အခန်း (၁၇)
Vol. 2 Ch. 17
ချန်ကျိုးသည် ချက်လက်မှတ်ကို ဝူရွှမ်ချီထံသို့ လွှင့်ပစ်လိုက်ကာ ဆိုလိုက်၏။
"ငါ ချက်လက်မှတ် မလိုချင်တော့ဘူး၊ ငါ အပြင်ပစ္စည်းပဲ လိုချင်တယ်၊ အဲဒါတွေကို ငါ့ဆီ အရောက်ပို့ပေးရမယ်"
ဝူပေါ်ထုံ သက်ပြင်းချနိုင်သွားပြီး အလျင်အမြန် ပြန်မေးလိုက်ပေသည်။
"ဒါဆို မင်း ဘာလိုချင်လဲ"
ချန်ကျိုး ခေါင်းကိုကုတ်ကာ ပါးစပ်ဟလိုက်သော်လည်း ပြန်လည်တုံ့ဆိုင်းသွား၏။
အရင်တုန်းကဆိုလျှင် လူတွေက သူ့အတွက် တစ်ခုခု ဝယ်ပေးတတ်ကြပြီး သူကလည်း လက်ခံရုံသာ ရှိခဲ့သည်။
အကယ်၍ မင်းဘာလိုချင်လဲဟု တကယ်မေးလာပါက သူသည် ပြင်ပလောကမှ အသစ်အဆန်းများအကြောင်းကို အနည်းငယ်သာ သိရှိထားသဖြင့် ဘာတောင်းရမှန်း တကယ်မသိပေ။
ချန်ကျိုး ကျန်းမိသားစုဝင်သုံးဦးကို ကြည့်လိုက်သည်။ ထို့နောက် ဝူသားအဖကို ကြည့်သည်။ ပြီးနောက် ဆေးရုံ အုပ်နှင့် ကျိုးအိုက်ကော်တို့ကို ကြည့်လိုက်၏။ သူတို့ဝတ်ထားသည့် အဝတ်အစားများမှာ ချန်ကျိုးတွင် ရှိပြီးသား ဖြစ်သည်။
သူတို့ကိုင်ထားသည့် ဖုန်းများမှာလည်း ချန်ကျိုးတွင် ရှိပြီးသားပင်။
သူတို့အားလုံးသည် အမည်းရောင် သေတ္တာကားကြီးများဖြင့် အပြင်ထွက်ကြသော်လည်း ချန်ကျိုးတွင်မူ ကားမရှိပေ။
"အမည်းရောင်သေတ္တာ... ငါ အမည်းရောင်သေတ္တာတစ်လုံးလိုချင်တယ်"
ချန်ကျိုး လွှတ်ခနဲ ပြောလိုက်တော့သည်။
"အမည်းရောင်သေတ္တာ ?"
အားလုံး ဝေခွဲမရ ဖြစ်သွားကြ၏။
တံခါးကိုမှီရပ်နေသော ကျိုးအိုက်ကော်ကမူ ခပ်ဖွဖွသက် ပြင်းချရင်း ရှင်းပြလိုက်ပေသည်။
"သူက ဘီးလေးဘီးပါတဲ့ ကားကို ပြောတာပါ"
ဘီးလေးဘီးပါတဲ့ ကားလား
ပြင်းထန်တဲ့ စိတ်ဝေဒနာရှင်တစ်ယောက်က ကားလိုချင်တာလား
ဘယ်သူက သူ့ကို ကားပေးရဲမှာလဲ၊ တစ်ခုခုဖြစ်လာရင်ရော ဘယ်သူက တာဝန်ယူမှာလဲ
ဝူပေါ်ထုံ တံတွေးကို ခက်ခဲစွာမျိုချလိုက်ပြီး
"ကျွန်တော် မဝယ်ပေးနိုင်တာ မဟုတ်ပါဘူး၊ အကယ်၍ စခန်းမှူးကျိုးနဲ့ ဆေးရုံအုပ်ကြီးတို့က သဘောတူမယ်ဆိုရင် ကျွန်တော် ဝယ်ပေးဖို့ အသင့်ပါပဲ"
သူသည် တာဝန်ကို ကျွမ်းကျင်စွာလွှဲချလိုက်ပေသည်။
ချန်ကျိုးသည် ကျိုးအိုက်ကော်နှင့် ဆေးရုံအုပ် လီချင်ရှန်းတို့ကို မျှော်လင့်တကြီး ကြည့်လိုက်၏။
လီချင်ရှန်း : ဒါက ငါနဲ့ ဘာဆိုင်လို့လဲ
ကျိုးအိုက်ကော် : ငါက ခုလေးတင် မင်းကို ကူညီထားတာကို၊ အခုတော့ တာဝန်ကို ငါ့ဆီ လွှဲချလိုက်တာလား၊ တကယ် မတရားတာပဲ!
