အခန်း (၁၅)
Vol. 2 Ch. 15
အဘွားကြီး ဟုတ်လား ?
သူမသည် သိသိသာသာပင် ဘဝ၏အနုပျိုဆုံးအရွယ်မှာ ရှိနေသည် မဟုတ်ပါလား ?
"ဘယ်လိုကြည့်ပြီး အဘွားကြီးလို့ ပြောတာလဲ"
ဝူရွှမ်ချီက ချန်ကျိုးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ကျိုးအိုက်ကော်ကမူ ခပ်ဖွဖွရယ်မောလိုက်ရင်း "ဒါက ငါ့သူငယ်ချင်းရဲ့ သမီးလေးပါ"
"မင်း သူငယ်ချင်းလား"
ချန်ကျိုးသည် ထိုအဘွားကြီးကို အပေါ်အောက် အကဲခတ်ကြည့်ပြီးနောက် နှစ်ချက်ခန့်ရယ်လိုက်သည်။ ထို့နောက် သန်းဝေလိုက်ရင်း
"ဒါဆိုလည်း မင်းပဲ ဆက်လုပ်တော့၊ ငါတော့ မရတော့ဘူး၊ တစ်ညလုံး ဖဲကစားထားတာဆိုတော့ မျက်စိတောင် မဖွင့်နိုင်တော့ဘူး၊ အိမ်ပြန်အိပ်တော့မယ်"
"ငါ ကားစီစဉ်ပေးမယ်၊ အိမ်အထိ လိုက်ပို့ခိုင်းလိုက်မယ်လေ"
"မင်းရဲ့အမည်းရောင်သေတ္တာလေးက အရမ်းနှေးတယ်"
ချန်ကျိုး လက်ခါပြကာ ငြင်းဆိုလိုက်ပြီး အပြင်ဘက်ရင်ပြင်ဆီသို့ လှမ်းအော်လိုက်သည်မှာ "ကြောင်ကြီး!"
ထိုအသံကိုကြားသည်နှင့် နှစ်တစ်ထောင်ကျားဝိညာဉ်သည် သရဲကလေးလေးနှင့်အတူ ပေါ်ထွက်လာတော့သည်။
ကျိုးအိုက်ကော်လက်ထဲရှိ ယင်စွမ်းအင်တိုင်းကိရိယာမှာလည်း မရပ်မနားမြည်ဟီးလာပေသည်။
သရဲကလေးလေး၏ယင်စွမ်းအင်တန်ဖိုး တိုင်းတာချက် - အဆင့် (၃) အလယ်အလတ်ရှိသော ကြမ်းကြုတ်သရဲ။
နှစ်တစ်ထောင်ကျားဝိညာဉ်၏ ယင်စွမ်းအင်တန်ဖိုး တိုင်း တာချက် - အဆင့် (၃) အဆင့်မြင့် သရဲကြီး။
"သူတို့... သူတို့တွေ အားလုံး ပိုပြီးအစွမ်းထက်လာကြတာလား"
ကျိုးအိုက်ကော်မှာ အံ့အားသင့်လွန်းသဖြင့် လျှာကိုပင် ကိုက်မိတော့မတတ် ဖြစ်သွားရ၏။
ချန်ကျိုးသည် ကြောင်ကြီးပေါ်သို့ ခွစီးလိုက်ပြီး ကျိုးအိုက်ကော်ကို လက်ပြနှုတ်ဆက်ကာ အမှောင်ထုထဲသို့ ခုန်ပျံဝင်ရောက် ပျောက်ကွယ်သွားခဲ့ပေသည်။
ကျိုးအိုက်ကော်သည် ချန်ကျိုးထွက်ခွာသွားသည်ကို သက်ပြင်းချရင်း ကြည့်နေခဲ့ပြီးနောက် ဒဏ်ရာရသူကို ဆေးကုသမှုခံယူရန် စီစဉ်ပေးကာ သရဲသုံးကောင်ကိုလည်း ဖမ်းဆီးလိုက်တော့သည်။
အဖွဲ့သားများ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ကျိုးအိုက်ကော် သူ့ကျောကို ဆန့်လိုက်ပြီး ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်၏။ သူ လေသံကို ခပ်တည်တည်ဖြင့် ပြင်လိုက်ပြီးနောက် -
