အခန်း (၁၃)
Vol. 2 Ch. 13
ချန်ကျိုးသည် မြေပြင်ပေါ်တွင် အချည်ခံထားရသော အဘွားအိုမှာ ထိုလူ သယ်ဆောင်လာသည့် အမျိုးသမီးလဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
ဤသည်မှာ အမျိုးသမီးငယ်၏သက်တမ်းကို အလောင်း အစားလုပ်နေခြင်းပင်။
မိုက်မဲလိုက်တဲ့ လူသားတွေ!
တစ်ချိန်တည်းမှာပင် ချန်ကျိုး ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေပေသည်။ အကယ်၍ သူသာ သူ့သက်တမ်းတစ်ခုလုံးကို ပုံအောလောင်းကြေးထပ်လိုက်ပါက သူ့သက်တမ်းမှာ လေးဆ တိုးလာနိုင်မည်လား ?
နှစ် ၆၀ ကို အခြေခံထားလျှင် ၄၆၂၄ ဖြစ်သဖြင့် နှစ်ပေါင်း ၂၄၀ အထိ နေရခြင်း ဖြစ်ပါလိမ့်မည်။
သုံးယောက် တစ်ယောက်၊ အနိုင်ရဖို့ အခွင့်အရေးမှာ လေးပုံတစ်ပုံသာရှိပေသည်။
"ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်လို့ ရတာလား"
ချုံဆမ်းဝတ်သရဲမက သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်သင့်တာပေါ့၊ ကိုယ့်အသက်ကိုယ် လောင်းတာက ကံပိုကောင်းစေတယ်"
[လိမ်လည်မှု သတိပေးချက်! Host ရေ အရူးလုပ်မခံပါနဲ့]
ချန်ကျိုး သူ့အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး လက်မ ထောင်ပြလိုက်၏။
"ငါလည်း ငါ့အသက်ကို လောင်းကြေးထပ်မယ်"
"ဘယ်လောက်လဲ"
“All in”
ချန်ကျိုးသည် ရှေ့ကလူ ချန်ထားခဲ့သော ဓားကိုကောက်ယူလိုက်ပြီး သူ့လက်မထိပ်ကို အကြာကြီးကြည့်နေခဲ့သည်။ ထို့နောက် စနစ်အကူအညီဖြင့် သူ့လက်ဗွေကို ပြတ်ပြတ်သားသား နှိပ်ချလိုက်တော့သည်။
ထိုသည်ကို မြင်သောအခါ သရဲသုံးကောင်မှာ ချန်ကျိုးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပေသည်။ ထိုလူငယ်၏ ယန်စွမ်းအင်အရ သူသည် အနည်းဆုံး အသက် ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်အထိ နေရမည်ဖြစ်သည်။ အကယ်၍ သူတို့က သက်တမ်းတစ်ခုလုံးကိုရယူနိုင်ခဲ့လျှင် သရဲတစ်ကောင်ချင်းစီ၏ကျင့်ကြံမှုအဆင့်မှာ အနည်းဆုံး တစ်ဆင့် မြင့်တက်သွားမည် ဖြစ်ပါလိမ့်မည်။ ထိုအချိန်ကျလျှင် သရဲနယ်ပယ်၌ ဤသရဲစစ်သူကြီးသုံးဦးအတွက် နေရာမရှိမည်ကို စိုးရိမ်စရာမလိုတော့ပေ။
"လူငယ်လေး... မာကျောက် ဆော့မလား၊ ဒါမှမဟုတ် အန်စာတုံးပဲ ကစားမလား"
ချန်ကျိုး ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ငါ အဲဒါတွေ မဆော့တတ်ဘူး"
"ဒါဆို မင်း ဘာကစားချင်လို့လဲ"
"လိပ်ဆွဲတမ်း ကစားမယ်"
"လိပ်ဆွဲတမ်း ဟုတ်လား"
