အခန်း (၁၉)
Vol. 2 Ch. 19
ဝူပေါ်ထုံ ချန်ကျိုးအတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ကားဝယ်ပေးရန် စီစဉ်သည်။ ကျန်းယိုယို မိဘများမှာမူ အတူမလိုက်ပါနိုင်တော့သဖြင့် လမ်းဆုံတစ်ခုတွင် ချန်ကျိုးကို နှုတ်ဆက်ကာလမ်းခွဲခဲ့ကြ၏။
ကျန်းယိုယိုမှာ ချန်ကျိုးဆွဲခေါ်မှုကြောင့် ဝူပေါ်ထုံ၏ Mercedes-Benz G-Class ကားကြီးပေါ်သို့ ပါသွားခဲ့ရသည်။
ချန်ကျိုးသည် နောက်ခန်း၏အလယ်တည့်တည့်တွင် ထိုင်နေပြီး သူ့ဘယ်ဘက်တွင် တပည့်အသစ်လေး ကျန်းယိုယိုနှင့် ညာဘက်တွင်မူ မနေ့ညက သူကယ်တင်ခဲ့သော ဝူမိသားစုသမီး ဝူရွှမ်ချီတို့ ရှိနေကြပေသည်။
လှပသော မိန်းကလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ရံဖန်ရံခါ အကြည့်ချင်းဆုံမိကြရာ လေထုထဲတွင် လျှပ်စစ်ပွားများ ထွက်ပေါ်နေသကဲ့သို့ပင်။
ဤလူမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေလင့်ကစား တကယ့်အရည်အချင်း အစစ်အမှန်ရှိသူဖြစ်ရာ မိန်းကလေးနှစ်ဦးစလုံးက သူ့ထံတွင် မျက်နှာသာရရန် မျှော်လင့်နေကြခြင်းဖြစ်သည်။
ချန်ကျိုးမှာမူ ထိုမိန်းကလေးနှစ်ဦး ဘာတွေးနေသည်ကို လုံးဝစိတ်မဝင်စားပေ။
ယခုအချိန်တွင် သူသည် ကားထဲရှိ ပစ္စည်းများကို စူးစမ်းလိုစိတ်ဖြင့် လိုက်လံကြည့်ရှုနေ၏။
"ဒီအဝိုင်းကြီးက ဘာလဲ"
"ဒါကို စတီယာရင်လို့ ခေါ်တယ်၊ ကားရဲ့ ဦးတည်ရာကို ထိန်းချုပ်တာပါ"
ဝူပေါ်ထုံ ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဒါကရော ဘာလဲ"
"ဒါကတော့ ကားရှေ့ကင်မရာပါ"
"မင်းရဲ့ အမည်းရောင်သေတ္တာက သိပ်မမြန်ဘူးပဲ၊ ငါ့ရဲ့ ကြောင်ကြီးလောက်တောင် မမြန်ဘူး"
"ကျွန်တော်ကတော့ မမြန်ဘူးပေါ့၊ ဒါပေမဲ့ မောင်းပြပါရစေဦး"
ရှေ့ခန်းတွင် ထိုင်နေသော ကျိုးအိုက်ကော်သည် နှစ်တစ်ထောင်ကျားဝိညာဉ်၏အရှိန်ကို ကိုယ်တိုင်မြင်ဖူးထားသဖြင့် ဝင်ပြောလိုက်၏။
"ဥက္ကဋ္ဌဝူ... ခင်ဗျားကားကတော့ အဲဒီကြောင်ကြီးကို လုံးဝ မမှီနိုင်ဘူးဗျ၊ အဲဒီကြောင်ကြီးက မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတာ၊ အရိပ်တောင် လိုက်မမှီဘူး"
"အဲဒီကြောင်က ဘယ်လောက်တောင် ကြီးလို့လဲ၊ ကျွန် တော် တကယ်ကို မြင်ဖူးချင်လိုက်တာ"
ဝူရွှမ်ချီက ကြားဖြတ်ပြောလိုက်သည်။
"အဖေ... အဲဒါက ကျားဝိညာဉ်လေ၊ အငြိုးကြီးတစ္ဆေအဆင့်ရှိတဲ့ ကျားဝိညာဉ်ကြီး၊ 'ကြောင်ကြီး' ဆိုတာက ဆရာကြီးချန် ပေးထားတဲ့ နာမည်ပါ"
"ကျားဝိညာဉ် ဟုတ်လား၊ လူတွေ သေရင် ဝိညာဉ်ဖြစ်တယ်ဆိုတာ သိပေမဲ့ ကျားတွေလည်း ဖြစ်တယ်ပေါ့၊ အဲဒါကလည်း အငြိုးကြီးတစ္ဆေအဆင့်တဲ့လား၊ ကျွန်တော်တော့ မကြည့်ရဲတော့ပါဘူး၊ အကယ်၍ သူက စိတ်ဆိုးပြီး ကျွန်တော့်ကို စားလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုပျောက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး"
...
