အခန်း (၁၈)
Vol. 2 Ch. 18
ယခင်တစ်ခေါက်နှင့် မတူဘဲ ယခုတစ်ကြိမ်တွင်မူ ကျန်းယိုယိုသည် သူမ၏ ဗိုက်ထဲမှ ရေများသည် စွမ်းအင်ကြောများတစ်လျှောက်ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်အတွင်းရှိ အညစ် အကြေးများကို ဆေးကြောသန့်စင်ပေးနေသည်ကို သိသိသာသာ ခံစားလိုက်ရပေသည်။
အထူးသဖြင့် သူမ၏ ရင်ဘတ်ထဲတွင် နွေးထွေးသော အရည်များ လှည့်ပတ်နေပြီး အစပိုင်း၌ အနည်းငယ် နာကျင်သော်လည်း တဖြည်းဖြည်းနှင့် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လာခဲ့၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် တစ်ကိုယ်လုံးရှိ အမောအပန်းများ ပြေပျောက်ကာ လောကီအညစ်အကြေးများ မခံစားဖူးသော မွေးကင်းစကလေးငယ်တစ်ဦးကဲ့သို့ ပေါ့ပါးသွက်လက်သည့် ခံစားချက်ကို ရရှိလိုက်တော့ သည်။
"ယိုယို... ဘယ်လိုနေသေးလဲ သမီး"
ကျန်းယိုယို မိခင်မှ သူမသမီးကို စိုးရိမ်တကြီးမေးလိုက် ၏။
ကျန်းယိုယိုသည် သူ့မျက်နှာကို ကိုင်ကြည့်လိုက်သည်။ ဤပေါ့ပါးလန်းဆန်းသော ခံစားချက်မှာ ငြင်းမရနိုင်လောက်အောင် အစစ်အမှန်ပင်။
ကျန်းယိုယို ဖခင်မှာလည်း သမီးဖြစ်သူ လက်များကို အံ့သြတကြီး ညွှန်ပြလျက် ဆိုလိုက်သည်။
"အပ်ရာတွေ ပျောက်ကုန်ပြီ"
ကျန်းယိုယိုမှာ ရင်သားကင်ဆာဖြင့် ဆေးရုံတက်နေရသူဖြစ်သဖြင့် နေ့စဉ်နှင့်အမျှ ဆေးပုလင်း အမြောက်အမြား သွင်းနေရသောကြောင့် သူ့လက်မောင်းများတွင် အပ်ရာများစွာ ကျန်နေခဲ့ခြင်းဖြစ်၏။
ချန်ကျိုးသည် စားပွဲပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ၊ ဒီရေတစ်ပုလင်းက ငါ့ရဲ့ နှစ်ပေါင်းငါးဆယ်စာ ကျင့်စဉ်တွေကို ကုန်ခမ်းစေခဲ့တာ၊ ဘောလုံးလေးကို ကယ်ဖို့အတွက် ငါ နှစ်ပေါင်း ၅၀ကြာ အလကား ကျင့်ခဲ့ရတာပေါ့"
ကျန်းယိုယိုသည် သူ့ချောမွေ့သွားသော လက်ကလေးများကို အံ့သြတကြီး ကြည့်နေမိသည်။ သေနတ်ကိုင်လေ့ရှိသဖြင့် ဖြစ်ပေါ်နေသော လက်ဖဝါးမှ အသားမာများပင် နူးညံ့သွားခဲ့ပြီဖြစ်၏။
အစောပိုင်း ထိတ်လန့်မှုမှသတိပြန်ဝင်လာသောအခါ ကျန်းယိုယိုသည် ချန်ကျိုးကို ကိုးဆယ်ဒီဂရီ ဦးညွှတ်ကာ အလွန် အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင်ကောင်းကောင်း မပြောနိုင်တော့ပေ။
"ချန်ကျိုး ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးအများကြီး တင်ပါတယ်၊ ကျွန်မ... ကျွန်မ ရှင့်ကို တကယ် ကျေးဇူးတင်ပါတယ်"