ချုံဆမ်းဝတ်သရဲမမှာ အံ့အားသင့်သွားခဲ့သည်။
ချန်ကျိုးသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း စိတ်မရှည်စွာဖြင့် ရှင်းပြလေသည်။
"ဖဲထုပ်တစ်ထုပ်ထဲကနေ ဂျိုကာတစ်ချပ်နဲ့ ရှစ်ဂဏန်း သုံးချပ်ကို ထုတ်လိုက်၊ ကျန်တဲ့ဖဲချပ်တွေကို အညီအမျှခွဲ၊ ကိုယ့်လက်ထဲမှာပါတဲ့ အစုံတွေကို အပြင်ထုတ်ပြီး တစ်ယောက်နဲ့တစ်ယောက် အလှည့်ကျ ဖဲနှိုက်ကြမယ်၊ နောက်ဆုံးမှာ ဂျိုကာ ကိုင်ထားရတဲ့သူက ရှုံးတာပဲ"
သရဲသုံးကောင်မှာ တစ်ကောင်ကို တစ်ကောင်ကြည့်လိုက်ကြပြီး ချန်ကျိုး တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရပေသည်။ သူသည် လိပ်ဆွဲတမ်းကစားရန်အတွက် သူ့အသက်ကို လောင်းကြေးထပ်ရုံသာမက အလွန်လည်း လောနေသေးသည်။
ဤလူသည် စိတ်မနှံ့သူ ဖြစ်ရမည်၊ သို့တည်းမဟုတ် ပြဿနာရှာရန် ရောက်လာခြင်းဖြစ်ပါလိမ့်မည်။
သရဲသုံးကောင် မျက်မှောင်ကြုတ်နေသည်ကို မြင်ရသော အခါ ချန်ကျိုး ဆိုလိုက်သည်။
"မင်းတို့ ကစားနည်းကို မသိသေးဘူးလား၊ ငါ နောက်တစ်ခါ ထပ်ရှင်းပြမယ်လေ"
"သိပါတယ်၊ ငါတို့အားလုံး သိတယ်၊ မင်းရဲ့ ဖဲချပ်တွေနဲ့ ကစားမလား၊ ငါတို့ဟာနဲ့ပဲ ကစားမလား"
"ငါ့မှာ ဖဲချပ်မရှိဘူး၊ မင်းတို့ဟာနဲ့ပဲ ကစားမယ်"
လေထုမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေပြီ။
လူတစ်ယောက်နှင့် သရဲသုံးကောင်သည် ဖဲထုပ်တစ်ထုပ်ကို မျက်နှာမူထားကြပေသည်။
ချန်ကျိုး မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေပြီး
"ငါ အရင် နှိုက်မယ်"
တစ်ယောက်ကို တစ်ချပ်စီ ဝေလိုက်ပြီးနောက် ဖဲထုပ်မှာ ကုန်သွားခဲ့လေသည်။
သရဲသုံးကောင်သာ ထိန်းချုပ်ထားလျှင် ချန်ကျိုး၏ကံတရားက ကောင်းနိုင်ပါဦးမည်လား ?
ရှစ်ဂဏန်းနှင့် ဂျိုကာမှာ ချန်ကျိုးလက်ထဲသို့ ရောက်နှင့်နေပေသည်။
ချန်ကျိုးသည် ဖဲချပ်များကို စားပွဲပေါ်တွင် မှောက်လျက်တင်ကာ ရောမွှေလိုက်၏။
သူသည် ကျန်းချန်ရွှင်းကို လှောင်ပြုံးပြုံးပြလိုက်ပြီး
"မင်းအလှည့်ပဲ"
[စနစ်၏လိမ်လည်မှုတားဆီးရေး ကာကွယ်ရေးစနစ် စတင်ပါပြီ။]
ကျန်းချန်ရွှင်းသည် ချန်ကျိုး၏ ဖဲချပ်နောက်ကျောများကို စူးစိုက်ကြည့်သော်လည်း သူ မျှော်လင့်ထားသလို ဖောက် ထွင်းမမြင်ရပေ။
သူ ထပ်မံကြိုးစားကြည့်သော်လည်း ဖောက်ထွင်းမမြင်နိုင်သေးပေ။
ဒီလို မဖြစ်သင့်ဘူးလေ
ဖဲချပ်တွေမှာ သူ့ဟာတွေဖြစ်ပြီး ကစားနေတဲ့သူကလည်း ခြေသည်းညှပ်ဖို့သာ အာရုံစိုက်နေတဲ့သူ မဟုတ်ပါလား ?