ဆေးရုံအုပ်ကြီးမှာ ချန်ကျိုးမျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းကိုသာကုတ်နေမိသည်။ သူ စောစောစီး စီးအနားယူချင်နေပြီ ဖြစ်ကောင်းဖြစ်နိုင်သဖြင့် စိတ်ဝေဒနာရှင်တစ်ဦးကို ကားမောင်းခွင့်ပြုရန် သဘောတူမိသွားခြင်းဖြစ်ပါလိမ့်မည်။
စခန်းမှူးကြီးသည်လည်း ချန်ကျိုးအကြည့်ကို ရှောင်လွှဲချင်နေပေသည်။ ချန်ကျိုး မျက်နှာကြီးမှာ ကျိုးအိုက်ကော်၏ မျက်နှာရှေ့ တည့်တည့်သို့ရောက်နေသည်။ ချန်ကျိုးအား ငြင်းပယ်လိုက်လျှင် ခက်ခက်ခဲခဲ တည်ဆောက်ထားရသော သူငယ်ချင်းသံယောဇဉ်မှာ ပြိုကွဲသွားပေလိမ့်မည်။
ချန်ကျိုးသည် ဘေးသို့ ခဏဖယ်လိုက်ပြီး ဖုန်းကိုထုတ်ကာ ကျိုးအိုက်ကော်ထံသို့ တိတ်တဆိတ် မက်ဆေ့ခ်ျပို့လိုက်သည်မှာ
"သုန်းသုန်းချီ... ပခုံးချင်းယှဉ် တိုက်ပွဲဝင်ရမယ့် အချိန်ရောက်ပြီ"
ကျိုးအိုက်ကော်မှာ စိုးရိမ်တကြီး ဖြစ်နေရ၏။
ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ၊ ကြားကျတဲ့ ဖြေရှင်းချက် မရှိဘူးလား။
ဘုရားရေ... ကျွန်တော့်ကို ဉာဏ်ပညာလေး နည်းနည်းလောက် ပေးသနားတော်မူပါ!
ချန်ကျိုးက သူ့ဖုန်းတွင် ထပ်မံရိုက်လိုက်သည်မှာ
"သုန်းသုန်းချီ... မင်း တကယ်ပဲ ဒီဂြိုဟ်ကို သစ္စာဖောက်လိုက်ပြီပေါ့"
ကျိုးအိုက်ကော် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးမှ လှောင်ကြည့်နေကြသော လူအုပ်ကိုကြည့်လိုက်၏။
သူသည် အံကိုကြိတ်ကာ ကြမ်းပြင်ကို ဆောင့်နင်းလိုက်ပြီး ဆိုလိုက်တော့သည်။
"ကောင်းပြီ၊ ငါ သဘောတူတယ်"
အံ့သြတုန်လှုပ်ဖွယ်ရာပါပေ!
ကြောက်မက်ဖွယ် ကောင်းလှပေစွ!