"ဟဲလို... ဝိညာဉ်နှိမ်နင်းရေးဌာနလား"
"ခင်ဗျားတို့ရဲ့အလိုရှိစာရင်းမှာ အဆင့် (၃) ချိတ်ထားတဲ့ အငြိုးကြီးတစ္ဆေသုံးကောင်ကို ကျွန်တော်တို့ သရဲနှင်ရဲတပ် ဖွဲ့က ဖမ်းမိထားပြီ၊ အဲဒီသရဲသုံးကောင်ရဲ့ အမှုကိုပိတ်လိုက်လို့ ရပြီ"
"ကောင်းပြီ၊ ငါ အလုပ်များနေလို့ ဖုန်းချလိုက်တော့မယ်"
ဖုန်းချပြီးနောက်တွင် ကျိုးအိုက်ကော်သည် တစ်ကမ္ဘာလုံး သာယာလှပသွားသကဲ့သို့ ခံစားလိုက်ရပြီး သီချင်းတညည်းညည်းဖြင့် ရဲကားပေါ်သို့ တက်သွားပေသည်။
ချင်ရှန်းစိတ်ကျန်းမာရေးဆေးရုံသို့ အပြန်လမ်းတွင်မူ ချန်ကျိုးသည် မမျှော်လင့်ဘဲ မိုးဖွဲလေးများနှင့် တိုးတော့၏။
ချန်ကျိုးသည် ကလေးဆန်စွာဖြင့် မိုးထဲတွင် ခဏမျှပြေး လွှားဆော့ကစားနေသဖြင့် တစ်ကိုယ်လုံး စိုရွှဲသွားခဲ့ပြီးမှ ဆေးရုံသို့ ပြန်ရောက်လာခဲ့သည်။
အပြင်တွင် ဝဝလင်လင် ဆော့ကစားခဲ့ပြီးနောက် ချန်ကျိုး သူ့အခန်းသို့ ပြန်လာကာ စိုရွှဲနေသော အဝတ်အစားများဖြင့်ပင် ချက်ချင်း အိပ်ပျော်သွားပြီး ဟောက်သံများ ထွက်ပေါ်လာတော့သည်။
နံနက်ရောက်သောအခါ သူနာပြုမလေးက ချန်ကျိုးကို လာရောက်နှိုးရာ သူ့မျက်နှာမှာနီရဲနေပြီး နဖူးမှာလည်း ပူကျစ်နေသည်ကို တွေ့လိုက်ရ၏။
ချန်ကျိုး အိပ်ပျော်နေစဉ်အတွင်း သူနာပြုမလေးက အပူ ချိန်တိုင်းကြည့်ရာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေသော အဖျားကြီးနေခြင်းဖြစ်ပေသည်။
သူနာပြုမလေးကမူ ချန်ကျိုးအား ပုတ်နှိုးလိုက်ပြီး
"ချန်ကျိုး... ထတော့၊ နောက်ကျရင် တာဝန်ကျခန်းကို လာပြီး ငါ့ကို ကူညီပေးဦး"
ချန်ကျိုးသည် အိပ်မောကျနေရာမှ နိုးလာခဲ့သော်လည်း သူ့ဆံပင်များမှာ ကြက်တိုက်ပွဲပြီးစ ကြက်အိမ်ကဲ့သို့ ဖရိုဖရဲဖြစ်နေကာ ခေါင်းထဲတွင်လည်း မကြည်မလင်ဖြစ်လျက် မျက်လုံးများကို မှေးကြည့်နေပေသည်။
"ဘာ ကူညီရမှာလဲ"
"ဒေါက်တာယွမ် နေမကောင်းလို့ ဆေးထိုးရမယ်၊ မင်းက သူ့ကို ရန်ငြိုးရှိတယ် မဟုတ်လား၊ သူ ရုန်းမရအောင် သွားဖိထားပေးစမ်းပါ"
ဒေါက်တာယွမ်မှာ ချန်ကျိုး၏တာဝန်ခံဆရာဝန်ဖြစ်သည်။