"မြန်မြန်လုပ်စမ်းပါ၊ ဖဲတစ်ချပ် နှိုက်ဖို့ကို ဘာလို့ အကြာကြီးလုပ်နေတာလဲ၊ ကြည့်ရတာ မိန်းမလျာကျနေတာပဲ၊ ဆုံးဖြတ်ချက်ကလည်း မပြတ်ဘူး"
ချန်ကျိုး တဲ့တိုးပင် ပြောချပစ်လိုက်လေသည်။
ကျန်းချန်ရွှင်းသည် သူ့ ဖြူဖျော့သော လက်ကိုဆန့်ထုတ်လိုက်ပြီး ချန်ကျိုး ဖဲချပ်များကို ကြည့်လိုက်၏။
သူသည် ဖဲချပ်အတွင်းမှ အချက်အလက်များကို လုံးဝမဖော်ထုတ်နိုင်ပေ။
[စနစ်သည် Host ၏အသက်ကို ကာကွယ်ရန်ဟူသော မူဝါဒအရ အထူးအခြေအနေများတွင် အိမ်ရှင်အတွက် အထူးနည်းလမ်းများကို ပံ့ပိုးပေးရန်လိုအပ်ပါသည်။]
ကျန်းချန်ရွှင်း မသိလိုက်သည်မှာ သူ ဖဲချပ်တစ်ခုကို ကြည့်လိုက်တိုင်း ထိုဖဲချပ်နံပါတ်မှာ ဂျိုကာအဖြစ် ပြောင်းလဲသွားခြင်းပင်။
ဖဲချပ်များကို ဖောက်ထွင်းမမြင်နိုင်သဖြင့် ကျန်းချန်ရွှင်း ဖဲတစ်ချပ်ကို အမှတ်မထင် နှိုက်လိုက်ပြီး ကြည့်လိုက်ရာ ၎င်းမှာ ဂျိုကာ ဖြစ်နေပေသည်။
ချန်ကျိုးသည် သူ့ဖဲချပ်များကို ချက်ချင်း သိမ်းဆည်းကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သရဲသုံးကောင်ကို သတိထားလျက် သူ့ဖဲချပ်များကို ခိုးကြည့်လိုက်ရာ သူ့လက်ထဲတွင် ဂျိုကာတစ်ချပ်လိုနေသည်ကို တွေ့ရှိသွားတော့၏။
"ဟဲဟဲဟဲဟဲဟဲဟဲ"
ချန်ကျိုးက ယုတ်မာသောအသံဖြင့် ရယ်မောလိုက်လေသည်။
ကျန်းချန်ရွှင်း မျက်မှောင်ကြုတ်ကာ သရဲပုလေးကို ကြည့်ပြီး ခေါင်းခါပြလိုက်၏။
ကျန်းချန်ရွှင်း တွေးနေမိသည်မှာ 'ထူးဆန်းလိုက်တာ၊ ငါ သူ့ ဖဲချပ်တွေကို ဖောက်မမြင်ရဘူး'
ဂျပုသရဲကမူ 'ဇွတ်မလုပ်နဲ့ဦး' ဟု ပြန်လည်တွေးတောနေပေသည်။
ဒုတိယအချီတွင် ကျန်းချန်ရွှင်းသည် ရှစ်ဂဏန်းကို နှိုက်မိသွားခဲ့သည်။
သရဲလေးသုံးကောင်မှာ တစ်ဦးနှင့်တစ်ဦး အတွေးချင်း ဖလှယ်လိုက်ကြပြန်ပေသည်။
ဂျပုသရဲက 'ဒီကောင် တော်တော် လက်စွမ်းထက်တာပဲ' ဟု တွေးနေ၏။
ချုံဆမ်းဝတ်သရဲမ အတွေးမှာ 'သူ တကယ်ပဲ ပြဿနာလာရှာတာလား'
ကျန်းချန်ရွှင်းကမူ 'သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ စောင့်ကြည့်ရအောင်' ဟု တွေးတောနေပေသည်။