လူစုကြီးမှာ ရယ်ရယ်မောမောဖြင့် Mercedes-Benz 4S ကားအရောင်းပြခန်းသို့ ရောက်ရှိလာကြပေသည်။ ချန်ကျိုးသည် ကျန်းယိုယို ဝယ်ပေးထားသော ဝတ်စုံကိုဝတ် ဆင်ထားသဖြင့် သန့်ရှင်းခန့်ညားနေ၏။ သူသာ ပြဿနာမရှာလျှင် စိတ်ဝေဒနာရှင်တစ်ဦးဟု ပြောရန်ပင် ခက်ခဲလှပေသည်။
ဝူပေါ်ထုံမှာ မည်သည့်နေရာသို့သွားသွား အရေးပါသော ဖောက်သည်ကြီး (VVIP) ဖြစ်သည်။ 4S အရောင်းပြခန်းမှ ဝန်ထမ်းများသည် ဝူပေါ်ထုံကိုမြင်သည်နှင့် ဝိုင်းအုံလာကြပြီး အစေခံတစ်ဦးကဲ့သို့ပင် ပြုစုယဉ်ကျေးနေကြတော့၏။
ချန်ကျိုးမှာမူ ဝန်ထမ်းတစ်ဦး ပေးထားသော မုန့်ကိုစားရင်း ဇိမ်ခံကားများကြားတွင် လှည့်လည်သွားလာကာ ဟိုတစ်စီးကို ကိုင်ကြည့်၊ ဒီတစ်စီးကို ကြည့်နှင့် အလုပ်ရှုပ်နေပေ တော့သည်။
နောက်ဆုံးတွင်မူ သူသည် Smart ကားလေးတစ်စီး၏ ရှေ့တွင် ရပ်တန့်သွားခဲ့၏။ ၎င်းမှာ ထိုင်ခုံနှစ်လုံးပါပြီး နောက်ဖုံးပါသော ကားလေးဖြစ်ကာ အရွယ်အစားမှာ သာမန်ကားတစ်စီး၏ ရှေ့ပိုင်းခေါင်းလောက်သာ ရှိပေသည်။
"ဒါပဲ၊ ဒါက ငါနဲ့ တော်တော်လိုက်တယ်"
ချန်ကျိုးက ကားကိုယ်ထည်ကို စိတ်ကျေနပ်စွာ ပုတ်လျက် ပြောလိုက်သည်။
ထိုသည်ကို မြင်သောအခါ အရောင်းဝန်ထမ်းက သတိပေးလိုက်၏။
"ဒီကားအမျိုးအစားက မိသားစုလိုက် သွားလာဖို့အတွက်တော့ အဆင်မပြေဘူးခင်ဗျ"
မိသားစု ?