ကျန်းယိုယို မိခင်မှာ ပါးစပ်ကိုအုပ်၍ မျက်ရည်များ ဝဲနေသလို၊ ဖခင်ဖြစ်သူမျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်လျှံနေပေသည်။
ကျန်းယိုယိုမှာ ၎င်းတို့တစ်ဦးတည်းသော သမီးဖြစ်ပြီး သူတို့ဇနီးမောင်နှံ၏အသက်သွေးကြောလည်း ဖြစ်ပေသည်။
တစ်ဖန် ဝမ်းသာမျက်ရည်များ ကျကြပြန်လေပြီ။
မိုက်မဲတဲ့ လူသားတွေက ဘာလို့ သူတို့ကိုယ်သူတို့ ကျေးဇူး တင်ရတာကို အမြဲတမ်းကြိုက်နေကြတာလဲ။
ချန်ကျိုးသည် စားပွဲအစွန်းတွင် ခြေတစ်ဖက်ကို တွဲလောင်းချကာ အခြားခြေတစ်ဖက်ကို စားပွဲအနားသတ်ပေါ်တွင် တင်ထား၏။ လက်နှစ်ဖက်ကို ဒူးပေါ်တင်လျက် လက်တစ်ဖက်က နဖူးကို ထောက်ထားကာ ဟောင်ကောင်ရုပ်ရှင်ထဲမှ ဂိုဏ်းစတားသူဌေးကြီးတစ်ဦး၏ ပုံစံကို အတုယူ၍ ထိုင်နေပေသည်။
"ဘောလုံးလေးနဲ့ ငါကတော့ ရေစက်ရှိတယ်လို့ ပြောရမယ်၊ မင်းရဲ့ ဆရာ... အင်း၊ ဘောလုံးလေးက ငါ့ရဲ့ ဆရာအဖြစ်၊ မဟုတ်ဘူး၊ ငါ့ဆီမှာ ပညာသင်မယ့် တပည့်အဖြစ် ခံယူချင်ရဲ့လား၊ အာ... ဒါက မဟုတ်သေးဘူး"
အဲဒီစကားက ဘယ်လိုပြောရတာပါလိမ့်။
ချန်ကျိုးသည် သူ့ ခန့်ညားသော ပုံစံမှာ ကြာရှည်မခံဘဲ ခေါင်းကို ကုတ်နေကာ နောက်ထပ် ဘာပြောရမလဲဟု တွေးတောနေတော့သည်။
"ရှင်က ကျွန်မရဲ့ ဆရာလုပ်ပါ"
ကျန်းယိုယို အရင်ဆုံး လွှတ်ခနဲပြောလိုက်၏။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ အဲဒါကို ပြောတာ၊ အားလုံး ရှိနေတုန်းမှာပဲ ဒူးထောက်ပြီး တရားဝင်တပည့်ခံယူတဲ့ အခမ်းအနား လုပ်ကြမယ်"
ချန်ကျိုး ကိုယ်ကို မတ်လိုက်ပေသည်။
"ဒူး... ဒူးထောက်ပြီး တပည့်ခံရမှာလား"
ကျန်းယိုယိုမှာ သူ ဘယ်ခေတ်ထဲ ရောက်နေသလဲဟု တွေးနေမိသည်။ ယခုကဲ့သို့ ခေတ်ကြီးတွင် ဒူးထောက်တပည့်ခံခြင်းမှာ ရှေးခေတ်က ကိစ္စများသာဖြစ်သည် မဟုတ်ပါလား။
ချန်ကျိုးက မြေပြင်ကို လက်ညှိုးထိုးပြကာ သူ့ စိတ်လှုပ်ရှားမှုမှာ လျှံထွက်နေပေသည်။
ကျန်းယိုယိုမိခင်ကမူ သမီးဖြစ်သူကို တို့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"မင်း အသည်းငယ်မနေနဲ့လေ၊ သူက နင့်အသက်ကို ကယ်နိုင်တာတင်မကဘူး၊ နင့်ရဲ့ အနာဂတ် အလုပ်အကိုင်အတွက်လည်း အများကြီးကူညီပေးနိုင်မှာ"
ကျန်းယိုယိုသည် ချန်ကျိုး ညွှန်ပြသော နေရာသို့ သွားကာ ဒူးနှစ်ဖက်စလုံး ထောက်လျက် ဦးချလိုက်တော့သည်။
"ဆရာ... တပည့်ကို လက်ခံပေးတော်မူပါ"