ချန်ကျိုးမှာမူ ထိုသုံးဦး၏အတွေးဖလှယ်မှုများကို လုံးဝသတိမပြုမိဘဲ ယနေ့ည သူ့ကံမှာ အလွန်ကောင်းနေသည်ဟု မှတ်ယူကာ ကိုယ်ပိုင်ပျော်ရွှင်မှုထဲတွင်သာ နစ်မျောနေတော့သည်။
အချီအနည်းငယ် ကစားပြီးနောက်တွင် တစ်ဦးချင်းစီ၌ ဖဲသုံးချပ်စီသာ ကျန်ရှိတော့၏။
ချန်ကျိုး ဖဲနှိုက်ရမည့် အလှည့်သို့ရောက်ရှိလာသည်။ ချန်ကျိုးသည် သရဲမ ဖဲချပ်များပေါ်သို့ လက်တင်လိုက်ပေသည်။
အလယ်က ဖဲချပ်ကို ထိမိလိုက်သောအခါ ချန်ကျိုး လက်ထဲတွင် ကျဉ်တက်သွားသော ခံစားချက်ကို ရရှိလိုက်၏။
ဒီတစ်ချပ်ပဲ! ချန်ကျိုးသည် ထိုဖဲချပ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်သို့ ဟန်ပါပါဖြင့် ပစ်ချလိုက်တော့သည်။
"ဟားဟား... ငါ မှန်သွားပြီ၊ ငါ သွားတော့မယ်"
ချန်ကျိုးသည် လက်ထဲမှ ဖဲချပ်များကို လွှင့်ပစ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် တစ်ပတ်လှည့်လိုက်ပေသည်။
[စနစ်သတိပေးချက်- Host သက်တမ်းမှာ နှစ်ပေါင်း ၁၈၀ တိုးလာခဲ့ပြီး စုစုပေါင်း ၂၄၀ ကျန်ရှိပါတော့သည်။]
ဖဲဝိုင်းရှိ သရဲသုံးကောင်မှာမူ သူတို့၏ယင်စွမ်းအင်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သရဲမ၏ တစ်ဝက်သာရှိသော မျက်နှာမှာတဖြည်းဖြည်းနှင့် ညိုမည်းလာပြီး ဝတ် ဆင်ထားသော အင်္ကျီအရောင်များမှာလည်း မှေးမှိန်သွား ၏။ အမျိုးသားသရဲ၏လည်ပင်းမှ ဒဏ်ရာမှာလည်း ပို ကြောက်မက်ဖွယ်ကောင်းလာကာ မျက်နှာမှာ အလောင်းကဲ့သို့ ပြာနှမ်းနှမ်းအရောင်သို့ ပြောင်းလဲသွားပေသည်။ ဂျပုသရဲမှာမူ ခွေးလေးတစ်ကောင်ကဲ့သို့ အလွန်အမင်း အိုမင်းရင့်ရော်သွားခဲ့လေသည်။
သရဲသုံးကောင်သည် စားပွဲတွင်ထိုင်လျက် တစ်ဦးနှင့်တစ်ဦး သေဆုံးပြီးနောက် ရုပ်သွင်များကိုကြည့်ကာ အတွေးချင်း ဖလှယ်နေကြသည်။
ချုံဆမ်းဝတ် သရဲမက "ဒီသက်တမ်းတွေက ငါတို့ နှစ်အတော်ကြာကြိုးစားပြီး စုဆောင်းထားရတာ၊ ဒီကောင်လေးကို ဒီအတိုင်းအနိုင်ပေးလိုက်လို့ မဖြစ်ဘူး" ဟု တွေးလိုက်၏။
ကျန်းချန်ရွှင်းကမူ "ဒီကောင်က တမင်သက်သက် ပြဿနာလာရှာတာပဲ၊ သူ့ကို သင်ခန်းစာပေးရမယ်" ဟု တွေးနေ သည်။