ချန်ကျိုးက တစ်ယောက်တည်းလေ။
သူ့မှာ မိသားစု လိုလို့လား။
တာဝန်ဝတ္တရားတွေ ပိနေတဲ့ အစွမ်းထက်သူတစ်ယောက်ကိုမှ အစွမ်းထက်သူလို့ ခေါ်နိုင်ဦးမှာလား။
"မင်းက ငါ့ရဲ့ အဆုံးအဖြတ်ကို သံသယဝင်နေတာလား"
ချန်ကျိုးက ဝန်ထမ်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပေသည်။
ဝူပေါ်ထုံက အလျင်အမြန် သဘောတူလိုက်သည်။
"ဒါပဲ! ဒါပဲ! ဆရာကြီးချန် ကြိုက်တယ်ဆိုရင် ဒါပဲ ဝယ်မယ်"
ကျိုးအိုက်ကော် တိတ်တဆိတ် သက်ပြင်းချနိုင်သွား၏။ ချန်ကျိုးမှာ ကားဝါသနာအိုး မဟုတ်ပေ။
အကယ်၍ သူသာ ဇိမ်ခံကားကြီးတစ်စီးကို ရွေးချယ်ခဲ့လျှင် ပြုပြင်စရိတ်တစ်ခုတည်းနှင့်တင် သူတို့ရဲစခန်း တတ်နိုင်မည်မဟုတ်ပေ။ Smart ကားလေးဆိုလျှင်တော့ အကြီးအကျယ် ပျက်စီးခြင်းမရှိသရွေ့ ပြုပြင်စရိတ် သိပ်မကုန်နိုင်ပေ။
အဓိကအချက်မှာ သရဲနှင်ရဲတပ်ဖွဲ့၏ကားစုတ်ကြီးကလည်း ဤကားလေးနောက်ကို လိုက်မီနိုင်ဦးမည် မဟုတ်ပါလား။ တကယ့်ကို အဆင်ပြေလှပေသည်။
"ဟုတ်တယ်၊ ဆရာကြီးချန် အထူးတလည် တောင်းဆိုထားတဲ့ ကားဆိုတော့ ဒါကိုပဲ ဝယ်ရမှာပေါ့!"
ကျိုးအိုက်ကော်က မြှောက်ပင့်လိုက်ပေသည်။
အားလုံးက သဘောတူနေသဖြင့် ဝန်ထမ်းမှာလည်း အခြားကားများကို မိတ်မဆက်နိုင်တော့ပေ။
"ဒီကားက ဒီမှာ လက်ကျန်မရှိပါဘူး၊ အခြားနေရာကနေ မှာယူပေးရမှာပါ"
"ငါ အခုပဲ လိုချင်တာ"
ချန်ကျိုးသည် ကားပေါ်သို့ တက်ထိုင်လိုက်ပြီး ပြန်မဆင်းတော့ပေ။
ဝူပေါ်ထုံ သူ့ကတ်ကို ထုတ်၍ ဝန်ထမ်းထံသို့ ကမ်းပေး လိုက်သည်။
"ကတ်ဆွဲလိုက်ပါ၊ ဒါကိုပဲ ယူမယ်၊ အခုချက်ချင်း မောင်းသွားမယ်"
ကားဝယ်ရသည်မှာ ဟင်းသီးဟင်းရွက် ဝယ်ရသည်ထက်ပင် လွယ်ကူနေပြီး ဆယ်မိနစ်တောင် မကြာလိုက်ပေ။
ကျိုးအိုက်ကော်က ယာယီလိုင်စင်ရရန် ကူညီပေးခဲ့၏။
ထို့ကြောင့် ကျန်းယိုယိုသည် ကားမောင်းသူအဖြစ် ချန်ကျိုး၏ 'အမည်းရောင်သေတ္တာ' လေးကို လမ်းမပေါ်သို့ မောင်းထွက်လာခဲ့တော့သည်။
ဝူပေါ်ထုံနှင့် ကျိုးအိုက်ကော်၊ နောက်ပြီး မလိုက်ချင်သော်လည်း ပါလာရသော ဝူရွှမ်ချီတို့မှာမူ သူတို့၏ Mercedes-Benz ကားကြီးဖြင့် ရှေ့မှ ဦးဆောင်သွားကြပေသည်။
နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာခဲ့ပြီး လမ်းဘေးရှိ လမ်းမီးတိုင်များမှာလည်း စတင် လင်းထိန်လာပါတော့သည်။
အမှောင်ထုသည် နီးကပ်လာသော အန္တရာယ်၏ နိမိတ်တစ်ခုကဲ့သို့ပင်။ တစ်ချိန်က လူစည်ကားလှသော လမ်းမကြီးများသည် ယခုအခါ ဆိတ်ငြိမ်နေပြီး အိမ်ပြန်ရန် အလျင်လိုနေသည့် ကားအနည်းငယ်ကိုသာ တွေ့ရတော့သည်။ မည်သူမျှ ညဉ့်နက်သည်အထိ အပြင်မှာ မနေချင်ကြပေ။
