← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

ချုံဆမ်းဝတ်သရဲမ၏ အတွေး - 'ဒါ တုန်းတချောင်းတံတားက ကျားဝိညာဉ် မဟုတ်လား'

ကျန်းချန်ရွှင်း၏အတွေး - 'ဟုတ်တယ်... အဲဒါပဲ ဖြစ်ရမယ်'

ချုံဆမ်းဝတ်သရဲမ၏ အတွေး - 'ပြီးခဲ့တဲ့တစ်ခေါက် ငါတို့သုံးယောက် ညဘက် တံတားကို ဖြတ်တုန်းက ငါတို့ကို သူ စားတော့မလို့၊ ကျားဝိညာဉ် တစ်ကောင်တည်းကိုတောင် ငါတို့ မနိုင်တာ၊ အခု သရဲမလေးပါ ပါနေသေးတယ်'

ဂျပုသရဲ - 'သူက ကြိုတင်ပြင်ဆင်လာပုံရတယ်၊ ပညာရှိဆိုတာ မနိုင်မယ့်တိုက်ပွဲကို မတိုက်ဘူး၊ တောင်စိမ်းကြီးသာ ကျန်နေရင် ထင်းအတွက် စိုးရိမ်စရာမလိုဘူး (အသက်ရှင်နေဖို့က အဓိကပဲ)'

ကြောက်မက်ဖွယ်ကောင်းသော သရဲသုံးကောင်မှာမူ လိမ္မာစွာဖြင့် စားပွဲဆီသို့ ပြန်ဆုတ်ခွာကာထိုင်လိုက်ကြပြီး ဖယောင်းတိုင်မီးများမှာလည်း မူလအရောင်သို့ ပြန်လည်ပြောင်းလဲသွားပေသည်။

ချန်ကျိုး ခြေဖျားလေးထောက်ကာ ထိုင်ခုံသို့သွားထိုင်လိုက်ပြီး ထိုသုံးဦးကို မေးလိုက်သည်မှာ

"မင်းတို့ စိတ်မဆိုးကြဘူးမလား"

သူသည် ချုံဆမ်းဝတ်သရဲမကို ကြည့်လိုက်ရာ သူမက အပြင်ဘက်ရှိ ကျားဝိညာဉ်ကို ခိုးကြည့်ရင်း အတင်းအ ကျပ်ပြုံးပြကာ "ဘယ်လိုလုပ် စိတ်ဆိုးရမှာလဲ"

ချန်ကျိုး ဂျပုသရဲကို ကြည့်လိုက်ရာ သူ သက်ပြင်းချရင်း "မင်းက တကယ်ကြင်နာလွန်းပါတယ်"

ကျန်းချန်ရွှင်းကမူ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

သရဲသုံးကောင်မှာမူ စိတ်ထဲမှ အော်ဟစ်နေကြသည်။

'ငါတို့က ဘယ်လိုလုပ် ဝံ့ပါ့မလဲ'

သရဲသုံးကောင် စိတ်မဆိုးသည်ကိုမြင်သောအခါ ချန်ကျိုးသည် သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်၏။

"ငါတို့တွေက တစ်သက်လုံး သိခဲ့ကြတဲ့လူတွေလို ခံစားရတယ်၊ အမှတ်တရ ဓာတ်ပုံရိုက်ပြီး WeChat Moments မှာ တင်ရအောင်၊ ငါ့ရဲ့ Moments ထဲ ရောက်ပြီဆိုရင် မင်းတို့က ငါ့ သူငယ်ချင်းတွေပဲ"

ချန်ကျိုး ကင်မရာကို ဖွင့်ကာ သူ့ကိုယ်သူနှင့် သရဲသုံးကောင်ကို ချိန်လိုက်ပြီး "V" ပုံစံ လက်ထောင်ပြလိုက်ပေသည်။

သရဲသုံးကောင်မှာမူ စားပွဲတွင် ထိုင်လျက် ကိုယ်စီအတွေးများဖြင့် နစ်မျောနေကြ၏။

ချန်ကျိုးက သူတို့ဘက်သို့ လှည့်ကာ "ပျော်ပျော်နေစမ်းပါ၊ ပြုံးလေ! ငါလုပ်သလိုလုပ်၊ 'V'!" ဟု ခိုင်းလိုက်သည်။ သရဲသုံးကောင်မှာ အပြင်ဘက်ရှိ ကျားဝိညာဉ်ကို ကြောက်ရသဖြင့် အတင်းအကျပ် ပြုံးပြကာ "V" ပုံစံ လုပ်လိုက်ကြရပေသည်။

"အားလုံး အတူတူ 'ချိစ်' လို့ ပြောကြမယ်!"

