
တပိုင် : “…”
ရှောင်းဟုန်မှာ ဆန္ဒပြနေလေသည်။
သူတို့အားလုံး အသစ်အဖြစ် သိရှိနားလည်လိုက်ရသည်မှာ သူတို့၏ သခင်ဖြစ်သူသည် လွန်စွာ အရှက်မဲ့လှသည် ဟူ၍ ဖြစ်သည်။
စုရှောင်လန်သည် သူမ၏ပါးစပ်အား လက်ဖြင့်အုပ်ကာဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။ သို့သော်လည်း များမကြာမီမှာပင် လေးနက်စွာဖြင့် "ကောင်းကင်မြစ်ပြည်နယ်ထဲမှာ ကျန်နေသေးတဲ့ ပုရွက်ဆိတ်တွေကတော့ ကုန်သလောက် ရှိနေပြီ။ ဒါပေမဲ့လည်း ဒုတိယအသုတ်က ရောက်လာတော့မယ်။ ပထမတစ်သုတ်ထက် ပိုဆိုးမှာ အသေအချာပဲ။"
အန်လင်း ခေါင်းညိတ်လိုက်သည်။ "အတန်းပိုင်ဆရာကို သွေးမိစ္ဆာကြာပန်း သွားပေးလိုက်ဦးမယ်။"
စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်တွင် ဒုတိယနှစ် တန်းခွဲပေါင်း ၁၀၀ ရှိပြီး ပထမတန်းခွဲ ၅၀ သည် မြူခိုးနက်တံတားအား စောင့်ကြပ်ဖို့ရန် တာဝန်ယူထားရကာ ကျန်ရှိသည့် တန်းခွဲ ၅၀ သည် ကောင်းကင်မြစ်ပြည်နယ်အတွင်း ကျန်နေသေးသည့် ပုရွက်ဆိတ်များအား ရှင်းလင်းသုတ်သင်ရန် တာဝန်ယူရလေသည်။
မြူခိုးနက်တံတား၏ဘေးတွင် ရွှေရောင်တံတိုင်းကြီးတစ်ခုရှိပြီး ပုရွက်ဆိတ်မျိုးနွယ်စုအတွက် အကြီးမားဆုံးသော အရံအတားအဖြစ် ရှိနေသည်။ ကျောင်းသားများသည် မြို့ရိုးထိပ်တွင် ရပ်ကာဖြင့် အင်မော်တယ်မန္တန်များ သုံးစွဲဖို့ရန်သာ လိုအပ်သည်။
ထိုမြင်ကွင်းသည် အန်လင်းတို့ သားရဲအုပ်အား ရင်ဆိုင်စဉ်က အနေအထားနှင့် အတော်လေး ဆင်တူလွန်းလှသည်။ ဤတစ်ကြိမ်တွင်မူ ကျောင်းသားများအနေဖြင့် မြို့ရိုးပေါ်မှ ဆင်းရန်မလိုပေ။ ထိုသို့ ဆင်းသွားမည်ဆိုလျှင် ပုရွက်ဆိတ်များ၏ ဝါးမျိုစားသောက်မှုအား ခံရမည်ဖြစ်ပြီး အစအနပင် ကျန်ရစ်လိမ့်မည် မဟုတ်ချေ။
"ဆရာ.. ဒီမှာ ဆရာပြောတဲ့ သွေးမိစ္ဆာကြာပန်းကို ယူလာခဲ့ပါပြီ။" အန်လင်းသည် တံတား၏အဆုံးတွင် စောင့်ကြပ်လျက်ရှိသော ဝတ်စုံဖြူဝတ်ဆင်ထားသည့် အမျိုးသားအား ပြောလိုက်သည်။
ဓားအင်မော်တယ်လင်းရှောင်သည် အန်လင်း၏လက်ပေါ်ရှိ ညှို့ငင်ဖမ်းစားမှုအပြည့်နှင့် ကြာပန်းအား လှည့်ကြည့်လိုက်ပြီးနောက် အတည်ပြုလိုက်သည်။ "ကျောင်းသားအန်လင်းရေ မင်းကတော့ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့တာပဲ။ အခုတော့ လိုအပ်တဲ့ ပစ္စည်း ၅ မျိုးလုံး စုံသွားပြီဆိုတော့ နောက်တစ်ဆင့်တက်ကြတာပေါ့။"
မြက်လျှောပင်၊ နှင်းအိပ်မက်ဆိုးဝါး၊ လေကျီးကန်း၊ ကောင်းကင်ရန်စွယ်ပုတီးစေ့ နှင့် သွေးမိစ္ဆာကြာပန်း။
ထိုပစ္စည်း ၅ မျိုးမှ အော်ရာအသီးသီး ထုတ်လွှတ်လျက်ရှိပြီး ဓားအင်မော်တယ် လင်းရှောင်သည် ယင်းတို့အား မြေပြင်ပေါ်တွင် တစ်ခုချင်း နေရာချထားလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် အဖြူရောင်ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့်မြေပြင်ရှိ ချီစွမ်းအင်များ ပြင်းထန်စွာ စုဝေးလာပြီးနောက် စွမ်းအင်ဝဲတစ်ခု ဖြစ်ပေါ်ကာ ဝင်္ကပါအတွင်းသို့ စီးဆင်းသွားသည်။
ထိုဝင်္ကပါမှာ အော်ရာရှာဖွေခြင်းဝင်္ကပါဖြစ်လေသည်။ ဤတစ်ကြိမ်တွင်မူ ဓားအင်မော်တယ်လင်းရှောင်ကိုယ်တိုင် ခင်းကျင်းခြင်းဖြစ်သည်ကြောင့် ဝင်္ကပါ၏ စွမ်းအင်ရွေ့လျားမှုမှာ ပိုမိုဆန်းကြယ်လေသည်။
ချီစွမ်းအင်များ စုဆုံလာပြီးနောက် အဖြူရောင်လိပ်ပြာတစ်ကောင် ပျံသန်းထွက်ပေါ်လာကာ ဓားအင်မော်တယ် လင်းရှောင်၏ လက်ပေါ်တွင် ဆင်းသက်လိုက်သည်။
ဓားအင်မော်တယ်လင်းရှောင်၏ နောက်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူ ၉ ယောက်၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူ ၁၀၀ တို့ စုဝေးနေကြပြီး သတ်ဖြတ်လိုစိတ်ဆန္ဒများအား ဖော်ထုတ်ထားကြသည်။
မြေကမ္ဘာအင်မော်တယ် မင်းယွမ်၊ ရွှမ်ယွမ်ချန်၊ စုရှောင်လန်၊ စုချန်းရန်တို့ကဲ့သို့ ရင်းနှီးနေသည့်သူများလည်း ပါရှိနေသည်။ သို့သော်လည်း အတော်လေး မရင်းနှီးသူများကိုလည်း မြင်တွေ့ရသည်။ သူတို့သည် ကျောင်းတော်မှ ပါရမီရှင်များနှင့် ကောင်းကင်ဘုံပိုင်နက်၏ ကွပ်မျက်ခြင်းဌာနမှလူများ ဖြစ်ကြသည်။
ဓားအင်မော်တယ်လင်းရှောင်သည် လူတိုင်းအား ဝေ့ကြည့်လိုက်ပြီးနောက်တွင် ပြုံးလိုက်သည်။
“သတ်ဖြတ်ခြင်းလုပ်ငန်း စတင်ပြီ။ ငါတို့အားလုံး ပုရွက်ဆိတ် ဘုရင်မကို သတ်ဖြတ်ကြမယ်ဟေ့။”
***