ဂျပုသရဲကလည်း "သူက ပြဿနာလာရှာမှတော့ ငါတို့ဘက်က ယဉ်ကျေးမနေတော့ဘူးဆိုတာ သူ့အပြစ်ပဲ" ဟု တွေးတောလိုက်ပေသည်။
ဂျပုသရဲသည် ထိုင်ခုံမှ ထရပ်ကာ စားပွဲကို လက်ဖြင့်ပြင်း ထန်စွာ ရိုက်ချလိုက်သည်။ အခန်းတွင်းရှိ အပူချိန်မှာ ရုတ်တရက် ထိုးကျသွားပြီး စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးတောက်များမှာလည်း တဖျပ်ဖျပ် တုန်ခါသွားကာ အရောင်မှာ ပြာနှမ်းနှမ်းသို့ ပြောင်းလဲသွား၏။
ပြာလဲ့လဲ့ ဖယောင်းတိုင်မီးအောက်တွင် သရဲသုံးကောင်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေပေသည်။
ဘန်း!
သစ်သားတံခါးမှာ အလိုအလျောက် ဝုန်းခနဲ ပိတ်သွားခဲ့သည်။
ထိုအသံကြောင့် ချန်ကျိုးမှာ လန့်သွား၏။
ပျော်ရွှင်မှုထဲတွင် နစ်မျောနေသော ချန်ကျိုးသည် နီးကပ်လာသော အန္တရာယ်ကို သတိမထားမိပေ။ သူ့ကို ဖဲကစားရန် ဖိတ်ခေါ်သော သရဲများတွင် မည်သို့သော မကောင်း သော စိတ်ထားများ ရှိနိုင်ပါမည်နည်း။
လေတိုက်သဖြင့် တံခါးပိတ်သွားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ချန်ကျိုးသည် တံခါးဆီသို့ပြေးသွားကာ သစ်သားတံခါးကို အလွယ်တကူ ဆွဲဖွင့်လိုက်ရာ တစ်ချက်၊ နှစ်ချက်ခန့် ခါယမ်းသွားပြီးနောက် တံခါးချပ်မှာ ပြုတ်ကျသွားတော့ သည်။
အလို... ဘယ်လိုလုပ်ရပါ့ ?
သူတို့က သူ့ကိုကောင်းကောင်းမွန်မွန် ဖဲကစားဖို့ ဖိတ်ခေါ်ခဲ့တာကို အခုတော့ သူက သူတို့တံခါးကိုဖြုတ်ချမိလိုက်ပြီ မဟုတ်ပါလား ?
အတွင်းရှိ ဖယောင်းတိုင်များ အရောင်ပြောင်းသွားသည်ကို သတိပြုမိသောအခါ တံခါးပျက်သွားသဖြင့် သူတို့စိတ်ဆိုး နေကြသည်လားဟု သူ တွေးနေမိသည်။
"ဟို... ခင်ဗျားတို့ တံခါးက... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူးဗျာ"
ချန်ကျိုး ပျာပျာသလဲ ပြောလိုက်၏။
သရဲသုံးကောင်မှာ ချန်ကျိုး ရှေ့မှောက်သို့ ပြိုင်တူ ပေါ်လာကြပြီး သူတို့မျက်နှာများမှာ ပြာလဲ့လဲ့ အလင်းတန်းများ ထွက်ပေါ်နေပေသည်။
ချန်ကျိုးသည် တံခါးနားတွင် ရပ်နေရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကာ ရင်ပြင်ဘက်သို့ လှမ်း၍ အော်ဟစ်လိုက်သည်မှာ "သရဲမလေး၊ ကြောင်ကြီး!"