ကျိုးအိုက်ကော်သည် အကြည့်ချင်းဆုံမိခြင်းကို ရှောင်လွှဲလျက် ရှင်းပြသည်မှာ
"ငါ ဆိုလိုတာက ငါတို့ ရဲစခန်းကနေ ချန်ကျိုးအတွက် ကားမောင်းသမား တစ်ယောက် စီစဉ်ပေးမယ်၊ ဥက္ကဋ္ဌဝူက သူ့အတွက် ကားတစ်စီးဝယ်ပေးမယ်၊ ဆေးရုံအုပ်ကြီးအနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်ပေးရုံပါပဲ"
သူ့စိတ်ထဲတွင်မူ 'မင်းတို့က တာဝန်ကို ငါ့ဆီ လွှဲချနေတာကိုး၊ ငါလည်း မတတ်နိုင်တော့ဘူး၊ မင်းတို့ကြောင့်နဲ့တော့ ချန်ကျိုးရဲ့ အငြိုအငြင်မခံနိုင်ဘူး' ဟု တွေးနေပေသည်။
ဘာပဲဖြစ်ဖြစ် မနေ့ညက ဖြစ်ရပ်ပြီးနောက်တွင် ချင်ရှန်းဆေးရုံသည် ချန်ကျိုးအားဆက်လက် ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်သည်မှာ သေချာသည်။
ဆေးရုံအုပ်ကြီးအနေဖြင့်လည်း သရဲနှင်ရေးအကြီးအကဲနှင့် ညှိနှိုင်းရတော့မည်ဖြစ်ပြီး၊ ဝူပေါ်ထုံ ပေးလာမည့်ကားသည်လည်း ချန်ကျိုး အနားတွင် သူလျှိုတစ်ယောက် ထားရှိရန် အခွင့်ကောင်းဖြစ်နေပေသည်။
သူ့အတွက် ဘာလို့ ငြင်းရမှာလဲ။
"ငါ သဘောမတူဘူး၊ ငါ့ဘာသာ မောင်းနိုင်တယ်" ချန်ကျိုးကမူ ငြင်းဆိုလိုက်၏။
မင်းက လယ်ထွန်စက် မောင်းချင်တာလား။ အိပ်မက်ယောင်မနေနဲ့! ဘယ်သူက မင်းကို ကားမောင်းခွင့် ပေးရဲမှာလဲ။
ကျိုးအိုက်ကော်သည် ချန်ကျိုး စရိုက်ကို သိထားသဖြင့် ချော့မော့လိုက်သည်မှာ
"အဆင့်အတန်းရှိတဲ့သူတွေက ကိုယ်တိုင် ကားမောင်းလေ့မရှိဘူး၊ မယုံရင် ဥက္ကဋ္ဌဝူကို မေးကြည့်လေ"
ဝူပေါ်ထုံမှာ စကားဝိုင်း သူ့ဆီ ရောက်လာသည်ကိုပင် သတိမထားမိသေးပေ။
"အာ... ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော် အပြင်ထွက်ရင်လည်း ယာဥ်မောင်းပါတယ်လေ"
"ဒါပေါ့... မင်းက အဆင့်အတန်းရှိတဲ့သူလေ၊ ကားမောင်းလို့ မရဘူး၊ ကားစီးရုံပဲ စီးရမယ်"
ကျိုးအိုက်ကော်က ထပ်လောင်းချော့မော့လိုက်ပြန်သည်။
ချန်ကျိုးသည် ကျန်းယိုယိုဘက်သို့ လှည့်ကာ မေးလိုက်သည်မှာ
"ဘောလုံးလေး... အဲဒါ ဟုတ်လား"
ကျန်းယိုယို နှုတ်ခမ်းများ တုန်ရီနေ၏။
"ဟုတ်... ဟုတ်ပါတယ်"
ချန်ကျိုးအကြည့်မှာ လီချင်ရှန်းထံသို့ ရောက်သွားပြန် သည်။ ဆေးရုံအုပ်ကြီးမှာ မျက်မှောင်ကြုတ်နေ၏။
သူ ဘာလုပ်နိုင်မှာလဲ။ သူက ချန်ကျိုးကို ထိန်းချုပ်နိုင်လို့လား၊ ဒါမှမဟုတ် ချန်ကျိုးကပဲ သူ့စကားကို နားထောင်မှာလား။
"အင်း..."
လီချင်ရှန်းက မလိုလားသော်လည်း ပြန်ဖြေလိုက်ရပေသည်။
လူတိုင်း၏အဖြေကို ရရှိပြီးနောက်တွင် ချန်ကျိုးသည် ကျန်းယိုယိုကို စိတ်လှုပ်ရှားစွာဖြင့် ညွှန်ပြလိုက်သည်မှာ
"ဒါဆိုရင် ဘောလုံးလေး... မင်း ငါ့ကို ကားမောင်းပေးတော့"
"အဲဒါတော့ မဖြစ်ဘူးလေ၊ ကျွန်မသမီးက နေမကောင်းသေးဘူး၊ သူ အပင်ပန်းမခံနိုင်ဘူး"
ကျန်းယိုယို့မိခင်က သူ့သမီး အခြေအနေကို စိုးရိမ်သဖြင့် ဗီဇအရ တားမြစ်လိုက်ပါတော့သည်။
ထိုသို့ပြောပြီးသည်နှင့် ကျန်းယိုယို မိခင်သည် သူမ၏ လောဘတကြီး ဆုံးဖြတ်ချက်အတွက် ချက်ချင်းနောင်တ ရသွားလေသည်။
အကယ်၍ ချန်ကျိုးသာ စိတ်ကောက်သွားပြီး သူ့သမီး၏ ရောဂါအခြေအနေကို ဂရုမစိုက်တော့ဘဲ နေခဲ့လျှင် မည်သို့လုပ်ရပါ့။
ချန်ကျိုးကမူ ထိုအကြောင်းကို အလေးမထားဘဲ သူ့ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ရင်း ခိုင်းလိုက်တော့သည်။
"ဘောလုံးလေး... စတိုးဆိုင်ကို သွားပြီး ရေတစ်ပုလင်း သွားဝယ်ချေ"
"တစ်ပတ်နေမှ လာခဲ့လို့ ရှင် ပြောထားတာ မဟုတ်လား"
ကျန်းယိုယို နားမလည်နိုင်စွာ မေးလိုက်၏။
"ငါက တစ်ပတ်ဆိုရင် တစ်ပတ်၊ တစ်ရက်ဆိုရင် တစ်ရက်ပဲ၊ မြန်မြန်သွားစမ်းပါ!"