ချန်ကျိုး ရန်သူတော်စာရင်းတွင် လူများစွာဝင်လိုက်ထွက်လိုက်ရှိသော်လည်း ဒေါက်တာယွမ်မှာမူ အမြဲတမ်း နံပါတ် (၁) နေရာတွင် ရှိနေသူဖြစ်၏။ ထို့ကြောင့် ချန်ကျိုး သူ့အား 'မျောက်ယွမ်' ဟု အမည်ပြောင်ပေးထားခြင်းပင်။
မျောက်ယွမ် ဆေးထိုးရမည်ဆိုသော သတင်းကိုကြား လိုက်ရသောအခါ ချန်ကျိုး၏ ရင်ထဲ၌ အချိန်အတော်ကြာ အောင်းထားခဲ့သော ရန်ငြိုးများမှာ ပေါက်ကွဲထွက်လာတော့သည်။
"ဒီကောင်လေး အားယွမ်... နောက်ဆုံးတော့ ငါ့လက်ထဲ ရောက်လာပြီပေါ့!"
ချန်ကျိုး အလွန်ဝမ်းသာသွားခဲ့သည်။ သူ အလျင်အမြန် ထကာ မျက်နှာသစ်ပြီး တာဝန်ကျခန်းသို့ပြေးသွားတော့ ၏။
အတွင်း၌ ဆေးဗန်းကိုပြင်ဆင်ထားပြီး ဒေါက်တာယွမ်မှာ ထိုင်ခုံတွင် ထိုင်နေပေသည်။ ချန်ကျိုးကို မြင်သောအခါ သူ ချောင်းနှစ်ချက်ခန့် ဟန့်လိုက်၏။
ချန်ကျိုးမှာမူ အလွန်စိတ်လှုပ်ရှားနေပြီး 'နေဦးပေါ့... သူ့ကို အားရပါးရ ဆေးထိုးပေးလိုက်ဦးမယ်' ဟု တွေးနေတော့ သည်။
သူနာပြုမလေးက ချန်ကျိုးကိုလက်ပြလိုက်ရာ ချန်ကျိုးက နားလည်မှုရှိရှိဖြင့် ရှေ့သို့ပြေးထွက်သွားပြီး အားယွမ်ကို ထိုင်ခုံတွင် လှုပ်မရအောင် ဖိထားလိုက်သည်။
"ဟားဟား... မင်း မမျှော်လင့်ထားဘူး မဟုတ်လား၊ တစ် နေ့တော့ ငါ့လက်ထဲ ရောက်မှာပဲ!" ချန်ကျိုးက အော်ဟစ်လိုက်၏။
သူနာပြုမလေးသည် ဆေးထိုးပြွန်ကိုကိုင်ကာ ဆေးပုလင်းထဲမှ ဆေးများကိုစုပ်ယူပြီး ဆေးထိုးပြွန်ကို တစ်ချက် ခါယမ်းလိုက်သည်။
"နာနာလေး ထိုးပေးလိုက်ပါ၊ ဒါမှ မြန်မြန်ပျောက်မှာ" ချန်ကျိုး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပေသည်။
ဒေါက်တာယွမ်သည် ရှေ့သို့ ကိုင်းလိုက်ပြီး ချန်ကျိုး လက် မောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ချန်ကျိုး တင်ပါးကို နောက်သို့ ကော့ထွက်သွားအောင်လုပ်လိုက်၏။
ဆေးထိုးပြွန်ထဲမှ ဆေးရည်လေးများ စိမ့်ထွက်လာသည်ကို ကြည့်ရင်း ချန်ကျိုးသည် ဆေးအပ်ကြီးမှာ အားယွမ်၏ တင်ပါးထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဝင်သွားမည့် ပုံရိပ်ကို စိတ်ကူးယဉ်နေမိသည်။
စဉ်းစားကြည့်ရုံနှင့်တင် အလွန်ကျေနပ်စရာ ကောင်းလှပေသည်။