ရှေ့ဆုံးမှ ဝူပေါ်ထုံ၏ ကားက ဦးဆောင်နေပြီး ချန်ကျိုး၏ ကားလေးက နောက်မှ လိုက်ပါလာ၏။ ဝူပေါ်ထုံ ကားကြီးနှင့် ယှဉ်လိုက်လျှင် ချန်ကျိုးကားလေးမှာ ချစ်စရာကောင်းလောက်အောင် သေးငယ်နေပေသည်။
ဘေးထိုင်ခုံတွင် ထိုင်နေသော ချန်ကျိုးသည် ကားအရောင်းပြခန်းမှ ယူလာသော မုန့်များကို စားရင်း ရှေ့မှ ဝူပေါ်ထုံကားကို ကြည့်နေ၏။
ကြည့်ရင်း ကြည့်ရင်းနှင့် သူ ဒေါသထွက်လာသည်။
ဒီမိုက်မဲတဲ့ လူသားတွေက ဘယ်လိုတောင် သတ္တိရှိလို့ ငါ့ရှေ့က သွားနေရတာလဲ။
"ဘောလုံးလေး... သူတို့ကို ကျော်တက်စမ်း"
ချန်ကျိုး ကားမောင်းနေသော ကျန်းယိုယိုကို ပြောလိုက်သည်။
"ဆရာ... ကျွန်မတို့ကားက အဲဒီလောက် မမြန်ဘူးလေ" ကျန်းယိုယိုက ပြန်ဖြေ၏။
"မြန်တယ်၊ မောင်းရုံသာ မောင်းစမ်းပါ၊ ကျန်တာ ငါ့တာဝန်ထား"
ကျန်းယိုယို လီဗာကို နင်းချလိုက်တော့သည်။
[စနစ် အပိုဆု - အရှိန်ကို ၁၀၀ ရာခိုင်နှုန်း မြှင့်တင်လိုက်သည်]
ဝူးခနဲ အသံနှင့်အတူ Smart ကားလေးမှာ ဒုံးပျံတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။
ကျန်းယိုယိုအနေဖြင့် အထူးတလည် ထိန်းချုပ်နေစရာမလိုဘဲ ဝူပေါ်ထုံ၏ကားကို ဘေးမှ လှပစွာ ရှောင်ကွင်းကျော်တက်သွားပြီး ဝူပေါ်ထုံ ကားကို အနောက်မှာဝေးဝေးကြီး ကျန်ရစ်ခဲ့စေ၏။
"ဒါမှပေါ့... အစွမ်းထက်သူဆိုတာ ရှေ့ဆုံးမှာ ရှိရမှာ"
ချန်ကျိုး မုန့်ကို ကိုင်ရင်း ကျေနပ်စွာ ဆိုလိုက်သည်။
ကျန်းယိုယိုမှာမူ ကြောင်အမ်းအမ်းဖြစ်နေရ၏။ ကား၏ အရှိန်မှာ ပုံမှန်ထက်များစွာ ပိုမြန်နေသောကြောင့်ပင်။
သူတို့နောက်တွင် ကျန်ရစ်ခဲ့သော ဝူပေါ်ထုံနှင့် ကျိုးအိုက်ကော်တို့မှာမူ ချန်ကျိုး ရှေ့ရောက်သွားသည်ကို သတိမထားမိဘဲ သူတို့၏အရေးကြီးကိစ္စများကိုသာ ဆွေးနွေးနေကြသည်။
"စခန်းမှူးကျိုး... ခင်ဗျားနဲ့ ဆရာကြီးချန်က ရင်းနှီးတာပဲ၊ ကျွန်တော့်အတွက် စကားလေး နည်းနည်းလောက် ပါးပေးပါဦး၊ ကျွန်တော့်ရဲ့ ရပ်ကွက်သစ် စီမံကိန်းမှာ လူလေးယောက် အကြောင်းရင်းမရှိဘဲ သေဆုံးသွားတယ်၊ အခုထိ အကြောင်းရင်းကို ရှာမရသေးဘူး၊ အလုပ်တွေ မြန်မြန်ပြန်မစနိုင်ရင် ကျွန်တော် အရှုံးကြီး ရှုံးတော့မယ်ဗျာ"
"ကျွန်တော် မေးကြည့်ပေးပါ့မယ်၊ ဒါပေမဲ့ သူ ဒီကိစ္စကို ဖြေရှင်းပေးနိုင်မလားဆိုတာတော့ ကျွန်တော် အာမမခံနိုင်ဘူးနော်၊ ဒါနဲ့... ခင်ဗျား တစ်ယောက်ယောက်ကိုများ ရန်စမိထားသေးလား၊ ကျွန်တော်တို့ ရဲစခန်းက စက်ကိရိယာတွေနဲ့ စစ်ဆေးတာ တစ်ပတ်တောင် ရှိပြီ၊ အဲဒီ လုပ်ငန်းခွင်ထဲမှာ ယင်စွမ်းအင်ရဲ့ လက္ခဏာ တစ်ခုမှမတွေ့ရဘူးဗျ"