မျှော်လင့်ထားသည့်အတိုင်းပင် ချန်ကျိုးသည် စားပွဲပေါ်မှ ခုန်ဆင်းကာ သူ့တပည့်မလေးကို မြေပြင်မှ ဆွဲထူလိုက်သည်။
"ဘောလုံးလေး... ငါ့ရဲ့တပည့်ကောင်းလေး၊ ထပါ၊ ထပါ"
ချန်ကျိုးသည် သူ့အင်္ကျီအတွင်းထဲသို့ လက်နှိုက်ကာ တစ်ခုခုကို မွှေနှောက်ရှာဖွေလိုက်၏။
[စနစ်လက်ဆောင် - ဝိညာဉ်တစ်ရာ ခေါင်းလောင်း၊ တစ္ဆေသရဲများ အနားသို့ ကပ်လာပါက အလိုအလျောက် မြည်လိမ့်မည်၊ ပိုင်ရှင်၏ အစွမ်းအစအလိုက် အဆင့်နိမ့် တစ္ဆေသရဲများကို နှင်ထုတ်နိုင်စွမ်းရှိသည်]
ချန်ကျိုးသည် အင်္ကျီထဲမှ ဝိညာဉ်တစ်ရာ ခေါင်းလောင်းကို ထုတ်ကာ ကျန်းယိုယိုလက်ထဲသို့ ထည့်ပေးလိုက်ပေသည်။
"ငါ့မှာ မင်းကိုပေးဖို့ ဘာမှ သိပ်မရှိဘူး၊ ဒါကြောင့် ဒီ ဝိညာဉ်တစ်ရာ ခေါင်းလောင်းကိုပဲ မင်းကို လက်ဆောင်ပေးလိုက်မယ်"
ကျန်းယိုယို လက်ထဲတွင် ကြေးဝါရောင် ခေါင်းလောင်းလေးတစ်ခု ပေါ်လာခဲ့ပြီး ၎င်းအပြင်ဘက်နှင့် အတွင်းဘက်တွင် နားမလည်နိုင်သော စာသားများစွာ ရေးထွင်းထားပေသည်။
"ဒီခေါင်းလောင်းကို ဝိညာဉ်တစ်ရာ ခေါင်းလောင်းလို့ ခေါ်တယ်၊ တစ္ဆေတစ်ကောင်ကောင် အနားကိုကပ်လာတာနဲ့ ဒီခေါင်းလောင်းကမြည်ပြီး အဲဒီတစ္ဆေကို မောင်းထုတ်လိမ့်မယ်"
ကျန်းယိုယို နားမလည်နိုင်ခင်မှာပင် လက်ကြီးတစ်ဖက်က ရှေ့သို့ လှမ်းထွက်လာပြီး သူ့လက်ထဲမှ ခေါင်းလောင်းကို ဆွဲယူသွားတော့သည်။
ထိုလက် ပိုင်ရှင်မှာ ကျိုးအိုက်ကော်ပင်။ သူသည် ခေါင်း လောင်းပေါ်ရှိ ပုံစံများကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ လက်ရာနှင့် အသုံးပြုထားသော ပစ္စည်းများမှာ အလွန်ကောင်းမွန်လှပေသည်။
အဆင့် ၅ ရှိသော ကြောက်မက်ဖွယ် ကျားဝိညာဉ်ကိုပင် အနားမကပ်နိုင်အောင် တားဆီးထားသည့် ချန်ကျိုး၏ လက်ဖွဲ့များကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤခေါင်း လောင်းသည် မည်မျှအစွမ်းထက်မည်မှာ သိသာလှပေသည်။
သူသည် ခေါင်းလောင်းကို ကိုင်ကာ လှုပ်ခါကြည့်သော် လည်း အသံ လုံးဝ ထွက်မလာခဲ့ပေ။
တစ္ဆေသရဲနဲ့ တွေ့မှသာ ဒီခေါင်းလောင်းကမြည်မှာ ဖြစ်ပုံရသည်။
တကယ့်ကို ရတနာအစစ်ပါပဲလား။
ချန်ကျိုးသည် ဝိညာဉ်တစ်ရာခေါင်းလောင်းကို ကျိုးအိုက်ကော်လက်ထဲမှ ဆွဲလုလိုက်ပြီး
"ဒါက မင်းအတွက်ပဲ ဘောလုံးလေး၊ ယူထားလိုက်" ဟု ဆိုကာ ကျန်းယိုယိုလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ကျိုးအိုက်ကော် အကြည့်များမှာ အားကျခြင်း၊ မနာလိုခြင်းနှင့် ပိုင်ဆိုင်လိုစိတ်တို့ဖြင့် ပြည့်နှက်နေတော့၏။