ချန်ကျိုးတစ်ယောက် ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မျောနေစဉ်မှာပင် သူနာပြုမလေးသည် ချန်ကျိုး၏ ဘောင်းဘီကို အမြန်ဆွဲချလိုက်ပြီး ဆေးအပ်ကို သူ့တင်ပါးထဲသို့ ဇွပ်ခနဲ ထိုးထည့်လိုက်ပါတော့သည်။
ချန်ကျိုးမှာ လုံးဝကိုအငိုက်မိသွားခဲ့ပေသည်။ သူသည် သူ့လက်များကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း အားယွမ်က တင်းတင်းကြပ်ကြပ် ဖမ်းထားဆဲဖြစ်၏။
"အလို... မှားသွားပြီ၊ ချန်ကျိုးရေ... ဆောရီးပဲနော်၊ ငါ လူမှားပြီး ထိုးမိသွားတယ်၊ အခုချက်ချင်း ပြန်နှုတ်ပေးမယ်"
သူနာပြုမလေးက အံ့သြသွားဟန်ဆောင်ရင်း ပြောလိုက်သော်လည်း လက်ကမူ ဆေးရည်များကို အကုန်တွန်းထည့်လိုက်ပေသည်။
ဆေးထိုးပြီးသွားသောအခါမှ အားယွမ်သည် ချန်ကျိုးလက်များကို လွှတ်ပေးလိုက်တော့၏။
ချန်ကျိုးသည် သူ့တင်ပါးကို အုပ်ကိုင်ထားရင်း လုံးဝကို ဝေခွဲမရဖြစ်နေရှာပေသည်။
ဆေးထိုးတာကို ဘယ်လိုဖြစ်ပြီး မှားနိုင်ရတာလဲ။ အဲဒါ အားယွမ် ထိုးရမယ့်ဆေး မဟုတ်ဘူးလား။
ဘာလို့ ငါ့တင်ပါးထဲ ရောက်လာရတာလဲ။
ဒါ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ!
[စနစ်ကမူ တဟားဟား ရယ်မောလျက် - သင်ယူလိုက်ရပြီ၊ သင်ယူလိုက်ရပြီ။]
ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ချန်ကျိုးကို တာဝန်ကျခန်းထဲမှ ခေါ်ထုတ်လာခဲ့ကြပေသည်။
တစ်မနက်ခင်းလုံးတွင် ချန်ကျိုး စိတ်ထဲ၌ ထိုဆေးထိုးခံရသည့် ကိစ္စကသာ နေရာယူထား၏။
အားယွမ်ကို ဆေးထိုးပေးတာက ဘယ်လိုဖြစ်ပြီး သူ့တင် ပါးထဲ ရောက်လာသလဲဆိုသည်ကို သူ တကယ်ကို နားမလည်နိုင်ပေ။ သူက အားယွမ်ကိုယ်စား အလကားသက် သက် ဆေးထိုးခံလိုက်ရခြင်း မဟုတ်ပါလား။ တွေးမိလေလေ၊ အလိမ်ခံလိုက်ရသည်ဟု ခံစားရလေလေပင်။
သူ ရှုံးလေလေ၊ ထိုဆေးကို ပြန်ထိုးပေးချင်လေလေဖြစ်နေသဖြင့် ချန်ကျိုးတစ်ယောက် ထိုကိစ္စကိုသာ စွဲလမ်းနေတော့သည်။
ချင်ရှန်းစိတ်ကျန်းမာရေးဆေးရုံ အပြင်ဘက်တွင် ကျန်းယိုယို့၏အနက်ရောင်ကားလေး ပြန်လည်ပေါ်လာပြန်သည်။
ကျန်းယိုယို မိဘများ ကားပေါ်မှ ဆင်းလာကြသော်လည်း ယခုတစ်ခေါက်တွင် သူတို့သုံးဦးစလုံး ပစ္စည်းများစွာကို သယ်ဆောင်လာကြပေသည်။