ချန်ကျိုးလေသံမှာ အနည်းငယ် စိတ်မရှည်သလိုဖြစ်နေပေသည်။
"အော်... ဟုတ်ကဲ့၊ အခုချက်ချင်း သွားလိုက်ပါ့မယ်"
ကျန်းယိုယိုသည် ဝေခွဲမရဖြစ်ကာ သူ့မိဘများကို လှမ်းကြည့်ရာ သူတို့ကလည်း မြန်မြန်သွားရန်လက်ရိပ်ပြနေကြ၏။
မကြာမီမှာပင် သူမသည် ရေတစ်ပုလင်းနှင့်အတူ ပြန်ရောက်လာခဲ့သည်။
ချန်ကျိုးသည် မျက်လုံးများကို မှိတ်ကာ စားပွဲပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ရေပုလင်းကို သူ့ရှေ့တွင် တင်ထားလိုက်ပေသည်။
"ငါ အတွင်းအား ကျင့်နေတဲ့အချိန်မှာ ဘယ်သူမှ အသံမထွက်စေနဲ့၊ အဲဒါက ငါ့ရဲ့ စွမ်းအင်တွေကို ပျက်စီးစေလိမ့်မယ်၊ အကယ်၍ ပျက်စီးသွားလို့ ငါက မယဉ်ကျေးသလို ဖြစ်သွားရင်တော့ ငါ့ကို အပြစ်မတင်နဲ့"
ချန်ကျိုး လူတိုင်းကို သတိပေးလိုက်၏။
ကျန်းယိုယို မိဘများသည် ချန်ကျိုး အစွမ်းကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးထားကြသူများဖြစ်သဖြင့် အခြားသူများကြောင့် သမီးဖြစ်သူ၏အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်ကာ လူအုပ်ကြီးကို လက်အုပ်ချီ၍ အသံမထွက်ကြရန် တောင်းပန်နေကြပေသည်။
စားပွဲပေါ်တွင် ထိုင်နေသော ချန်ကျိုးသည် မျက်လုံးမှိတ်ထားသော်လည်း သူ့မျက်ခွံများမှာ ဂနာမငြိမ် ဖြစ်နေသည်ကိုမြင်နေရ၏။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ချန်ကျိုး သည် သူ့ လက်မောင်းများကို စတင်ဝှေ့ယမ်းလေတော့ သည်။
"စကြာဝဠာ လွှမ်းမိုးခြင်း လေပူစက်ဝန်း... ဝူး... ဝူး..."