သရဲမလေးနှင့် နှစ်တစ်ထောင် ကျားဝိညာဉ်တို့သည် ရင်ပြင်အပြင်ဘက်မှ ထွက်ပေါ်လာပြီး နံရံကို ဖြတ်ကျော်ကာ ချန်ကျိုးအနားသို့ ရောက်ရှိလာကြ၏။
သရဲသုံးကောင်၏ ခြိမ်းခြောက်နေသော အရှိန်အဝါကို မြင်သောအခါ သရဲမလေးသည် ရှေ့သို့တိုးထွက်လာပြီး ဆံပင် များမှာ ဖရိုဖရဲလွင့်ပျံလာကာ အနက်ရောင်စွမ်းအင်များ ဝန်းရံလာပြီး မျက်လုံးများမှာလည်း သွေးရောင် လွှမ်းသွားပေသည်။ နှစ်တစ်ထောင် ကျားဝိညာဉ်မှာလည်း နောက်ခြေထောက်များကိုဆွဲဆန့်ကာ တိုက်ခိုက်ရန် အသင့်အနေ အထားပြင်လိုက်၏။
"ဝေါင်း!”
ကျားဟိန်းသံတစ်ချက်ထွက်ပေါ်လာပြီး အိမ်ထဲရှိကြောက် မက်ဖွယ်ကောင်းသော သရဲသုံးကောင်၏အရှိန်အဝါများကို ချက်ချင်းချေဖျက်ပစ်လိုက်တော့သည်။
"ဘာလုပ်နေတာလဲ၊ ဘာလုပ်နေတာလဲ"
ချန်ကျိုး အော်ဟစ်ကာ ကျားဝိညာဉ်ဆီသို့ လျှောက်သွားပြီး လက်ကိုမြှောက်လိုက်၏။
နှစ်တစ်ထောင်ကျားဝိညာဉ်သည် နောက်ခြေထောက်များကို ပြန်ရုပ်ကာ ခေါင်းငုံ့ပြီး ချန်ကျိုးလက်သီးချက်ကို ခံယူလိုက်ပေသည်။ ထိုသည်ကို မြင်သောအခါ သရဲမလေးသည်လည်း လိမ္မာစွာဖြင့် အောက်သို့ဆင်းလာကာ သူ၏ ကြောက်မက်ဖွယ် အသွင်သဏ္ဌာန်များ ပျောက်ကွယ်သွားပြီးနောက် ချန်ကျိုး သူ့နဖူးကို တောက်လိုက်သောအခါ ခေါင်းငုံ့ထားရှာပေသည်။
"သရဲမလေး၊ ငါ့မုန့်တွေ သွားယူချေ"
ချန်ကျိုး တိုးတိုးလေး ပြောလိုက်ပြီး ထပ်မှာလိုက်၏။
"သိပ်မကောင်းတာတွေပဲ ယူလာခဲ့"
သရဲမလေးသည် လိမ္မာစွာဖြင့် ကျားဝိညာဉ်ကျောပေါ်သို့ ပျံတက်သွားပြီး အိတ်ထဲတွင် မွှေနှောက်ကာ မုန့်ထုပ်အချို့ကို ရှာဖွေတွေ့ရှိသွားပြီးနောက် ချန်ကျိုးထံသို့ ကမ်းပေး လိုက်ပေသည်။
ချန်ကျိုးသည် မုန့်ထုပ်အချို့ကိုပိုက်လျက် အရှိန်အဝါများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော သရဲသုံးကောင်ကို ရင်ဆိုင်ကာ
"တကယ် အားနာပါတယ်ဗျာ၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"
ထို့နောက် သူသည် ထိုမုန့်ထုပ်များကို သရဲသုံးကောင်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်တော့သည်။
သရဲသုံးကောင်လုံးမှာမူ သူတို့အကြည့်များကို ကျားဝိညာဉ်နှင့်သရဲမလေးထံသို့သာ ပို့ထားကြပေသည်။