"ချိစ်"

"မင်းကတော့ကွာ၊ မင်းအပြုံးက အရမ်းရုပ်ဆိုးတာပဲ၊ ငိုနေတာထက်တောင် ဆိုးသေးတယ်! မင်း မပြုံးတာပဲ ကောင်းမယ်"

ကလစ်!

ပြုံးဖြီးနေသော ခန့်ညားသည့် လူငယ်တစ်ဦးနှင့် မပျော်မရွှင်ဖြစ်နေသော သရဲသုံးကောင်တို့၏အဖိုးတန် သူငယ် ချင်းသံယောဇဉ် ဓာတ်ပုံတစ်ပုံထွက်ပေါ်လာတော့သည်။

Moments စာသား - 'ကြည့်စမ်း၊ ငါတို့ ဘယ်လောက် ပျော်နေကြလဲဆိုတာ! ငါ့သူငယ်ချင်းအသစ်တွေက ငါနဲ့ ဖဲကစားဖို့ အတင်းတောင်းဆိုနေလို့ ငါ ငြင်းလို့မရတော့ဘူး!'

တင်လိုက်ပြီ!

ချန်ကျိုး စိတ်ကျေနပ်စွာဖြင့် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ထိုင်ခုံတွင် ထိုင်ကာ ပြုံးဖြီးလျက်

"ဒါဆို ဆက်ကစားရအောင်၊ အသက်ကို ဆက်ပြီး လောင်း ကြေးထပ်မယ်၊ ငါ့မှာ အခု သက်တမ်း ၂၄၀ တောင် ရှိနေပြီ"

ဂျပုသရဲ - "..."

ချုံဆမ်းဝတ်သရဲမ - "..."

ကျန်းချန်ရွှင်း - "..."

အကယ်၍ သူတို့ ထပ်မံလောင်းကြေးထပ်ပါက သူတို့၏ ကျင့်ကြံမှုအဆင့်များကိုပါ လောင်းရတော့မည် ဖြစ်သည်။

"မြန်မြန်လုပ်ပါ၊ ငါတို့ တော်တော်ပျော်နေတာပဲကို"

ချန်ကျိုးမှာ အခုလေးတင် နိုင်ထားသဖြင့် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

သရဲမသည် အခြားသရဲနှစ်ကောင်ကို ကြည့်ကာ အကြာကြီး တုံ့ဆိုင်းနေပြီးနောက် မြေပြင်ပေါ်ရှိ အဘွားအိုကို ညွှန်ပြလိုက်၏။

"သူ့ကို လောင်းကြေးထပ်ရအောင်၊ အကယ်၍ မင်းနိုင်ရင် သူ့ သက်တမ်းကိုပြန်ပေးမယ်၊ မင်းရှုံးရင်တော့ မင်းရဲ့ သက်တမ်းနဲ့ ပေးရမယ်"

ချုံဆမ်းဝတ်သရဲမမှာ စိုးရိမ်နေမိသည်။ ချန်ကျိုး၏ ရုပ် ရည်အရ သူသည် အခြားသူများအတွက် ကိုယ့်ကိုယ်ကိုယ် စတေးမည့်သူမျိုး မဟုတ်ဟု သူမ ထင်မြင်ထားပေသည်။

ချန်ကျိုးသည် ထိုအဘွားအိုကို အကဲခတ်လိုက်ပြီး ထိုအဘွားအိုမှာ အိုမင်းရင့်ရော်ကာ အားနည်းနေသည်ဟု တွေးနေ၏။

အသက်မဲ့နေသော အဘွားအိုမျက်လုံးများထဲ မျှော်လင့် ချက်အရောင်အချို့ လက်ခနဲဖြစ်သွားခဲ့သည်။

ကျန်းချန်ရွှင်း မျှော်လင့်တကြီး ကြည့်လိုက်သည်။

ဂျပုသရဲကမူ မျှော်လင့်တကြီး ကြည့်လိုက်သည်။

ချုံဆမ်းဝတ်သရဲမလည်း မျှော်လင့်တကြီး ကြည့်လိုက်ပေသည်။

ချန်ကျိုးမှာမူ အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။

၎င်းတို့၏မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို မြင်သောအခါ သူ ငြင်းပယ်ရန် ခက်ခဲသွားခဲ့သည်။

ဒါဟာ ဖဲကစားနည်းတစ်ခုပဲ မဟုတ်ပါလား၊ လောင်းကြေးက တကယ်ပဲ အရေးကြီးလို့လား ?