ဤသည်မှာ သိုင်းကျင့်နေခြင်း မဟုတ်ဘဲ စိတ်ဝေဒနာရှင်တစ်ဦး ရောဂါဖောက်နေခြင်းမှာ သိသာလှပေသည်။
ဆေးရုံအုပ်ကြီး၏နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုလျှင် ဤကဲ့သို့ ရုတ်တရက် ရောဂါဖောက်လာသော လူနာကို လုံခြုံရေးများက အခန်းထဲသို့ သယ်ဆောင်သွားပြီး မိနစ်ပိုင်းအတွင်း စိတ်ငြိမ်ဆေး ထိုးပေးရမည် ဖြစ်၏။
ချန်ကျိုးသည် စားပွဲပေါ်မှ ခုန်ဆင်းကာစားပွဲကိုပတ်၍ ခုန်ပေါက်နေပြီး ပါးစပ်မှလည်း အဓိပ္ပာယ်မရှိသည်များကို ရွတ်ဖတ်နေပေသည်။
သူ စားပွဲကို ဖြန်းခနဲ ရိုက်လိုက်၏။
ရေပုလင်းမှာ ဟန်ချက်ပျက်ကာ စားပွဲပေါ်မှ လိမ့်ကျသွားတော့သည်။
ချန်ကျိုးသည် ကျန်းယိုယိုကို အထက်စီးဆန်သော အကြည့်ဖြင့် စိုက်ကြည့်ကာ အမိန့်ပေးလိုက်၏။
"တင်းတင်းကိုင်ထားစမ်း"
ကျန်းယိုယိုသည် လိမ့်ကျသွားသော ရေပုလင်းကို အလန့် တကြား ကောက်ယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေးရပေသည်။
ချန်ကျိုးသည် ရေပုလင်း အဖုံးပေါ်သို့ သူ့လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ဖိချလိုက်၏။
[စနစ်မှ ထပ်လောင်းအတည်ပြုပါသည်၊ ဤသည်မှာ တကယ့် စနစ်အစစ်အမှန်ဖြစ်ပြီး လူလိမ်စနစ်များကဲ့သို့ မဟုတ်ပါ၊ Host အနေဖြင့် သတိထားပေးပါ။]
[စနစ်သည် ရေ၏အရည်အသွေးကို မြှင့်တင်နေပါသည် - လိပ်သွေး]
သူ့လက်ဝါးနှင့် ပုလင်းဖုံးကြားမှ တောက်ပသောအနီရောင် အလင်းတန်းတစ်ခုရေထဲသို့ ပျံ့နှံ့သွားသည်မှာ သိသာထင်ရှားလှပေသည်။
ဂျွတ်!
ထိုင်ခုံတွင် ထိုင်နေသော ဝူပေါ်ထုံမှာ လန့်သွားသဖြင့် တစ်ခုခုကို တိုက်မိကာအသံထွက်သွားရ၏။
လူတိုင်းအကြည့်မှာ ဝူပေါ်ထုံထံသို့ ရောက်သွားကြပြီး သူကလည်း တောင်းပန်သည့်အနေဖြင့် လက်မြှောက်ပြလိုက်ရပေသည်။
ကျန်းယိုယို မိဘများကလည်း အသံမထွက်ရန် ချက်ချင်းပင် လက်ညှိုးဖြင့် နှုတ်ခမ်းကို ပိတ်ပြကြ၏။
ဝူပေါ်ထုံမှာမူ ဘေးတွင် ငြိမ်ငြိမ်လေးရပ်နေပြီး နောက်ထပ် အသံတစ်ချက်တောင် မထွက်ရဲတော့ပေ။
ချန်ကျိုး ရေပုလင်းကိုဆွဲယူလိုက်ပြီး ထုံးစံအတိုင်း အပြင်း အထန် စတင်လှုပ်ခါတော့သည်။
အားရပါးရ လှုပ်ခါ၏။
ခြေထောက်နှင့်လည်း လှုပ်၏။
ဘယ်လက်နှင့်လည်း လှုပ်၏။
ညာလက်နှင့်လည်း လှုပ်၏။
လှုပ်ခါလိုက်တိုင်း ပုလင်းထဲမှ နောက်ကျိနေသော အနီရောင်အရည်များမှာ တဖြည်းဖြည်းနှင့် မူလ ကြည်လင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေသည်။
ဒုန်း!
ချန်ကျိုးသည် ရေပုလင်းကို စားပွဲပေါ်သို့အားဖြင့် တင်လိုက်ရာ သူ့နဖူးတွင်လည်း ချွေးများ စိုရွှဲနေပေသည်။
"ဒီရေထဲမှာ ငါ့ရဲ့ နှစ်ပေါင်းငါးဆယ်စာ ကျင့်စဉ်တွေ ပါဝင်နေတယ်၊ တစ်ကျိုက်တည်း အကုန်ကုန်အောင် သောက်လိုက်"
ချန်ကျိုး အမောတကော ပြောလိုက်၏။
[စနစ် : Host က အရူးတစ်ယောက်လို လျှောက်ပြေးနေလို့ မောနေတာ သိသာနေတာကို]
ကျန်းယိုယို ဘာမှပြန်မပြောဘဲ ရေပုလင်းကို ယူကာ အဖုံးဖွင့်ပြီး အကုန်သောက်ချလိုက်တော့သည်။
ယခုတစ်ခေါက်တွင် ရေမှာ အနည်းငယ် ညှီစို့စို့သွေးနံ့လေး ရနေပေသည်။
သို့တိုင် သူမ တစ်စက်မကျန် ကုန်အောင်သောက်လိုက်ပါတော့သည်။