"ဆရာကြီး... မဟုတ်ဘူး၊ ချန်ကျိုးရေ... မင်း တပည့်တွေ ထပ်လက်ခံဦးမှာလားဟင်"
ချန်ကျိုးသည် ကျိုးအိုက်ကော်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ ဘာမှပြန်မပြောသော် လည်း သူ့မျက်လုံးများက 'မင်းက ငါ့တပည့်ဖြစ်ဖို့ တန်လို့လား' ဟု ဖော်ပြနေသကဲ့သို့ပင်။
ကျိုးအိုက်ကော်မှာ အရှက်ရသွားသဖြင့် ဘေးသို့ကပ်ကာ တိတ်ဆိတ်စွာ နေလိုက်ရတော့သည်။
ဝူပေါ်ထုံမှာမူ သူတန်ဖိုးထားမှုများ အကုန်ပြောင်းလဲကုန်ပြီ ဖြစ်သည်။ ဤအရူးမှာ တစ္ဆေသရဲနှင်နိုင်ရုံတင်မကဘဲ ရောဂါကိုပါ ကုသနိုင်သည် မဟုတ်ပါလား ? ဤကဲ့သို့သော ဆရာကြီးတစ်ဦးကိုသာ ဖားနိုင်မည်ဆိုလျှင် သူ့အတွက် ဘာများ ခက်ခဲတော့မည်နည်း။
"ဆရာကြီးချန်... 4S ကားအရောင်းပြခန်းကိုသွားပြီး မင်းကြိုက်တဲ့ကားတစ်စီး ရွေးချယ်ချင်လား၊ မင်းပြောတဲ့ အမည်းရောင်သေတ္တာကို ကျွန်တော်တို့ ယူလာပေးပါတယ်၊ ဒါပေမဲ့ မင်းအကြိုက်နဲ့ တွေ့ပါ့မလားတော့ မသိဘူး"
ယခုအချိန်တွင် ဝူပေါ်ထုံသည် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏အရှိန်အဝါများ လုံးဝပျောက်ကွယ်နေပြီး ချန်ကျိုးအား ဖားရန်သာ အာရုံစိုက်နေတော့သည်။
"အခု သွားမှာလား"
အမည်းရောင်သေတ္တာအကြောင်း ကြားလိုက်ရသဖြင့် ချန်ကျိုးမှာ ပြန်လည်စိတ်လှုပ်ရှားလာပြန်သည်။
"အခုပဲ သွားမယ်"
ဝူပေါ်ထုံ ပြန်ဖြေလိုက်ပြီး ဆေးရုံအုပ်ကြီးဘက်သို့ လှည့်ကာ မေးလိုက်၏။
"အဆင်ပြေရဲ့လားခင်ဗျာ"
ဝူပေါ်ထုံသည် မြို့ထဲတွင် လူသိများသော အိမ်ခြံမြေသူဌေးကြီးဖြစ်ပြီး အာဏာပိုင်များ၊ လုပ်ငန်းရှင်များနှင့်ပါ အဆက်အသွယ်ရှိသူဖြစ်ရာ သာမန်လူများက သူ့ကို မပြိုင်ရဲကြပေ။
ထို့အပြင် ပြဿနာရှာရသည်ကို ဝါသနာပါသော သရဲနှင်ရဲစခန်းမှူး ကျိုးအိုက်ကော်ကလည်း ရှိနေသေးသဖြင့် ဆေးရုံအုပ်ကြီးမှာ ငြင်းဆန်ရန် မဝံ့တော့ပေ။
သူတို့အားလုံးမှာ အရူးတွေလို ဖြစ်နေကြပြီ မဟုတ်ပါလား။
"စောစောသွားပြီး စောစောပြန်လာကြပေါ့"
လီချင်ရှန်း အတင်းပြုံးလျက် ဆိုလိုက်ရတော့သည်။
လူစုကြီးသည် ချင်ရှန်းစိတ်ကျန်းမာရေးဆေးရုံမှ ဆူညံစွာဖြင့် ထွက်ခွာသွားကြ၏။
သူတို့ ထွက်သွားပြီးချင်းမှာပင် လီချင်ရှန်း တစ်ဖက်သို့ပင် လှည့်မရသေးမီ ဆေးရုံသို့ ဦးတည်နေသော လမ်းပေါ်တွင် နောက်ထပ် ကားတစ်စီး ဆိုက်ရောက်လာပြန်သည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ။
လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေကြပါလား။
"ဦးလေး... နေကောင်းလားခင်ဗျာ၊ ဒါ ချင်ရှန်းစိတ်ကျန်းမာရေးဆေးရုံလား"
ကားမောင်းသူနေရာမှ လူတစ်ဦးက ခေါင်းပြူထွက်၍ မေးလိုက်၏။
ဦးလေး ဟုတ်လား
ငါက အဲဒီလောက်ကြီး အိုနေလို့လား
လီချင်ရှန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ 'ချင်ရှန်းစိတ်ကျန်းမာရေးဆေးရုံ' ဟူသော ဆိုင်းဘုတ်ကြီးကို လှည့်ကြည့်လိုက်သည်။ ထိုဆိုင်းဘုတ်က သူ့ထက် အများကြီး ပိုကြီးသည်မဟုတ်ပါလား။
"ဟုတ်တယ်"
"ဒါဆို အဆင်ပြေတာပေါ့၊ ဆင်းကြ ဆင်းကြတော့"
ယာဥ်မောင်းက အတွင်းရှိ လူများကို ပြောလိုက်သည်။
ကားပေါ်မှ လူငါးဦး ဆင်းလာကြပြီး (ကျား၊ မ၊ ကြီး၊ ငယ် စုံလင်စွာပင်) ကားနောက်ဖုံးမှ ပစ္စည်းများစွာကိုထုတ်လိုက်ကြ၏။
"ခင်ဗျားတို့က လူနာမိသားစုဝင်တွေလား"
ဆေးရုံအုပ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဦးလေး... ကျွန်တော်တို့က ဆရာကြီးချန်ကျိုးကို လာတွေ့တာပါ၊ သူ့ဆီကနေ လက်ဖွဲ့တစ်ခုလောက် လာတောင်းတာပါ၊ ကျွန်တော့်အစ်ကိုက သရဲနှင်ရဲတပ်ဖွဲ့ကဖြစ်ပြီး ဆရာကြီးချန်ရဲ့ လက်ဖွဲ့တွေက အရမ်းစွမ်းတယ်လို့ ပြောလို့၊ မိသားစုလိုက် လက်ဖွဲ့တောင်းဖို့ လာကြတာပါ"
တစ်ဖန် ချန်ကျိုးကိုပဲ လာရှာကြပြန်ပြီပေါ့။
ဒီအမှိုက်ကောင် ချန်ကျိုးက တကယ့်ကို ရောင်းပန်းလှတဲ့သူတောင် ဖြစ်နေပါ့ရောလား
"တိုက်ဆိုင်လိုက်တာ၊ သူ အခုလေးတင် ထွက်သွားတာ၊ မင်းတို့က အခုမှ ရောက်လာတာကိုး"
"အို... ဒုက္ခပါပဲ၊ သူ ပြန်လာဦးမှာလားဗျ"
"အစောဆုံးဆိုရင်တော့ မနက်ဖြန်မှ ပြန်လာမှာပေါ့"
ကျိုးအိုက်ကော်၏အကျင့်ကို သိထားသဖြင့် ချန်ကျိုးအားဒီည ပြန်ပို့မည်မဟုတ်ကြောင်းနှင့် ချန်ကျိုးသည်လည်း ဆေးရုံအပြင်ဘက်တွင် တစ်ညအိပ်မည်မှာ သေချာလှပေသည်။
"ဦးလေး... သူ ပြန်လာတဲ့အခါ ကျွန်တော်တို့ လာတယ်လို့ပဲ ပြောပေးပါနော်"
"အေးပါ"
ထိုလူစုကြီးမှာ နှုတ်ပင်မဆက်တော့ဘဲ ကားပေါ်တက်ကာ ပြန်လှည့်ထွက်သွားကြတော့သည်။
လီချင်ရှန်းသည် ဆေးရုံဂိတ်ဝတွင် ရပ်နေရင်း တစ်ဦးတည်း ရေရွတ်လိုက်၏။
"ငါ့ကို 'အဘိုး' လို့ ခေါ်ရင်တောင် ငါက မင်းတို့အတွက် အဆက်အသွယ် လုပ်ပေးမယ် ထင်နေလား၊ အိပ်မက်ယောင်မနေနဲ့!"
သူ အကြောင်းပြချက်မရှိဘဲ ဒေါသထွက်နေမိပြီး ခြေလှမ်းကျဲကြီးများဖြင့် ဆေးရုံထဲသို့ ပြန်ဝင်သွားတော့သည်။