"လူက လုပ်တာလားလို့လည်း ကျွန်တော် သံသယဖြစ်ပါတယ်၊ လုပ်ငန်းခွင်ထဲက လူတိုင်းကို စစ်ဆေးပြီးပြီ၊ အား လုံးက သာမန်အလုပ်သမားတွေပါပဲ၊ နောက်ကွယ်မှာ ဘယ်သူမှ မရှိဘူး၊ ပြီးတော့ ဘယ်သူကများ ဒီလိုကိစ္စမျိုးအတွက် သူတို့အသက်ကို ရင်းပြီး လုပ်မှာလဲဗျာ"
ဝူပေါ်ထုံ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော ခြောက်လခန့်က ဝူပေါ်ထုံသည် အိမ်ရာဝင်းသစ် ဆောက်လုပ်ရန် မြေကွက်တစ်ကွက် ဝယ်ယူခဲ့သည်။ ဆောက်လုပ်ရေး စတင်သည့် ပထမဆုံးနေ့မှာပင် သွေးမြေ ကျမှု ဖြစ်ပွားခဲ့၏။ အလုပ်သမားတစ်ဦးသည် အလုပ်လုပ်ရင်း သူ၏ခြေထောက်ကို ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ဤသည်မှာ နိမိတ်မကောင်းသော လက္ခဏာပင်။
သို့သော် ကြီးမားသော စီမံကိန်းဖြစ်ပြီး ငွေများစွာ ရင်းနှီးထားပြီးဖြစ်သဖြင့် အလွယ်တကူ မရပ်တန့်နိုင်ပေ။ သူသည် အလုပ်သမားများကို လက်ဆောင်ငွေများ ပေးကာ ကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းခဲ့သည်။
မမျှော်လင့်ဘဲ ဆောက်လုပ်ရေး စတင်ပြီး ငါးရက်မြောက်နေ့တွင် အလုပ်သမားတစ်ဦးမှာ သံချောင်းစိုက်ဝင်ကာ ကွယ်လွန်သွားခဲ့ပြန်သည်။ မျက်မြင်သက်သေများနှင့် CCTV မှတ်တမ်းများအရ ၎င်းမှာ မတော်တဆမှုသာ ဖြစ်ကြောင်း အတည်ပြုခဲ့ကြ၏။
နှစ်ပတ်ပင် မပြည့်သေးမီ နောက်ထပ် အလုပ်သမားတစ်ဦးမှာ တူဖြင့် ထုနေရင်း တူခေါင်းပြုတ်ထွက်ကာ သူ့ဦးခေါင်းကို တည့်တည့်မှန်ပြီး နေရာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြန်သည်။ ထိုကိစ္စမှာလည်း မတော်တဆမှုအဖြစ်သာ မှတ်တမ်းဝင်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ရှိနေသဖြင့် ဝူပေါ်ထုံမှာ အခက်အခဲများကြားမှ ဆောက်လုပ်ရေးကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
တတိယမြောက် ဖြစ်ရပ်မှာမူ ငါးထပ်မြောက် ဆောက်လုပ်ပြီးချိန်တွင် အလုပ်သမားတစ်ဦးမှာ ခုန်ချကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။
သူသည် နေ့လယ်စာစားချိန်တွင် အားလုံးနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့ပြီးမှ လူအများရှေ့မှာတင် ခုန်ချသွားခဲ့ခြင်း ဖြစ်၏။ ဤကဲ့သို့သော ဖြစ်ရပ်များမှာ သုံးကြိမ်ဆက်တိုက် ဖြစ်ပွားလာသောအခါ လုပ်ငန်းခွင်အတွင်း ထိတ်လန့်မှုများ ပျံ့နှံ့သွားခဲ့ပြီး အလုပ်သမားများမှာ အလုပ်မဆင်းဘဲ ဆန္ဒပြသည့်အထိ ဖြစ်လာခဲ့တော့သည်။