ချန်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်ကာ "ကောင်းပြီ၊ ကောင်းပြီ၊ လာလေ၊ ဖဲနှိုက်ကြမယ်"

ချန်ကျိုးမှလွဲ၍ သရဲသုံးကောင်မှာမူ တိတ်တဆိတ် သက်ပြင်းချလိုက်ကြတော့သည်။

...

သရဲနှင်ရဲစခန်းမှ ကျိုးအိုက်ကော်သည် သူ့ရုံးခန်းတွင် ထိုင်နေရင်း မပြီးပြတ်သေးသော အမှုများကြောင့် ခေါင်းကိုက်နေပေသည်။ သူသည် ဖုန်းကို ခဏခဏ ယူကြည့်ကာ ချန်ကျိုး ပရိုဖိုင်ပုံကို စိုက်ကြည့်နေမိ၏။

သူ့ဆီ စာပို့သင့်သလား ?

ချန်ကျိုး အခုလောက်ဆို အိပ်ပျော်နေလောက်ပြီ ဖြစ်သဖြင့် သူ စာမပို့တော့ရန် ဆုံးဖြတ်လိုက်သည်။

နေပါဦး၊ ဒီကောင်လေး သူ့ WeChat Moments မှာ စာတင်ထားတယ် မဟုတ်လား ?

ပြုံးဖြီးနေသော ခေါင်းတစ်ခု၏နောက်ကွယ်တွင် ဖယောင်း တိုင်ဖြူ နှစ်တိုင်ရှိသော သစ်သားစားပွဲတစ်ခုနှင့် အတင်းအ ကျပ် ပြုံးနေကြသော ကြောက်မက်ဖွယ်ကောင်းသည့် သရဲသုံးကောင်။

တင်ထားတာ လွန်ခဲ့တဲ့ ငါးမိနစ်ကပါလား ?

ဘုရားရေ၊ ဒီကောင်လေး ဘယ်နေရာကိုသွားပြီး သရဲတွေနဲ့ ဖဲသွားကစားနေတာလဲ ?

ဒီသရဲသုံးကောင်က... ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ

ကျိုးအိုက်ကော် ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး ကွန်ပျူတာတွင် အသည်းအသန်ရှာဖွေကြည့်လိုက်တော့သည်။

သရဲနှင်ရဲစခန်း၏ အလိုရှိသရဲများစာရင်းတွင် ဤသရဲသုံးကောင်မှာ အငြိုးကြီးတစ္ဆေ အမျိုးအစား၌ အဆင့် ၃ ချိတ်ထားသူများဖြစ်ကြပေသည်။ ကျိုးအိုက်ကော်သည် သူ့မျက်လုံးများကို ပွတ်သပ်ကာ ဖုန်းကိုမြှောက်၍ ချန်ကျိုးတင်ထားသော ဓာတ်ပုံနှင့် သရဲနှင်ရဲစခန်း၏အလိုရှိစာရင်းပါ သရဲပုံများကိုယှဉ်ကြည့်လိုက်၏။

ဤသရဲသုံးကောင်သည် မြို့ကြီးများတွင် လှည့်လည်သွားလာရင်း ပြစ်မှုများကျူးလွန်ကာ အသက်ရှင်နေသူများနှင့် လောင်းကစားပြုလုပ်တတ်ကြပေသည်။

သူတို့လက်ချက်ဖြင့် အနည်းဆုံး လူပေါင်းဆယ်ဂဏန်းမက အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါလိမ့်မည်။

ဘုရားရေ၊ ဒါတွေက သရဲနှင်ရဲစခန်းက အလိုရှိနေတဲ့ အငြိုးကြီးတစ္ဆေတွေ မဟုတ်ပါလား ?

ချန်ကျိုးရေ... သရဲနှင်ရဲစခန်းက အလိုရှိနေတဲ့ သရဲတွေနဲ့ပါလား ?

သူတို့တွေ ဘယ်လိုလုပ်ပြီး အတူတူရှိနေကြတာလဲ

ကျိုးအိုက်ကော်သည် ချန်ကျိုး ဖုန်းအချက်ပြစနစ်ကို အလျင်အမြန်ခြေရာခံလိုက်ပြီး သူ့လူများကို စေလွှတ်ရန် စီစဉ်တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်

သရဲနှင်အရာရှိများသည် ထိုအိမ်ရာဝင်းကို ဝိုင်းထားလိုက်ကြပေသည်။

ဖျတ်လတ်သွက်လက်သော အရာရှိအချို့မှာ တံတိုင်းကိုကျော်တက်ကာ အိမ်အိုကြီးအပြင်ဘက်တွင် နေရာယူထားပြီး နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေကြ၏။

လူတိုင်း နေရာအသီးသီးသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

"ဝင်မယ်!"