သူတို့သည် အစောင့်ဂိတ်တွင် မှတ်ပုံတင်လိုက်ကြ၏။
အစောင့်ဂိတ်မှ ညွှန်ကြားရေးမှူးထံ ဖုန်းဆက်ရန် ကြိုးစားသော်လည်း ဖုန်းလိုင်းမှာ အမြဲတမ်း အလုပ်များနေပေသည်။
ညွှန်ကြားရေးမှူးမှာမူ သူ့ရုံးခန်းတွင် ထိုင်လျက် ဖုန်းကိုကိုင်ကာ တစ်ဖက်ရှိလူကို အော်ဟစ်မေးမြန်းနေသည်မှာ
"မနေ့ညက ချန်ကျိုးထွက်ပြေးသွားတယ်! ဒီလောက်ကြီးတဲ့ကိစ္စကို အခုမှ ငါ့ကို အကြောင်းကြားတယ် ဟုတ်လား၊ စခန်းမှူးကျိုး... ခင်ဗျားတို့အနေနဲ့ ဆေးရုံကို ချက်ချင်း ဆက်သွယ်သင့်တာ မဟုတ်ဘူးလား"
"ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားကတော့ 'သရဲ' ဆိုတဲ့ စကားလုံးနဲ့ပဲ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ၊ ဖုန်းဆက်ဖို့တောင် အချိန်မရဘူးဆိုတာကို ငါ မယုံဘူး"
"လမ်းမှာ လာနေတယ်လို့လည်း လာမပြောနဲ့၊ ချင်ရှန်းဆေးရုံက ခင်ဗျားကို ကြိုဆိုမှာ မဟုတ်ဘူး"
သတင်းလာပို့သော လုံခြုံရေးဝန်ထမ်းက အနားသို့ပြေးလာပြီး ညွှန်ကြားရေးမှူးကို ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရန် လက်ဟန်ခြေဟန်ပြကာ တိုးတိုးလေး ပြောလိုက်သည်မှာ "ဧည့်သည်တွေ ရောက်နေပါတယ်၊ အစောင့်ဂိတ်က ဆက်တာ လိုင်းမအားလို့ပါ"
ဂိတ်ဝတွင် ကျန်းမိသားစုဝင် သုံးဦးကို မြင်လိုက်ရသော အခါ ညွှန်ကြားရေးမှူးသည် ကျိုးအိုက်ကော်ဖုန်းကိုရိုင်းစိုင်းစွာဖြင့် ချလိုက်တော့၏။
မိုးရွာနေသဖြင့် ကျန်းယိုယိုနှင့် သူ့မိဘများကို ချန်ကျိုးကို စောင့်ဆိုင်းရန်အတွက် ဧည့်ခန်းသို့ခေါ်ဆောင်သွားသည်။
စိတ်ဝေဒနာရှင်များကြားတွင် ရောနှောနေသော ချန်ကျိုးမှာမူ ယနေ့နံနက်က ဆေးထိုးခံရသည့်အတွက် ရန်ငြိုးဖွဲ့နေဆဲပင် ဖြစ်သည်။ သူသည် သူနာပြုမလေးကို နောက်ဘယ် တော့မှ မယုံတော့ဟု ကျိန်ဆိုလိုက်ပြီး သူမကို သူ့ရန်သူတော်စာရင်းထဲသို့ ထည့်လိုက်ပေသည်။
"ချန်ကျိုး... မင်းအတွက် စားစရာတွေ လာပေးတယ်" သူနာပြုမလေးက လှမ်းခေါ်လိုက်၏။
"ငါ မင်းကို ယုံဦးမယ်ထင်နေတာလား"
"လာပြီ"
ချန်ကျိုး ခပ်သွက်သွက်ပင် ပြန်ထူးလိုက်ပေသည်။
ယနေ့နံနက်က ဖြစ်ရပ်ကြောင့် ချန်ကျိုးမှာ အလွန်အမင်း သတိထားနေပြီး ထူးခြားမှု တစ်ခုခုတွေ့သည်နှင့် ထွက် ပြေးရန် အသင့်ပြင်ထား၏။