ကျိုးအိုက်ကော်သည် ဝင်းအပြင်ဘက်မှနေ၍ ဝိုင်ယာလက်စက်ဖြင့် အမိန့်ပေးလိုက်ပေသည်။

သရဲနှင်အရာရှိများသည် အိမ်ပျက်ကြီးထဲသို့ ပြေးဝင်သွားကြပြီး အထူးပြုလုပ်ထားသော ပစ္စတိုသေနတ်များနှင့် လက်ဖွဲ့များကိုယ်စီကိုင်ကာ ချန်ကျိုးနှင့် အငြိုးကြီးတစ္ဆေနှစ်ကောင်ကို ဝိုင်းထားလိုက်ကြတော့သည်။

ယင်စွမ်းအင်ပမာဏ တိုင်းတာချက်အရ - အငြိုးကြီးတစ္ဆေ။

သရဲနှင်ရဲစခန်း၏ အလိုရှိစာရင်းတွင် ထိုသရဲများကို ပိုမိုအဆင့်မြင့်သော သရဲများအဖြစ် ဖော်ပြထားသည် မဟုတ်ပါလား။

မကြာမီ ရောက်ရှိလာသော ကျိုးအိုက်ကော်သည် ယင်စွမ်းအင်တိုင်းကိရိယာကို ဆွဲယူကာ ပြန်လည်စစ်ဆေးကြည့်ပြန်သည်။

ယင်စွမ်းအင်ပမာဏ တိုင်းတာချက် - အငြိုးကြီးတစ္ဆေ။

ကျိုးအိုက်ကော်မှာ မှင်သက်သွားခဲ့လေသည်။

"နောက်ထပ် တိုင်းတာရေးကိရိယာတစ်ခု ယူခဲ့စမ်း"

ယင်စွမ်းအင်ပမာဏ တိုင်းတာချက် - အငြိုးကြီးတစ္ဆေ။

ဒါ တကယ်ကို ထူးဆန်းနေပြီ ဖြစ်သည်။ ကျိုးအိုက်ကော် သည် ဖဲချပ်များ ကိုင်ထားကြသော သရဲသုံးကောင်ကို ကြည့်လိုက်၏။

ထိုသရဲသုံးကောင်မှာ ကျိုးအိုက်ကော်ကို မြင်သောအခါ သူတို့ဖခင်အရင်းကို တွေ့ရသည်ထက်ပင် ပိုဝမ်းသာအားရ ဖြစ်နေကြပေသည်။ ချုံဆမ်းဝတ်သရဲမ၏အင်္ကျီမှာ ချုံဆမ်းဟုပင် မခေါ်နိုင်တော့ဘဲ ကိုယ်ပေါ်တွင် တွဲလောင်း ကျနေသော အဝတ်စုတ်ပုံကြီးကဲ့သို့ဖြစ်နေ၏။ သူ့လက်ထဲမှ ယပ်တောင်မှာလည်း အကိုင်းအခက်များသာ ကျန်တော့ပေသည်။

ကျန်းချန်ရွှင်း မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့နေပြီး သူ့လည်ပင်းမှ ချုပ်ရိုးအချို့မှာလည်း ပြေလျော့နေသဖြင့် ခေါင်းမှာ ပြုတ်ကျတော့မည့်အတိုင်းပင်။

ဂျပုသရဲ၏အရေပြားများမှာလည်း ထိုင်ခုံပေါ်တွင် တွဲကျနေပြီး ဖဲချပ်များကိုကြည့်ရန်အတွက် မျက်ခွံများကို လက်ဖြင့် မ၊ ပေးနေရရှာသည်။

ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်လောက် ရှင်းပြပေးလို့ ရမလား ?

ရင်းနှီးသူကို မြင်လိုက်ရသဖြင့် ချန်ကျိုး သူ့ဖဲချပ်များကို ဘေးသို့ပစ်လိုက်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"ငါကလည်း ကစားပွဲပြီးရင် မင်းကို လာရှာမလို့စဉ်းစားနေတာ၊ အခုထိတောင် မပြီးသေးဘူး၊ မင်း ရောက်လာပြီပဲ! နှစ်ချီလောက် ဝင်ကစားပါဦးလား"

သရဲသုံးကောင်မှာမူ ထိုသူသည် ချန်ကျိုးအသိဖြစ်ကြောင်း ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့ဖဲချပ်များမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

"မင်းတို့ သုံးယောက်က အငြိုးကြီးတစ္ဆေတွေလား"

ကျိုးအိုက်ကော် သူ့စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သာမန် အငြိုးကြီးတစ္ဆေသုံးကောင်မှာ ဘယ်လိုဖြစ်ပြီး ဝိညာဉ်အဆင့်လောက်အထိ လျော့ကျသွားရတာလဲ။

သရဲသုံးကောင်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဂျပုသရဲမှာ တိတ်ဆိတ်နေသော်လည်း ကျန်းချန်ရွှင်းမှာမူ သူ့ခေါင်းကိုသာ ပွတ်နေမိသည်။

ချုံဆမ်းဝတ်သရဲမကသာ ညည်းတွားလိုက်သည်။

"ကျွန်မတို့ရဲ့ကျင့်ကြံမှုတွေ... အကုန်လုံး သူ့ဆီရှုံးလိုက်ရပြီ"

အကယ်၍ ကျိုးအိုက်ကော်သာ အမြန်ရောက်မလာပါက သူတို့မှာ အငြိုးကြီးတစ္ဆေအဆင့်တွင်ပင် ရှိနေတော့မည် မဟုတ်ပေ။ ဤအချီသာ ထပ်ကစားဖြစ်လျှင် သူတို့မှာ လေလွင့်ဝိညာဉ်အဆင့်သို့ လျော့ကျသွားပေလိမ့်မည်။

ချန်ကျိုး သူ့ခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်ရင်း "ဖဲကစားတယ်ဆိုတာ နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါလည်း ရှိတာပေါ့၊ ဒီနေ့ ငါ့လက်က ပိုပြီး အရှိန်ရနေလို့ပါ"

ချုံဆမ်းဝတ်သရဲမက ခေါင်းငုံ့ကာ တိုးတိုးလေး ညည်းညူလိုက်ပြန်သည်မှာ "ကျွန်မတို့ကသာ အမြဲရှုံးနေတာလေ၊ ရှင် တစ်ခါလောက်ဖြစ်ဖြစ် ရှုံးဖူးလို့လား"

ယခင်က ရက်စက်ကြမ်းကြုတ်ခဲ့သော အနှီသရဲမှာ ယခုအခါတွင်မူ အားငယ်နေသော မိန်းမပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မြေပြင်ပေါ်တွင် အချည်ခံထားရသော အမျိုးသမီးမှာလည်း သူ့ နုပျိုသော ရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ သူမသည် ကျိုးအိုက်ကော်ကိုမြင်သောအခါ ကိုယ်ကို လူးလွန့်လျက် နှုတ်ခမ်းဆူကာ အသံတိုးတိုးလေးဖြင့် ညည်းညူပြနေပေသည်။

ကျိုးအိုက်ကော်သည် အမျိုးသမီးကိုကြိုးဖြေပေးရန် စီစဉ်လိုက်၏။

"ဦးလေးကျိုး!"

အမျိုးသမီးသည် ကြိုးဖြေပေးသည်နှင့် အော်ဟစ်ငိုယိုကာ ကျိုးအိုက်ကော် လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တော့သည်။

ကျိုးအိုက်ကော်သည် အမျိုးသမီးမျက်နှာရှိ ဖုံးအုပ်နေသော ဆံပင်များကိုဖယ်ရှားပေးလိုက်သောအခါ သေးငယ်ပြီး နုနယ်သော မျက်နှာလေးပေါ်ထွက်လာ၏။ သူမမှာ ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ လှပပြီး သနားစရာကောင်းလောက်အောင် မျက်ရည်များစီးကျနေပေသည်။

"ချီချီ ?"

ကျိုးအိုက်ကော်မှာ အံ့အားသင့်ကာ အော်လိုက်မိသည်။ ဤမိန်းကလေးမှာ ဒေသခံ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဝူပေါ်ထုံ၏အငယ်ဆုံးသမီး ဝူရွှမ်ချီပင်။

ချန်ကျိုး အနားသို့တိုးကပ်လာပြီး ဝူရွှမ်ချီ ဆံပင်ကိုမလိုက် ကာ မေးလိုက်သည်မှာ

"ဒီအဘွားလေးကို မင်း သိတာလား"

All Chapters