ဧည့်ခန်းအတွင်းတွင်မူ ဆေးထိုးမည့် သူနာပြုများ မရှိသလို၊ အားယွမ်လည်း မရှိသဖြင့် ဘေးကင်းသည်ဟု ကနဦး သတ်မှတ်လိုက်ပေသည်။
"ချန်ကျိုး"
ကျန်းယိုယိုသည် ဆံပင်ရှည်များကို နောက်သို့ စည်းနှောင်ထားပြီး ချန်ကျိုးကို ချိုသာစွာ ပြုံးပြလျက် လက်ဝှေ့ယမ်းပြလိုက်၏။
မိတ်ကပ်မပါဘဲ သဘာဝအတိုင်း စင်ကြယ်ပြီး ထက်မြက်လှပသော သူမ၏ပုံစံမှာ လူအများ၏စိတ်ကူးယဉ်အိမ် မက်ထဲမှ နတ်သမီးလေးနှင့်တူနေပေသည်။
ချန်ကျိုးသည် သူ့လက်ညှိုးကို နှာခေါင်းထဲသို့ ထိုးထည့်ကာ နှာချေးနှိုက်လိုက်ပြီး စားပွဲပေါ်ရှိလက်ဆောင်ပုံကြီးပေါ်သို့ အကြည့်ရောက်သွား၏။
ကျန်းယိုယို့ မိခင်မှာ စိတ်ဝေဒနာရှင်တစ်ဦးနှင့် မည်သို့ စကားပြောရမည်ကို မသိသဖြင့် စားပွဲပေါ်ရှိ ပစ္စည်းများကို ရှေ့သို့တိုးပေးရင်း အေးစက်နေသော လေထုကို ဖြိုခွဲလိုက်သည်။
"ချန်ကျိုး... ဒါတွေအားလုံး မင်းအတွက်ပဲ"
ချန်ကျိုးက သူ့ကိုယ် သူ ပြန်ညွှန်ပြကာ "ငါ့အတွက်လား" ဟု မေးလိုက်သည်။
ကျန်းယိုယို ဖခင်က ဆိုလာသည်။
"ငါ့သမီးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါက ငါတို့ရဲ့ ကျေးဇူးတုံ့ပြန်မှု အနည်းငယ်ပါပဲ"
မနေ့ကအိမ်ပြန်ရောက်ပြီးနောက် သူတို့မှာ စိုးရိမ်စိတ်ရှိနေသဖြင့် ဆေးရုံသို့သွား၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြ၏။
ရလဒ်မှာ ကျန်းယိုယိုရင်သားကင်ဆာမှာ အံ့သြဖွယ်ကောင်းလောက်အောင် တစ်ဝက်ကျော်ခန့် ကျုံ့သွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့မှာ အလွန်အမင်း ဝမ်းသာသွားကြပြီး ယနေ့နံနက် အစောကြီးတွင် လက်ဆောင်များစွာကို ပိုက်လျက် ချန်ကျိုးကိုကျေးဇူးတင်ရန် ရောက်ရှိလာခြင်းပင်။
"ရပါတယ်ဗျာ၊ အသက်တစ်ချောင်းကို ကယ်တင်တာက အကြီးမားဆုံးသော ကုသိုလ်မဟုတ်ပါလား"
တစ်မနက်ခင်းလုံး စိတ်ဓာတ်ကျနေသော ချန်ကျိုးမှာ လက်ဆောင်များကို မြင်သောအခါမှ ပြန်လည် ရွှင်ပျလာတော့သည်။ သူသည် စားပွဲတွင် အနည်းငယ် ရိုင်းစိုင်းသော ပုံစံဖြင့် ထိုင်လိုက်ပြီး ကျန်းယိုယို ပေးထားသော လက်ဆောင်များကို စတင်၍အိတ်ဖွင့်စစ်ဆေးကြည့်လိုက်တော့သည်။